Sunday, July 26, 2009

သံလွင်အိပ်မက် မဂ္ဂဇင်း အတွဲ (၃) အမှတ် (၃)



၅ နှစ်မြောက် အထူး သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း အတွဲ (၃) အမှတ် (၃) ထွက်ပါပြီ။ ဖတ်ရှုရန် ဒီကို သွားပါ။

အင်တာဗျုး၊ အထူးကဏ္ဍ နဲ့ ပေးစာများ ကို ဖတ်ဖြစ်အောင် ဖတ်ဖို့ တိုက်တွန်းပါတယ်။

.......................

ပန်ဒိုရာရဲ့ ကဗျာ နဲ့ ၀တ္ထုကို နမူနာ ပေးလိုက်ပါတယ်။

ကစားလုံးများ

အဆုံးအစ ရှာမရတာ ဘ၀ပေါ့
လိမ့်နေတယ်
လည်နေတယ်
အပျော့အမာ အကျစ်အပွကွဲပြားလည်း
မြင့်ရာက နိမ့်ရာကို ဆင်းတယ်
အရှိန်နဲ့ပြုတ်ကျလာတော့/ပစ်ချလိုက်တော့
တစ်ချက်နှစ်ချက် ပြန်ကန်ပြီး ခုန်ထတယ်

ဆက်ဖတ်ရန် ဒီကို နှိပ်ပါ။

........................


မြိုင်တို့အကြောင်း

(၁)

“မြိုင် မြိုင်...။ ဆရာဗန်းမော်တင်အောင်ရဲ့ မြိုင်လား။ ဆရာ ဒဂုန်တာရာရဲ့ မြိုင်လား”

ကိုလေးက ပြောပြီး ရယ်သည်။ မြိုင်ကလည်း သာသာသိမ့်သိမ့် ရယ်သည်။

“ဟင့်အင်း။ မြိုင်က မြိုင်ပဲပေါ့ ဘယ်သူ့မြိုင်မှ မဟုတ်ဘူး”

ခိုင် ကတော့ မျက်မှောင်ချိုးလို့သာ သူတို့ကို ကြည့်နေမိသည်။

“ဒါပေမယ့် အဲဒီ ၀တ္ထုတွေထဲက မြိုင်တွေကတော့…”

မြိုင်က စကားကို မဆက်။ မျက်နှာပြန်တည်လိုက်ပြီး ကိုလေးကို ကြည့်သည်။ ပြီးတော့ ထပ်ရယ်ကြပြန်ပြီ။ အိုး.. ဒါ ရယ်မောစရာလား။ အဲဒါ ဘာတွေ ပြောနေကြတာလဲ။ ခိုင့်ကို ဘေးမှာထားပြီး ခိုင်မသိတဲ့ စကားတွေကို ပြောတတ်ကြတဲ့ သူတို့နှစ်ယောက်ကို တခါတခါ မကျေနပ်သလို ဖြစ်မိတာ ခိုင့်အလွန်လား။

လေညင်းကလေးက ဖြည်းဖြည်း လွင့်နေသည်။ စာအုပ်ထူထူတွေ သင်ခန်းစာပို့ချချက်တွေ အိမ်စာတွေနှင့် ခဏ ကင်းဝေးတဲ့အချိန် ဘွဲ့လွန်ကျောင်းသားကြီး သုံးယောက်ရဲ့ သောကြာညချမ်း အပန်းပြေ စကားဝိုင်းလေးမှာ ဒီတစ်ခါတော့ ခိုင် တိတ်ဆိတ်နေမိတာ အမှန်။ သူတို့ရော သတိထားမိရဲ့လား။ ခိုင့်အတွေးတွေက ညနေဆည်းဆာမှာ လှမ်းမြင်နေရသည့် မှုန်ဝါးဝါး တောတန်းလေးလို ညို့နေသည်။ မလှမ်းမကမ်းက ရေကူးကန်ကလေးကတော့ ပြာလဲ့လို့။ ကိုယ့်အခန်းကို ကိုယ်စီပြန်မ၀င်ကြခင် ရေကူးကန်ကို ဖြတ်ထားတဲ့ တံတားလေးပေါ်မှာ ခဏလောက်တော့ လမ်းလျှောက်ဦးမှပဲ ဟု ခိုင်စိတ်ကူးနေလိုက်သည်။

