မုန်တိုင်းနာဂစ် အပြီးမှာ ဧရာဝတီနဲ့ ပတ်သက်တဲ့ ကဗျာအတော်များများ ဖတ်ရပါတယ်။ အဲဒီအထဲက နောက်တခုလို့သာ မှတ်ယူလိုက်ကြပါလေ။ နာကျင်လှပြီ။ မောလှပြီ။ ငိုချင်းရှည်တွေ ဘယ်တော့ဆုံးမှာလဲ။
ဧရာဝတီသစ္စာ
အို.. အမိဧရာဝတီ…
တအုံ့အုံ့ လှိုက်စားနေခဲ့ရသော
ထွက်သက်ဝင်သက် တို့၏
တခဲနက်လှုပ်ခါ တိုင်တည်သံဝယ်
ကြမ်းတမ်းသည့် နိမိတ်ပုံဖြင့်
မြေပြင် ရေပြင်တို့ ထစ်ချုန်းတုန်ဟီးခဲ့ပြီ။
အို.. အမိဧရာဝတီ…
ဝန်မသိ
ဝန်မရှိသကဲ့သို့
အသည်းနှလုံးမဲ့သူတို့အား
ပြတင်းတံခါး လှစ်၍
သစ္စာ၏ ပြပွဲ ခင်းကျင်းပေးရန်အလို့ငှာ
အလဲအလှယ် အလျော်အစားကား
ကြီးမားလှပေသည်။
အို.. အမိဧရာဝတီ…
နူးညံ့ယဉ်ကျေးသော အမိလက်ဖြင့်
အစားအစာဝေငှရာ
အိုးအိမ်တို့ထူထောင်စေရာ
ရာစုသစ်တို့ အစဖြစ်ခဲ့သော
အရင်းအမြစ် ဤနေရာတွင်
ကျီးငှက်တို့ သောသောရုတ်ရုတ်ပျံသန်း၍
ယင်မမဲရိုင်းတို့ ၀ိုင်းဝိုင်းအုံကာ
အညစ်အကြေး အနိဋ္ဌာရုံတို့ဖြင့်
စက်ဆုပ်ဖွယ်အတိဖြစ်ခဲ့လေပြီ။
အို.. အမိဧရာဝတီ…
ပြည့်မျက်ရှင် သွင်သွင်ကန်း၍
ပြည့်ဝမ်းလည်းဟောက်တော့မည်လော
ပြည့်လမ်းလည်းမှောက်တော့မည်လော
ယုံကြည်ချက်တို့အညွန့်ချိုးခံရ၏
သစ္စာတရားတို့ ပါးလျပျောက်ကွယ်၏
ထမင်းတလုပ်၏ ကျေးဇူး ရိုက်ချိုးခံရ၏
လူဟုမတန် လူမဆန်လေသော
လူ့အန္ဓတို့နှင့် ရောက်လေရာဘ၀ ကင်းဝေးရပါလို၏။
အို.. အမိဧရာဝတီ…
ဗလာကျင်းကျန်ခဲ့သော
အမိ၏ ရင်ခွင်တွင်
ဘ၀ပေါင်းများစွာတို့၏
ချွေးစက်များ
မျက်ရည်များ
နှလုံးသွေးများ
အစားထိုး စီးဆင်းတော့အံ့။
အို.. အမိဧရာဝတီ…
သစ္စာ၏ အခင်းအကျင်းတွင်
ရှင်သန်ခြင်းတို့ စတေးခဲ့ရပြီ
သောင်းသိန်းမက ၀ိညာဉ်တို့ ပူးဝင်ပေါင်းဆုံရာ
အမိ၏ ရေယဉ်ကြောသည် အသစ်တဖန် ခက်ဖြာ၍
အမှောင်ထုကို တသွင်သွင်တွန်းတိုက်
အမှန်တရားတို့ နိုးထဂယက်ရိုက်စေ
ငြီးတွားရှိုက်သံတို့ကင်းဝေး
ငြိမ်းချမ်းတေးကို သီကြွေးပါရစေသား။ ။
ပန်ဒိုရာ
Saturday, May 31, 2008
ဧရာဝတီသစ္စာ
Thursday, May 29, 2008
ပြည်သူများအတွက်….
