ကိုဆောင်းယွန်းလ က သတိတရ ရေးခိုင်းလာပါတယ်။
ဆိုညည်းခဲ့တဲ့ သီချင်းတွေက ဒီအရွယ်အထိဆိုရင် အများကြီးပေါ့။ ရေချိုးခန်းထဲမှာ.. မောင်နှမတွေနဲ့ အတူတူ အိမ်ရှေ့ ၀ရံတာလေးမှာ.. သူငယ်ချင်းတွေနဲ့ ခရီးထွက်ရင် ဟိုင်းဝေးသွားတဲ့ ကားပေါ်မှာ… ။
မြန်မာသံစဉ်တွေထဲမှာ ကလေးလေးဘ၀က စပြီးကြားဖူးတဲ့သီချင်းကတော့ ချောကလျာ ဆိုတဲ့ သီချင်းပါ။ အိပ်ခါနီးတိုင်း အဲဒီသီချင်းကို ဖေဖေကဆိုပြီး သိပ်လေ့ရှိတယ်။ အငယ်ဆုံး ညီမလေး မွေးလာတော့ သူ့ကို ကိုယ်က ဆိုပြီးသိပ်တဲ့ သီချင်းကတော့ ချစ်ပြုံးနှင်းဆီ။ ညီမလေးကတော့ အဲဒီသီချင်းကို ပန်းသီချင်း လို့ခေါ်တယ်။ ညီမလေးကို ချော့သိပ်ဖို့ အဲဒီသီချင်းကို ခဏခဏ ဆိုပေးရတာပေါ့။
ဂစ်တာတီး မတောက်တခေါက် စသင်ခဲ့တဲ့ အချိန်ကတော့ အစ်ကိုတွေမောင်တွေနဲ့အတူ ထူးအိမ်သင်ရဲ့ သီချင်းတွေကို အများဆုံး ဆိုညည်းဖြစ်တယ်။ (အခုတော့ လုံးဝမတီးတတ်တော့ပါ။) ရော့ခ် ဂီတ ဆူဆူညံညံ တချို့ကိုလည်း ဇော်ဝင်းထွဋ်တို့ လေးဖြူတို့ ကျေးဇူးနဲ့ ခံစားတတ်ပြီး နှစ်နှစ်သက်သက် လိုက်အော်လာတတ်လာတယ်။
တက္ကသိုလ်တက်ခဲ့တဲ့ တလျှောက်မှာ ချစ်ရက်ရှည်ရှည် အင်းလျားမြေ တို့ တက္ကသိုလ်ကျောင်းက ငွေလမင်း တို့၊ အဓိပတိလမ်းက ခြေရာများ တို့ သူငယ်ချင်းတွေနဲ့ အတူတူ ဆိုညည်းကြ။ မကေသွယ်ရဲ့ ဘလော့ဂ်မှာ သီချင်းတချို့ကို ပြန်တွေ့တော့ လွမ်းသွားတယ်။
မြန်မာသီချင်းဖြစ်ဖြစ် အင်္ဂလိပ်သီချင်းဖြစ်ဖြစ် သံစဉ်တွေမက စာသားတွေကို ပိုပြီး တွေးတော ခံစားတတ်လာခဲ့တယ်။ အိမ်မှာ သီချင်းတွေဖွင့်ပြီး ကာရာအိုကေ လိုက်ဆိုတဲ့ကာလ တွေရှိခဲ့တယ်။ တခါတခါ ကက်ဆက်ခွေနဲ့ အသံသွင်းတယ်။ ကောင်းကောင်း မကောင်းကောင်း ကိုယ့်ဘာသာ ပြန်နားထောင်တယ်။ အဲဒီအထဲမှာ ကိုယ့်အဖို့မှာကား အလှတရား ကိုယ့်အနုပညာပါ ကိုယ့်ရဲ့ခံစားချက်များ ကိုယ့်ဖန်တီးမှုများသာ ….. ဆိုတဲ့ အလှသစ္စာတရား သီချင်းလည်းပါတယ်။ မရွှေပြည်သူ ဘလော့ဂ်မှာ တင်ထားတဲ့ ရွှေလည်တိုင် ဆိုတဲ့ သီချင်းလေးလည်းပါတယ်။ သင်္ကြန်မိုးထဲက နှစ်ကိုယ်တူချစ်သမျှ လည်းပါတယ်။
နောက်တော့ သီချင်းတွေကို နားမထောင်ဖြစ်သလောက်၊ ပါးစပ်ကနေ ထုတ်မညည်း မိသလောက် ပြတ်လတ်သွားတဲ့ အချိန်တွေရှိခဲ့။ တချို့သီချင်းတွေက နားမထောင် ချင်တော့တာမျိုး။ ပြန်မကြား မခံစားနိုင်တော့တာမျိုး။ အချိန်တွေ နေရာ မလပ်တော့တာကြောင့်လည်း ပါတယ်။ တနေ့ လန့်နိုးလာပြန်တယ်။
ထင်ချင်ရာထင်ပေါ့လို့ ထင်ပိုင်ခွင့်ပေးလည်း
ကိုယ်လိုရာကိုဆွဲပြီး ကိုယ်မထင်ရက်ဘူးကွယ်..
