Friday, October 30, 2009

Happy Halloween!



ကိုယ့်ဘာသာရေးနဲ့တော့ မဆိုင်ပါ။ Pet Society မှာ ဒီလိုဆန်ဆန်ပုံလေးတွေ့တာနဲ့ စိတ်ကူးပေါက်ပြီး ပျော်လို့ ဆွဲလိုက်တာ။ထုံးစံအတိုင်း Paint ထဲမှာ mouse နဲ့။ ကြိုက်ရင် ယူသွားလို့ရပါတယ်။

Expand..

Monday, October 26, 2009

ကမ္ဘာကြီးပျက်တဲ့ ကိစ္စ




"ကမ္ဘာပျက်ခါနီး တစ်လလောက်အလို" ဆိုပါတော့...
ဘယ်လိုတွေ ခံစားတွေးတောမိမလဲ...ဘယ်လိုတွေနေထိုင်ကြမလဲ... မအိန္ဒြာက အိနြေ္ဒကြီးနဲ့ တက်ဂ်လာပါတယ်။

(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..

ရယ်စရာကောင်းတဲ့လူတွေဆိုရင် ဘယ်သူဖြစ်ဖြစ်ပါ။ မစ္စတာ Bean တို့၊ Ben Stiller တို့။ ငပေါများဂေဟာက ပေါညီတို့ ဆိုရင်လည်း လက်ခံပါတယ်။

(၂)။ဘာတွေခံစားနေရမလဲ..

ဘယ်လိုလေးများလဲ။ ဘယ်လိုကြီးများလဲ။ ဘုရားပွဲမှာ ချားရဟတ်စီးတာထက်တော့ ရင်ခုန်စရာကောင်းမှာ သေချာတယ်။ စိတ်လှုပ်ရှားတာနဲ့ ထလိုက်ထိုင်လိုက် မီးဖိုချောင်ထဲဝင်ပြီး လုပ်မိလုပ်ရာ တခုခု စားလိုက်သောက်လိုက် ဖြစ်နေမယ် ထင်ပါတယ်။

(၃)။ ဘာတွေပြင်ဆင်ထားမလဲ..

Charging အပြည့်သွင်းထားတဲ့ ပေါ့ပါးတဲ့ ဗွီဒီယိုကင်မရာ ကောင်းကောင်းပေါ့။ မသေဘဲ ကျန်ခဲ့ရင် ဖြစ်ခဲ့တာတွေကို ပြစားရမယ်။ အဲဒီလို စီးပွားရေး အကွက်မြင်ရတယ်။

(၄)။ ၀မ်းနည်းမိမှာက

ဖြစ်လာမယ့်နေ့မှာ အင်တာနက်ကြီး shut down ဖြစ်နေမှာကို ၀မ်းနည်းတယ်။ တယ်လီဖုန်းလိုင်းတွေလည်း ပြတ်နေမှာပဲ။ အဲဒီအချိန်မှာ ကမ္ဘာအရပ်ရပ်က မိတ်ဆွေသူငယ်ချင်းတွေနဲ့ .. အဲဒီဘက်မှာ ဘယ်လိုနေလဲ၊ ဒီမှာတော့ ဘာဖြစ်နေပြီ … ဘာညာ အွန်လိုင်းကနေ ပွားနေရရင် ကောင်းမှာ။ ကော်နက်ရှင် ကောင်းကောင်းလေးနဲ့ ဘလော့ဂ်ထဲမှာ အဖြစ်အပျက် ဓာတ်ပုံတွေ live တင်လို့ရရင်လည်း ကောင်းမှာ။

(၅)။ ကြောက်လန့်မိတာက..

ကိုယ်တစ်ယောက်တည်း အသက်ရှင်ကျန်ခဲ့မှာကို…။ ဖြစ်ပျက်ပြီး ကျန်ခဲ့တဲ့ အမှိုက်တွေ ဘယ်လိုလုပ် ရှင်းမလဲ။ တို့က ခါးချိုးပြီး အလုပ်ကြမ်းကြမ်း တသက်လုံး လုပ်ဖူးတာမဟုတ်ဘူး။

(၆)။ ဆောင်ထားချင်တာ..

ဘက်ထရီအပိုတွေပေါ့။ လျှပ်စစ်မီးက တော်တော်နဲ့ ပြန်ရဦးမယ် မထင်ဘူးလေ။

(၇)။ ဘာတွေရေးမိမလဲ..

တလလောက်ကြိုပြီး ကျောက်တုံးကောင်းကောင်းပေါ်မှာ အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ သေသေချာချာထွင်းပြီး ရေးခဲ့ဖို့လုပ်ရမယ်။ ရေးတာကတော့ ဘာစာဖြစ်ဖြစ်ပါ။ ရေးသူနာမည်က ခပ်ကြီးကြီး ထင်ထင်ရှားရှား ဖြစ်ဖို့လိုတယ်။ သက်ရှိတွေ ပြန်ပေါ်လာပြီး နှောင်းလူတွေ ပြန်တူးဆွမိတဲ့အခါ အရင်ကမ္ဘာက ပန်ဒိုရာကျောက်စာ ဆိုပြီး ကျောင်းတွေမှာ သင်ရစေ့မယ်။

(ဂ)။ တွေးမိတွေးရာ အတွေး

သေသွားရင် ငရဲပြည်ရောက်မှာလား နတ်ပြည်ရောက်မှာလား။ ငရဲပြည်ရောက်ရင်တော့ ဟိုလူကြီးနဲ့ ပြန်ဆုံနေဦးမလား မသိ။ နတ်ပြည်မှာတော့ အင်တာနက် ရှိပါ့မလား။

(၉)။ ဂုဏ်ယူချင်တာက

ကမ္ဘာကြီးပျက်ခါမှပျက်ရော အထူးတလည် အံ့သြနေစရာမလိုပါဘူး။ ဒါတွေဖြစ်လာမယ်လို့ တကမ္ဘာလုံးက အခုလို ကြိုသိထားပြီးသားပဲလေ။ တို့လူသားတွေကွ။ ဟင်းဟင်း။

(၁၀)။ ရှာကြံဖြေသိမ့်မိတာက

အလုပ်ထဲမှာ ပရောဂျက်တွေ Deadline မမီတာ ကိုယ့်အပြစ်ကြောင့် မဟုတ်တော့ဘူးပေါ့။ ကမ္ဘာပျက်တာကို လွှဲချလိုက်လို့ရပြီ။ ဟဲဟဲ။

(၁၁)။ ကျူးရင့်ချင်တဲ့ ဥဒါန်း

တစ်ဆယ်.. ကိုး.. ရှစ်.. ခုနစ်… ခြောက်… ငါး…. လေး…. သုံး-နှစ်ပိုင်းတပိုင်း… သုံး… နှစ်-နှစ်ပိုင်းတစ်ပိုင်း.. နှစ်-လေးပိုင်းတစ်ပိုင်း.. နှစ်…. အဲ.. ပြီးတော့.. အဟမ်း..