မတ်လထဲမှာ ပန်ဒိုရာ ကဗျာတပုဒ် တတ်သရွေ့မှတ်သရွေ့ ဘာသာပြန်ပြီး ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ “အင်္ဂလန် ပြည်သူများအတွက် တေး” လို့အမည်ရတဲ့ ရှယ်လီရဲ့ကဗျာကို ခံစားခြင်း ဖြစ်ပါတယ်။ ရေးရခြင်း အကြောင်းရင်းကတော့ ရေးချင်လို့ပါ။ ဘာသာပြန်ရခြင်း အကြောင်းရင်းကတော့ ဒီကဗျာကို သူများ ဘာသာပြန်ပြီးသား ရှိမရှိကို သတိမထားမိ မဖတ်ဖူးလို့ပါ။
ဆရာဦးငြိမ်းဝေက ဧပြီ ၄ ရက်နေ့က RFA ကနေ ဒီကဗျာကို ပြန်လည်ခံစားပြီး ရွတ်ဆိုသွားခဲ့ပါတယ်။ နားမထောင်ရသေးသူများ နားဆင်နိုင်ရန်အတွက် ပြန်လည် ဝေမျှလိုက်ပါတယ်။
အဲဒီ အသံဖိုင်မှာပါတဲ့ သုံးသပ်ချက်များကတော့ ဆောင်းပါးရှင် ဆရာဦးငြိမ်းဝေရဲ့ အာဘော် ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Saturday, May 24, 2008
မုန်တိုင်းကြားက “ဘ၀”များသို့
သိပ်မကြာသေးခင်က Horton ဆိုတဲ့ ကာတွန်းရုပ်ရှင်လေးတခု ကြည့်ဖြစ်တယ်။ A Cat in the hat နဲ့ နာမည်ကြီးတဲ့ Dr Seuss ရဲ့ဇာတ်လမ်း နောက်တခုပေါ့။ တောထဲက ဆင်ကြီးတကောင်က အလွန်သေးငယ်တဲ့ ဖုန်လုံးလေးထဲက အလွန်သေးငယ်တဲ့ သက်ရှိတွေရဲ့ အသက်ကို ကာကွယ်ထိန်းသိမ်း ပေးတဲ့အကြောင်း။ သဘောကျမိတာက သူ့ရဲ့ theme လေးပါ။ ဘယ်လောက် သေးသေးငယ်ငယ် ဘ၀ဆိုတာ ဘ၀ပါပဲ။ အသက်ဆိုတာ အသက်ပါပဲ တဲ့။ ရှင်သန်မှုကို တန်ဖိုးထားတဲ့ အကြောင်းပေါ့။
မကြာခင်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြားမှာ အသက်တွေဟာ အသက်လို့ ဘ၀တွေဟာ ဘ၀လို့ လူတွေဟာ လူလို့ သတ်မှတ် မခံရသလောက် ဖြစ်ခဲ့ရတာကို ရင်နာနာနဲ့ တွေးမိရင်း ကြားသိမိခဲ့တဲ့ သာမန်လူတယောက်ရဲ့ ဖြတ်သန်းမှုဘ၀ကို မှတ်မှတ်ရရ မှတ်တမ်းတင်လိုစိတ် ဖြစ်လာတယ်။
------
ကြီးကျယ်ခန်းနားသူတွေ မဟုတ်ခဲ့လည်း လူဆိုတာ လူပါပဲ။ လူဆိုတာက လူသား ဂုဏ်သိက္ခာနဲ့။ မျှော်လင့်ချက်တွေနဲ့။ တမ်းမက်ရတဲ့ ဘ၀တွေ ကိုယ်စီနဲ့။ ရှုင်သန်မှုကို မြဲမြဲ ဖက်တွယ်လိုစိတ်တွေနဲ့ပေါ့။
အဲဒီလူတွေထဲက လူတစ်ယောက်ရဲ့ နာမည်က ကိုလှထွန်း လို့ ခေါ်တယ်။ သူဟာ လပွတ္တာမြို့နယ်ထဲက ပိတောက်ကုန်းရွာလို့ခေါ်တဲ့ ရွာလေးတရွာမှာ နေတယ်။ သူ့ရဲ့ဇာတ်လမ်းကို ၁၉၉၁ ခုနှစ်လောက်က ဆင်းဆင်းရဲရဲ လယ်သမားလေး တစ်ယောက် အဖြစ်က စလိုက်ကြပါစို့။
ကိုလှထွန်းမှာ ကလေး ၃ ယောက်ရှိတယ်။ သား ၂ ယောက် သမီး ၁ယောက်။ သူက ငယ်ငယ်က အတန်းကျောင်း မနေခဲ့ရဘူး။ ပညာမတတ်လို့ ဆင်းရဲရတယ်လို့ သူကခံယူတယ်။ ဒါကြောင့် သူ့သားသမီးတွေ လက်ထက်ကျရင် ဆင်းရဲမှာ ကြောက်လွန်းလို့ ပညာတတ်ဖြစ်အောင် ဘ၀ကို မြှင့်ပေးရမယ်လို့ သူက မကြာခဏ ပြောလေ့ရှိတယ်။ သူ့ရဲ့ ဇနီးကလည်း ပညာမတတ်ရှာဘူး။ အမြင်လည်း မကျယ်တော့ သူကပဲ အစစအရာရာ ဦးဆောင်ရတယ်။
ဒါကြောင့် သားသမီးတွေ ကျောင်းတက်နိုင်ဖို့ သူဟာ အလုပ်ကို ကုန်းရုန်းလုပ်တယ်။ မြစ်ဝကျွန်းပေါ်ဒေသရဲ့ ဖြစ်နိုင်တဲ့ စီးပွားရေးတွေ အားလုံးကို လုပ်ကြည့်တယ်။ လယ်သမားဘ၀ကနေ ဆားဖိုပိုင်ရှင်ဖြစ်ဖို့ ကြိုးစားတယ်။ သူများဆီက ချေးငှား အကြွေးတွေယူပြီ ဆားကွင်းလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ သူဟာ အကြွေးပတ်လည် ၀ိုင်းသွားတယ်။
