Monday, February 16, 2009

အချစ်၏ နောက်ဆက်တွဲ သို့မဟုတ် ဘလော့ဂ်များတွင် ကူးယူဖော်ပြခြင်း ပြဿနာ

ရှေ့ကပို့စ်မှာ မှတ်ချက်တွေ လာရေးသွားသူတွေကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ရဲ့ ရပ်တည်ချက်ကို ဒီ့ထက်ပို ရှင်းရှင်းလင်းလင်း ရေးစရာလိုတယ် ထင်လို့ ဒီစာကို ထပ်ရေးလိုက်ပါတယ်။

ပထမဦးဆုံး ကောင်းကင်ကိုရဲ့ နောက်ဆက်တွဲပို့စ်ကနေ ညွှန်းချင်ပါတယ်။

ကောင်းကင်ကိုပြောတာကို သဘောတူပါတယ်။ သူတပါးစာကို ဘလော့ပေါ်မှာ ကူးယူဖော်ပြတဲ့ လူတိုင်းကို ခိုးတယ်လို့ ၀ါးလုံးရှည်နဲ့ ရမ်းလို့မရပါဘူး။ ပန်ဒိုရာရဲ့ ရှေ့က ပို့စ်မှာလည်း အတိအလင်း ရေးထားပါတယ်။ အဲဒီပို့စ်မှာ ကိုယ့်စာကို ဖော်ပြထားတဲ့ ဘလော့ဂ်တွေ စာရင်းရေးပြီးတဲ့အခါ မောင်သစ်ဆင်းဘလော့ဂ်က စာ (အခုတော့ ဖြေရှင်းပြီး) ကလွဲလို့ “အထက်က လင့်ခ်တွေကတော့ ဘယ်ကမှန်းမသိတဲ့ စာကို နှစ်သက်လို့ ပြန်ဖော်ပြရုံလို့ ယူဆရပါတယ်။” လို့ ရေးထားခဲ့တာပါ။ အပြစ်တင်မထားပါဘူး။

ကောင်းကင်ကိုက အုပ်စု လေးမျိုးခွဲပြသွားတယ်။


(၁) တစ်အုပ်စုက ခွင့်တောင်းသည်ဖြစ်စေ၊ ခွင့်မတောင်းသည် ဖြစ်စေ နာမည်တပ်ပေးတာပါ။

(၂) နောက်အုပ်စုက မေးလ်ထဲက ရလို့ ဖြစ်စေ တစ်ခြားတစ်နည်းနည်းနဲ့ ရလို့ ရေးသူ အမည်မသိတော့ပဲ တင်တာပါ။ ဒါပေမယ့် သူတို့ က ကိုယ်တိုင်ရေးမဟုတ်ကြောင်း အသိပေးထားပါတယ်။ မေးလ်ထဲက ရတာတို့ ၊Label မှာ from a site လို့ ရေးတာတို့ (သူတို့ အရင်ရက်တွေက ဖိုင်ကို saveလုပ် ပြီး မှ ဆိုဒ်နာမည်မမှတ်မိတော့လို့ ဖြစ်လိမ့်မယ်)


အထက်ကပြောခဲ့တဲ့ နှစ်အုပ်စုကို ပြဿနာရှိတယ်လို့ ပန်ဒိုရာလည်း မယူဆပါ။ ကိုယ့်စာကို နှစ်သက်ပြီး ဖြန့်ဝေပေးတာမို့လို့ ကျေးဇူးတင်ရမယ့် အုပ်စုပါ။ အုပ်စု ၂ အနေနဲ့ကတော့ စာရေးသူ ဘယ်သူလဲ သိသွားတဲ့အခါမှာ စာရေးသူနာမည်ကို ပြန်ဖော်ပြလိုက်လို့ရပါတယ်။

(၃) နံပါတ်သုံးအုပ်စုကတော့ ကလောင်ရှင် နာမည်လည်း မတပ်၊ သူ့ နာမည်လည်း မတပ်၊ ဘယ်က ရတယ်ဆိုတာကိုလည်း တုံးတိတိကြီးလုပ်ထားတာပါ။