မသက်ဝေကို တက်ဂ်ချင်ပါတယ်။ (သူက ကြောက်တတ်ပုံပဲ။ ပိုးဟပ်တောင် ကြောက်တာ။)
ပုံရိပ်ကိုလည်း တက်ဂ်ချင်ပါတယ်။ (သူက ခပ်တည်တည်နဲ့။)
ကိုဇာဇာ ကိုလည်း တက်ဂ်ချင်ပါတယ်။ (သူက ပိုတည်တယ်။)

ပန်ဒိုရာ



Expand..

Sunday, October 25, 2009

ဆိုညည်းခဲ့တဲ့ သီချင်းတချို့အကြောင်း

ကိုဆောင်းယွန်းလ က သတိတရ ရေးခိုင်းလာပါတယ်။

ဆိုညည်းခဲ့တဲ့ သီချင်းတွေက ဒီအရွယ်အထိဆိုရင် အများကြီးပေါ့။ ရေချိုးခန်းထဲမှာ.. မောင်နှမတွေနဲ့ အတူတူ အိမ်ရှေ့ ၀ရံတာလေးမှာ.. သူငယ်ချင်းတွေနဲ့ ခရီးထွက်ရင် ဟိုင်းဝေးသွားတဲ့ ကားပေါ်မှာ… ။

မြန်မာသံစဉ်တွေထဲမှာ ကလေးလေးဘ၀က စပြီးကြားဖူးတဲ့သီချင်းကတော့ ချောကလျာ ဆိုတဲ့ သီချင်းပါ။ အိပ်ခါနီးတိုင်း အဲဒီသီချင်းကို ဖေဖေကဆိုပြီး သိပ်လေ့ရှိတယ်။ အငယ်ဆုံး ညီမလေး မွေးလာတော့ သူ့ကို ကိုယ်က ဆိုပြီးသိပ်တဲ့ သီချင်းကတော့ ချစ်ပြုံးနှင်းဆီ။ ညီမလေးကတော့ အဲဒီသီချင်းကို ပန်းသီချင်း လို့ခေါ်တယ်။ ညီမလေးကို ချော့သိပ်ဖို့ အဲဒီသီချင်းကို ခဏခဏ ဆိုပေးရတာပေါ့။

ဂစ်တာတီး မတောက်တခေါက် စသင်ခဲ့တဲ့ အချိန်ကတော့ အစ်ကိုတွေမောင်တွေနဲ့အတူ ထူးအိမ်သင်ရဲ့ သီချင်းတွေကို အများဆုံး ဆိုညည်းဖြစ်တယ်။ (အခုတော့ လုံးဝမတီးတတ်တော့ပါ။) ရော့ခ် ဂီတ ဆူဆူညံညံ တချို့ကိုလည်း ဇော်ဝင်းထွဋ်တို့ လေးဖြူတို့ ကျေးဇူးနဲ့ ခံစားတတ်ပြီး နှစ်နှစ်သက်သက် လိုက်အော်လာတတ်လာတယ်။

တက္ကသိုလ်တက်ခဲ့တဲ့ တလျှောက်မှာ ချစ်ရက်ရှည်ရှည် အင်းလျားမြေ တို့ တက္ကသိုလ်ကျောင်းက ငွေလမင်း တို့၊ အဓိပတိလမ်းက ခြေရာများ တို့ သူငယ်ချင်းတွေနဲ့ အတူတူ ဆိုညည်းကြ။ မကေသွယ်ရဲ့ ဘလော့ဂ်မှာ သီချင်းတချို့ကို ပြန်တွေ့တော့ လွမ်းသွားတယ်။

မြန်မာသီချင်းဖြစ်ဖြစ် အင်္ဂလိပ်သီချင်းဖြစ်ဖြစ် သံစဉ်တွေမက စာသားတွေကို ပိုပြီး တွေးတော ခံစားတတ်လာခဲ့တယ်။ အိမ်မှာ သီချင်းတွေဖွင့်ပြီး ကာရာအိုကေ လိုက်ဆိုတဲ့ကာလ တွေရှိခဲ့တယ်။ တခါတခါ ကက်ဆက်ခွေနဲ့ အသံသွင်းတယ်။ ကောင်းကောင်း မကောင်းကောင်း ကိုယ့်ဘာသာ ပြန်နားထောင်တယ်။ အဲဒီအထဲမှာ ကိုယ့်အဖို့မှာကား အလှတရား ကိုယ့်အနုပညာပါ ကိုယ့်ရဲ့ခံစားချက်များ ကိုယ့်ဖန်တီးမှုများသာ ….. ဆိုတဲ့ အလှသစ္စာတရား သီချင်းလည်းပါတယ်။ မရွှေပြည်သူ ဘလော့ဂ်မှာ တင်ထားတဲ့ ရွှေလည်တိုင် ဆိုတဲ့ သီချင်းလေးလည်းပါတယ်။ သင်္ကြန်မိုးထဲက နှစ်ကိုယ်တူချစ်သမျှ လည်းပါတယ်။

နောက်တော့ သီချင်းတွေကို နားမထောင်ဖြစ်သလောက်၊ ပါးစပ်ကနေ ထုတ်မညည်း မိသလောက် ပြတ်လတ်သွားတဲ့ အချိန်တွေရှိခဲ့။ တချို့သီချင်းတွေက နားမထောင် ချင်တော့တာမျိုး။ ပြန်မကြား မခံစားနိုင်တော့တာမျိုး။ အချိန်တွေ နေရာ မလပ်တော့တာကြောင့်လည်း ပါတယ်။ တနေ့ လန့်နိုးလာပြန်တယ်။

ထင်ချင်ရာထင်ပေါ့လို့ ထင်ပိုင်ခွင့်ပေးလည်း
ကိုယ်လိုရာကိုဆွဲပြီး ကိုယ်မထင်ရက်ဘူးကွယ်..


စိုင်းထီးဆိုင်ရဲ့ တယောက်သောသူအနမ်း ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကနေ သီချင်းတချို့ရဲ့ စာသားတွေကို ထိရှခံစားဖြစ်လာတယ်။ နှုတ်ဖျားမှာ ရင်ထဲမှာ မြန်မာသီချင်း နိုင်ငံခြားသီချင်း တချို့ကို အထပ်ထပ် ဆိုညည်းခဲ့တဲ့ ကာလတွေ ရှိခဲ့ပြန်တယ်။

နိုင်ငံခြားသီချင်းကို မြန်မာစာသားနဲ့ လိုက်ဆိုလို့ရအောင် ဘာသာပြန် ကြည့်ဖူးတာကတော့ နှစ်ပုဒ်လောက်ပဲ ရှိပါတယ်။ အဲဒီအထဲက Way back into love ဆိုတဲ့ ရုပ်ရှင်သီချင်းလေးတစ်ပုဒ် ကိုတော့ ဒီဘလော့ဂ်မှာ တင်ထားခဲ့ပါတယ်။