စိုင်းထီးဆိုင်ရဲ့ တယောက်သောသူအနမ်း ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကနေ သီချင်းတချို့ရဲ့ စာသားတွေကို ထိရှခံစားဖြစ်လာတယ်။ နှုတ်ဖျားမှာ ရင်ထဲမှာ မြန်မာသီချင်း နိုင်ငံခြားသီချင်း တချို့ကို အထပ်ထပ် ဆိုညည်းခဲ့တဲ့ ကာလတွေ ရှိခဲ့ပြန်တယ်။
နိုင်ငံခြားသီချင်းကို မြန်မာစာသားနဲ့ လိုက်ဆိုလို့ရအောင် ဘာသာပြန် ကြည့်ဖူးတာကတော့ နှစ်ပုဒ်လောက်ပဲ ရှိပါတယ်။ အဲဒီအထဲက Way back into love ဆိုတဲ့ ရုပ်ရှင်သီချင်းလေးတစ်ပုဒ် ကိုတော့ ဒီဘလော့ဂ်မှာ တင်ထားခဲ့ပါတယ်။
ဘ၀ဆိုတာ ဒီလိုပဲ ပေါ့ပါးလိုက် လေးလံလိုက်မဟုတ်လား။ လတ်တလောကို ပြောရရင် မိုက်ကယ်ဂျက်ဆင် ဆုံးပါးသွားတော့ နှစ်သက်မိတဲ့ သူ့သီချင်း တချို့က နှုတ်ဖျားပြန်ရောက်လာတယ်။
Heal the world
Make it a better place
For you and for me and the entire human race
There are people dying
If you care enough for the living
Make a better place for you and for me
ဆိုတဲ့ အပိုဒ်လေးကို အထပ်ထပ် ညည်းဆိုနေမိတယ်။
အခုနောက်ဆုံး ရင်ထဲမှာ ၀င်နေတဲ့ သီချင်းလေးတစ်ပုဒ်ကတော့ အိမ် ဆိုတဲ့ သီချင်းလေးပါ။ အဆိုတော် ဓိရာမိုရ် ဆိုတယ်လို့ပြောပါတယ်။ ရေးသူကတော့ သူကိုယ်တိုင်လား သူ့အစ်ကို အကြည်တော်လား အသေအချာ မသိပါ။ ကိုယ်ပိုင်သံစဉ်လို့ ထင်မိတယ်။ မဟုတ်ဘူးဆိုရင်လည်း စာသားအဓိပ္ပါယ်ရော သံစဉ်ပါ လှပလို့ နှစ်သက်မိပါတယ်။။ ကိုယ့်အိပ်မက်တွေနဲ့လည်း ထပ်တူကျနေတယ်။
အိမ်
ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့အိမ်
ရံရွေလယ် ထည်ဝါစွာ ဆင်စွယ်နန်းအိမ်
ကျူထရံတွေကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်
အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ
(ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ...။
မြင့်မြတ်ခြင်းတွေ ၊ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ...။)
အိမ်အပြင်မှာ ၀ါပင်တွေကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ထွန် ၀ါချည်မျှင် ဖျင်တဘက်ရယ်
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့ မယ့် ဆန်အရက်ရယ်
ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ်
(ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ...။
မြင့်မြတ်ခြင်းတွေ ၊ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ)
ရင်ခွင်မှာ ရှင်သန်ရာ ခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာတည်ဆောက်ကြမယ်
အဆောင်အယောင်တွေ မဆင်ယင်ချင် ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဍာရီရာဇ၀င်လို ၀ိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ် ...
တစ္ဆေတစ်ကောင်ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ...
တို့အိမ်... ငါတို့အိမ်...