ဒီလိုနဲ့ အတိုးအရင်းပေါင်း ချေးငွေတွေကို ၃ နှစ် ၄ နှစ် ပြန်ဆပ်ဖို့ ကြိုးစားရင်း လယ်ကိုသာ ပြန်ပြီး အာရုံစိုက်ခဲ့ပြန်တယ်။ ဒီလိုနဲ့ ၁၉၉၄၊၉၅ လောက်မှာတော့ စပါးဈေးတွေလည်း ကောင်းလာတဲ့အခါ အကြွေးတွေလည်း ကျေပြီး တဲကနေ ပျဉ်ထောင်အိမ်လေး ဆောက်နိုင်လာခဲ့တယ်။
ဒေသရဲ့ စီးပွားရေးက ဆားခေတ်ကနေ ပုစွန်ခေတ်ကို ပြောင်းလာတယ်။ အင်မတန် ဘာသာရေး ကိုင်းရှိုင်းတဲ့ ကိုလှထွန်းဟာ အကုသိုလ်အလုပ်လို့ မိရိုးဖလာဗုဒ္ဓဘာသာအရ ပြောကြတဲ့ လျှောထောင် ပုစွန်မွေးတာကို သားသမီးဇောနဲ့ စီးပွားရေး ချဲ့ထွင် လုပ်ခဲ့ပြန်တယ်။ ၀င်ငွေ တရိပ်ရိပ်တက်လာတယ်။ ငရဲကြီးလည်းကြီးပါစေ ကလေးတွေ ပညာတတ်ဖို့ အရေးကြီးတယ် လို့ မကြာခဏ ပြောရှာတယ်။
သားသမီးတွေ ဆယ်တန်းအောင် တက္ကသိုလ် ရောက်ပြီ။ ကိုလှထွန်းလည်း တပြုံးပြုံးပေါ့။ သုံးသာသုံးကြ။ အဖေရှာသမျှ သားသမီးတွေ တက္ကသိုလ်မှာ မျက်နှာ မငယ်ရဖို့ပဲပေါ့။ ပုသိမ်တက္ကသိုလ်မှာ ကလေးတွေကလည်း သုံးပါတယ်။ ဘာမှလိုလေသေးမရှိ။ သမီးကလေးဆိုလည်း အ၀တ်အစား ဖိနပ်မျိုးစုံ စိတ်ကြိုက်ဝယ် ပျော်နေတော့တာပဲ။ ကလေးတစ်ယောက်ကို တလကို သိန်းပေါင်းများစွာ ပို့ရတာလည်း ကိုလှထွန်းက အပြုံးမပျက်ပါဘူး။ အရေးထဲ သားအလတ်က ကျောင်းမပြီးခင် မိန်းမကောက်ယူပြန်ပါရော။ မိဘတို့ ၀တ္တရားရှိတဲ့အတိုင်း တင့်တောင်းတင့်တယ်ဖြစ်အောင် မင်္ဂလာဆောင်ပေးရပြန်တယ်။
အဲ.. သူကိုယ်တိုင်ကတော့ အလွန် အသုံးအစွဲ ခြိုးခြံရှာတယ်။ အ၀တ်အစား အသစ် မ၀ယ်ဘူး။ လပွတ္တာမြို့ကိုလာရင် ဆိုက်ကားတောင်မစီးဘူး။ ခြေကျင်လျှောက်တယ်။ ရန်ကုန်တက်လည်း တတ်နိုင်သမျှ ခြေကျင်ပဲ။ ကျန်းမာရေးအတွက် ကောင်းတာပေါ့ကွာလို့ ရယ်ကျဲကျဲနဲ့ ပြောလေ့ရှိပေမယ့် အလုပ်လုပ်ထားတဲ့ ဒဏ်တွေက ခန္ဓာကိုယ်ကို ဖိစီးလာတာကို မဖုံးနိုင် မဖိနိုင်တော့ပါဘူး။ ရင်ဘတ်ထဲက အောင့်သလိုလို မောသလိုလိုနဲ့ နောက်ဆုံး မဖြစ်မနေကျမှ ဆရာဝန်ကို ပြတော့ နှလုံးအထူးကုနဲ့ ရန်ကုန်မှာ ပြဖို့ ညွှန်းတယ်။ သူလည်း နောက်ဆုံးတော့ ဒီနှစ် ၂၀၀၈ မိုးတွင်းမှာတော့ ရန်ကုန်တက်ပြီး ဆေးစစ်ပါဦးမယ်လို့ ချိန်နေတော့တယ်။
(သင်္ကြန်အပြီး ၂၀၀၈ ဧပြီ လကုန်ပိုင်းလောက်မှာ အလှူလှည့်စဉ် ရှေ့ဆုံးက သာသနာ့အလံ ကိုင်လာတဲ့ ကိုလှထွန်း)
၂၀၀၈ မေလရဲ့ ဧည့်သည်ဆိုး နာဂစ် ရောက်လာခဲ့ပြီပေါ့။ မေလ၂ ရက် လေပြင်းတွေ စတိုက်ချိန်မှာ အတောင့်တင်းဆုံးဖြစ်တဲ့ သူ့ရဲ့အိမ်မှာ ရွာသားတွေ လူ၅၀ လောက် လာခိုနေကြတယ်။ သူကိုယ်တိုင်ကတော့ မိုးတွေလေတွေထဲမှာ ပေါက်တူးတလက်နဲ့ သူ့လယ်ထဲကို ဆင်းပြီး ကျိုးပေါက်နေတဲ့ တာတွေ မြေဖို့နေတယ်။ ဒီမုန်တိုင်းဟာ ဘယ်လောက်အထိ ပြင်းမှာလဲ ဘာတွေဖြစ်လာတော့မလဲဆိုတာ ကြိုမသိခဲ့တာ သူ့အပြစ်တော့ မဟုတ်ပေဘူး။
