Thursday, July 30, 2009

နှင်းဆီတစ်ပွင့်ရဲ့ နားလည်ခြင်း



နှင်းဆီတစ်ပွင့်ရဲ့ နားလည်ခြင်း

နှင်းဆီတစ်ပွင့်ဟာ
ရာသီချိန်ခါ ဂါထာမန္တရားတွေရဲ့
ပယောဂကင်းတဲ့
ဖူးပွင့်ခြင်းတွေကို ပိုင်ဆိုင်တယ်။

နှင်းဆီတစ်ပွင့်ဟာ
ဆူးရိုင်းတွေရဲ့ ဒဿန
ထိန်ဝှက်ထားသင့်တဲ့ ဘာသာဗေဒရဲ့
အသုံးချမှုကို မသိကျိုးကျွံပြုရတယ်။

နှင်းဆီတစ်ပွင့်ဟာ
ပေါင်းမြက်တွေရှင်းတဲ့
အရောင်အဆင်းတွေရဲ့
အကြွင်းမဲ့ ပဲ့တင်သံကိုပဲ တုံ့ပြန်တယ်။

နှင်းဆီတစ်ပွင့်ဟာ
ခူးဆွတ်လိုက်ဖူးတဲ့ လက်ဖျားတို့ရဲ့ နွေးထွေးမှု
အဆုံးသတ်လုချိန် တဒင်္ဂအတွက်
ဝိုးတ၀ါးနိမိတ်ပြ သင်္ကေတကိုဆောင်နေတယ်။

နှင်းဆီတစ်ပွင့်ဟာ
နူးညံ့တဲ့ ပွင့်ချပ်လွှာပေါ်
နံနက်စောစောတင်ခဲ့တဲ့ နှင်းရည်တစ်စက်ကို
တသက်တာမှတ်တမ်းတင်ခဲ့တဲ့ ဒိုင်ယာရီစာမျက်နှာပါ။

နှင်းဆီတစ်ပွင့်ဟာ
အရောင်မမြင်ရတဲ့ ဆေးစက်တွေ
အသံမကြားရတဲ့ ရှိုက်ငိုမှုတွေနဲ့
ရောနှောရေးခြယ်ထားတဲ့ တစ်ခုတည်းသော ပန်းချီတေးသွားပဲ။

နှင်းဆီပွင့်ကပြောတယ်
နှင်းဆီသခင်မလေးရဲ့
စိတ်အပျင်းပြေ တဖဲ့ဖဲ့ခြွေဖို့
အကြွေစောင့်နေသေးတဲ့အချိန်မှာလည်း
ရနံ့တွေ လိုသလို ဆက်သဖို့
မပျက်မကွက် ကျိုးနွံခယ ခဲ့ရုံလောက်ပါပဲ… တဲ့။


ပန်ဒိုရာ

(နားလည်ခြင်းရဲ့ နှင်းဆီတစ်ပွင့်ကို ဖတ်ရန်)



13 comments:

MANORHARY said...

နှင်းဆီတစ်ပွင့်ရဲ့နားလည်ခြင်းမှာ
အိပ်မက်စိမ်းစိမ်းတွေလည်းပါတယ်
လေနီကြမ်းတွေလည်းပါနိုင်တယ်
ယုတ်စွအဆုံး အပင်ဖျက်ပိုးတွေလည်းပါနေနိုင်တယ်
တစ်ခါတစ်ခါ
နားလည်ပစ်လိုက်ရတာ
နာကျင်မှုတွေကို မျိုသိပ်လိုက်ရတာနဲ့
ခပ်ဆင်ဆင်တူတတ်ပါတယ်။

Anonymous said...

နှင်းဆီတစ်ပွင့်နောက်မှာ လိုက်တွေးနေမိပြန်ရော

ဒီလိုစာတွေ မဖတ်ရတာကြာခဲ့ပြီကောလေ

နှင်းနဲ့မာယာ said...

နှင်းဆီ တပွင့်နဲ့
သူ့ရဲ့နောက်ကွယ်က
လျှို့ဝှက်ချက်တွေကို
ပုံဖော်ပြီး ခံစားသွားပါတယ်..

ပျော်ရွှင်ပါစေ မမရေ

နှင်း

မေဓာဝီ said...

မှော်အောင်တဲ့ ကဗျာကဝေမလေး လို့ပဲ တင်စားလိုက်ချင်ပါဘိ ပန်ပန်ရေ...။
ကဗျာ နှစ်ပုဒ်လုံးကို ဖတ်ပြီး ခံစားသွားပါတယ်။ တွေးတတ်ရေးတတ်လိုက်တာလို့လဲ ချီးကျူးမိပါတယ်။

ဒီကမ္ဘာပေါ်မှာ နှင်းဆီတွေပွင့်နေသမျှ ...
နားလည်ခြင်းတွေဟာ နှင်းဆီတွေလို ဖူးပွင့်ပြီး ...
နှင်းဆီပွင့်တွေကိုလဲ နားလည်ပေးနေမိဦးမယ် ... ။

အိန္ဒြာ said...

နှင်းဆီဟာ...