ဘ၀ဆိုတာ ဒီလိုပဲ ပေါ့ပါးလိုက် လေးလံလိုက်မဟုတ်လား။ လတ်တလောကို ပြောရရင် မိုက်ကယ်ဂျက်ဆင် ဆုံးပါးသွားတော့ နှစ်သက်မိတဲ့ သူ့သီချင်း တချို့က နှုတ်ဖျားပြန်ရောက်လာတယ်။

Heal the world
Make it a better place
For you and for me and the entire human race
There are people dying
If you care enough for the living
Make a better place for you and for me


ဆိုတဲ့ အပိုဒ်လေးကို အထပ်ထပ် ညည်းဆိုနေမိတယ်။

အခုနောက်ဆုံး ရင်ထဲမှာ ၀င်နေတဲ့ သီချင်းလေးတစ်ပုဒ်ကတော့ အိမ် ဆိုတဲ့ သီချင်းလေးပါ။ အဆိုတော် ဓိရာမိုရ် ဆိုတယ်လို့ပြောပါတယ်။ ရေးသူကတော့ သူကိုယ်တိုင်လား သူ့အစ်ကို အကြည်တော်လား အသေအချာ မသိပါ။ ကိုယ်ပိုင်သံစဉ်လို့ ထင်မိတယ်။ မဟုတ်ဘူးဆိုရင်လည်း စာသားအဓိပ္ပါယ်ရော သံစဉ်ပါ လှပလို့ နှစ်သက်မိပါတယ်။။ ကိုယ့်အိပ်မက်တွေနဲ့လည်း ထပ်တူကျနေတယ်။

အိမ်

ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့အိမ်
ရံရွေလယ် ထည်ဝါစွာ ဆင်စွယ်နန်းအိမ်
ကျူထရံတွေကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်
အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ

(ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ...။
မြင့်မြတ်ခြင်းတွေ ၊ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ...။)

အိမ်အပြင်မှာ ၀ါပင်တွေကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ထွန် ၀ါချည်မျှင် ဖျင်တဘက်ရယ်
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့ မယ့် ဆန်အရက်ရယ်
ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ်

(ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ...။
မြင့်မြတ်ခြင်းတွေ ၊ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ)

ရင်ခွင်မှာ ရှင်သန်ရာ ခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာတည်ဆောက်ကြမယ်
အဆောင်အယောင်တွေ မဆင်ယင်ချင် ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဍာရီရာဇ၀င်လို ၀ိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ် ...

တစ္ဆေတစ်ကောင်ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ...
တို့အိမ်... ငါတို့အိမ်...
ရဲရင့်လိုက် ...ချစ်တဲ့အိမ် တို့ဆောက်ကြမယ်...

(ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ
မြင့်မြတ်ခြင်းတွေ ၊ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ)







005 Home 002.mp3 - diyamo

အစအဆုံး နားဆင်ရန်


Expand..

Saturday, October 17, 2009

ဟိုရောက်ဒီရောက် နောက်အနှစ်နှစ်ဆယ်

၂၀၀၉ ရဲ့ ဂျွန်လရက်စွဲတွေမှာ အရှေ့ဥရောပက မြို့လေးတမြို့ကို စိတ်ကူးထဲ ပြန်ပုံဖော်ကြည့်လိုက်တယ်။ မြို့လယ်ခေါင်ရင်ပြင်မှာ လူတွေဟာ စိတ်အေးလက်အေး အပန်းဖြေရင်း စကားဝိုင်းဖွဲ့ နေခဲ့ကြမယ်။ ရုပ်တုတွေ အောက်က လှေခါးထစ်တွေပေါ်မှာ။ တန်းစီခင်းကျင်းထားတဲ့ ကော်ဖီဆိုင်လေးတွေ ထဲမှာ။ မလှမ်းမကမ်းက ဘုရားရှိခိုးကျောင်းထဲမှာ။

ရင်ပြင်ထောင့် တနေရာမှာတော့ အရောင်စိုတောက်တဲ့ ပန်းမျိုးစုံ ခင်းကျင်းထားတဲ့ ပန်းဆိုင်တွေ ရှိမယ်။ အဲဒီနားမှာ ခိုတွေက ၀ိုင်းစုပျံသန်းလိုက် နားလိုက်ပေါ့။ သလင်းကျောက်ဝါနဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ရောင်းချပေးတဲ့ ဈေးဆိုင်တန်းတွေမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေက ဟိုဟိုဒီဒီ ကြည့်ရှုနေကြမယ်။ လမ်းဘေးမှာ အုပ်စုလိုက်ဖြစ်ဖြစ် တစ်ဦးချင်းဖြစ်ဖြစ် ဖျော်ဖြေနေတဲ့ အပျော်ထမ်း တီးခတ်တေးဆိုနေသူတွေကို တချို့က ငေးကြည့်နေမယ်။ နွေရာသီရဲ့ ကောင်းကင်က ကြည်လင်နေပါလိမ့်မယ်။ မိုးဖွဲဖွဲနဲ့ အုံ့ရုံလေးအုံ့ နေတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။

ပိုလန်နိုင်ငံ ရဲ့ ချုပ်နှောင်တင်းကျပ်တဲ့ စနစ်တခု ကျဆုံးခဲ့ရတာ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့တာ အနှစ်နှစ်ဆယ် တိုင်ခဲ့ပါပြီ။

“၁၉၈၉ အဖြစ်အပျက်တွေဟာ အခုတော့ သမိုင်းမှတ်တိုင်မှာ အထင်ကရ ကျန်ခဲ့ပြီလေ” အခုအချိန်မှာ လုပ်ငန်းပိုင်ရှင် တစ်ယောက်ယောက်က ဒီလိုမျိုး ပြောပြနေနိုင်ပါလိမ့်မယ်။ “ဒီကနေ့ ပိုလန်ဟာ ကျွန်တော်တို့ အိပ်မက်ထဲက ပိုလန်ပါ”

CIA Factbook မှတ်တမ်းအရဆိုရင် ၂၀၀၈ ခုနှစ်မှာ ပိုလန်ဟာ ကမ္ဘာ့ ပို့ကုန်တင်သွင်းမှုမှာ အဆင့် ၂၂ ရှိခဲ့တယ်။ သြစတြေးလျ နဲ့ အိန္ဒိယ တို့ကိုတောင် သာလွန်ခဲ့တယ်။ ဥရောပရဲ့ စီးပွားရေးမြေပုံမှာ ထင်ရှားတဲ့ နေရာတစ်နေရာကို ရယူနိုင်ခဲ့ပြီ။ ကွန်မြူနစ်စနစ်အောက်က တင်းကျပ်တဲ့ မီဒီယာချုပ်ကိုင်မှုတွေဟာလည်း အခုတော့ အနှစ်နှစ်ဆယ် အဝေးမှာ ကျန်ရစ်ခဲ့ပြီ။ ဆင်းရဲမွဲတေမှုနဲ့ အကျင့်ပျက်ခြစားမှု ပြဿနာတွေကိုလည်း အတိုင်းအတာတခုအထိ ဖြေရှင်းနိုင်ခဲ့ပြီ။