မိုးတွေလေတွေက ပြင်းသထက် ပြင်းလာတယ်။ တဝေါဝေါ တရွှီရွှီနဲ့ သစ်ပင်တွေ ကျိုးပြတ်လာတယ်။ လယ်ကွင်းထဲကို တမဟုတ်ချင်း လိမ့်ဝင်လာတဲ့ ရေလုံးကြီးတွေကို မြင်မှ ဒီမုန်တိုင်းရဲ့အရှိန်ကို သူ သဘောပေါက်လိုက်တော့တယ်။ လှမ်းကြည့်လိုက်တော့ သူ့အိမ် ပေါ်ကို ပြေးရင် လွတ်နိုင်တယ်။ ဒါပေမယ့် ၁၅ မိနစ်လောက်တော့ သွားရဦးမယ်။ လယ်ကွင်းတခုလုံးလည်း ရေလွှမ်းသွားပြီ။ ရေကူးသွားမလား။ ဘေးမှာလည်း သူနဲ့ ဘ၀တူလူတွေ။
ပျဉ်တချပ်ပဲ ရှိတဲ့အခါ ကိုယ့်ချစ်သူကိုပေးပြီး ကိုယ်က စွန့်လွှတ်လိုက်တဲ့ ဇာတ်လမ်းဟာ ကမ္ဘာကျော် တိုက်တန်းနစ် ရုပ်ရှင်မှာမှ ရှိခဲ့တာ မဟုတ်ဘူး။ ကိုလှထွန်းဟာ အသင့်တွေ့တဲ့ လှေကြီးတစင်းပေါ်ကို အနားက တွေ့သမျှ ကလေး လူကြီး မိန်းမတွေကို ခေါ်တင်တယ်။ သူက တော့ ရင်ခေါင်းလောက်ရှိတဲ့ ရေထဲမှာ။ “ကိုလှထွန်းလည်း တက်ပါတော့။” သူ့အမျိုးတစ်ယောက်က လှမ်းပြောတယ်။ “တက်ကြတက်ကြ။ ငါက ကိစ္စမရှိဘူး။ နောက်မှတက်မယ်။” သူက အနားက လူတွေကို ဆွဲပင့်တင်ပေးပြီး ပြန်ပြောနေတယ်။
ရေက မြင့်သထက်မြင့်လာပြီ။ လှိုင်းတွေက တဟီးဟီးဖြစ်လာပြီ။ ကိုလှထွန်းဟာ အော်ဟစ်ပြောဆို နေရင်းက ရင်ဘတ်ထဲမှာ စူးအောင့်လာတယ်။ လှုပ်ရှားမှုတွေ ရပ်တန့်သွားတယ်။ “ကိုလှထွန်း ကိုလှထွန်း တက်တော့။” လှေပေါ်က လှမ်းပြောနေသူက ကြည့်လိုက်တဲ့ ကိုလှထွန်းရဲ့ မျက်လုံးဟာ ကြောင်နေတော့တယ်။ ကြည့်နေရင်း ကြည့်နေရင်းပဲ လှိုင်းတချက် အပုတ်မှာ လူတရပ်မက မြင့်လာတဲ့ ရေပြင်မှာ ကိုလှထွန်းဟာ ပျောက်ကွယ်သွားတော့တယ်။
နောက်ထပ် လှိုင်းတွေ ဆင့်ကာ ဆင့်ကာ အပုတ်မှာ သူတင်ထားခဲ့တဲ့ လှေထဲကလူတွေ လွင့်စင်မှောက်ကျလို့ အားလုံးနီးပါး သေဆုံးသွားခဲ့ရတယ် ဆိုတာကို သူသိမသွားဘူး။
သူတို့ရွာထဲမှာ အိမ်အများအပြား လုံးဝပျက်စီးပြီး သူ့ပျဉ်ထောင်အိမ်ပေါ်မှာ ခိုလှုံနေကြတဲ့ လူအများစုကတော့ တွယ်ကပ်လို့ လွတ်မြောက်သွားကြတယ် ဆိုတာ သူသိမသွားဘူး။
သူကလွဲလို့ သူချစ်တဲ့ ဇနီးသားသမီးတွေ အားလုံး ရှင်ကျန်ခဲ့တယ် ဆိုတာကိုလည်း သူသိမသွားဘူး။
သူရှာခဲ့တဲ့ ရွှေငွေပိုင်ဆိုင်မှု အားလုံးတော့ ရေထဲမှာ ပျောက်ပျက် ဆုံးရှုံးသွားခဲ့ရတယ် ဆိုတာ သူသိမသွားဘူး။
မုန်တိုင်းနာဂစ်အောက်မှာ သေဆုံး ပျောက်ဆုံးသွားတဲ့ သိန်းချီနေတဲ့ လူသားတွေရဲ့ ကံကြမ္မာကို သူသိမသွားဘူး။
ဆုံးရှုံးကြေကွဲမှုတွေနဲ့ ရှင်ကျန်ခဲ့တဲ့ သန်းချီနေတဲ့ လူသားတွေရဲ့ ကံကြမ္မာကိုလည်း သူသိမသွားဘူး။
ဒီစာဟာ ဂန္ထ၀င်စာမဟုတ်သလို ကိုလှထွန်းဟာလည်း ဂန္ထ၀င် လူသားတယောက် မဟုတ်ခဲ့ပါဘူး။ ကိုလှထွန်းရဲ့ ဘ၀ဇာတ်ကြောင်းကလည်း ဂန္ထ၀င်မြောက် ထူးထွေ မဆန်းပြားခဲ့ပါဘူး။ သို့သော် ဘယ်လောက် သေးသေးငယ်ငယ် ရိုးရိုးစင်းစင်း ဘ၀တွေဆိုတာ ဘ၀တွေပါပဲ၊ အသက်တွေဆိုတာ အသက်တွေပါပဲ။
(ကိုလှထွန်းများသို့…)
ပန်ဒိုရာ
Thursday, May 22, 2008
နိုင်ငံတော်စုန်းစုန်းမြုပ်ခြင်း
နှလုံးသားယဲ့ယဲ့နဲ့
အသိုက်ဖွဲ့နေရသူပါ
ငါ့နှလုံးသားဟာ ငါ့နိုင်ငံတော်ပေါ့
အငွေ့ကလေး အဝေးကရှုလို့
မ၀ရေစာ ချစ်နေရတဲ့အထဲ
လက်ယာရစ် လက်ဝဲရစ်
အရည်အဖတ်မှမကျန် စိစိကြေအောင်အမွှေခံရတယ်
အိပ်မက်ဆိုရင်လည်း..
အိပ်မက်ဆိုရင်လည်း..