ကောင်းကင်ကိုက သူတို့ကိုလည်း အပြစ်တင်မစောဖို့ ပြောထားပါတယ်။ ဒါလည်း သဘောတူပါတယ်။ တချို့ကတော့ ကိုယ်ရေးတယ် အထင်ခံရအောင် မရိုးမသား အသာငြိမ်နေတာ ဖြစ်နိုင်ပေမယ့် တချို့က တကယ်ကို ရိုးရိုးသားသားနဲ့ ဒီလို တခုခု ပြောရကောင်းမှန်း မသိလို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုသဘောထားလဲ ဆိုတာ ကိစ္စပေါ်မလာမချင်း အတပ်မပြောနိုင်ပါဘူး။ ရေးသူ ဘယ်သူလဲ သိရတဲ့အခါ ပို့စ်ကို ဖျက်ပစ်စရာ မလိုပါဘူး။ ရေးသူနာမည် တပ်ချင်ရင် တပ်လိုက်ရင် ပြီးပါပြီ။ ဒါကိုလည်း သေသေချာချာ နားလည်စေချင်တယ်။

(၄) ယူပြီး ကိုယ့်နာမည် တပ်ပစ်တာဖြစ်စေ၊ ပြင်ပစ်တာ ဖြစ်စေ အဲဒါတွေကိုတော့ လုံးဝ ပြင်းပြင်းထန်ထန် ဆန့် ကျင်ပါတယ်။

ဟုတ်ပါတယ်။ အခု ပြောနေကြတာက ဒီအခြေအနေကို အဓိကပါ။ အုပ်စု ၄ ရဲ့ လုပ်ရပ်ဟာ လက်ခံစရာ မရှိပါဘူး။ မရိုးသားတာ ပေါ်လွင်ပါတယ်။ ဒါတောင်မှ ပြင်ပစ်တယ် ဆိုတဲ့နေရာမှာ မူရင်းစာကို ဖော်ပြပြီး ဆင့်ပွားဖန်တီးတာပါလို့ ရိုးရိုးသားသား ပြောထားရင် လက်ခံနိုင်စရာ အကြောင်းရှိနိုင်ပါသေးတယ်။

နောက်ထပ် အုပ်စုတစ်ခု ထပ်ထည့်ချင်ပါတယ်။ အဲဒါကတော့ …

(၅) ဘလော့ဂ်ကို လာဖတ်ပြီးတဲ့အခါ ကူးယူပြီး forward mail နဲ့ စပြီး ပို့ကြတဲ့လူတွေပါပဲ။ အဲဒီ အုပ်စုကျတော့ ဘလော့ဂ်ပေါ်မှာ မြင်နေရမှာမဟုတ်ဘူး။ ဘယ်သူတွေမှန်းလည်း သိမှာမဟုတ်ဘူး။ သို့သော် သူတို့ကြောင့် နောက်ဆက်တွဲ ပြဿနာတွေကတော့ ဖြစ်သွားနိုင်တယ်။ သူတို့ကိုတော့ မသိနားမလည်ခဲ့လို့ ဆိုရင်လည်း နောက်တခါဆိုရင် ဖန်တီးသူတွေရဲ့ ကိုယ့်ဖန်တီးမှုတခု အပေါ် ထားတဲ့ သဘောထားကို ကိုယ်ချင်းစာတတ်အောင် ကြည့်စေချင်ပါတယ်။ forward လုံးဝ မလုပ်ရဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ ကိုယ်နှစ်သက်ရာတခုကို ဝေမျှချင်တယ်ဆိုတာ ကောင်းတဲ့စိတ် ဖြစ်ပါတယ်။ ဖန်တီးသူ သို့မဟုတ် ဘလော့ဂ်ရဲ့ လိပ်စာလေးနဲ့တကွ forward လုပ်ပေးစေချင်ပါတယ်။ ဒါဆိုရင် ဘယ်သူ့ကိုမှ မထိခိုက်စေပဲ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဝေမျှ လို့ရတယ်။

