Sunday, September 21, 2008

ကမ်းခြေတွင်ရှာဖွေခြင်း



မှောင်ရီသန်းစပြုပြီ။ သဲဖြူဖြူတွေနှင့် သောင်ကမ်းက ခပ်ပြေပြေ။ အုန်းပင်တွေကတော့ သိပ်မများပါ။ သဘာဝထက် တကူးတက စိုက်ထားသည်ဟု ထင်ရသည်။ မည်သို့ပင်ဖြစ်စေကာမူ ရေပြင် သဲသောင်နှင့် လွတ်လပ်နေသော ကောင်းကင်ကျယ်ကို တွေ့ရလျှင် ကိုယ်က၀မ်းသာလှပြီ။

ကမ်းခြေတွေမှာ စိတ်ကိုလွှတ်ကာ ငေးရတာကို ၀ါသနာပါသည်။ ရေပြင်အကျယ်ကြီးကို ကြည့်ရလျှင် ဘယ်နှစ်ခါကြည့်ကြည့် မ၀နိုင်။ သည်လို နှစ်သက်တတ်တာကို ကိုယ့်ကိုယ်ကို သဘောပေါက် လာခဲ့တာလည်း တကယ်တော့ သိပ်မကြာလှသေး။ ကိုယ်ဘာကြိုက်သလဲ ဆိုတာ မိမိဘာသာ သိမြင်လာဖို့ တခါတလေတော့ အချိန် တော်တော်ကြာကြာ ယူတတ်သည်လေ။



သည်လို ရေပြင် မျိုးစုံကို မရေမတွက်နိုင်အောင် မြင်ဖူးခဲ့ပြီ။ ရွှံ့လတာပြင် ရေစပ်စပ်နှင့် ချောင်းကျဉ်းကျဉ်းများ၊ တာဘောင်မို့မို့ ၀န်းရံကာ တည်ငြိမ်နေသည့် ရေကန်များ၊ လှမ်းမြင်နေရသည့် ကမ်းနှစ်ဘက်ကြားမှာ စီးဆင်းနေသော မြစ်ကြောင်းရှည်ရှည်များ၊ အဆုံးကို မမြင်ရသော ကျယ်ပြောသည့် ပင်လယ်များ။ ဒါတွေကြားမှာ ယဉ်ပါးကြီးပြင်းခဲ့ရသည်။ ဒါတွေနှင့် ပတ်သက်သည့် ချရေးမိသောစာများနှင့် ဖမ်းယူခဲ့သော ပုံရိပ်များလည်း များလှပြီ။

ပင်လယ်ကမ်းခြေလှလှသည် တချို့လူများအတွက် ဇိမ်ခံစရာဖြစ်သည်။ တချို့အတွက် မရှိမဖြစ် ၀မ်းစာရှာရာ ဖြစ်သည်။ ကျေနပ်စရာဖြစ်သည်။ ချစ်စရာဖြစ်သည်။ ကြောက်စရာလည်းဖြစ်သည်။ ရေပြင် မြေပြင်နှင့် လေထုတို့၏ ပေါင်းဆုံမှုသည် အံ့သြဖွယ် အလှတရားကို ဖန်တီးနိုင်သလို ပြင်းထန်သော အင်အားကိုလည်း ဖွဲ့စည်းဖြစ်ပေါ်စေတတ်သည်။ ကောင်းကင် တိမ် ရေပြင် သဲသောင်တို့၏ ဆည်းဆာအလှတွင် နစ်မျောနေသူ ကိုယ်တိုင်ပင် မကြာခင်ကာလတခုက ထိုအရာများ စုပေါင်းကာ ကြမ်းတမ်းသွားသော ဆိုးကျိုးများဝယ် နာကျင် ပူလောင်ခဲ့ရသေးသည် မဟုတ်ပါလား။ အခုတော့လည်း သူတို့ အလှတရားကပင် ပူလောင်မှုကို တဒင်္ဂဖြစ်စေ အေးချမ်းသွားစေခဲ့ပြန်ပြီ။