သူ့ဆူးနဲ့သူ..မန်တင်းထားရတာ...

ပွင့်ဖတ်တွေ တစ်စစီကြွေကျမသွားချိန်အထိပေါ့..

နှင်းဆီနံ့ ပျပျတောင်ရ လိုက် သ လို လို..

(နှင်းဆီတစ်ပွင့်ဟာ
နူးညံ့တဲ့ ပွင့်ချပ်လွှာပေါ်
နံနက်စောစောတင်ခဲ့တဲ့ နှင်းရည်တစ်စက်ကို
တသက်တာမှတ်တမ်းတင်ခဲ့တဲ့ ဒိုင်ယာရီစာမျက်နှာပါ။)

သိပ်လှတယ်

ThuHninSee said...

ဒီဘက်က နှင်းဆီကတော့ ပေါတောတောနဲ့
အသုံးမကျတဲ့နှင်းဆီ။
း(

P.Ti said...

နားလည်ခြင်းတွေကို နားလည်အောင်ကြိုးစားဖတ်ပါတယ်
ဒါပေမယ့် သိပ်နားမလည်သေးဘူး။
နားလည်အောင်ထပ်ကြိုးစားလိုက်ဦးမယ်နော်။

အဲဒါကိုတော့ နားလည်ပေးပါ... :D

Angel Shaper said...

နှင်းဆီတစ်ပွင့်ရဲ့ နားလည်ခြင်းကို နားလည်ဖို့ လာကြိုးစားသွားတယ်။ ပျော်ရွှင်ပါစေနော်။

ဆောင်းယွန်းလ said...

နှင်းဆီတစ်ပွင့်ဟာ
ရာသီချိန်ခါ ဂါထာမန္တရားတွေရဲ့
ပယောဂကင်းတဲ့
ဖူးပွင့်ခြင်းတွေကို ပိုင်ဆိုင်တယ်။

နှင်းဆီတစ်ပွင့်ဟာ
ဆူးရိုင်းတွေရဲ့ ဒဿန
ထိန်ဝှက်ထားသင့်တဲ့ ဘာသာဗေဒရဲ့
အသုံးချမှုကို မသိကျိုးကျွံပြုရတယ်။

သေချာတာပေါ့မပန်ရေ...ပယောဂကင်းကင်းနဲ့ပွင့်တဲ့ ပန်းမှ လန်းနိုင်တယ်မဟုတ်လား...ပွင့်တဲ့ပန်းတိုင်းလန်းနိုင်တာမှမဟုတ်ပဲလေ..
ဒီကဗျာလေးကိုဖတ်ပြီး အတွေးတွေတသီကြီးတွေးသွားမိပါလေရဲ့...

ကိုပေါ said...

နှင်းဆီတစ်ပွင့်ဟာ
ရာသီချိန်ခါ ဂါထာမန္တရားတွေရဲ့
ပယောဂကင်းတဲ့
ဖူးပွင့်ခြင်းတွေကို ပိုင်ဆိုင်တယ်။


နှင်းဆီဟာ ရာသီမရွေး ဖူးပွင့်တယ်။ နှင်းဆီလို့ ဆိုလိုက်ရင်…..

မေရှင်ဆိုခဲ့တဲ့ “ဆင်းရနံ့ကမွှေးတယ်… မခူးရက်စရာကွယ်… အထူးပဲလှတယ်…. သူ့ကို သူပင်…. ဆူးတွေကိုဆင်” ဆိုတဲ့ ချစ်ရေစင်သီချင်းက ရင်ထဲကို ရောက်လာရော။

အဲဒီနောက်မှာမှ ဇော်ဝမ်း ဆိုခဲ့တဲ့…

ပန်းသူဇာ ယိမ်းငိုက်လို့ပေး
လှမ်းချူကာ သိမ်းပိုက်ထွေး
မနူးမနပ်နဲ့ ကိုယ်ဘ၀င်မအေး
ရူးမတတ်ကွဲ့ လိုချင်သေး…. ဆိုတဲ့ သီချင်းရယ်….

အဲဒီ သီချင်းကိုပဲ ကာတွန်းမောင်ဝဏ္ဏက “ဂိုးဂွင့်ဂွက်ဂွေ” စတိုင်နဲ့ သမိန်ပေါသွပ်ကာတွန်းထဲမှာ ဖျက်ဆိုထားတဲ့…

ချစ်နှင်းဆီ လှလှလေး….
ဂွစ်ဂွင်းဂွီ ဂွဂွ…………….။ ဆိုတဲ့ စာသားလေးတွေပါ ရောက် ရောက်လာတတ်တယ်ခင်ဗျ။း-)

လင်းဒီပ said...