(အဲဒီနေရာမှာ ဆက်မပြောဖြစ်တော့ဘူး)
ငါ့နိုင်ငံတော်က ကြိုတင်သတိပေးမခံရဘူး
ငါ့နိုင်ငံတော်က မိုင် ၁၅၀ နှုန်းကို အငိုက်မိတယ်
ငါ့နိုင်ငံတော်က အိမ်ခေါင်မိုး သစ်ပင် ဖက်တက်တယ်
ငါ့နိုင်ငံတော်က ပိုးစိုးပက်စက် ပုပ်ပွပေါ်လာတယ်
ငါ့နိုင်ငံတော်က အဆယ်မခံရဘူး သဂြိုလ်မခံရဘူး
ငါ့နိုင်ငံတော်က ဒဏ်ရာဗလပွနဲ့ တောင်းစားတယ်
ငါ့နိုင်ငံတော်က လင်သေ သားသေ မယားသေတယ်
ငါ့နိုင်ငံတော်က မြေမဲ့ယာမဲ့အိုးအိမ်ပျက်တယ်
ငါ့နိုင်ငံတော်က ရေဆာတယ် ထမင်းငတ်တယ်
ငါ့နိုင်ငံတော်က မျက်လုံးဝိုင်းကြီးတွေနဲ့ စောင့်တယ်
ငါ့နိုင်ငံတော်က ဗိုက်ဟောင်းလောင်းတွေကို သေနတ်ဒင်နဲ့ဆောင့်တယ်
ငါ့နိုင်ငံတော်က စားစရာကမ်းပေးတဲ့လက်ကို ပုတ်ချတယ်
ငါ့နိုင်ငံတော်က ရိက္ခာတွေ တနေရာမှာလျှံသွားတယ်
ငါ့နိုင်ငံတော်က မျက်နှာဖုံးတပ် ပြုံးလို့
ငါ့နိုင်ငံတော်က စနက်တံဖြုတ်လိုက်ပြီ
ငါ့နိုင်ငံတော်အကြောင်း ဆက်မပြောတော့ဘူး
ငါ့နှလုံးသားဟာ
ငါ့နှလုံးသားကိုလိုက်လို့ရှာ
ငါ့နိုင်ငံတော်ကို လိုက်လို့ရှာ
အငွေ့ကလေးကို လိုက်လို့ရှာ
အမြင်အာရုံမှာ ဖွဖွလေးထည့်လို့
ရွရွကလေး မှိတ်ချလိုက်တဲ့အခါ
ပူနွေးတဲ့အရည်တွေထဲ စုန်းစုန်းမြုပ်သွားပြန်ပြီ
ဖြတ်လျှောက်မိရင် ရင်ဆို့စေရုံသက်သက်
နိမိတ်မရှိ အနိဌာရုံစကားလုံးတွေနဲ့
ဘာမှသုံးစားမရတဲ့
လွတ်လွတ်ကင်းကင်းမဟုတ်တဲ့
ဂြိုဟ်ဆန်ဆန် ကဗျာတစ်ပုဒ်ပဲ ပုပ်ပွပေါ်လာ
သဘာဝဆိုတာရေ…
ကံတရားဆိုတာရေ…
နိုင်ငံတော်ဆိုတာရေ…
အတိတ်ဘ၀ အကြောင်းမလှလို့ဆိုပဲ
အကုသိုလ်တွေ အကျိုးပေးပဲပေးနိုင်လွန်းလှချည့်ကွယ်
ငါ့နိုင်ငံတော်ဆိုတဲ့ စာလုံးတွေကို ကျေးဇူးပြုပြီး ဆင်ဆာဖြတ်လိုက်ကြပါ။
ပန်ဒိုရာ
Tuesday, May 6, 2008
RED ALERT
မုန်တိုင်းဒဏ် ရေဘေးကြောင့် မြန်မာပြည်တွင် လူသေ ဆုံးရှုံးမှု အခြေအနေများ တရားဝင် သတင်းများထက် အများကြီးဆိုးပါသေးသည်။ အသက်ရှင်ကျန်သူများ၏ အသက်ပါ ထပ်မံမဆုံးရှုံးစေချင်လျှင် ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးလုပ်ကြပါ။
Sunday, May 4, 2008
မုန်တိုင်းကြားမှာ
Literary Blog လို့ကိုယ့်ဘာသာ သတ်မှတ်ထားပြီး ဒါမျိုးတွေ ရေးဖြစ်နေတာ သိပ်တော့ စိတ်မကောင်းပါဘူးလေ။ ဒါပေမယ့်လည်း ကိုယ်ဖတ်ချင်တာကို ရေးတယ် ဆိုတဲ့ ခံယူချက်အရ ဒီလိုအချိန်မှာ ကိုယ်ဖတ်ချင်နေတဲ့ စာကို ကိုယ့်ဘာသာပဲ ရေးလိုက်ပါတယ်။
ဧရာဝတီတိုင်းကနေ ဖြတ်လာတဲ့ မုန်တိုင်းဟာ မေလ ၃ ရက်နေ့မနက်စောစောမှာ ရန်ကုန်ကို ဆိုးဆိုးဝါးဝါးဝင်မွှေသွားတာကို အားလုံးသိကြပြီး ဖြစ်မှာပါ။ နာဂစ်စ် ဆိုင်ကလုန်းက တော်တော်အားကြီးပြီး မြန်မာပြည်ကို ၀င်မှာ သေချာနေပြီ ဆိုတဲ့ သတင်းကို မေလ ၂ ရက်နေ့ စင်္ကာပူအချိန် မနက် ၉ နာရီလောက်က အင်တာနက်ကတဆင့် သိလိုက်ရပါတယ်။ ရန်ကုန်ကို ဖုန်းဆက်တော့ သိသူတချို့ သိပေမယ့်လည်း သိပ်သတိမထားမိသလိုလို ဒီလောက် ပြင်းထန်မယ်လို့ မထင်သလိုလို လေသံမျိုးတွေလည်း ကြားရပါတယ်။ မေလ ၂ရက် ညနေပိုင်းမှာတော့ ဖုန်းခေါ်လို့ မရတော့ပါဘူး။ အခုအထိလည်း မရသေးပါဘူး။ တချို့တော့ ရပြီပြောပါတယ်။
ဖြစ်ပျက်ပြီးတဲ့ သတင်းတွေကို အောက်က ၀က်ဘ်ဆိုက်တွေမှာ သွားဖတ်လို့ရပါတယ်။
သတင်းဆိုင်ရာ link အချို့