သို့သော် အရင်းစစ်လိုက်လျှင် သဘာဝကို ပြုပြင်မွမ်းမံသူ သို့မဟုတ် ဖျက်ဆီးသူ ကိုယ်တိုင်ကိုက လူတို့ပင် ဖြစ်နေပြန်သည်။ ရေမြေတောတောင် သဘာဝကို မုန်းတီး အပြစ်တင်ရမည့်အစား လူတို့ကိုယ်တိုင်ကိုသာ အပြစ်ပုံရတော့မည်လား။ သို့ပေမယ့် လူဆိုသည်ကလည်း လူ့သဘာဝနှင့်ပင်။ လောဘ၊ ဒေါသ၊ တကိုယ်ကောင်းဆန်မှု၊ ရက်စက်မှု၊ မိုက်မဲမှု စသည်တို့ကို အသိဥာဏ်၊ ချစ်ချင်းမေတ္တာ၊ စာနာမှု၊ စွန့်လွှတ်တတ်မှု တို့နှင့် ပူးတွဲ ပိုင်ဆိုင်ခဲ့ကြသည်။ ပြီးတော့ အချိုးမညီ အသီးသီး ကွဲပြားခဲ့ကြသည်။ သက်မဲ့လောက ရေမြေတောတောင် သဘာဝကို အပြစ်မယူလျှင် လူ့သဘာဝကြောင့် အမှားများကိုရော မည်သည့် အတိုင်းအတာအထိ ခွင့်လွှတ်နိုင်ကြမှာလဲ။ လူလုပ်အမှားများက အမှားလုပ်ခဲ့သူများအပေါ် တိုက်ရိုက် ထိခိုက်လာသောအခါ ခွင့်လွှတ်ခြင်းနှင့် ပတ်သက်သည့် အဘိဓမ္မာတရပ်ကို သဘာဝကပင် ပြန်လည် သင်ပြပေးနိုင်လိမ့်မည်ဟု ထင်ပါသည်။

ရေပြင်ကို စိုက်ကြည့်လိုက်လျှင် ရေလှိုင်းတွေ တလိမ့်လိမ့်ကြားမှာ ကောင်းကင်၏ အရိပ်ကို မြင်ရသည်။ ကောင်းကင်ထဲမှာရော လှိုင်းတွေ ရောင်ပြန်လှုပ်ခတ် နေလေမလား။ ငေးမောနေခိုက်မှာပင် နေလုံးကြီးက တရွေ့ရွေ့ဝင်စပြုပြီ။ အေးမြနေဆဲ ပင်လယ်လေကလေး တသုတ်ကတော့ ကိုယ့်ပါးပြင်ပေါ် တွန်းတိုက် ဖြတ်ကျော်ပြီး ဆက်လက် ထွက်ခွာသွားလေသည်။ လေပြည်ကလေးသည် ကိုယ့်ဆီမှာ တခုခုကို ချန်ထားခဲ့သလား။ ကိုယ့်ထံက တခုခုကို ယူကာ တနေရာရာသို့ သယ်ဆောင်သွားလေသလား။ ကိုယ်သေသေချာချာ ဆက်တွေးမကြည့်ခဲ့တော့ပါ။





ပန်ဒိုရာ

20 comments:

ကိုအောင်(ပျူနိုင်ငံ) said...

စာသားတွေနဲ့ ဓါတ်ပုံတွေက အရမ်းလိုက်ဖက် ပါတယ်
မပန် ရေ။

ဂျစ်တူး - gyit_tu said...

ပုံတွေက အရောင်တွေ သိပ်လှတယ် ။

Kay said...

အော်- ကမ်းခြေ အစပ်မှာ- ယူလာတဲ့..ပေါင်မုန့်ထုပ်ကို ဖြေ ပြီး.. ရက်မကျော် ခင်..ကုန်အောင် စားနေတဲ့..ပလုပ်ပလောင်း နဲ့..ပန်ဒိုရာကိုလည်း..မြင်မိပါကြောင်း။း)

Moe Cho Thinn said...