ကိုလေးက ခိုင့်ဘက်ကို လှည့်လာသည်။ ဒါ ဆိုလျှင် ခိုင်ကရော။

ခိုင်ကရော.. တဲ့။ အခုတော့ ခိုင့်ကို သူတို့ သတိရလာကြပြီပေါ့။

“ခိုင်က တော့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်ပေါ့။ မဟုတ်ဘူးလား”

ပြုံးစစ ကြည့်လာသော ကိုလေးမျက်လုံး တောက်တောက်တွေထဲမှာ ခိုင့်အတွက် အရိပ် ဖျော့ဖျော့ တခုခု စွန်းထင်းမနေနိုင်ဘူးလားဟင်။ ခိုင်က လိုက်ရှာနေမိပြန်သည်။ ဟင့်အင်း။ မဟုတ်ဘူး။ ဘာလို့ သူငယ်ချင်းလို့ပဲ ဆက်ခေါ်ရမှာလဲ။ ခိုင်မကြိုက်ပါဘူး။

“နေပါဦး ကိုလေးရဲ့။ သီချင်းတစ်ပုဒ် ရှိတယ်။ ခိုင်တို့ငယ်ငယ်တုန်းက ကြားဖူးတာလေ။ ဘာတဲ့.. ရင်ထဲတိုးဝှေ့နေမယ် ခိုင်ဆိုလား”

“အော်.. ရင်သို့တိုးဝှေ့ဆဲပါ ခိုင်..။ အဲဒါ အက်စ်ကဲနက် ဆိုခဲ့တဲ့ သီချင်းလေ။ အမယ်.. ခိုင်က တယ်ဟုတ်ပါလား။ မြန်မာပြည်က သီချင်းတွေလည်း မှတ်မိသားပဲ”

ကိုလေးအသံချိုချိုမှာ နှစ်သိမ့်သံဆန်ဆန် ပါနေတာကို ခိုင် ဘ၀င်မကျချင်။ ဒီသုံးယောက်ထဲမှာ ခိုင် အငယ်ဆုံးဆိုပေမယ့် ခိုင်က ကလေးလေး မဟုတ်ပါဘူး။ ပြီးတော့ ငယ်ငယ်ကတည်းက မြန်မာပြည်က ခွာပြီး အနောက်နိုင်ငံတွေမှာ ကြီးပြင်းခဲ့ရတယ် ဆိုပေမယ့် တကယ်တော့ ခိုင်က မြန်မာမလေးပဲ။

ခိုင့်ရှေ့မှာ ချထားသော သောက်လက်စ လိမ္မော်ရည်ဖန်ခွက် ပိန်ရှည်ရှည်လေးပေါ်မှာ လိပ်ပြာတစ်ကောင် အတောင်တဖြတ်ဖြတ်ခါကာ လာနားသည်။ ခြံရှေ့မှာ စိုက်ထားတဲ့ ပန်းခင်းဆီက ပျံဝဲလာတာ ဖြစ်ကောင်းဖြစ်မည်။ ချစ်စရာလေး။ လှတယ်နော်။ မြိုင်ကရေရွတ်သည်။ ခိုင် ခပ်ငေးငေးသာ ကြည့်နေလိုက်သည်။ ခဏကြာတော့ လိပ်ပြာလေးက ကိုလေးဘက်ကို ပျံသွားသည်။ ကိုလေးပခုံးနားမှာ တ၀ဲလည်လည်။ လက်နှင့်ဝှေ့ရမ်းလိုက်ရင်း ကိုလေးက ဟက်ခနဲ ရယ်ပြန်သည်။ ကိုလေး ဒီနေ့ သိပ်ပျော်နေတယ်ထင်ရဲ့။ ခံစားချက်အမှန်တွေကို မျက်နှာပေါ်မှာ အလွယ်တကူ ဖမ်းမရတတ်တဲ့ ကိုလေးဟာ ပြောရခက်လှပါသည်။ အဲသည် လိပ်ပြာလေးလိုပေါ့။ ဘယ်နေရာမှာ နားမှာလဲ။

ဆက်ဖတ်ရန် ဒီကို နှိပ်ပါ။

19 comments:

ပုံရိပ် / Pon Yate said...

မပန် နိမိတ်ပုံတွေ သုံးတာထိရောက်တယ်။ ကဗျာဆရာမ ဖြစ်လို့ ထင်တယ်။

မေဓာဝီ said...