http://www.mizzimaburmese.com/content/view/1000/
http://www.irrawaddy.org/bur/news2008/May/may_03a_08.html
http://www.newsnow.co.uk/newsfeed/?name=Myanmar
http://www.nationalpost.com/news/world/story.html?id=491192
http://niknayman.blogspot.com/2008/05/nargis_04.html
မိုးလေ၀သဆိုင်ရာ link အချို့
http://tsr.mssl.ucl.ac.uk/
http://www.gdacs.org/reports.asp?eventType=TC&ID=NARGIS-08&system=asgard&alertlevel=Red&glide_no=&location=MMR&country=Myanmar&new=true
http://www.nrlmry.navy.mil/tc_pages/tc08/IO/01B.NARGIS/ir/geo/1km_bw/full/Latest.html
ဆိုင်ကလုန်းဆိုတာ
ဆိုင်ကလုန်းဆိုတာ သိပ်ဆိုးဆိုးဝါးဝါး မကြာခဏ မကြုံတွေ့ဖူးပေမယ့် မြန်မာတွေနဲ့ ရင်းနှီးပြီးသားပါ။ အများအားဖြင့်တော့ ဘင်္ဂလားဒေ့ရှ် ဘက်ကိုပဲ လှည့်လှည့် သွားတတ်တာပါပဲ။ ရခိုင်ပြည်ဘက်က လူတွေကတော့ အတွေ့အကြုံ မကြာခဏ ပိုရှိကြမယ် ထင်ပါတယ်။
မြန်မာပြည်မှာ ခံခဲ့ရတဲ့ နောက်ဆုံး ဆိုင်ကလုန်းက ၂၀၀၄ မေလလယ်ပိုင်းက ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ဘက်မှာ တစ်နာရီ မိုင် ၁၀၀ နှုန်းလောက်တိုက်ခဲ့ပြီး လူပေါင်း ၁၀၀၀ လောက် သေဆုံးခဲ့တယ် လို့ ခန့်မှန်းရပါတယ်။ ဒေသတွင်းမှာ ဆိုရင်တော့ မနှစ်က နိုဝင်ဘာက ဘင်္ဂလားဒေ့ရှ်မှာ တိုက်ခဲ့တဲ့ ဆိုင်ကလုန်းပါ။ လူပေါင်း ၃၀၀၀ ကျော်သေဆုံးတယ်လို့ သိရပါတယ်။
အဆင့်တို့ သတ်မှတ်ချက်တို့နဲ့ ပတ်သက်လို့ ရှာကြည့်လိုက်တော့ ၀ီကီ ထဲမှာတော့ ဆိုင်ကလုန်းဆိုတာ ဒီလိုတွေ့ရပါတယ်။
အပူပိုင်းဒေသ ဆိုင်ကလုန်း (tropical cyclone) ဆိုတာ လေဖိအားနည်းတဲ့ဗဟိုချက်နှင့် မိုးကြိုးတွေက လေပြင်းမုန်တိုင်းနှင့် မိုးကြီးရေလျှံဖြစ်စေတဲ့ မုန်တိုင်းစနစ်ကို သတ်မှတ်ထားတာပါ။ အပူပိုင်း(tropical) ဆိုတာ ပထ၀ီဝင် အနေအထားအရ ဒီမုန်တိုင်းစနစ်ရဲ့ ဖြစ်တည်ရာမူလ ကို ဆိုလိုပါတယ်။ ကမ္ဘာရဲ့ အပူပိုင်းဒေသတွေမှာ ဖြစ်ပေါ်လာတာပဲဖြစ်ဖြစ် ပင်လယ်ထဲ လေထုဖိအားအပူကနေ ပေါ်ပေါက်လာတာပဲ ဖြစ်ဖြစ်ပေါ့။ ဆိုင်ကလုံး(cyclone) ဆိုတာက နာရီလက်တံ လှည့်တဲ့ဘက်ဖြစ်စေ ပြောင်းပြန်ဖြစ်စေ လှည့်ပတ်နေတဲ့ သဘာဝကို ရည်ညွှန်းတယ်။ ဖြစ်ပေါ်တဲ့ နေရာဒေသ နဲ့ အားပြင်းမှု အတိုင်းအတာကို မူတည်ပြီး အမျိုးအစားတွေ ထပ်ကွဲနိုင်ပါတယ်။
ဆိုင်ကလုန်းက လေပြင်းနဲ့ မိုးကို သယ်လာတာသာမက ရေမျက်နှာပြင် မြင့်တက်တာ လှိုင်းကြီးတာလည်း ဖြစ်စေတယ်။ ပူနွေးတဲ့ ရေပြင်ကျယ်ပေါ်မှာ သူက အင်အား ကောင်းကောင်းလာပြီး ကုန်းတွင်းပိုင်းကို ၀င်လာတဲ့အခါ အင်အားပျော့သွားတယ်တဲ့။ ဒါကြောင့် ကမ်းရိုးတန်းဒေသတွေမှာ အပျက်အစီး ပိုများတတ်ပါတယ်။
ဆိုင်ကလုန်းရဲ့ ပြင်းထန်မှုအရှိန်ကို အမျိုးအစားများ ခွဲလေ့ရှိကြပါတယ်။ အခု တိုက်သွားတဲ့ နာဂစ်စ် ဆိုင်ကလုန်းကို အမျိုးအစား ၃ ဒါမှမဟုတ် ၄ (Category 3 or 4) လို့ပြောနေကြတာဟာ သြစတေးလျ ရဲ့ ခွဲခြားပုံခွဲခြားနည်းလို့ ထင်ပါတယ်။ အောက်ကဇယားကို ကြည့်ပါ။
(source: http://en.wikipedia.org/wiki/Tropical_cyclone)
ကြိုတင်ကာကွယ်မှုများ