ဒီနေရာမှာ ဆက်ပြီး anonymous နာမည်နဲ့ အင်္ဂလိပ်လို ရေးသွားတဲ့ မှတ်ချက်နဲ့ ပတ်သက်လို့လည်း နည်းနည်း ရှင်းပြချင်ပါတယ်။ (ဒီလို ပြောလို့ အပြန်အလှန်တွေ ဖြစ်ကုန်ကြပဟဲ့ လို့လည်း မမှတ်လိုက်ကြပါနဲ့ဦး။ အဲဒါ အချင်းချင်း အားနာနေစရာ မလိုပဲ ပြောနိုင်ဆိုနိုင် ခင်မင်ရတဲ့ သူငယ်ချင်း တစ်ယောက်ပါ။)

သူပြောတာကို အားလုံးတော့ ပြန်မပြောတော့ပါ။ မှတ်ချက်မှာ ပြန်ဖတ်ကြည့်ပါ။ အနှစ်ချုပ်ရရင် .. ဒီလို မူပိုင်ခွင့်ဖောက်ဖျက်နေတာတွေဟာ ကူးစက် ရောဂါလိုပဲ မနိုင်နိုင်တဲ့စစ်ပွဲ ဖြစ်တယ်ပေါ့။ ဒါက ကိုယ်ကြီးပြင်းလာတဲ့ နိုင်ငံရဲ့ ပညာရေးနဲ့လည်း ဆိုင်သလို လူတွေရဲ့ စိတ်သဘာဝနဲ့ လည်း ဆိုင်တယ်။ ဖြစ်နေတာလည်း ကြာလှပြီ။ လူတွေအတော်များများဟာလည်း အစစ်မဟုတ်တဲ့ စီဒီတွေ၊ ဆော့်ဖ်ဝဲ တွေ၊ အလကား ဒေါင်းလုဒ် ရတဲ့ သီချင်းတွေ အီးဘွတ်ခ် တွေ စတာတွေကို သုံးစွဲနေကြတာပဲပေါ့လေ။ နာမည်ကြီးတဲ့ တခြားစာရေးသူ တွေဆီကလည်းကူးနေကြတာတွေ ဒုနဲ့ဒေးပါ။ အင်တာနက်မှာဆို လူတွေက အလကားရတယ်လို့ ထင်ကြတယ်။ ကူးကြတယ်။ ဒီတော့ ပန်ဒိုရာရယ် မနိုင်နိုင်တဲ့ စစ်ပွဲမှာ ကိုယ့်စာတွေ အယူခံရလို့ ခံစားနေမယ့်အစား မင်းစာတွေ ကောင်းနေလို့ သူများက ယူတာ ယူပါစေလား ပေါ့။ အရည်အသွေးကို အဓိကမထားတဲ့ ဘလော့ဂ်တွေဟာ သူ့ဘာသာ ကွယ်ပျောက်သွားမယ်ပေါ့။

ပြဿနာတွေကို ရောထွေးမပစ်စေလိုပါ။ သူငယ်ချင်း ပြောခဲ့တဲ့ ကိစ္စများဟာ တိုးတက်တဲ့ နိုင်ငံတွေမှာတောင် ဖိုရမ်တွေ အစည်းအဝေးတွေမှာ ဆွေးနွေးငြင်းခုံကြဆဲ။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ကိုယ်တိုင်လည်း ခေါင်းခဲနေဆဲပါ။ တကယ် စိတ်ဝင်စားကြမယ် ဆိုရင်တော့ နိုင်ငံအဆင့် အမျိုးမျိုးမှာ မူပိုင်ခွင့် အမျိုးမျိုးရဲ့ စီးပွားရေး လူမှုရေး ဆက်နွယ်နေတဲ့ လက်ရှိ ပြဿနာတွေ အကြောင်းကို အချိန်ရရင် ရေးပေးချင်ပါတယ်။

အခုဟာကတော့ အလွန် အခြေခံကျတဲ့ ကျင့်ဝတ်တခု ကိစ္စကိုပဲ ပြောနေတာပါ။ ဒါကို စောစောက ကိစ္စတွေနဲ့ ယေဘုယျ မလုပ်စေချင်ပါ။ မူပိုင်ခွင့် ပြဿနာမျိုးစုံဟာ သူ့သဘာဝနဲ့သူ သီးခြားတည်ရှိပါတယ်။ ဥပမာ ပြောရရင်.. မောင်ကကြီးဟာ မိုက်ခရိုဆော့ဖ် အတု သုံးထားတဲ့အတွက် သူဖန်တီးထားတဲ့ ကဗျာတစ်ပုဒ်ကို မောင်ခခွေးကပိုင်တယ်လို့ ပြောနေတာ ငြိမ်ခံလိုက်ပါ .. ဆိုတာမျိုး ဆက်စပ်လို့မရပါ။

အခုပြောနေတာက …

သူများပိုင်ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းလို့ မပြောနဲ့။ ထင်အောင်လည်း မလုပ်နဲ့။ ….