ပန်ပန့်လက်ရာ လွမ်းနေတာ ... မြိုင်တို့အကြောင်း တ၀ကြီး ဖတ်ပြီး အလွမ်းပြေသွားတယ်။

ခိုင့်အတွေးကို ရေးထားပေမဲ့ ခေါင်းစဉ်ကို မြိုင်တို့အကြောင်း လို့ တပ်ထားတာလဲ ပန်ပန့်ရဲ့ technique တခုပဲလား ... စဉ်းစားနေမိတယ်။

ကစားလုံးများကိုတော့ နောက်မှ အေးဆေးဖတ်ရမယ်။ အခုအိပ်ရတော့မှာမို့။

နှင်းနဲ့မာယာ said...

မမရေ
အတိုးချပြီး ဖတ်ရတော့မယ်...
အမြည်းလေးတွေ့ရုံနဲ့တင် ခိုင် မြိုင် တို့အကြောင်းကို ဖတ်ချင်နေပီ....

rose of sharon said...

တကယ်ကောင်းတဲ့ဝတ္ထုလေးပါ... ကောင်လေးကောင်မလေးသူငယ်ချင်းတွေကြားမှာ... ဖြစ်တတ်တာလေးတွေကို လှလှပပ ဖော်ကျူးထားတာကို သဘောတကျဖတ်သွားပါတယ်...

ကိုပေါ said...

ကဗျာရော ၀တ္ထုပါ လာဖတ်သွားပါတယ်။

ကဗျာဖတ်ရင်း လှိမ့်ချပေးခဲ့ပါတယ် ဆိုတဲ့နေရာအရောက်မှာ အမျိုးသမီးတွေကို အသက်အရွယ်အပိုင်းအခြားအလိုက် ဘောလုံး၊ ဘတ်စကက်ဘော၊ ဂေါက်သီး၊ တင်းနစ်ဘောလုံး တို့နဲ့ နှိုင်းယှဉ်ထားတဲ့ ဟာသကို ပြေးသတိရမိလို့ ပြုံးရသေးတယ်။း-)

minn thuka said...

ဆရာမရေ...ဖြစ်လာတဲ့ရင်ဘတ်ထဲကအရိပ်တွေ ပုံဆောင်ခဲအဖြစ် စကားလုံးတွေနဲ့ ဝေမျှချင်ပါတယ်၊
ခက်တာက ကျနော်စိတ်လိုလက်ရ ရေးမယ်ပြင်တိုင်း....တစ်ခါက မော်ဒန်ကဗျာတစ်ပုဒ်ကို မော်ဒန်လို
တွေးပြီးမျှဝေမိလို့ အသားလွတ်ရန်လိုခံလိုက်ရတော့ ဒီရသဇတ်လမ်းလေးကိုလဲ ရသလိုခံစားရမှာ မဝံ့မရဲဖြစ်နေတယ်၊ အချိန်ပေးပြီးဖတ်ရတဲ့ မျက်လုံးတွေအတွက် အနှောက်အယှက်မဖြစ်စေချင်လို့ ဒီမျက်နှာပြင်တွေပေါ်မှာ အခြေအတင်မရေးတော့တာပါ၊ တစ်ဖက်လူလဲ စိတ်ချမ်းသာတာပေါ့၊
"အသံမဲ့တေးတစ်ပုဒ်" ကို မြိုင် နဲ့ ခိုင် က ဖေါက်ထွက်ပြီး ကျနော်ဆီရောက်မလာကျဘူး။
လေးစားစွာဖြင့်...။

သန့်စင် said...

မပန်......
အားပေးသွားပါတယ် ခင်ဗျာ...

kay said...

ကစားလုံးများ ကတော့..ကိုပေါ ပြောသလို..အဲဒီ ဟာသလေးပဲ မြင်ယောင်မိသွားတယ်။း)

ဝတ္တု ဇတ်ကောင်တွေကိုတော့.. မြင်ရ..သိရ ခံစားနေရပါတယ်။ စရိုက်တခုချင်း သရုပ်ဖော်ထားပေမဲ့.. မြိုင် နဲ့ ခိုင်ကတော့.. သူတို့ ကိုယ်ပိုင် စရိုက်တွေ အတိုင်း ဖြစ်မလာဘူးပေါ့လေ။
ဘယ်လိုပဲ ဖြစ်ဖြစ်..ပန်ဒိုရာ ရဲ့ ဟန်..သဘာဝ ကျကျ ခံစားလို့ကောင်းတဲ့ ၀တ္တုလေးတပုဒ်ပါ။
( တခုပဲ.. ဇတ်လိုက်ကောင်မလေးတွေက..အမြဲ..ဆံပင်ပျော့ပျော့ခွေခွေ လေးတွေ ဖြစ်နေတာတော့..တယ် မသင်္ကာ ချင်ဘူး..)း)))

အိန္ဒြာ said...