ဒီလို သဘာဝဘေးအန္တရာယ် ကျတော့မယ်ဆိုရင် တားလို့တော့မရဘူး။ (အမေရိကန်မှာတော့ မုန်တိုင်းကို နည်းပညာများနဲ့ လမ်းကြောင်းလွှဲတယ် ဆိုတာမျိုး လုပ်နိုင်တယ် လို့ ကြားဖူးပါတယ် ) တားမရပေမယ့် ကြိုတင် အစီအစဉ်တွေ လုပ်ဖို့ စနစ်တကျရှိတဲ့ အစိုးရမျိုးကတော့ အောက်ပါ အစီအစဉ်မျိုးတွေ လုပ်လေ့ရှိမယ် ထင်ပါတယ်။
မြန်မာပြည်မှာ သတင်းစာတွေကနေ သတိပေးသလို ရေဒီယိုကလည်း လွှင့်မှာ သေချာပါတယ်။ လုပ်တာကတော့ လုပ်ကြမယ် ထင်ပါတယ်။ အရေးကြီးတာက ထိရောက်မှုပါ။ ကျယ်ပြန့်တဲ့ မြန်မာပြည်မှာ မုန်တိုင်း ဖြစ်မယ့်ဒေသတွေ အထိ သတင်း ရောက်အောင် ဘယ်လောက် ထိထိရောက်ရောက် ဘယ်လို ပို့နိုင်မလဲ။ သတင်းစာကတော့ နေ့ချင်း မရောက်နိုင်တာသေချာတယ်။ ရေဒီယိုကိုပဲ အားကိုးရမှာပါ။ တိုင်း မြို့နယ် ကျေးရွာ အုပ်ချု့ပ်ရေး ဌာန အဆင့်ဆင့်ကနေ ကာကွယ်မယ့် အစီအစဉ်တွေ အချိန်မီ လုပ်ပေးဖို့လိုမှာပါ။ အနည်းဆုံးတော့ ကိုယ်တိုင် ကာကွယ်နိုင်အောင် သတင်းကို သေသေချာချာ ဖြန့်ပေးဖို့လိုပါမယ်။ တတ်နိုင်သလောက် လုပ်ခဲ့ကြလိမ့်မယ် လို့ပဲ ယူဆလိုက်ပါတယ်။
လောလောဆယ်တော့ အပျက်အစီးစာရင်း တက်မလာသေးပါဘူး။ ဆက်သွယ်ရေးတွေ အားလုံးနီးပါး ပြတ်နေတော့ ခက်ခဲမှာပါ။ သဘာဝ ဘေးအန္တရာယ်မှာ အပျက်အစီး ကြီးတယ်ဆိုရင် အဓိကအချက်တွေက ဒါတွေလို့ ထင်ပါတယ်။
နောက်ဆက်တွဲများ
အခုတော့ ပြီးတာလည်း ပြီးသွားပါပြီ။ ဖြစ်ပျက်ခဲ့သမျှအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးပဲ လိုပါတော့တယ်။ မုန်တိုင်း ရေဘေးလို သဘ၀ ဘေးအန္တရာယ်မျိုး ရဲ့ နောက်ဆက်တွဲ တွေက ဒါတွေ ဖြစ်နိုင်ပါတယ်။
လတ်တလောနိုင်ငံရေးနှင့် စပ်လျဉ်း၍
နားလည်လို့တော့မဟုတ်။ သို့သော် မြန်မာပြည် လို့ဆိုလိုက်ရင် နိုင်ငံရေး လို့ပဲ စိတ်ဝင်စားမှု ရှိနေသူများအတွက် မုန်တိုင်းသတင်း ကြားတာတောင် ဟဲ့ ဒါဆိုရင် ဆန္ဒခံယူပွဲကြီး ဘာဖြစ်သွားမလဲ ဆိုတာမျိုးပဲ အရင်ဆုံး ခေါင်းထဲရောက်လာသူများ အတွက် ထင်ရာမြင်ရာ ပြောကြည့်ပါတယ်။
ဆန္ဒခံယူပွဲကြီး အချိန် အကန့်အသတ်မရှိ ရွှေ့လိုက်တယ်လို့ ကြားပါတယ်။ (တရားဝင် ထုတ်ပြန်တဲ့ သတင်း အခုစာရေးချိန်အထိ မတွေ့ပါ။ ကောလဟလ ဖြစ်နိုင်ပါတယ်။) ဘယ်ဘက်က တွက်တွက် လတ်တလော အပျက်အစီး များကြား အချိန်တိုအတွင်း ကျင်းပနိုင်ဖို့ လွယ်မယ်မထင်ပါ။ ဒုက္ခရောက်သူများကို အကူအညီ ပေးခြင်းအားဖြင့် နိုင်ငံရေးအရ ယုံကြည်မှု ထောက်ခံမှု တည်ဆောက်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ စေတနာအရ ဒါမှမဟုတ် တာဝန်သိစိတ်အရ ဆိုရင်တော့ ပိုကောင်းမှာပါ။ ဘယ်လိုဖြစ်ဖြစ် အကူအညီ တကယ်ရဖို့ကတော့ အဓိကပါ။
မုန်တိုင်းထိခိုက်တဲ့ ဒေသတွေက တနိုင်ငံလုံးတော့ မဟုတ်ပါ။ အစိုးရ လက်ရှိ ထုတ်ပြန်ချက်များအရ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင် ဆိုတဲ့ တိုင်းနဲ့ပြည်နယ် ၅ ခုမှာ အဓိက ဖြစ်ပါတယ်။ ဧရာဝတီနဲ့ ရန်ကုန်တိုင်းတွေက အဆိုးဝါးဆုံးလို့ ခန့်မှန်းကြပါတယ်။
ဆိုးတာက စီးပွားရေးနဲ့ ဆက်သွယ်ရေးမှာ အဓိက ဗဟိုမြို့တော် ဖြစ်တဲ့ ရန်ကုန်မှာ အပျက်အစီးများတာပါပဲ။ ဒါဟာ အကူအညီလမ်းကြောင်းအတွက် အခက်အခဲတွေ တွေ့နိုင်ပါတယ်။