ကမ္ဘာစစ်တွေရဲ့ ဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ နိုင်ငံလေးမှာ၊ စနစ်ဆိုးတစ်ခုနဲ့ နုံနုံနဲ့နဲ့ ခရီးဆက်ခဲ့ရတဲ့ နိုင်ငံလေးမှာ၊ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ဘယ်လို မြော်မြင်မှုမျိုး ရှိခဲ့သလဲ။ သူတို့ရဲ့ လွတ်မြောက်မှုကို သူတို့ကိုယ်တိုင်က စတင်ခဲ့ကြပါတယ်။ ပိုပြီးကောင်းမွန်တဲ့ လူမှုဘ၀တွေကို ထူထောင်နိုင်ဖို့ “လူထုအခြေပြု အဖွဲ့အစည်းတွေကို အင်အားကောင်းလာအောင် ပျိုးထောင်ခြင်း” ဟာ သူတို့ရဲ့ တိုက်ပွဲအောင်မြင်ဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခု လို့ ဆိုပါတယ်။ လူထုကို အောင်ပွဲခံစိတ်ဓာတ် ရလာဖို့က အရေးကြီးတယ်လို့ “Solidarity” ရဲ့ ခေါင်းဆောင်တွေက ပြောခဲ့တယ်။

၂၀၀၉ ရဲ့ ဂျွန်လ ၄ ရက်မှာပဲ ကမ္ဘာ့မြေပုံထဲက အထင်ကရ အခြားနိုင်ငံကြီးတစ်နိုင်ငံရဲ့ မြို့လယ်ရင်ပြင် တခုမှာတော့ လူတချို့ဟာ သွေးညှီနံ့တွေကို ပြန်ခေါ်သတိရနေလိမ့်မယ်။ သူတို့ရဲ့ အသံတွေဟာ တုန်ယင်နေမယ်။ ကျစ်လျစ်ထားတဲ့ လက်သီးဆုပ်တွေ မဖြည်သေးသူတွေ ရှိလိမ့်မယ်။

“တိမ်ယင်မင် ရင်ပြင် အရေးအခင်း” လို့လူသိများခဲ့တဲ့ အဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က
ပေကျင်းမြို့ ရဲ့ အဲဒီရင်ပြင်မှာ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီအနှစ်နှစ်ဆယ် နောက်ပိုင်း ယနေ့နဂါးကြီးဟာ အခိုးအငွေ့လျှံနေတဲ့ မီးတောက်တွေ နဲ့ လူးလွန့်အားကောင်းလာခဲ့တာကို တွေ့ကြရမယ်။ ဒီတော့ ဘာတွေ ဖြစ်ခဲ့ပြီလဲ။ သူတို့ ဘာတွေရခဲ့ပြီလဲ။ ဒီ့အတွက် ဘာတွေကို လျစ်လျူရှုခဲ့သလဲ။ ရခဲ့တာတွေက ဘယ်လောက်အထိ အားကောင်းခိုင်ခန့်လာဦးမလဲ။ လူတွေ လိုချင်တောင့်တခဲ့တာ ဒါပဲလား။ ဒါဟာအကောင်းဆုံးနည်းလမ်းလား မေးခွန်းထုတ်သံတွေ ဆူညံနေသေးတယ်။ မဟာတံတိုင်းကြီးပေါ်က လွင့်နေတဲ့ တိမ်တွေကို အရောင် လိုက်ဖမ်းရနေသလိုပဲ ဖြစ်လိမ့်မယ်။

ကမ္ဘာလုံးလုံးကြီးပေါ်မှာ သမိုင်းမြစ်တွေက အတူတူ စီးဆင်းခဲ့ပါတယ်။ အဖြစ်အပျက် ဆင်တူတွေက တချို့နေရာတွေမှာ တပြိုင်နက်ဖြစ်စေ မရှေးမနှောင်းဖြစ်စေ ဖြစ်ပွားခဲ့တယ်။ အောင်မြင်ခဲ့တယ်။ ကျရှုံးခဲ့တယ်။ ရပ်တန့်ခဲ့တယ်။ ဆက်လက်နေခဲ့တယ်။ အားကောင်းလာခဲ့တယ်။ အားပျော့လာခဲ့တယ်။ လမ်းကြောင်းတွေ ဖြောင့်မတ်လာတယ်။ ကွေ့ယိုင်လာတယ်။ တယောက်ချင်းမှာ မူတည်နေတယ်။ အားလုံးမှာ မူတည်နေတယ်။ အဲဒီတုန်းက မျှော်လင့်ချက်တွေကတော့ ဘယ်သူမှ မလျော့ခဲ့ကြပါဘူး။ ကိုယ့်အမိမြေအတွက် အခုအချိန်ကနေ မျှော်ကြည့်လိုက်တဲ့ နောင်လာဦးမယ့် အနှစ်နှစ်ဆယ်အတွက်ရော…။


မသက်ဝေ တက်ဂ်ထားတဲ့ နောင်လာမယ့် အနှစ်နှစ်ဆယ် ဆိုတဲ့ ခေါင်းစဉ်ကို ရေးမယ်ဆိုပြီး ဂျွန်လ လောက်က အကြမ်းရေးထားခဲ့တာပါ။ ဒါပေမယ့်လည်း အတွေးတွေက ပြန့်သွားလို့ ဆက်မပြင်ဖြစ်ခဲ့။

အခုတလော သဘာဝဘေးဒဏ် ခံရတာတွေ ဆက်တိုက် ကြားနေရတယ်။ အာတိတ် ရေခဲပြင်ကြီးဟာ လာမယ့် အနှစ်၂၀ အတွင်းမှာ လုံးဝပျောက်ကွယ်တော့မယ် ဆိုတဲ့ သတင်းလည်း ဖတ်ရလေရဲ့။ ကမ္ဘာကြီးက ပူနွေးလာတယ်။ ဂေဟစနစ်ကို မှီခိုနေကြတဲ့ သတ္တ၀ါတွေ ဒုက္ခရောက်၊ ပြီးရင်တော့ ပြင်းထန်လာတဲ့ ရာသီဥတုအပြောင်းအလဲမှာ အနှစ် ၂၀ အတွင်း ဘာတွေ ဆက်ဖြစ်မှာပါလိမ့်။

၂၀၁၂ လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကြီးကတော့ ရုံတင်ဖို့ တာစူနေပြီ။ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်အရတို့၊ တခြား နက္ခတ်ပညာရှင်တွေရဲ့ တွက်ချက်မှုအရတို့ ကမ္ဘာကြီးဟာ ၂၀၁၂ ဒီဇင်္ဘာ ၂၁ မှာ အပြီးတိုင်အခြေအနေ ရောက်တော့မယ်လို့ ကောလဟလ တွေလည်း ကြားနေရလေရဲ့။ မှန်မယ်ဆိုရင်တော့လည်း ၃နှစ်ပဲ လိုတော့တာ ပဲလေ။ အနှစ် ၂၀ အထိ လှမ်းမျှော်ဖို့ မလိုအပ်တော့ဘူး။ ခေါင်းစား သက်သာတယ်။ ၃ နှစ်အတွင်း ပျော်သလို နေလိုက်ကြရုံပဲ။