ကဗျာရောဝတ္ထုရော..သေသေချာချာဖတ်သွားပါတယ်..။

ကဗျာကတော့ ပန်ဒိုရာ့ဟန်ကနည်းနည်းလေးခွဲထွက်လိုက်တဲ့
အသံလှုပ်လှုပ်ကလေးနဲ့ဆိုတော့ တစ်မျိုးဆန်းသစ်လှပလို့..
အတွေးနဲ့ပေးထားတဲ့ နမိတ်ပုံကတော့ ပြောစရာမလို...။ကောင်းပြီးသား..။

ဝတ္ထု..
သိပ်လှပါတယ်..
ဒိလိုပဲ...မျှော်လင့်ချက်နဲ့ ဆက်လက်ရှင်သန်နေကြတာလေ..
အချစ်ဆိုတာ ကလဲ...တိုက်ဆိုင်ခြင်းတစ်မျိုးလို့ပြောလို့ရသေးတာရော...

ရေးထားတာ သိပ်လှတယ်..
ထပ်ပြောဦးမယ်...နော်
ရေးထားတာ သိပ်လှပါတယ် ပန်ပန်ရေ..

ကြည်ဖြူပိုင် said...

ကောင်းလိုက်တဲ့ ၀တ္ထုလေး။ ကြိုက်လိုက်တာ အရမ်းပဲ။ ခိုင့်အဖြစ်လေး သာယာလှပပြီး သူချစ်တဲ့လူ နောက်တစ်ယောက်ပေါ်လာစေချင်လိုက်တာ. သူ့ဘေးမှာထိုင်ဖို့ ခွင့်လာတောင်းတဲ့ လူရွယ်သာ ခိုင့်ဖူးစာဖက်လေးဖြစ်လိုက်ရင်ဘယ်လောက်ကောင်းမလဲနော်။ ကိုလေးကို တမ်းတစိတ်နဲ့ ခံစားနေရရှာမယ့် ခိုင့်ခံစားချက်လေး သက်သာလိုသက်သာငြားပေါ့။ ကဗျာလေးရော။ဝတ္ထုလေးရော အရမ်းကို ကြိုက်သွားပါတယ်

ကိုအောင် said...

ဖတ်ကြည့်ပြီးသွာပြီ ကောင်းပါတယ်၊ အားပေးလျက်။

ရနံ့မပြယ်မယ့်အဆုံးမဲ့ကမ္ဘာ said...

မမပန်ဒိုရာ

ဂျူးနဲ့အရေးသားတွေတောင်ဆင်နေသလိုပဲနော်....
ဝတ္ထုတိုလေးက အတော်လေးရသမြောက်ပါတယ်....
စာရေးသူရဲ့ကျွမ်းကျင်မှုကို ပြထားသလိုပါပဲ အတော်လေးလှပါတယ်.......
ကဗျာလေးကိုလည်း အတွေးလှလှလေးနဲ့ ဖန်ဆင်းထားတာ မို့ ဖတ်ပြီး အတော်လေးကြည်နူးမိတယ်..
အားပေးလျက်ပါနော်....

ဆောင်းယွန်းလ said...

အဆုံးအစ ရှာမရတာ ဘ၀ပေါ့
လိမ့်နေတယ်
လည်နေတယ်
အပျော့အမာ အကျစ်အပွကွဲပြားလည်း
မြင့်ရာက နိမ့်ရာကို ဆင်းတယ်
အရှိန်နဲ့ပြုတ်ကျလာတော့/ပစ်ချလိုက်တော့
တစ်ချက်နှစ်ချက် ပြန်ကန်ပြီး ခုန်ထတယ်

ကောင်းပါ့ဗျာ...
အစလေးဖတ်မိရုံနဲ့တောင်ကြိုက်မိနေပြီ

MANORHARY said...