ဒါလောက်ပါပဲ။ ဒီ့ထက်မပိုပါ။ ဒါဟာ လူတိုင်း လက်ခံနိုင်မယ့် အခြေခံ စောင့်စည်းမှု တခုလို့လည်း ယူဆပါတယ်။ ဖန်တီးသူတွေ စိတ်ပျက်မသွားစေဖို့ ဖန်တီးမှုတွေကို အားပေးဖို့အတွက် ဒီအသိုင်းအ၀ိုင်းလေးမှာ ဒီလောက်ကလေးကိုတော့ ထောက်ပြသင့်တယ် လို့လည်း ယုံကြည်ပါတယ်။ တချို့ကိစ္စတွေဟာ ပြောမှပဲ သိမယ်ဆိုရင် ပြောပြဖို့လိုအပ်ပါတယ်။

ဒီတော့ ကိုယ်က မသိလို့ဖြစ်စေ အမှတ်တမဲ့ဖြစ်စေ ကိုယ်ဖန်တီးတာ မဟုတ်တဲ့ တခုခုကို ကူးယူဖော်ပြမိတဲ့အခါ အထက်မှာ ပြောပြီးခဲ့တဲ့ ဘယ်အုပ်စုမှာ ပါနေသလဲဆိုတာ ကိုယ့်ဘာသာ ကြည့်ပါ။ ပန်ဒိုရာတို့ အခု လက်မခံနိုင်တာဟာ မရိုးသားသူများကိုသာ ဖြစ်ကြောင်းပါ။ ကိုယ့်ကို မရိုးမသားလို့ အထင်မခံရအောင် ကာကွယ်နိုင်တဲ့ နည်းလေးတွေကိုတော့ အကြံပြုထားဖူးပါတယ်။ သူများဟာလည်းမခိုးနဲ့ ကိုယ့်ဟာလည်း အခိုးမခံရစေနဲ့ ဆိုတဲ့ ပို့စ်မှာ ဖတ်နိုင်ပါတယ်။

နောက်ဆုံး ရှင်းပြချင်တာကတော့ ပန်ဒိုရာရဲ့ ဒီဘလော့မှာ ဖော်ပြထားတဲ့ စာတွေကို creative commons license 3.0 အောက်မှာ ထည့်ထားပြီးသားပါ။ side bar မှာတွေ့နိုင်ပါတယ်။ အဲဒါကတော့ ပန်ဒိုရာ ဘလော့ဂ်လိုမျိုး အခကြေးငွေနဲ့ မပတ်သက်တာ (အလကားဖြန့်ဝေတာ) ဆိုရင် ပန်ဒိုရာရေးတဲ့ ပို့စ်တွေကို စာရေးသူအမည် (ဖြစ်နိုင်ရင်တော့ ဘလော့ဂ်လင့်ခ်ကိုပါ) ဖော်ပြပြီး ပြန်ကူးယူ ဖော်ပြ ဖြန့်ဝေလို့ရပါတယ်။ ခွင့်လည်း တောင်းစရာ မလိုပါ။ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ နေရာမှာ သုံးမယ်ဆိုမှသာ ခွင့်ပြုချက် အရင်ယူပါ။

ကျေးဇူးတင်ပါတယ်။ မရှင်းသေးရင်လည်း မှတ်ချက်ထပ်ရေးသွားလို့ ရပါတယ်။

ပန်ဒိုရာ



22 comments:

khin oo may said...

ရှင်းပါ၏။

Phyo Maw said...