အခုတလောမှာတော့ အမေရိကန် သမ္မတ အိုဘားမား ငြိမ်းချမ်းရေး နိုဘဲလ်ဆု ရတာနဲ့ပတ်သက်ပြီး ဆူညံဆူညံတွေလည်း ကြားနေရလေရဲ့။ ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးကို ဆာလောင်မွတ်သိပ်နေတယ်။ ငြိမ်းချမ်းရေးဆုကို ပိုက်ထားရတဲ့ အိုဘားမားဟာ အကျပ်အတည်းတွေကို ဖြေရှင်းရမယ့် နည်းလမ်းတွေကို ဘောင်ခတ်ခံလိုက်ရတာလား။ နောက်အနှစ် ၂၀ အတွင်းမှာ အမေရိကန်က စူပါပါဝါကနေ ကျဆင်းလာမယ့် အကြောင်း တွက်ချက်မှုတွေ ပိုမှန်လာမယ်လို့လည်း ပြောကြတယ်။ မဇီဇ၀ါ ဘလော့ဂါမှာ ရေးထားတဲ့ အမေရိကန်ဒေါ်လာ ကျဆင်းလာတဲ့ ကိစ္စ နဲ့ ခန့်မှန်းချက်တွေကလည်း ပံ့ပိုးပေးနေတယ်။ ဒီလိုနဲ့ နောက်ဆက်တွဲ ဒီမိုကရေစီစနစ် အရင်းရှင်စီးပွားရေးစနစ် ဆိုတာတွေ နောက်လာမယ့် အနှစ်၂၀မှာ ဘယ်အခြေအနေ ဆိုက်ရောက်နေမလဲ။ သမိုင်းဘီးဟာ လည်ပတ်နေတယ် လို့တော့ ကြားဖူးခဲ့တယ်။

အနှစ်၂၀ ဆိုတာ လူတစ်ဦးချင်း တစ်ယောက်ချင်းရဲ့ ဘ၀တွေကိုလည်း အဆိုးအကောင်း ဆုံးဖြတ်ပေးဖို့ လုံလောက်တဲ့ ကာလတစ်ခုဖြစ်တယ်။ အိုဟင်နရီရဲ့ နာမည်ကြီးဝတ္ထုတို တစ်ပုဒ်ဖြစ်တဲ့ After twenty years ကိုလည်း သတိရသွားမိတယ်။ အဲဒီအထဲမှာ သူငယ်ချင်းနှစ်ယောက်ဟာ အနှစ် နှစ်ဆယ် ကြာတဲ့အခါ ပြန်တွေ့ကြမယ် လို့ နေရာတခုမှာ ချိန်းထားခဲ့တယ်။ ပြန်တွေ့တဲ့အခါ တစ်ယောက်က ရဲ၊ တစ်ယောက်က တရားခံပြေး ဖြစ်နေခဲ့တဲ့အကြောင်း လှပတဲ့ အဆုံးသတ်နဲ့ ဇာတ်လမ်းလေးပါ။ နောက်အနှစ် ၂၀ မှာ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေလည်း ဘယ်လိုဖြစ်နေမလဲ။ ဘ၀တွေ ခြားနားသွားတာလည်းရှိမယ်။

နောင်လာမယ့် အနှစ် ၂၀ မှာ ကိုယ်ပိုင်မိသားစုဘ၀က ဘယ်လိုနေမလဲ။ ဘယ်မှာ နေထိုင်နေကြမလဲ။ စီမံကိန်း ချဖို့ ခက်ခဲနေသေးတယ်။ လူတိုင်းလိုလို ပြောနေကြသလိုပဲ၊ ဖြစ်နိုင်ရင် ပြန်ချင်တာပေါ့။ အဲဒီအချိန်မှာတော့ ကိုယ်က မိန်းမကြီးအရွယ် ဖြစ်သွားပြီ။ သာမန်သက်တမ်းစေ့ နေရမယ် ဆိုရင်တော့ မသေလောက်သေးဘူးပေါ့လေ။ ဒါပေမယ့် အိုစ နာစပြုနေပြီပေါ့။ သားသမီးရှိရင်တော့ အဲဒီအချိန်မှာ ကလေးက အသက်၂၀ မပြည့်သေးဘူး ဆိုတော့ လက်မလွတ်လောက်သေးဘူး။ ပညာရေးအတွက် ပံ့ပိုးပေးရဦးမယ့် အရွယ် ဖြစ်နေနိုင်သေးတယ်။ ဒါဆိုရင်တော့ လုပ်ငန်းခွင်က စောစောစီးစီး နားလို့ မရလောက်သေးဘူးပေါ့။

အနှစ်၂၀ အတွေးကတော့ ဟိုရောက်ဒီရောက်ပါပဲ။ မောစရာတွေက များနေတယ်။ ဒါပေမယ့်လည်း ကိုယ်ပိုင်ဘ၀အတွက်၊ ကိုယ့်အမိမြေအတွက်၊ အားလုံးနေထိုင်ကြတဲ့ ကမ္ဘာကြီးအတွက် မျှော်လင့်ချက် ခပ်ဝါးဝါးနဲ့ ရှင်သန်နေထိုင်ကြရဦးမှာပဲ။ Wall-E ရုပ်ရှင်ထဲက စကားလေး သတိရသွားပြန်တယ်။ I don’t want to survive. I want to live. တဲ့။



ပန်ဒိုရာ

(ဘလော့ဂ်ထဲမှာတော့ ဒီအကြောင်းက တော်တော်များများ ရေးပြီးသွားကြပါပြီ။ မြို့မေတ္တာခံယူတဲ့ ကိုပေါ ကို ထူးထူးခြားခြား တက်ဂ်ချင်စိတ် ပေါက်နေတယ်။ ရေးဗျာ။ ၂ ရက်အတွင်း။)

Expand..

Sunday, October 11, 2009

ဝါသနာတဲ့လား …

တက်ဂ်ကြွေး ၂ ခု ကျန်နေရတဲ့အထဲ ကိုဆောင်းယွန်းလ က သီချင်းတွေအကြောင်း ထပ်တက်ဂ်ပါတယ်။ ရေးမယ်လို့ ပြင်တယ်။ ဒါပေမယ့် ရှေ့ကလူတွေ ရေးခိုင်းထားတာ မရေးပဲ ကျော်ရေးနေတာ များလှပြီဆိုတော့ ခဏ ဘရိတ်အုပ်လိုက်တယ်။ မသက်ဝေ တက်ဂ်ထားတဲ့ နောင်လာမယ့်အနှစ်နှစ်ဆယ် ဆိုတာကို ခက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟိုရွှေ့ဒီရွှေ့ လုပ်နေပေမယ့် နှင်းဆီနက် ရေးခိုင်းထားတဲ့ ၀ါသနာ ဆိုတာကတော့ ရေးရခက်တယ် ပြောလို့ မသင့်ဘူးမဟုတ်လား။