ဓာတ်ပုံလေးတွေက လှလိုက်တာ။
အပြင်မှာလဲ အမက ပင်လယ်ကမ်းခြေမှာ ထိုင်ငေးရတာကို သဘောကျတယ်။ ပန်ပန်နဲ့ တူသွားပြီ။ သိပ်အရသာရှိပြီး လွတ်လပ်တယ်။

thorn musem said...

ပန်ဒိုရေ...
နက်ရှိုင်းတဲ့  ရေပြင်၊ ကျယ်ပြန့်တဲ့ကောင်းကင်နဲ့ ...
လောက သဘာဝနဲ့ လူသာူရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ချယ်မှုန်းသွားတာ...သိပ်ထိမိပါတယ်...
စာသားလေးတွေက ရင်ထဲကို တငြိမ့်ငြိမ့် စီးဝင်သွားသလိုဘဲ...။

M.Y. said...

ကမ်းခြေကို ဆိုင်ဘာတောင်ကြားမှ တဆင့်ရောက်ရှိခွင့်ရလိုက်သည်။

အီလက်ထရွန်နစ် မှန်သားပြင် က ၁ပေသာသာ ကန့်သတ်ထားသော်လည်း ပုစွန်ဆီရောင်ပြေးနေသည့် ဆည်းဆာ အလှကို ဖောက်ထွင်းမြင်ခွင့်ရလိုက်သည်။

ရုတ်တရက်ရေများ ခြေဖ၀ါးကိုလာရိုက်ခပ်လိုက်သယောင်။
ကမ်းခြေမှ ရိုးပြတ် လမုပင်အကိုင်းအခက်များကို နေ၀င်စ ကောင်းကင်ကို အတင်း ဆွဲထားနေသလို။

ပင်လယ်သည်..
လှ၏..လျို့ ဝှက်၏..
အထီးကျန်၏...ဖမ်းစား၏။

ကြည့်နေရင်း ဟိုးဝေးဝေးက မိုးကုပ်စက်ဝိုင်းအထိမျောပါသွားသည်..တိမ်များ..အရောင်များ ..ဒစ်ဂျစ်တယ်ဓာတ်ပုံများနှင့်အတူ....

ကောင်းကင်ကိုပင်လယ်က ဖမ်းစားသလား..
ပင်လယ်ကိုကောင်းကင်ကညို့ ယူသလား..မသဲကွဲတော့..

ကိုရင်နော်ခင်လေးငယ် said...

ဓါတ်ပုံလေးတွေ ရေးထားတဲ့ စာသားလေးတွေ အရမ်းအရမ်းလှ.. အမြဲလှပနေစေချင်ပါတယ်..
အလှဖျက် မုန်တိုင်းတွေနဲ့ မရက်စက်ရဖူးနော်.. :)

မောင်မျိုး said...

ဒေါ်လေး ဘယ်သွားခဲ့တာလဲ ပုံတွေက လှလိုက်တာဗျာ ။

အညာသား said...

ရေးလည်းရေးတတ်ပါဘိသနှယ်...။

အောင်သာငယ် said...

ရှာဖွေရင်းတွေ့ခဲ့တယ်ဆိုရင်တော့ ကောင်းပါတယ်။
မရှာဖွေပဲနဲ့ တွေ့ခဲ့ရင်တော့ အကောင်းဆုံးပေါ့ဗျာ။

တခါတခါတော့လည်း
ရှာဖွေလေ ပျောက်ဆုံးလေ ဖြစ်တတ်သလို
တခါခါတော့လည်း
မရှာဖွေပဲ တွေ့တတ်ပါတယ်လေ။

Yaw Han Aung said...

ခုတော့ ပင်လယ်ပဲရှိတယ်..
ပင်လယ်ဟာ ကိုယ်ပဲ ထင်မှားနေတော့မယ်.. ဆိုတဲ့
ခင်ဝမ်းသီချင်းကလေးကို သတိရမိသား။
ပင်လယ်ပုံတွေ လာကြည့်သွားပါတယ်။

Taungoo said...