“နှင်းဆီတစ်ပွင့်ဟာ
ရာသီချိန်ခါ ဂါထာမန္တရားတွေရဲ့
ပယောဂကင်းတဲ့
ဖူးပွင့်ခြင်းတွေကို ပိုင်ဆိုင်တယ်။”

နှင်းဆီရဲ့ဖူးခြင်းပွင့်ခြင်းဟာ အခြားရာသီပန်းတွေလို မဟုတ်ပါဘဲ ရာသီရဲ့စိုးမိုးမှုကင်းသတဲ့။

“နှင်းဆီတစ်ပွင့်ဟာ
ဆူးရိုင်းတွေရဲ့ ဒဿန
ထိန်ဝှက်ထားသင့်တဲ့ ဘာသာဗေဒရဲ့
အသုံးချမှုကို မသိကျိုးကျွံပြုရတယ်။”

ဆူးရိုင်းလေးတွေနဲ့ တနည်းအားဖြင့် သူ့လက်သည်းပုန်းလေးနဲ့ သူ့အလှသူ ကာကွယ်ထားသူလည်း ဖြစ်တယ်။

“နှင်းဆီတစ်ပွင့်ဟာ
ပေါင်းမြက်တွေရှင်းတဲ့
အရောင်အဆင်းတွေရဲ့
အကြွင်းမဲ့ ပဲ့တင်သံကိုပဲ တုံ့ပြန်တယ်။”

နှင်းဆီရဲ့ စိုတဲ့အသွေးအရောင်လို့ ခံစားမိတယ်...သူ့အရောင်အသွေးဟာ အခြားပန်းတွေ မှောင်သွားစေခဲ့ပေါ့.။

“နှင်းဆီတစ်ပွင့်ဟာ
ခူးဆွတ်လိုက်ဖူးတဲ့ လက်ဖျားတို့ရဲ့ နွေးထွေးမှု
အဆုံးသတ်လုချိန် တဒင်္ဂအတွက်
ဝိုးတ၀ါးနိမိတ်ပြ သင်္ကေတကိုဆောင်နေတယ်။”

ခူးဆွတ်ခံလိုက်ပြီးတဲ့နောက် နှင်းဆီဟာ နောက်ထပ်ဘဝတစ်ခုကို ကူးပြောင်းသွားတယ်။ခူးဆွတ်သူလက်ဖျားတွေကို အဆုံးသတ်ခြင်းတွေအကြောင်း ပြောနေပြန်သတဲ့..

“နှင်းဆီတစ်ပွင့်ဟာ
နူးညံ့တဲ့ ပွင့်ချပ်လွှာပေါ်
နံနက်စောစောတင်ခဲ့တဲ့ နှင်းရည်တစ်စက်ကို
တသက်တာမှတ်တမ်းတင်ခဲ့တဲ့ ဒိုင်ယာရီစာမျက်နှာပါ။”

ပထမဆုံးထိတွေ့ခဲ့တဲ့ နှင်းရည်တစ်စက်ကိုတော့ နှင်းဆီပွင့်ချပ်ကလေးက အမြဲလည်း သတိရနေပြန်တယ်...။

“နှင်းဆီတစ်ပွင့်ဟာ
အရောင်မမြင်ရတဲ့ ဆေးစက်တွေ
အသံမကြားရတဲ့ ရှိုက်ငိုမှုတွေနဲ့
ရောနှောရေးခြယ်ထားတဲ့ တစ်ခုတည်းသော ပန်းချီတေးသွားပဲ။”

ဒါကတော့ နှင်းဆီလေး မှတ်တမ်းတင်ထားတဲ့ လူမှုဘဝအထွေထွေတွေ.........

“နှင်းဆီပွင့်ကပြောတယ်
နှင်းဆီသခင်မလေးရဲ့
စိတ်အပျင်းပြေ တဖဲ့ဖဲ့ခြွေဖို့
အကြွေစောင့်နေသေးတဲ့အချိန်မှာလည်း
ရနံ့တွေ လိုသလို ဆက်သဖို့
မပျက်မကွက် ကျိုးနွံခယ ခဲ့ရုံလောက်ပါပဲ… တဲ့။”

နှင်းဆီသခင်မလေး စိတ်အပျင်းပြေ မဖဲ့ခြွေမချင်း လောကဓမ္မတွေ သင်ယူဖို့ လောကထဲ ရောက်လာခဲ့သလား နှင်းဆီလေးရယ်...။

အစ်မကဗျာလေးကို ဖတ်ရင်း ကဗျာတွေ သီချင်းတွေ ရုပ်ရှင်တွေထဲက နှင်းဆီဖွဲ့တွေ အကြောင်းလည်း ဆက်တွေးမိတယ်။
ဘာမှ မဆိုင်ပါဘဲ “နှင်းဆီဖြူရဲ့အဝေးက လူတစ်ယောက်” သီချင်းလေးလည်း လွမ်းမိသွားတယ်။

စိတ်စမ်းရေ said...

ကဗျာလေးက အရမ်းကောင်းတာပဲ...။

ပိုးဥ said...

ကဗျာလေးကကောင်းတယ် မမပန်ရေ..
ပိုးဥလဲရေးတတ်ချင်လိုက်တာ ကဗျာတွေစာတွေလေ..
အချိန်မရတာနဲ့ အဖြစ်မရှိတာနဲ့ပေါင်းပြီး ဘာလုပ်ရမှန်းကို မသိသေးဘူးဖြစ်နေတယ်၊
သူများကယောင်ခြောက်ဆယ်..ပိုးဥက ၁၂၀ ဖြစ်နေတာ အဟီး...