နှင်းဆီတစ်ပွင့်ရဲ့ နားလည်ခြင်း
နှင်းဆီတစ်ပွင့်ဟာ
ရာသီချိန်ခါ ဂါထာမန္တရားတွေရဲ့
ပယောဂကင်းတဲ့
ဖူးပွင့်ခြင်းတွေကို ပိုင်ဆိုင်တယ်။
နှင်းဆီတစ်ပွင့်ဟာ
ဆူးရိုင်းတွေရဲ့ ဒဿန
ထိန်ဝှက်ထားသင့်တဲ့ ဘာသာဗေဒရဲ့
အသုံးချမှုကို မသိကျိုးကျွံပြုရတယ်။
နှင်းဆီတစ်ပွင့်ဟာ
ပေါင်းမြက်တွေရှင်းတဲ့
အရောင်အဆင်းတွေရဲ့
အကြွင်းမဲ့ ပဲ့တင်သံကိုပဲ တုံ့ပြန်တယ်။
နှင်းဆီတစ်ပွင့်ဟာ
ခူးဆွတ်လိုက်ဖူးတဲ့ လက်ဖျားတို့ရဲ့ နွေးထွေးမှု
အဆုံးသတ်လုချိန် တဒင်္ဂအတွက်
ဝိုးတ၀ါးနိမိတ်ပြ သင်္ကေတကိုဆောင်နေတယ်။
နှင်းဆီတစ်ပွင့်ဟာ
နူးညံ့တဲ့ ပွင့်ချပ်လွှာပေါ်
နံနက်စောစောတင်ခဲ့တဲ့ နှင်းရည်တစ်စက်ကို
တသက်တာမှတ်တမ်းတင်ခဲ့တဲ့ ဒိုင်ယာရီစာမျက်နှာပါ။
နှင်းဆီတစ်ပွင့်ဟာ
အရောင်မမြင်ရတဲ့ ဆေးစက်တွေ
အသံမကြားရတဲ့ ရှိုက်ငိုမှုတွေနဲ့
ရောနှောရေးခြယ်ထားတဲ့ တစ်ခုတည်းသော ပန်းချီတေးသွားပဲ။
နှင်းဆီပွင့်ကပြောတယ်
နှင်းဆီသခင်မလေးရဲ့
စိတ်အပျင်းပြေ တဖဲ့ဖဲ့ခြွေဖို့
အကြွေစောင့်နေသေးတဲ့အချိန်မှာလည်း
ရနံ့တွေ လိုသလို ဆက်သဖို့
မပျက်မကွက် ကျိုးနွံခယ ခဲ့ရုံလောက်ပါပဲ… တဲ့။
ပန်ဒိုရာ
(နားလည်ခြင်းရဲ့ နှင်းဆီတစ်ပွင့်ကို ဖတ်ရန်)
Thursday, July 30, 2009
နှင်းဆီတစ်ပွင့်ရဲ့ နားလည်ခြင်း
Wednesday, July 29, 2009
အဝေးရောက်ပင်လယ်
အဝေးရောက်ပင်လယ် ဆိုတဲ့ ဘလော့ဂ်မှာ ခပ်ရိုးရိုးကဗျာလေးတပုဒ် ရေးဖြစ်ပါတယ်။ ဒီအောက်က လင့်ခ်မှာ သွားဖတ်လို့ရပါတယ်။
http://theexilesea.blogspot.com/2009/07/blog-post_2943.html
Sunday, July 26, 2009
သံလွင်အိပ်မက် မဂ္ဂဇင်း အတွဲ (၃) အမှတ် (၃)
၅ နှစ်မြောက် အထူး သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း အတွဲ (၃) အမှတ် (၃) ထွက်ပါပြီ။ ဖတ်ရှုရန် ဒီကို သွားပါ။
အင်တာဗျုး၊ အထူးကဏ္ဍ နဲ့ ပေးစာများ ကို ဖတ်ဖြစ်အောင် ဖတ်ဖို့ တိုက်တွန်းပါတယ်။
.......................
ပန်ဒိုရာရဲ့ ကဗျာ နဲ့ ၀တ္ထုကို နမူနာ ပေးလိုက်ပါတယ်။
ကစားလုံးများ
အဆုံးအစ ရှာမရတာ ဘ၀ပေါ့
လိမ့်နေတယ်
လည်နေတယ်
အပျော့အမာ အကျစ်အပွကွဲပြားလည်း
မြင့်ရာက နိမ့်ရာကို ဆင်းတယ်
အရှိန်နဲ့ပြုတ်ကျလာတော့/ပစ်ချလိုက်တော့
တစ်ချက်နှစ်ချက် ပြန်ကန်ပြီး ခုန်ထတယ်
ဆက်ဖတ်ရန် ဒီကို နှိပ်ပါ။
........................