ရဲရင့်လိုက် ...ချစ်တဲ့အိမ် တို့ဆောက်ကြမယ်...
(ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ
မြင့်မြတ်ခြင်းတွေ ၊ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ)
005 Home 002.mp3 - diyamo
အစအဆုံး နားဆင်ရန်
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
11 hours ago





9 comments:
မမ ဆိုညည်းခဲ့တဲ့ သီချင်းလေးကို နားထောင်ရင်း အိမ်ကို ပြန်လွမ်းသွားတယ်မမရယ်။ ပျော်ရာမှာ မနေရတဲ့ ဘ၀တွေနဲ့ ချစ်တဲ့ မိသားစုတွေနဲ့ ဝေးကွာနေရတဲ့ အဖြစ်တွေလေ ...
ခင်မင်လေးစားလျှက်
ကိုယ်တိုင်လဲ ဆိုပြအုန်းလေ..မပန်ရဲ့..
အိမ် ဆိုတဲ့ သီချင်းလေးကို နားထောင်သွားပါတယ်။ ကြိုက်တယ်။ တခါမှ မကြားဖူးသေးဘူး။ ကျေးဇူးပါ မပန်ရေ။
အမှတ်တရပို့စ်ကို သတိတရရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ညီမလေးပန်ဒိုရာရေ...
ဒီလိုပဲပေါ့ ဘဝမှာ အချိန်ကာလတွေ အရွယ်တွေပြောင်းလာတာနဲ့လိုက်ပြီး အကြိုက်တွေခံစားချက်တွေပြောင်းလဲလာတတ်သလို ဘာမှမပြောင်းလဲပဲ အရင်အတိုင်းဆိုညည်းဆဲ နှစ်သက်ဆဲသီချင်းလေးတွေလည်းရှိနေဦးမှာပါ...
ညီမလေးရဲ့ရင်ဘတ်ထဲက သီချင်းတွေအားလုံးကို ကြားအောင်နားထောင်သွားခဲ့ပါတယ်...
”အိမ်”ဆိုတဲ့သီချင်းလေးလည်းကောင်းပါတယ်
မောင်မောင်ဇော်လတ်ရေးထားပြီး အငဲဆိုထားတဲ့ ”အိမ်”ကိုလည်း အခွင့်သင့်ရင်နားထောင်ကြည့်လိုက်ပါဦး..ညီမလေးကြိုက်မယ်လို့ထင်မိပါတယ်
အိမ် ဆိုတဲ့သီချင်းလေးကို အစ အဆုံး နားထောင်သွားတယ် ပန်ပန်။ ကောင်းလိုက်တာ။ တခါမှ နားမထောင်ဖူးဘူး။ သိပ် အဓိပ္ပါယ်ရှိတယ်။ အဆိုတော် အသံလေးကလဲ အေးအေးလေး၊ လိုက်ဖက်လိုက်တာ..
ကိုတင်လှိုင် ဆိုထားတဲ့ ချစ်ပြုံးနှင်းဆီ အိမ်မှာတောင် ရှိသေးတယ်။ ချစ်ပြုံးနှင်းဆီတို့ တက္ကသိုလ်ကျောင်းက ငွေလမင်းတို့ ဟိုတုန်းက ကျွန်မအစ်မကြီး အမြဲဆိုလို့ သိပ်ကို ကြိုက်တဲ့ မြန်မာသံစဉ် သီချင်းတွေ ဖြစ်တယ်။ မေ့နေတဲ့ သီချင်းကို သတိရသွားပြီ။ ကိုတင်လှိုင်အခွေ ပြန်ဖွင့်ကြည့်မှ ဖြစ်မယ်။
“ အိမ် ” ဆိုတဲ့သီချင်းလေးအတွက်ကျေးဇူးပါ။
ဒုတိယအကြိမ် ခုထိရေးထားသမျှထဲမှာအကြိုက်ဆုံး
လို့ပြောတော့ဘူးနော်...။ ခံစားနားထောင်သွားပါတယ်..။
သူများအရင်ကြိုက်တာနော်...
မပန်ဒိုရေ.
ဗိုလ်ထီးဆိုခဲ့တဲ့ “ပလက်ဖေါင်းမင်းသား” ထဲက
“အိမ်ဆိုပေမဲ့ အိမ်ရယ်မမြည်တော့ဘူး” စာသားလေးကို
ပြန်သတိယနေတယ်ဗျာ.ခုတလော..
Post a Comment