ဘလော့ဂ် လာဖတ်ကြည့်တာနဲ့ကို ဘာဝါသနာပါသလဲ ဆိုတာ ထင်ရှားနေပါပြီ။ စာရေးတာ ကဗျာရေးတာ ၀ါသနာပါတယ်။ ပုံဆွဲတာကို မတတ်မတတ်နဲ့ တို့တို့တိတိ လုပ်တယ်။ အော်တိုကင်မရာလေးနဲ့ ဓာတ်ပုံရိုက်တယ်။

အားကစားကိုတော့ ဘောလုံးပွဲ တင်းနစ်ပွဲ ကြည့်ဖို့လောက်ပဲ ၀ါသနာပါပါတယ်။ ကိုယ်တိုင် ကစားဖို့ ၀ါသနာမပါပါ။ ပျင်းတာက တကြောင်း ကိုယ်ပင်ပန်းသွားမှာ စိုးတာက တကြောင်းဖြစ်မယ်။ ဒီပုံအတိုင်း ဆက်သွားရင်တော့ တော်တော်လေး ၀ လာစရာ ရှိတယ်။ အလှပျက်မှာ ကြောက်တဲ့စိတ်နဲ့တော့ လမ်းလျှောက်တာလောက် စက်ဘီးစီးတာလောက် နည်းနည်း ပြန်လုပ်ကောင်း လုပ်မယ်။ ကလေးတုန်းကတော့ ကြက်တောင်လေးဘာလေး ရိုက်ခဲ့သား။ အဲလို ကစားပွဲဆန်ဆန် အားကစား ဆိုရင်တော့ ပိုစိတ်ပါနိုင်ပါတယ်။ ဒါပေမယ့်လည်း ကစားဖို့ အဖော်မရှိပြန်ဘူး။ (ဒါလည်း အကြောင်းပြချက်ပေါ့။) စလုံးမှာ နေသူတွေရဲ့ ဘ၀အတိုင်း ညနေဆိုရင် ရုံးဆင်းအိမ်ပြန်ရောက်တော့ မိုးချုပ်နေပြီဆိုတော့ အချိန်မရတာလည်း ပါတယ်။ ညနေစာစားဖို့ ဗိုက်ကလည်း ဆာနေပြီ။ ရေကူးတာ မတောက်တခေါက် တတ်ခဲ့တယ်။ အခုတော့ မကူးတာကြာလို့ မေ့နေပြီ။

ချက်တာပြုတ်တာ ၀ါသနာပါပါတယ်။ စားမယ့်သူ ရှိတယ် ဆိုရင် စိတ်ပါလက်ပါ ချက်ပါတယ်။ မြန်လည်းမြန်တတ်တယ်။ သိပ်ပြီး ထူးထွေဆန်းပြား အစားအသောက်တွေတော့ မချက်တတ်ပါ။ ကြုံရင်သင်ဖို့တော့ ၀န်မလေးပါဘူး။ ရှင်းတာလင်းတာကတော့ အောင်မှတ်ရရုံလေး လုပ်ပါတယ်။ ၀ါသနာမပါပါ။ ပန်းအိုးထိုးနည်း သင်ခဲ့ဖူးပေမယ့် အထူး ၀ါသနာပါတယ်လို့တော့ မပြောနိုင်ဘူး။ သိုးမွေးထိုးတာ တစ်ချောင်းထိုး နှစ်ချောင်းထိုး ထိုးခဲ့တဲ့အချိန်တွေ ရှိတယ်။ အင်္ကျီတွေ အတော်များများ ထိုးခဲ့ပါတယ်။ လုပ်နေတုန်းကတော့ ၀ါသနာပါနေတာပေါ့လေ။ အခုတော့လည်း အဲဒါတွေ လှည့်မကြည့်ဖြစ်တာ ကြာပါပြီ။

ကလေးကတည်းက ပုံဆွဲတာနဲ့ စန္ဒရား တီးတာကို သင်ချင်ခဲ့တယ်။ သင်ဖို့ အခွင့်မသာခဲ့ဘူး။ အခု ဒီမှာကျတော့လည်း သင်တန်းတွေ တွေ့ပါတယ်။ အချိန်တွေ ပိုက်ဆံတွေသုံးရမှာ တွန့်နေသေးတယ်။ ပုံဆွဲတာကို ဆေးတွေ ဘယ်လိုသုံးရလဲ နည်းလမ်းတွေ သိပ်မသိပါ။ သူငယ်ချင်းတွေကတော့ သက်ဆိုင်တဲ့ ၀က်ဘ်ဆိုဒ်လင့်ခ်တွေ စာအုပ်တွေ ပေးကြပါတယ်။ အခုအထိတော့ ကိုယ့်ဘာသာ ဆွဲချင်သလိုပဲ ဆွဲနေသေးတယ်။ ဆေးနည်းနည်းပါးပါး ၀ယ်ထားတယ်။ ကွန်ပြုတာနဲ့ မောက်စ်နဲ့ ဆွဲဖြစ်တာများတယ်။ ကိုယ်လိုချင်တဲ့ မျဉ်းတွေရအောင် မောက်စ်နဲ့ ခက်ခက်ခဲခဲ လိုက်ချိန်ဆွဲရတာကို သဘောကျ နေသေးလို့။ ဓာတ်ပုံလည်း နည်းပညာကို မတတ်ပါ။ ကြည့်ကောင်းတယ် ထင်သလို ကြုံရင် ရိုက်တာလောက်ပါပဲ။

သီချင်းကတော့ နည်းနည်းပါးပါး နားထောင်ပါတယ်။ ရင်ထဲထိတဲ့ သီချင်းတွေဆို တိုက်ဆိုင်တဲ့အခါ တစ်ပုဒ်တည်းကို တစ်နေ့လုံး နားထောင်ရင် ထောင်နေတတ်တယ်။ ရုပ်ရှင်ဗွီဒီယို ကြည့်တာကတော့ ၀ါသနာ ဆိုတာထက် အများသူငါလို အပန်းပြေ ကြည့်တာလောက်ပဲလို့ထင်ပါတယ်။ စစ်ကားတွေ documentary ဆန်ဆန် တကယ့်အဖြစ်အပျက် နောက်ခံတာတွေ ကြိုက်တယ်။ romantic comedy လေးတွေနဲ့ animation ကာတွန်းကားလေးတွေကိုလည်း ကြိုက်ပါတယ်။