ခက်ပါ့။ အစက blog ဆိုတာ စာရေးချင်တဲ့ လူတွေရဲ့စိတ်ဖြေရှာ ဒါမှမဟုတ် ကိုယ်တွေ့၊ အတွေ့အကြုံ၊ စိတ်ကူးစိတ်သန်းတွေ၊ မြန်မာအချင်းချင်း သိစေချင်တာတွေကို ဘာသာပြန် ထားတာတွေ ကလို ကလို စုံစီနာဖာ တင်ဖို့ နေရာလို့ တွေးထားခဲ့တာ။ ခုလောက်ထိ ဖြစ်ကုန်ကြမှန်းခုမှပဲ သိတော့တယ်။

s0wha1 said...

မပန်ပြောတာတွေအကုန်လုံးကို လုံးဝကြီး ထောက်ခံပါတယ်။

အင်တာနက်မှာ အလကားရတဲ့ အီးဘွတ်ခ်တွေ၊ သီချင်းတွေ၊ ဆော့ဖ်ဝဲတွေကို ဒေါင်းလုတ်ချတယ်ဆိုတာ... ဒီသီချင်း ဘယ်သူဆိုမှန်း၊ ဒီဆော့ဖ်ဝဲ ဘယ်ကုမ္ပဏီကမှန်း၊ ဒီအီးဘွတ်ခ် ဘယ်သူရေးမှန်း သုံးစွဲတဲ့သူတိုင်း သိသလို ကိုယ်ဆိုတာပါ၊ ကိုယ်ရေးတာပါ၊ ကိုယ့်ကုမ္ပဏီက ထုတ်တာပါ စတဲ့ သူများပစ္စည်း ကိုယ့်ပစ္စည်း လုပ်လို့မရပါဘူး။ ပိုက်ဆံမပေးရဘဲ အလကား သုံးလို့ရတဲ့ သဘောပဲ ရှိပါတယ်။

သူများရေးတဲ့စာ ကိုယ့်စာ လုပ်လိုက်တာနဲ့ ဘယ်လိုမှ ဆက်စပ် ဥပမာပေးလို့ မရပါဘူး။ သူများ ဖန်တီးထားတာကို ကိုယ့်ဟာလို့ ပြောတာက အရှက်မရှိတာ၊ မျက်နှာပြောင်တာ၊ ဗြောင်လိမ် ဗြောင်စား လုပ်တာ၊ ... ... ...။

မီယာ said...

စိတ်အပန်းဖြေတဲ့ သဘောနဲ့ ရေးကြ ဖတ်ကြ တယ်ထင်တာ.. အခုလို စိတ်ညစ်ရတာ စိတ်မကောင်းဘူး။ ၀တ္ထုလေး ဆက်ရေးဦးမှာလား မပန်ရေ... စောင့်နေတယ်။

Welcome said...

ရိုးသားသူများဖြင့်သာကြုံဆုံပြီး
ချစ်စရှည်လို့ မုန်းစတိုနိုင်ပါစေ
လေးစားလျက်

Anonymous said...

Haaa...

U Guys Think That Your Products R So GREAT & U OWN It...??

Nice Day...!!!

Kaung Kin Ko said...

ရှင်းပါ့ မပန်ရေ။ မပန်တို့  ကျွန်တော်တို့ ရေးတာက နားလည်ပေးမှု အပြည့်နဲ့  ထောက်ပြသင့်တဲ့ဟာကို ထောက်ပြတာပဲဟာ။ ဒီလိုထောက်ပြသင့်တာတွေ ထောက်ပြမှလည်း တိုးတက်မှုဆိုတာ ရှိလာမှာပေါ့။ ရှင်းထားတာ ကြိုက်တယ် မပန်ရေ။

Kaung Kin Ko said...

ရှင်းပါ့ မပန်ရေ။ မပန်တို့  ကျွန်တော်တို့ ရေးတာက နားလည်ပေးမှု အပြည့်နဲ့  ထောက်ပြသင့်တဲ့ဟာကို ထောက်ပြတာပဲဟာ။ ဒီလိုထောက်ပြသင့်တာတွေ ထောက်ပြမှလည်း တိုးတက်မှုဆိုတာ ရှိလာမှာပေါ့။ ရှင်းထားတာ ကြိုက်တယ် မပန်ရေ။

ဆောင်းယွန်းလ said...

