ဒီနှစ်ထဲတော့ ကဗျာ အသစ် ထပ်ရေးဖြစ်မယ် မထင်ဘူး။ ဒါပေမယ့် ကဗျာချစ်သူများအတွက် မကြာမီက ချရေးခဲ့ဖူးတဲ့ စာကြောင်းတချို့ကို တင်ပေးလိုက်ပါတယ်။
အိပ်မပျော်သေးတဲ့အနှစ်နှစ်ဆယ်
အဲဒီသီချင်းကို
အဲဒီလိုညမျိုးမှာမှ
ငါကဖွင့်နားထောင်မိတယ်
အတိတ်ရဲ့အကျဉ်းသား….တဲ့
ငါမဟုတ်ဘူး
ငါမဟုတ်ဘူး
ငါဘယ်တုန်းကမှ အကျဉ်းသားမဟုတ်ခဲ့
စိတ္တဇ ညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ်..
စိတ္တဇ ညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ်..
အဲဒီ အနှစ်နှစ်ဆယ်ခေတ်သီချင်းနဲ့
အဲဒီ အနှစ်နှစ်ဆယ်ခေတ်က လူတစ်ယောက်ကို
ကုန်ဆုံးလွန်မြောက်ခဲ့တာ
ခြောက်နှစ် ငါးလ ရက်ပေါင်းနှစ်ဆယ်နဲ့…
မဟုတ်ဘူး
ငါကရက်စွဲတွေကို မမှတ်မိတတ်ဘူး
အဲဒီအနှစ်နှစ်ဆယ်
အတိတ်ရဲ့အကျဉ်းသားတစ်ယောက်ကို
နှောင်ကြိုးဖြေဖို့ကြိုးစားတုန်း
ငါသာနှောင်ကြိုးငင်ခံခဲ့ရသလား
မဟုတ်ဘူး
အချစ်ဆိုတာ ဘယ်တော့မှ မမှားယွင်းပါဘူး
ခေါင်းမာမာနဲ့ ဒီလိုဆိုခဲ့တယ်
အဲဒီအနှစ်နှစ်ဆယ်
မမှားယွင်းတဲ့အချစ်တွေနဲ့
မမှားယွင်းတဲ့လူနှစ်ယောက်ကို
ကံကြမ္မာက ပက်ပက်စက်စက်
မှားယွင်းနေရာချခဲ့တယ်
အဲဒီအနှစ်နှစ်ဆယ်
ငါသာဆယ်နှစ်လောက်စောပြီး
ကမ္ဘာမြေကိုရောက်ခဲ့ရင်
မဟုတ်ဘူး
ငါက လမင်းကို မတမ်းတတတ်သူ
ငါမငိုတတ်တော့ပါဘူး
အဲဒီအနှစ်နှစ်ဆယ်
ငါကအတိတ်မှာမနေထိုင်ဘူး…
အဲဒီအနှစ်နှစ်ဆယ်
ငါအားလုံးကိုမေ့နေမှပဲ…
အနှစ်နှစ်ဆယ်
အဲဒီ မိုးတွေရွာတဲ့ညက…
အနှစ်နှစ်ဆယ်
အချစ်ဆိုတာ ဘယ်တော့မှ မမှားဘူး…
အနှစ်နှစ်ဆယ်
ငါကအနည်ထိုင်နေပြီ…
အနှစ်နှစ်ဆယ်
လပြည့်တည စူးရှရှသာခဲ့…
အနှစ်နှစ်ဆယ်
အစွဲများ ခြောက်လှန့်နေသည်နှယ်…
အနှစ်နှစ်ဆယ်
ငါ့နားတွေကိုပိတ်မရ….
အနှစ်နှစ်ဆယ်
ဝိုးတ၀ါး ညဥ့်လယ်အိပ်မက်ဆိုးများ….