မြိုင်တို့အကြောင်း
(၁)
“မြိုင် မြိုင်...။ ဆရာဗန်းမော်တင်အောင်ရဲ့ မြိုင်လား။ ဆရာ ဒဂုန်တာရာရဲ့ မြိုင်လား”
ကိုလေးက ပြောပြီး ရယ်သည်။ မြိုင်ကလည်း သာသာသိမ့်သိမ့် ရယ်သည်။
“ဟင့်အင်း။ မြိုင်က မြိုင်ပဲပေါ့ ဘယ်သူ့မြိုင်မှ မဟုတ်ဘူး”
ခိုင် ကတော့ မျက်မှောင်ချိုးလို့သာ သူတို့ကို ကြည့်နေမိသည်။
“ဒါပေမယ့် အဲဒီ ၀တ္ထုတွေထဲက မြိုင်တွေကတော့…”
မြိုင်က စကားကို မဆက်။ မျက်နှာပြန်တည်လိုက်ပြီး ကိုလေးကို ကြည့်သည်။ ပြီးတော့ ထပ်ရယ်ကြပြန်ပြီ။ အိုး.. ဒါ ရယ်မောစရာလား။ အဲဒါ ဘာတွေ ပြောနေကြတာလဲ။ ခိုင့်ကို ဘေးမှာထားပြီး ခိုင်မသိတဲ့ စကားတွေကို ပြောတတ်ကြတဲ့ သူတို့နှစ်ယောက်ကို တခါတခါ မကျေနပ်သလို ဖြစ်မိတာ ခိုင့်အလွန်လား။
လေညင်းကလေးက ဖြည်းဖြည်း လွင့်နေသည်။ စာအုပ်ထူထူတွေ သင်ခန်းစာပို့ချချက်တွေ အိမ်စာတွေနှင့် ခဏ ကင်းဝေးတဲ့အချိန် ဘွဲ့လွန်ကျောင်းသားကြီး သုံးယောက်ရဲ့ သောကြာညချမ်း အပန်းပြေ စကားဝိုင်းလေးမှာ ဒီတစ်ခါတော့ ခိုင် တိတ်ဆိတ်နေမိတာ အမှန်။ သူတို့ရော သတိထားမိရဲ့လား။ ခိုင့်အတွေးတွေက ညနေဆည်းဆာမှာ လှမ်းမြင်နေရသည့် မှုန်ဝါးဝါး တောတန်းလေးလို ညို့နေသည်။ မလှမ်းမကမ်းက ရေကူးကန်ကလေးကတော့ ပြာလဲ့လို့။ ကိုယ့်အခန်းကို ကိုယ်စီပြန်မ၀င်ကြခင် ရေကူးကန်ကို ဖြတ်ထားတဲ့ တံတားလေးပေါ်မှာ ခဏလောက်တော့ လမ်းလျှောက်ဦးမှပဲ ဟု ခိုင်စိတ်ကူးနေလိုက်သည်။
ကိုလေးက ခိုင့်ဘက်ကို လှည့်လာသည်။ ဒါ ဆိုလျှင် ခိုင်ကရော။
ခိုင်ကရော.. တဲ့။ အခုတော့ ခိုင့်ကို သူတို့ သတိရလာကြပြီပေါ့။
“ခိုင်က တော့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်ပေါ့။ မဟုတ်ဘူးလား”
ပြုံးစစ ကြည့်လာသော ကိုလေးမျက်လုံး တောက်တောက်တွေထဲမှာ ခိုင့်အတွက် အရိပ် ဖျော့ဖျော့ တခုခု စွန်းထင်းမနေနိုင်ဘူးလားဟင်။ ခိုင်က လိုက်ရှာနေမိပြန်သည်။ ဟင့်အင်း။ မဟုတ်ဘူး။ ဘာလို့ သူငယ်ချင်းလို့ပဲ ဆက်ခေါ်ရမှာလဲ။ ခိုင်မကြိုက်ပါဘူး။
“နေပါဦး ကိုလေးရဲ့။ သီချင်းတစ်ပုဒ် ရှိတယ်။ ခိုင်တို့ငယ်ငယ်တုန်းက ကြားဖူးတာလေ။ ဘာတဲ့.. ရင်ထဲတိုးဝှေ့နေမယ် ခိုင်ဆိုလား”
“အော်.. ရင်သို့တိုးဝှေ့ဆဲပါ ခိုင်..။ အဲဒါ အက်စ်ကဲနက် ဆိုခဲ့တဲ့ သီချင်းလေ။ အမယ်.. ခိုင်က တယ်ဟုတ်ပါလား။ မြန်မာပြည်က သီချင်းတွေလည်း မှတ်မိသားပဲ”