စာဖတ်ခြင်းကို တောက်လျှောက် ၀ါသနာပါပါတယ်။ ငယ်ငယ်တုန်းကတော့ မဂ္ဂဇင်း ကာတွန်း ၀တ္ထု တွေ့သမျှ စာအပိုင်းအစ ကိုယ့်မျက်စိရှေ့ ရောက်နေရင် ဖတ်လိုက်ရမှ ကျေနပ်တယ်။ ဖတ်လိုက်ရင်လည်း တလောကလုံး ဘာတွေဖြစ်နေနေ မသိတော့ဘူး။ ထမင်းမေ့ဟင်းမေ့ ဆိုတာ တကယ်ပဲ။ လူကြီးတွေဆူတာ ခံရတာ ခဏခဏပေါ့။ ဒါပေမယ့် အခုကြီးလာတော့ စာဖတ်တဲ့အခါ သိပ်အာရုံမစူးစိုက်နိုင်တော့ဘူး။ ဖတ်နေရင်းနဲ့ အတွေးတွေ များတယ်။ ဘာဖတ်နေပါလိမ့် မေ့သွားတယ်။ ဖတ်မပြီးသေးတဲ့ တန်းလန်းစာအုပ်တွေ အများကြီးပဲ။ ရသစာတွေ အပြင် စီးပွားရေး နိုင်ငံရေး စီမံခန့်ခွဲရေး သီအိုရီတွေနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေကို ဖတ်ဖို့ စိတ်ဝင်စားပါတယ်။ တက်ကျမ်းတွေတော့ သိပ်မဖတ်ဖြစ်ပါ။

စာရေးတာကိုတော့ စွဲမြဲ လုပ်ဖြစ်နေသေးတယ်။ အထူးသဖြင့် ကဗျာတွေကို ပိုရေးဖြစ်ပါတယ်။ မြင်တဲ့အတိုင်းပေါ့။ အခုထိတော့ ၀ါသနာအလျောက်ပါပဲ။ ပရော်ဖက်ရှင်နယ် စာရေးဆရာတော့ ဖြစ်မလာဘူး။

ဝါသနာ ဆိုတဲ့ တကယ့်အဓိပ္ပါယ်ကတော့ တခုခုမှာ စိတ်ပါလက်ပါဖြစ်ပြီး အစဉ်တစိုက် လုပ်ဖြစ်ခြင်း လို့ထင်ပါတယ်။ ထူးချွန်တာ မထူးချွန်တာကတော့ တစ်ကဏ္ဍပေါ့လေ။ ဖြတ်သန်းလာခဲ့ရတဲ့ ပညာရေးစနစ်ရယ် လူမှုအသိုင်းအ၀ိုင်းရယ်က ကျောင်းစာပြင်ပ ၀ါသနာတွေကို ဘယ်လောက်အားပေးခဲ့သလဲ ဆိုတာမှာ မူတည်မယ်။ ၀ါသနာတွေကို စနစ်တကျ လိုက်စားဖို့ အချိန်ငွေကြေး ပံ့ပိုးမှုတွေ တတ်နိုင်မတတ်နိုင်နဲ့လည်း ဆိုင်မယ်။ အင်း.. ပြောတာတွေလည်း များသွားပြီ။ အကြောင်းပြချက်တွေကလည်း များလိုက်တာနော်။ ဆင်ခြေဆင်လက် ပေးရတာ ၀ါသနာပါတယ်လို့လည်း ကောက်ချက်ချနေကြပါဦးမယ်။

(နှင်းဆီနက်ရေ ကျေနပ်တော့နော်။)

ပန်ဒိုရာ


Expand..

Friday, October 9, 2009

P for.... ?

မရီတာ တို့ မသက်ဝေ တို့ ဘလော့ဂ်တွေမှာ တွေ့လို့ ဘယ်သူမှ မတက်ဂ် ဘဲ ကိုယ့်ဘာသာရေးသည်။ ဟဲဟဲ။

P for Pandora

1. What is your name : Pandora

2. A four Letter Word : Poem (Of coz…)

3. A boy's Name : Pablo Picasso

4. A girl's Name : Pollyanna

5. An occupation : Prime Minister (or President)

6. A color : Pinkish Purple

7. Something you'll wear : Pants

8. A food : Pineapple Pizza

9. Something found in the bathroom : Pipes

10. A place : Paris (French version), Pyin-ma-nar (Burmese version)

11. A reason for being late : Power failure (Well… Burmese version too.)

12. Something you'd shout : Police.. police!!!!

13. A movie title : P.s., I love you.

14. Something you drink : Purple passion punch

15. A musical group : Pink Floyd

16. An animal : Python

17. A street name : Pasir Panjang Road (Singapore version), Pan-soe-dan Road (Yangon version)

18. A type of car : Prado

19. The title of a song : Power of Love

20. A verb : Protest ( I mean … a verb..)


ပန်ဒိုရာ

Expand..

Wednesday, October 7, 2009

ပုလင်းများစွာရဲ့ story

ဘာရယ်မဟုတ်ဘူး။ မKOM က “ပုလင်းတစ်လုံးရဲ့ story” ဆိုလို့ “ပုလင်းများစွာရဲ့ story” ကို ဖတ်တဲ့သူတွေ ကိုယ့်ဘာသာ စိတ်ကူးသရုပ်ဖော်ကြည့်လို့ရအောင် တင်လိုက်တာပါ။



ပုံကြည့်တာနဲ့ မူးတဲ့ရသ ခံစားရမလားလို့ ခင်းကျင်းကြည့်ခြင်းသာ ဖြစ်ပါသည်။

Expand..

Saturday, October 3, 2009

ကပ်





ကပ်

နေ့လား ညလား
နောက်တနေ့မှာ ကိုယ့်အလှည့်လား
တစက္ကန့်ချင်း တလှုပ်လှုပ် ငုတ်တုတ် စောင့်
ချောက်.. ချား.. စရာ
ဂြိုလ်ပြာပေါ်က တောက်လောင် ပေါက်ကွဲသံများ
အညစ်အကြေးတွေကို သူ့ကျောပေါ်က လှုပ်ခါချချိန်
သွေးရူးသွေးတမ်း ဒဏ်ရာတွေ ယားယံရောင်ရမ်းချိန်
ချစ်သူချင်း နမ်းရှိုက်နိုင်ခွင့်
မိသားစုချင်း ရင်ခွင်အပ်ခွင့်
မိတ်ဆွေချင်း လက်ဆွဲနှုတ်ဆက်ခွင့်
အချိန်.. ဘယ်လောက်ကျန်ပါသလဲ
ရောဂါပိုးမွှားတွေက တမြို့ပြီး တမြို့ သိမ်းပိုက်လာခဲ့
ကုထုံးတွေ ဆေးဝါးတွေ ချွေးဒီးဒီးကျ
တဖျစ်ဖျစ် တာစူနေသော ချော်ရည်ပူများ
လေပြင်းတွေ လှိုက်ဖိုငိုရှိုက် မှုတ်ထုတ်
ရေလှိုင်းတွေ အငန်းမရ ချီတက်ဝါးမျို
မြေကြီးတွေ ကွဲအက် တုန်ခါ ပြတ်ရွေ့
ပြောင်းလဲလာပြီ ပူပြင်းလာပြီ ပျော်ကျလာပြီ
တံပိုးခရာတွေ စူးစူးရှရှ တွန်မြည်သံ
ကစဥ့်ကလျား ပြေးကြလွှားကြ တက်နင်းကြ တွန်းတိုက်ကြ
နစ်မြုပ်ကြ လဲပြိုကြ ကြေမွပျက်စီးကြ လှောင်ပိတ်ကျန်ရစ်ကြ
ဘယ်သူ့ကိုမှ မကမ်းလှမ်းနိုင်တော့ဘူး.. တဲ့
ပန်းပွင့်တွေအားလုံး ပြိုင်တူညိုးရော်ချိန်
ကလေးငယ်တွေအားလုံး တိတ်ဆိတ်ဆွံ့အချိန်
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့လက်တွေက
အကျိုးစီးပွား နျူကလီးယားလက်နက် အာဏာစက်
လောင်စာအပြည့်နဲ့ ကျိန်စာတွေ နှောင်ခတ်ထားပြီ
လူတွေ လုပ်မိလို့ မှားတဲ့အမှားတွေနဲ့
လူတွေ မလုပ်မိလို့ မှားတဲ့အမှားတွေနဲ့
တကယ်တမ်း ဖောက်ပြန်နေတာ သဘာ၀၀န်းကျင် ဟုတ်ရဲ့လား
ဘိုးဘေးတွေက ကမ္ဘာကြီးကို အမဲလိုက်ခဲ့တယ်
သားမြေးတွေက ကမ္ဘာကြီးကို အမဲဖျက်ခဲ့တယ်
အခုတော့လည်း သန်းပေါင်းခြောက်ထောင် သားကောင်တွေဖြစ် လို့။