ကဗျာရော ဝတ္ထုရောသေချာဖတ်ပြီးသွားပြီ
သေချာလည်းစဉ်းစားနေဆဲ...

ရွှေပြည်သူ (ShwePyiThu) said...

သံလွင်အိပ်မက်မှာ အပြေးသွားဖတ်လိုက်တယ် အစ်မ။ “ကိုလေး” ရဲ့ မင်္ဂလာပွဲမှာ ခိုင်နဲ့မြိုင်တော့ မသိဘူး... ဖတ်ရတဲ့သူမှာ ရင်တွေနာလို့...။ အရမ်းကောင်းတာပဲလို့ အထူးမပြောတော့ပါဘူးး)

မယ့်ကိုး said...

မရေ...စာလေးအရမ်းလှတယ်။ တော်တော်နဲ့  မေ့ရမှာတောင် မဟုတ်တော့ဘူး။

sonata-cantata said...

ပန်ပန်ရေးတဲ့ "မြိုင်တို့ အကြောင်း" ကတော့ ပိုင်ပါပေသရှင်...
ကိုလေးဆိုတဲ့လူကြီးက
...ပင်လယ်က မာယာများတယ်...တဲ့
သူလည်း မလိမ့်တပတ်လုပ်တာပဲ
...ဘာပဲဖြစ်ဖြစ် လရောင်အောက်မှာ အားလုံးလှသည်။ ...

"ကစားလုံးများ"ကတော့ ပြောမနေနဲ့ ကန်ထုတ်လိုက်၊ တော့ယူလိုက်နဲ့ ကိုယ်နဲ့ လုံးချာလည်လိုက်နေတဲ့ ဟာတွေပေါ့...

pandora said...

ပုံရိပ်ရေ .. မြင်အောင်ကြည့်သွားတာ ကျေးဇူးတင်ပါတယ်နော်
မမေ.. ဟုတ်ပါတယ်.. ခေါင်းစဉ်က တမင်ပေးခဲ့တာပါ။
နှင်းနဲ့မာယာ
rose of Sharon
ကိုပေါ
ကိုသန့်စင်
အားပေးသွားတာ ကျေးဇူးပါနော်

ကိုမင်းသုခရေ.. လွတ်လပ်စွာ သုံးသပ်သွားလို့ ရပါတယ်။ အသံမဲ့တေးတစ်ပုဒ်ကို နှစ်သက်တဲ့အတွက်လည်း ၀မ်းသာပါတယ်။

မကေ… မကေ မြင် သိ ခံစားသွားတာတွေက ပြောချင်တာထဲက တချို့နဲ့ ကိုက်ညီနေပါတယ်။ .. တိုက်ဆိုင်မှုတွေကိုတော့ တိုက်ဆိုင်မှုလို သဘောထားနော့..။

မအိန္ဒြာ ဖတ်သွားတာလည်း သိပ်လှပါတယ်..လို့

ကြည်ဖြူပိုင်. ကိုအောင်.. ညနေဥာဏ်.. ကိုဆောင်း.. အတူခံစားသွားလို့ ၀မ်းသာပါတယ်။

မနော်..စဉ်းစားလို့ပြီးပြီလား။

ရွှေပြည်သူ
မယ်ကိုး
မသီတာ..
အသေအချာဖတ်သွားလို့ ကျေးဇူးတင်ပါတယ်။

သက်ဝေ said...

ဝတ္ထုလေးက ချစ်စရာ ချိုချိုလေး...။
ကိုယ်ကတော့ ခိုင်နဲ့ မြိုင်တို့ရဲ့ အကြောင်းနဲ့ သူတို့ရဲ့ စိတ်အတွေးတွေထက် ကိုလေး ကိုပဲ ပိုပြီး ထူးထူးခြားခြား စိတ်ဝင်စားနေခဲ့တယ်...။
ဒါပေမယ့် လူတွေရဲ့ စိတ်ထဲက အတွေးတွေရယ် သူတို့ရဲ့ မျက်နှာပေါ်က အရိပ်အကဲတွေရယ်၊ သူတို့ရဲ့ စကားလုံးတွေရယ်ကို ချတွက်စရာ Formula မှ မရှိတာလေ.. နော်...။ ဒီလိုနဲ့ မှန်းဆလို့ မရတဲ့ အရာတွေကို ကြိုးစား မှန်းဆရင်း အချိန်တွေ ကုန်နေခဲ့တာ ကြာလှပေါ့...