ကိုလေးအသံချိုချိုမှာ နှစ်သိမ့်သံဆန်ဆန် ပါနေတာကို ခိုင် ဘ၀င်မကျချင်။ ဒီသုံးယောက်ထဲမှာ ခိုင် အငယ်ဆုံးဆိုပေမယ့် ခိုင်က ကလေးလေး မဟုတ်ပါဘူး။ ပြီးတော့ ငယ်ငယ်ကတည်းက မြန်မာပြည်က ခွာပြီး အနောက်နိုင်ငံတွေမှာ ကြီးပြင်းခဲ့ရတယ် ဆိုပေမယ့် တကယ်တော့ ခိုင်က မြန်မာမလေးပဲ။
ခိုင့်ရှေ့မှာ ချထားသော သောက်လက်စ လိမ္မော်ရည်ဖန်ခွက် ပိန်ရှည်ရှည်လေးပေါ်မှာ လိပ်ပြာတစ်ကောင် အတောင်တဖြတ်ဖြတ်ခါကာ လာနားသည်။ ခြံရှေ့မှာ စိုက်ထားတဲ့ ပန်းခင်းဆီက ပျံဝဲလာတာ ဖြစ်ကောင်းဖြစ်မည်။ ချစ်စရာလေး။ လှတယ်နော်။ မြိုင်ကရေရွတ်သည်။ ခိုင် ခပ်ငေးငေးသာ ကြည့်နေလိုက်သည်။ ခဏကြာတော့ လိပ်ပြာလေးက ကိုလေးဘက်ကို ပျံသွားသည်။ ကိုလေးပခုံးနားမှာ တ၀ဲလည်လည်။ လက်နှင့်ဝှေ့ရမ်းလိုက်ရင်း ကိုလေးက ဟက်ခနဲ ရယ်ပြန်သည်။ ကိုလေး ဒီနေ့ သိပ်ပျော်နေတယ်ထင်ရဲ့။ ခံစားချက်အမှန်တွေကို မျက်နှာပေါ်မှာ အလွယ်တကူ ဖမ်းမရတတ်တဲ့ ကိုလေးဟာ ပြောရခက်လှပါသည်။ အဲသည် လိပ်ပြာလေးလိုပေါ့။ ဘယ်နေရာမှာ နားမှာလဲ။
ဆက်ဖတ်ရန် ဒီကို နှိပ်ပါ။
Saturday, July 25, 2009
ကောင်မလေးပုံ
ဘာရယ်မဟုတ်ပါဘူး။ ကွန်ပြူတာထဲမှာ လူပုံလေး ဆွဲကြည့်တာပါ။ ဘယ်သူ့ပုံတူမှလည်း မဟုတ်ပါဘူး။ ဒီလိုပဲ လျှောက်ဆွဲလေ့ရှိပါတယ်။
ပထမပုံက paint ထဲမှာ pencil tool ကိုသုံးပြီးဆွဲတာ။ မောက်စ်နဲ့ မဟုတ်ဘူး။ မောက်စ်တပ်ရမှာ တိုးလို့တန်းလန်းမို့ ရှုပ်လို့ မသုံးတာကြာပြီ။ touchpad မှာ လက်ညိုးလေး ထောက်ပြီးတော့ပဲ ဆွဲပါတယ်။
ဒုတိယပုံကတော့ အဲဒီပုံကို photoshop ထဲထည့်ပြီး filter > artistic အောက်က poster edges ဆိုတဲ့ effect ထည့်လိုက်တာပါ။
စာတွေ မတင်သေးခင်စပ်ကြား ပုံလေးတွေ ကြည့်ထားကြပါ။ ;)
(ဒီအောက်က ပုံလေးတွေကတော့ ပန်ဒိုရာဆွဲထားတာ စောင်းနေတဲ့အတွက် ကိုအောင်သာငယ်က ပြန်တည်းဖြတ် ပေးထားတာပါ။ ပိုလှသွားပြီ။ ကျေးဇူးပါ အလှဖန်တီးရှင် ကိုအောင်သာငယ်။း))
ပန်ဒိုရာ
Wednesday, July 22, 2009
သံလွင်နဲ့အတူ ပြန်လည် စီးဆင်းလာမယ်
အဟမ်း.. အဟမ်း.. ။