အလွန်ပင်ရှင်းလင်းပါကြောင်းမပန်ရေ...

ရွှင်လန်းပါစေ

kay said...

အလွယ်လိုက်ချင်တဲ့ အချောင်နှိုက်ချင်တဲ့..အကျင့် တွေကို.. ဒီလို ထောက်ပြ ဆော်သြပေးတာဟာ..အင်မတန်လုပ်သင့်တဲ့ အလုပ်ပါ။ ထောက်ခံ အားပေးပါတယ်။

P.Ti said...

ရှင်းပါသည်။ အခုလိုပြောတာကို နားမလည်သေးရင်တော့ တမင်ကိုလုပ်ချင်လို့ လုပ်သည်ဟု ယူဆရမလိုပါပဲ။

သက်ဝေ said...

ရှင်းပါသည်...။
မရှင်းသေးလို့ မှတ်ချက်လာရေးတာ မဟုတ်ပါ... ရှင်းတဲ့အကြောင်း လာပြောတာပါ...။
ကျေးဇူးတင်ပါသည်...။

HZM said...

မှတ်သားနာယူ တွားပါတယ်ဗျာ...အဖြစ်သင့်ဆုံးပါ။

Anonymous said...

မပန် စိတ်မညစ်နဲ့...
မလေး ကိုယ်ချင်းစာတယ်...
ဒီလိုပဲ ဆက်ရပ်တည်ရင်း အွန်လိုင်းစာပေလောက ကို သန့်စင်စေနိုင်ကြဖို့ ဆုတောင်းမေတာ ပို့သပါတယ်။

ဒီပိုစ်ကို မလေးပိုစ်တင်ရင် ယူသုံးခွင့်ပြုပါ..

သက်ပိုင်သူ said...

မပန်ဒိုရာရေ.. commentထဲမှာ ၀င်ရေးလို့ စိတ်မရှိပါနဲ့နော်
ကိုလင်းဦးရဲ့ “ယဉ်ကျေးမှုကို ဖိသတ်ချင်နေပြီလော အသင်ဆောင်းပါးရှင်” ပို့စ်လေးကို အခုမှဖတ်ဖြစ်တယ်.. ဖတ်ရင်းနဲ့ စိတ်ဝင်စားစရာကောင်းလို့.. ကျွန်တော့်အမြင်လေးကို ၀င်ဆွေးနွေးကြည့်ထားပါတယ်.. လာလည်ပါဦးဗျာ

Anonymous said...

အစ်မ ကို အလေးအနက် ထပ်တောင်းပန်တဲ့ အနေနဲ့ ပို့တစ်ခု ရေးထားပါတယ်။ လာရောက် ဖတ်စေချင်ပါတယ် http://thitsinn.blogspot.com/2009/02/blog-post_17.html

မောင်သစ်ဆင်း(Liberty)

လင်း said...

ရှင်းလင်းစွာနားလည်ပါကြောင်း။ ပီတိပြောသလိုပါဘဲ နားမလည်ချင်ယောင်ဆောင်နေတဲ့သူတွေကတော့ အင်း ....

Anonymous said...

လာရှုပ်တာ ဟုတ်ဘူးနော်
သိချင်တာလေး ဖြေပေးပါလို့ 

http://chitmawa123.blogspot.com/

Rita said...

အလွန်ထောက်ခံပါသည်

Anonymous said...