ဒုက္ခသည် ပြည်သူတွေက အောက်ပါအစွန်းရောက် အခြေအနေ နှစ်မျိုးထဲက တမျိုးမျိုးနဲ့ တုံ့ပြန်လိမ့်မယ်လို့ ထင်မိတယ်။
ဒီ့ထက်အသေးစိတ် နဲ့ တကယ့်နိုင်ငံရေးရှုထောင့်က ခန့်မှန်းချက်မျိုး ဖတ်ချင်ရင်တော့ ဒီမှာဖတ်ပါ။
http://www.mizzima.com/edop/commentary/8-commentary/419-disaster-diplomacy-of-tsunamis-and-cyclones-burma-after-cyclone-nargis
နိဂုံး
အတတ်နိုင်ဆုံး အားလုံးဝိုင်းဝန်း ကူညီကြဖို့ အရေးကြီးပါတယ်။ The Volcano တို့ The Day after Tomorrow တို့ စတဲ့ ရုပ်ရှင်တွေ ကြည့်တော့ ခံစားမိတဲ့ ခံစားချက်ကလေးတွေ ပြန်ပေါ်လာပါတယ်။ ကိုယ်ကျိုးရှာသူဖြစ်ဖြစ် မိန်းမလိုက်စားသူဖြစ်ဖြစ် ဖဲချ အရက်သောက်သူ ဖြစ်ဖြစ် ကျောင်းသား အလုပ်သမား စစ်သား ဘယ်သူမဆို လူတိုင်းနဲ့ ပတ်သက်တဲ့ သေရေးရှင်ရေး ကိစ္စတစ်ခု ပေါ်လာတဲ့အခါ လူချင်းစာနာစိတ်နဲ့ တာဝန်ယူလိုစိတ် (sense of responsibility) ဆိုတာပဲ ရုတ်တရက် စိတ်ထဲလွှမ်းမိုးသွားပြီး မှန်ကန်တဲ့ လမ်းကြောင်း ပေါ်ကနေ လုပ်သင့်တာကို တာဝန်ယူပြီး စုပေါင်းလုပ်တတ်ကြတဲ့ သဘောလေးတွေပါ။
Volcano ရုပ်ရှင်မှာ မီးတောင်လမ်းကြောင်းလွှဲတာ အောင်မြင်ပြီးတဲ့အခါ အမေပျောက်ကို ရှာနေတဲ့ ကလေးလေးကို အမေကိုတွေ့လားလို့ ကလေးချီထားသူက မေးလိုက်ပါတယ် ကလေးက မျက်နှာတွေကို လိုက်ကြည့်တယ် မတွေ့ဘူး ဘာလို့လဲဆိုတော့ အားလုံး အတူတူဖြစ်နေတယ် (They all look the same.) လို့ ပြောလိုက်တယ်။ အဲဒီ တဒင်္ဂ တိတ်ဆိတ်သွားတယ်။ ဟုတ်တယ် ချော်ပြာတွေလွင့်နေတဲ့ ကြားမှာ ရုန်းကန်လှုပ်ရှားထားကြတဲ့ လူတွေရဲ့ ပြာအလူးလူး မျက်နှာတွေဟာ အားလုံး အတူတူပဲ မဟုတ်ပါလား။ ဒီစကားလေးက အဓိပ္ပာယ် အများကြီး တာသွားပါတယ်။
အခုလည်း အယူအဆမတူတာတွေ အမုန်းတရားတွေ အာဃာတတွေ မသင်္ကာမှုတွေ ရှိခဲ့ရင် ဖယ်ရှားလို့ အားလုံးအတူတူဖြစ်တဲ့ လူသားစိတ်ကလေးတွေနဲ့ မုန်တိုင်းကြားက ငြိမ်းချမ်းရေးဆိုတာကို တည်ဆောက်နိုင်မလားလို့ မရဲတရဲ အိပ်မက် မက်မိပါသေးတယ်။
ပန်ဒိုရာ
Friday, May 2, 2008
ကျောချင်းကပ်အဝေး
အဟောင်းတွေကဆွဲလှည့်ထားတဲ့
ဦးတည်ချက်တစ်ဖက်တည်းကို
နှစ်ထပ်ဆင့် ငေးကြည့်နေရာက
ဆွဲထုတ်လိုက်တဲ့ ၀ိညာဉ်အစကလေးဟာ
ကိုယ့်ကို မျက်စပစ်ပြနေတော့တယ်
ကြယ်ကြွေပြိုးပြက်မျှ ဖြတ်သန်းခြင်းသာ
သို့သော် နီကျင်စိုလက်မိုးရေစက်တွေလည်းပါ
အတိတ်-အတိတ်မှ အတိတ်-အနာဂတ် အ၀င်
ရှိခြင်းမရှိခြင်းတစုံတရာအတွက်
ရှင်သန်ခြင်းကို ခင်းကျင်းဖြစ်ခဲ့တယ်
အပိုင်းအခြားတွေရဲ့ပြင်ပက
သက်တမ်းမဲ့ပန်းတွေ ဖူးဝေခဲ့တယ်
နိုးတ၀က် အိပ်တ၀က် နတ်သမီးအိပ်မက်နဲ့
ရက်ဆက်မိုးလင်းဖြစ်တဲ့ နံနက်ခင်းတွေရှိခဲ့တယ်
နာကျင်မှုတွေ ငိုကြွေးသံတွေအတွက်
ကဗျာတစ်ခင်းကိုတောင်ချနင်းမိမတတ်
ခြေလှမ်းတ၀က်ပြင်မိခဲ့တယ်
ကမ္ဘာအစစ်မှာ တထစ်ထစ်လည်ပတ်ဖို့လည်း
သံပတ်အကြိမ်ကြိမ်တင်းခဲ့ရတယ်
ရှေ့ဆက်ရပေဦးမယ်
လရောင်နေရောင် လိုသလိုပက်ဖျန်းပေးမယ့်
နားလည်မှုရင်ခွင်မှာ လိုချင်တာတွေ သရုပ်ခွဲလို့
စိတ်နဲ့စိတ်
မိုက်မဲမှုများ ဆင်ခြင်မှုများ
တွန့်ဆုတ်မှုများ အားထုတ်မှုများ
အပူ အအေး
အနောက်သို့ အရှေ့သို့
အဝေးတစ်ခုနဲ့ အဝေးတစ်ခု ကြား
ကျောချင်းကပ်ချိန်သင်္ကေတ ပြလာတဲ့အခါ..။
ပန်ဒိုရာ
(၂၀၀၈ မေ ၂ သို့)