အနားယူတာ နည်းနည်းများသွားပါတယ်။ လာလည်ထားသူတွေ၊ ဆီပုံးထဲ ရေးသွားသူတွေ၊ အီးမေးလ်ပို့၊ message ပို့၊ ဖုန်းဆက် သတင်းမေးကြသူတွေ၊ တယောက်ယောက်ကနေ တဆင့် သတင်းမေးထားသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။
ပို့သတဲ့ မေတ္တာများကြောင့် အခုတော့ ကိစ္စအားလုံးလိုလို အဆင်ပြေလာပါပြီ။ မျက်စေ့နောက်ဖို့ ပြင်ထားကြပါ။
အခုလာမယ့် စနေ တနင်္ဂနွေမှာ ထွက်မယ့် သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း http://www.thanlwin.com/ နဲ့အတူ ပန်ဒိုရာရေးတဲ့ စာတွေကို ပြန်မြင်ကြရတော့မှာပါ။
သံလွင်အိပ်မက် ဆိုတဲ့ အင်တာနက် မဂ္ဂဇင်းလေးကို လူငယ်တစုက ဖန်တီးခဲ့ကြတာ အခုဆို ၅ နှစ်ပြည့်ပါပြီ။ အင်တာနက်လောကမှာ ၅ နှစ်ဆိုတဲ့ ကာလအထိ ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်တယ် ဆိုတာ အတော်ချီးကျုးစရာ ကောင်းပါတယ်။
သံလွင်အိပ်မက်ရဲ့ ၅ နှစ်ပြည့် အထူးထုတ် အနေနဲ့ ထွက်လာမယ့် မဂ္ဂဇင်းရဲ့ Theme ကတော့ “ဆင်းရဲမွဲတေမှု” ဖြစ်ပါတယ်။
- ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ ပြည်တွင်း ပြည်ပ အလွှာအသီးသီးက လူတွေကို မေးမြန်းထားတဲ့ အင်တာဗျုးတွေ
- အယ်ဒီတာတွေ ရေးထားတဲ့ သံလွင်အိပ်မက် ဖြတ်သန်းမှု အတွေ့အကြုံ တွေ
- ပင်တိုင်စာရေးသူတွေရဲ့ အမှတ်တရစကားတွေ (လက်ရေးမူဖြင့်)
- ကဗျာ ၁၁ ပုဒ်
- ၀တ္ထုတို ၁၃ ပုဒ်
- ဆောင်းပါး ၁၂ ပုဒ်
- ပေးစာ ၃ စောင်
- အက်ဆေးလည်း ၇ ပုဒ် ၈ ပုဒ်လောက်နဲ့
- အခြားတင်ဆက်နေကျ ကဏ္ဍတွေ ပါဝင်ပါမယ်။
သံလွင်အယ်ဒီတာ တဦးဖြစ်တဲ့ နေဘုန်းလတ်ရဲ့ ၀တ္ထုတိုတစ်ပုဒ်ကို ပြန်လည်ဖော်ပြထားပါတယ်။ ဆောင်းပါးတွေထဲမှာတော့ ဒီတခေါက်ရဲ့ Theme ဖြစ်တဲ့ ဆင်းရဲမွဲတေမှု အကြောင်း ရေးထားတာက ၄ ပုဒ်လောက်ဖြစ်မယ်။ အခုခေတ်စားနေတဲ့ H1N1 အကြောင်း သိကောင်းစရာတွေလည်း ပါဝင်မယ်။ ရုံပြည့်ရုံလျှံ အားပေးထားကြတဲ့ ဆရာယောဟန်အောင်ရဲ့ ဟားဗတ်ဒိုင်ယာရီ အပိုင်း(၂) ကိုလည်း ရှုစားကြရမှာ ဖြစ်ပါကြောင်း။
ပန်ဒိုရာကတော့ ကဗျာသရုပ်ဖော်ပုံတချို့ ဟိုခြစ်ဒီခြစ် ကူညီ ရေးဆွဲပေးထားပါတယ်။ ထွက်ရင် ရှာကြည့်ပါ။ ကဗျာတစ်ပုဒ်နဲ့ နည်းနည်းရှည်တဲ့ ၀တ္ထုတိုတစ်ပုဒ်ကိုလည်း ပို့ထားခဲ့ပါတယ်။
လာမယ့် စနေ တနင်္ဂနွေမှာ မဂ္ဂဇင်း ထွက်တာနဲ့ အကြောင်းကြားပေးပါမယ်။
မျှော် ဟော် ဟော်..။