တော်တော်စောက်ကြီးစောက်ကျယ်နိုင်ကြပါလား..
အင်တာနက်ခေတ်..အွန်လိုင်းခေတ်ဆိုတာ..
ဗျုံးဒိုင်းပေါ်တယ်များထင်နေလား..
မင်းတို့ရေးတာကိုမင်းတို့နာမည်မတတ်တော့ မကြိုက်ချင်ဘူး..
မင်းတို့မရေးဘဲမင်းတို့နာမည်တွေတတ်ပေးနေရင်ကော..
မကြိုက်ဘူးဘဲပြောမှာပါ..
ပိတ်နေပြီ..စိတ်ကူးတွေ..
ပင်လယ်ထဲရောက်နေမှရေကူးလာသင်နေကြတယ်..
အစောကြီးထဲက ဆင်းမလာနဲ့လေ..
ရွှာကရေကန်လေးလဲကောင်းပါတယ်..
ငါဘဲရေးရေး..မင်းဘဲရေးရေး အားလုံးအတွက် အများတွက်ဆိုတဲ့ စေတနာပါရင်ဘာငြင်းနေစရာ ရှင်းနေစရာလိုလဲ
မင်းတို့ရေးတာ ဘယ်သူမှမကူးစေချင်ရင် ရေးပြီးသားတွေကို ရင်ထဲမှာဘဲထားလေ..
ဖွင့်လဲပြချင်သေးတယ်..ငါငိုနေတာသိလား ဆိုပြီး အော်ကြီးဟစ်ကျယ် ရပ်ကွက်တကာ ကြားအောင်အော်တာ ကလေးတွေအလုပ်ပါ
မင်းတို့ဖန်တီးထားတာ မင်းတို့သားသမီးတွေ ဆိုတာတော့ကြိုက်သကွာ..
စောင့်ကြည့်သေးတာပေါ့..
ဘယ်တော့သူများလက်ထဲထိုးချမလဲဆိုတာ..
ကော်ပီ ရိုက်လို့အော်နေရအောင် သူများတွေေ၇းထားတဲ့ ကော်ပီရိုက်အကြောင်းတွေတောင် စုံအောင်ဖတ်ပြီးလို့လား
မတောက်တခေါက်တော့သွားမလုပ်လေနဲ့ ငါ့မောင်..
သူများယောင်လို့လိုက်ယောင်တယ် အမောင်တောင်မှန်းမြောက်မှန်းမသိဖြစ်နေမယ်
မင်းတို့စာတွေကို အလကားရလို့ကူးတာပေါ့ဟ..
ပိုက်ဆံပေးရရင် ဒီလိုစာတွေဘယ်ယူမလဲကွ..ပေးရတာချင်းတူ ကောင်းတာတွေဘဲ ပေးဝယ်မှာပေါ့..
မယုံရင်မင်းစာတွေ စာအုပ်ထုတ်ကြည့်လေ
သေချာတယ် မင်းမိသားစုထဲကတောင် လူအကုန်ဝယ်အားပေးမှာမဟုတ်ဘူး..
သိပ်မာန်မတတ်နေနဲ့အုံး..
အွန်းလိုင်းဆိုတာ မင်းတို့မမွေးခင်ကတည်းကပေါ်နေတာ..
ပေးချင်တာတေါပေးနိုင်ဖို့..လိုချင်တာတွေရနိုင်ဖို့ ထူထောင်ထားတာ..
မင်းဟာတွေကလည်းလောကကောင်းကျိုးတခုခုဖြစ်ရင်တော့
ဝိုင်းပြီးအားပေးမှာဘဲ..ဒါမှအခုလိုမင်းကြီးကြီးကျယ်ကျယ်ပြောနိုင်တာ
ခုဟာက မင်းက ဘာကောင်မှန်းတောင်သူတို့ကသိမှာမဟုတ်ဘူး
မင်းရေးတာက သူတို့ရဲ့ စိတ်နဲ့တခုခုတိုက်ဆိုင်နေလို့ယူတာနေမှာပါ
ပြင်တယ်ဆိုတာလဲ မင်းတို့ခံစားတာနဲ့ သူတို့ခံစားတာကွာတဲ့နေရာတော့ပြင်မှာပေါ့
ဆိုးသွမ်းနေတဲ့ကလေးကိုတော့ စေတနာကောင်းတဲ့ဆရာကပြုပြင်မှာဘဲ
မိဘကတော့ကို့ကလေးကို ဘယ်သိမှာလဲ
လောကထဲမှာကောင်းစေဖို့ ဆရာတွေမှာ တာဝန်ရှိတယ်
ကို့ကလေးကို ပြုပြင်တာမကြိုက်ရင် အစောထဲကကျောင်းမအပ်နဲ့ပေါ့
သဘောပေါက်ပါတယ်နော်
ကျောင်းလဲအပ်သေးတယ် ငါကလေးအရိုက်ခံရတယ်ဆိုတော့စိတ်ဆိုးချင်တဲ့မိဘဟာ
ကလေးကို သတ်နေတာ
နားရွက်ကိုက်ခံရမယ်
နာမည်ကျော်အနုပညာရှင်တွေနဲ့များ မင်းတို့က တတန်းထဲ မိတ္တူပေးခံချင်နေတယ်
မင်းတို့စိတ်မင်းတို့ပြန်ငုံ့ကြည့်အုံး
ဘယ်ဟာတွေရှက်ရမယ်ဆိုတာ..
သူတို့ဘာတွေ ဘယ်လိုပေးဆပ်ခဲ့တယ် ဘယ်လိုနေထိုင်ကျင့်ကြံသွားတယ်ဆိုတာတွေလေ
မင်းတို့ဆီကိုဝင်ကြည့်နေကြတာ မင်းတို့အချင်းချင်းတွေပါကွာ..
ကူးတာလဲ ဘလောက်သိန်းချီတဲ့ အထဲကမှ လေးငါးဦးပါ..
ဒါလေးတောင်စာဖွဲ့ချင်နေရင် မင်းတို့များမတော်လို့ အများအတွက်ကိုယ်ကျိုးစွန့်ခဲ့ရရင် တို့တော့မတွေးဝံ့ဘူး
ရှိသမျှနေရာအစုံမှာ ရသမျှရေးနေမှာတော့သေချာတယ်
စိတ်ကြီးမ၀င်နဲ့ ကလေးတို့ရယ်..
မင်းတို့ရောက်နေတာ ပင်လယ်မဟုတ်သေးဘူး..
ရွာထိပ်ကရေအိုင်လေးဘဲရှိသေးတယ်
မမောက်မာကြနဲ့ ရေဆိုတာကူးတတ်လဲသေတတ်တာဘဲ..
တို့စေတနာတွေကို မင်းတို့နားလည်လာတဲ့နေမှာ အနုပညာဖြင့်ကမ္ဘာကြီးကို ငြိမ်းချမ်းစေအံ့ ဆိုတဲ့နေရာမှာ တို့တွေဆုံကြမယ်
အရေမရအဖတ်မရတွေနဲ့ လိုင်းလွဲနေရင် မင်းမြေးတွေက ကျော်တတ်တော့မယ်
ဒါကိုအားလုံးသိအောင်ဖြန့်မှာလား..
မင်းဘယ်လုပ်မှာလဲ..
ဒါပေမဲ့ လူတွေက သိနေကြပါပြီ..
အမြင်ကျယ်တဲ့လောကကြီးကို ဘောင်လာခတ်ရင် လောကကြီးက ဘောင်ပြန်ခတ်ပေးတတ်တယ်
ကိုယ်တွေ့တွေနော်........