အနှစ်နှစ်ဆယ်
ကျေးဇူးပြု၍အဲဒီသီချင်းကိုပိတ်လိုက်ပါ
ငါ့ကိုသောက်ရေတစ်ခွက်လောက်ခပ်ပေးပါ
ဒါစိတ္တဇညမဟုတ်ဘူး
ငါအိပ်မပျော်သေးတာ
အိပ်မက်မက်မိမှာစိုးလို့ပါ…။
ပန်ဒိုရာ
8/11/2007
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
3 weeks ago
12 comments:
တဖန်ပြန်၍ မနိုးတဲ့ အနှစ်၂၀
…………
……
...
ငါCOMA၀င်နေတာ
အိပ်မက် မက်မိမှာစိုးလို့ပါ…။
မပန် ရေးခဲ့တဲ့ ရက်စွဲလေးကိုပဲ တင်ပေးထားတယ်နော်။ မပန်ကဗျာတွေက အတွေးလေးတွေ ပါတယ်။ သိုးလေး ကြိုက်တယ်။ အဲဒီစိတ္တဇညထဲ သိုးလေးလည်း အိပ်မက် မက်မယ်ထင်တယ်။
မပန်ကဗျာတွေကတော့ ဘယ်တော့ဖတ်ဖတ် မရိုးဘူးဗျာ ..။
မကြီးပန် ...တကူးတက လာဖိတ်လို့ ၀မ်းသာအယ်လဲ လာဖတ်ပါတယ်ဗျ။ ကဗျာရေးတာနားထားဦးမယ်ဆိုလို့ မဖတ်ရသေးဘူးထင်နေတာ ကျေးဇူးတင်ပါတယ်ဗျ။ စကားပြေရေးတာလည်းရေးပေါ့ ကဗျာကိုလည်းေ၇းပါဦးဗျ။ မကြီးပန်ကို ဆရာလုပ်လိုက်ဦးမယ်ဗျ :) ပျော်ရွှင်ပါစေ :)
အိပ်မပျော်လေတိုင်း…..ရှေးဖြစ်နောက်ကြောင်းများရယ်….
တွေး….တောမိတယ်….
ဆရာမကြည်အေးရဲ့ တစ္ဆေကဗျာလိုပေါ့။
“အိပ်ယာတွေလည်း
တွန့်ကြေမွလိပ်
သိတ်စိတ်ညစ်တယ်...”
ကိုမေတ္တာ. ပြန်မနိုးတာက ပိုမိုက်နေပါလား
သိုးလေးရေ အိပ်မက်မက်မှာစိုးလို့ပါ ဆိုမှ
မျှားပြာ ညိမ်းညို ကိုပေါ ကိုယော.. ဟဲဟဲ. အားပေးကြတာ ကျေးဇူးပါ။
စီဘောက် ပိတ်ထားလို့ ဒီမှာ လာနှုတ်ဆက်ပါတယ် မောနင်းး :P
အနှစ်နှစ်ဆယ်မှာ အိပ်မပျော်သေးတာ
သိပ်ပျော်နေလို့များလား?
ကျွန်တော်လည်း cbox ပိတ်ထားလို့ ဒီမှာလာနုတ်ဆက်တာပါ။ မင်္ဂလာညချမ်းပါ မပန်။
မင်္ဂလာပါ...ကဗျာလေးကကောင်းတယ်..ဆက်အားပေးနေမယ်...
အခုမှ ဖတ်ဖြစ်ပြီး..အခုအရမ်းကြိုက်တယ်...
နှောင်ကြိုးဖြေဖို့ကြိုးစားတုန်း
ငါသာနှောင်ကြိုးငင်ခံခဲ့ရသလား
မဟုတ်ဘူး
အချစ်ဆိုတာ ဘယ်တော့မှ မမှားယွင်းပါဘူး
ခေါင်းမာမာနဲ့ ဒီလိုဆိုခဲ့တယ်...
Post a Comment