ပန်ဒိုရာ

Expand..

Thursday, October 1, 2009

အားလုံးကို ပြတ်သွားအောင် …

ကိုယ်ကပဲ ထင်လို့လားမသိ။ ဘလော့ဂ်သက်ကလေး အတော်ရလာသူတွေ ရေးတာ နှေးကွေးလာတာကို တွေ့ရတယ်။ (ကိုယ်တိုင် ပို့စ်တင်ကျဲတာနဲ့ အမှုတွဲလိုက်တာ။) မကေ ကတော့ပြောဖူးတယ်။ ဘလော့ဂ်မှာ အတက်အကျ အချိန်တခုရှိတယ် ဆိုတာမျိုး။ ကိုယ့်အတွက်ကတော့ တစိတ်တပိုင်း မှန်နိုင်ပါတယ်။ ဒါပေမယ့် တဖက်ကလည်း အပြင်လောကမှာ ပြီးခဲ့တဲ့နှစ်တွေကထက် ပိုလာတဲ့ တာဝန်တွေ လုပ်စရာတွေက အချိန်ကို မလောက်မင ဖြစ်လာစေတယ်။

တချိန်က စာတွေ အများကြီးရေးခဲ့တဲ့ ဂျစ်တူးကတော့ ဘလော့ဂ်ကို ဆက်မရေးတော့ပဲ ပိတ်လိုက်တာ ကြာပြီ။ ဟိုတလောကတော့ မသက်ဝေ ဘလော့ဂ်မှာ ဘလော့ဂ် ဆက်ရေးနိုင်အောင် အချိန်တွေကို နေရာချဖို့အတွက် မျက်နှာစာအုပ် (facebook) ထဲက အလှမွေးအကောင်လေးတို့ လယ်စိုက်တာတို့ကို ဖြတ်တယ် ဆိုတာ ဖတ်လိုက်ရတယ်။ ပန်ဒိုရာကတော့ မျက်နှာစာအုပ်မှာ အချိန် သိပ်မသုံးဖြစ်တဲ့အတွက် အဲဒီဘက်မှာ အထူး ဖြတ်တောက်စရာ မရှိပါ။ GTalk မှာ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောတဲ့ အချိန်တွေကို နေ့ဘက်ရော ညဘက်ပါ ဖြတ်တောက်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အလုပ်ချိန်ထဲမှာ GTalk လို MSN တို့လို တမဟုတ်ချင်း ဆယ်သွယ်စကားပြောလို့ရတဲ့ messenger တွေကို ဖွင့်ထားနိုင်တာတို့ အင်တာနက်ကို သုံးစွဲခွင့်ပြုတာတို့ ဟာ (အလွန်အကျွံမသုံးရင်) ၀န်ထမ်းတွေကို ထုတ်လုပ်မှု ပိုစေတယ် ဆိုတဲ့ စစ်တမ်းတခုကိုလည်း ဟိုတလောက ဖတ်မိပါတယ်။ အိပ်မငိုက်အောင်တို့ စိတ်ကျေနပ်မှုရတာတို့ကြောင့် ဖြစ်ကောင်းဖြစ်မယ်ထင်ပါတယ်။

ဘလော့ဂ်ထဲမှာ တွေ့ဆုံကြတဲ့ ဘလော့ဂ်ရေးသူ အချင်းချင်းဖြစ်ဖြစ် စာဖတ်သူတွေနဲ့ဖြစ်ဖြစ် အပြန်အလှန် တမဟုတ်ချင်း ဆက်သွယ်ပြောဆိုနိုင်တဲ့ အွန်လိုင်းမှာ ချိတ်ဆက် ပြောဆိုမိကြတဲ့အခါ တယောက်နဲ့တယောက် ပိုခင်မင်ကြ နားလည်ကြနဲ့ လူမှုရေးမှာ ပိုရင်းနှီးလာနိုင်ပါတယ်။ တခါတလေ နားလည်မှုလွဲပြီး ရန်ဖြစ်ကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ဘယ်လိုဖြစ်ဖြစ် မိတ်ဆွေသစ် ရှာသူများအတွက် ကောင်းကျိုးတွေ အများကြီးရှိမှာပါ။

တကယ်က GTalk ကို ၀င်ချိန် နည်း-နည်းလာတာ လ နဲ့ ချီနေပါပြီ။ အခုတော့ မြန်မာပြည်နဲ့ ပြောစရာရှိတဲ့အခါမျိုးက လွဲလို့ ဘယ် GTalk account ကိုမှ log in (လုံးဝ) မ၀င်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ မတွေ့ရင် စိတ်မပူပါနဲ့။ ကိစ္စရှိရင် email ပို့လို့ရပါတယ်။ တနေ့ တစ်ကြိမ်တော့ email စစ်ဖြစ်မှာပါ။ အကြောင်းပြန်ပေးပါမယ်။

ဘလော့ဂ်ရေးခြင်းရဲ့ အဓိက ရည်ရွယ်ချက်က စာရေးဝါသနာပါလို့ ရေးထားတာတွေကို သူများတွေ ဖတ်လို့ရအောင် အလကားလည်းရ လွတ်လည်းလွတ်လပ်တဲ့ နေရာမှာ လာတင်ထားတာ ဖြစ်တဲ့အတွက် တခုခုရေးဖြစ်တဲ့အခါ ပို့စ်အသစ် တင်ပါမယ်။ တခြားဘလော့ဂ်တွေကို ဖတ်တဲ့အခါလည်း မှတ်ချက်ရေးစရာရှိရင် ရေးသွားမှာပါ။ အလည်အပတ်တွေမှာ ခြေရာချန်တာ နည်းသွားမယ်ဆိုရင် မေ့မေ့ပျောက်ပျောက် ဖြစ်ကောင်းဖြစ်သွားကြမယ်။ လမ်းကြုံရင် လာဖတ်ပေါ့နော်။

ပန်ဒိုရာ


Expand..