မပန်
ပထမဆုံးတစ်ပုံက နေထွက်ချိန်
နောက်သုံးပုံက နေဝင်ချိန်။

တန်ခူး said...

သဘာဝတရားရဲ့ လှပအပြစ်ကင်းမှုတွေကို အတ္တတွေနဲ့ လဲလှယ်နေကြတုန်းပါပဲ… လေအေးစက်နဲ့  ဝေးဝေးမနေနိုင်သေးတဲ့ ကိုယ်ကိုယ်တိုင်လဲ အပါအ၀င်ပေါ့… ပန်ရယ်… မျှော်လိုက်ရတာမောလို့ … မှန်မှန်ပြန်ရေးနော်… လိုချင်တာ ၀ယ်ပေးမယ်…

တိမ်ပျော်များ said...

အတွေးရော အရေးရော အရမ်းကို ကြိုက်ပါတယ် ခင်ဗျာ...
(ဖိုးမောင်)

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

lwan tal..

SuN said...

ဟဲဟဲ ... အိမ်ကကျဉ်းနေလို့  နယ်မြေသစ်ချဲ့ ရင်း သောင်ပြင်ပေါ်က ရွှေဟင်္သာလေးတွေဘ၀လား

PTi said...

ပုံလေးတွေလည်းလှတယ်.. စာလေးတွေလည်းလှတယ်... ကြည့်ရတာ စိတ်ကြည်နူးနေပုံပဲ... :D

သက်ဝေ said...

ပုံလေးတွေကြည့်ရတာ လွမ်းစရာ...
စာလေးဖတ်ရတာကလဲ လွမ်းစရာ...
အတွေးကောင်းသလို အရေးလဲ ကောင်းပါ့...။

pandora said...

ကိုအောင် ဂျစ်ဂျစ် ကြိုက်နှစ်သက်လို့ ၀မ်းသာပါတယ်။
မကေ.. ချားပါဦးလား။ ကျန်သေးတယ်။
မမိုးချိုသင်း.. ၀ါသနာတူတွေပဲ။ တခါလောက် ကမ်းခြေမှာ ဆုံချင်ပါ့။
ကိုဆူး...မှတ်ချက်အတွက် ကျေးဇူးပါ။
ကိုမောင်ရင်.. မှတ်ချက်က ပို့စ်ထက် ပိုပြီး လှပ ကဗျာဆန်နေတော့တယ်။
ကိုရင်နော် ခင်လေးငယ်.. ဒါတော့ အာမမခံနိုင်ဘူးကွယ်။
မောင်မျိုးရေ.. မြန်မာပြည်တော့ မဟုတ်ပါ။
အညာသား .. အားပေးတာကျေးဇူး.
ကိုအောင်သာငယ်.. ရှာတာတွေမတွေ့ မရှာတာတွေတွေ့..။ ဒါလည်းဖြစ်တတ်ပါတယ်။
ကိုယော... ရှားရှားပါးပါး မှတ်ချက်အတွက် ကျေးဇူး။ ပင်လယ်ဟာ တကယ်တော့ ကိုယ်ပဲဖြစ်နေနိုင်ပါတယ်။
တောင်ငူ.. ဟုတ်ဘူး။ အားလုံး တချိန်တည်း ရိုက်တာ။
မတန်ခူုး... တကယ်ဝယ်ပေးရမယ်နော်။ အိမ်လိုက်ရှာပြီး လာတောင်းမှာ။
တိမ်ပျော်များ.. ကျေးဇူးပါ.။
မလေး.. လွမ်းတယ်။
စု.. သိရဲ့သားနဲ့။
ပီတိ...သူလည်း သိသားနဲ့။
မသက်ဝေ..။ အမြဲအားပေးနေတာ ကျေးဇူးအထူး။

Layma said...

လူ့ သဘာဝကြောင့် အမှားတွေက ခွင့်မလွတ်ချင်ဘူး..