Anonymous said...

လုံးဝ မကူးရဘူးလို့  သူတို့ က တစ်ထစ်ချ ပြောထားတာမှ မဟုတ်တာပဲ။ သူတို့  အနုပညာကို လေးစား သောအားဖြင့် မူရင်း ရေးသူ အမည်နဲ့  ဖြစ်နိုင်ရင် လင့်ခ် ပေးကြဖို့  တောင်းဆိုကြတာပါ။ ဒီလောက်ပါပဲ။

ခိုးခံရသူ တစ်ယောက်ရဲ့ ပျောက်ဆုံး ပျက်စီးသွားတဲ့ သူ့ ပစ္စည်း အပေါ် နှမြောတသ ခံစားချက်ကို နားလည်ပေးသင့်ပါတယ်။

သူများ ကလေးကို ဒါ ငါ့သား အရင်းလို့  ဘယ်တော့မှ ပြောလို့ မရပါဘူး။

Htoo Myat said...

ထောက်ခံချင်လွန်းလို့ မနက် ၆ နာရီကတည်းက ကိုယ့်ထမင်းချိုင့်နဲ့ကိုယ် လာတာ...

အဟီး... ကျနော့်စာတွေတော့ ကူးမဲ့သူ မရှိပေမဲ့ ထောက်ခံကြောင်းလေး လာအော်ချင်လို့ပါ။ :D