Sunday, October 11, 2009

ဝါသနာတဲ့လား …

တက်ဂ်ကြွေး ၂ ခု ကျန်နေရတဲ့အထဲ ကိုဆောင်းယွန်းလ က သီချင်းတွေအကြောင်း ထပ်တက်ဂ်ပါတယ်။ ရေးမယ်လို့ ပြင်တယ်။ ဒါပေမယ့် ရှေ့ကလူတွေ ရေးခိုင်းထားတာ မရေးပဲ ကျော်ရေးနေတာ များလှပြီဆိုတော့ ခဏ ဘရိတ်အုပ်လိုက်တယ်။ မသက်ဝေ တက်ဂ်ထားတဲ့ နောင်လာမယ့်အနှစ်နှစ်ဆယ် ဆိုတာကို ခက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟိုရွှေ့ဒီရွှေ့ လုပ်နေပေမယ့် နှင်းဆီနက် ရေးခိုင်းထားတဲ့ ၀ါသနာ ဆိုတာကတော့ ရေးရခက်တယ် ပြောလို့ မသင့်ဘူးမဟုတ်လား။

ဘလော့ဂ် လာဖတ်ကြည့်တာနဲ့ကို ဘာဝါသနာပါသလဲ ဆိုတာ ထင်ရှားနေပါပြီ။ စာရေးတာ ကဗျာရေးတာ ၀ါသနာပါတယ်။ ပုံဆွဲတာကို မတတ်မတတ်နဲ့ တို့တို့တိတိ လုပ်တယ်။ အော်တိုကင်မရာလေးနဲ့ ဓာတ်ပုံရိုက်တယ်။

အားကစားကိုတော့ ဘောလုံးပွဲ တင်းနစ်ပွဲ ကြည့်ဖို့လောက်ပဲ ၀ါသနာပါပါတယ်။ ကိုယ်တိုင် ကစားဖို့ ၀ါသနာမပါပါ။ ပျင်းတာက တကြောင်း ကိုယ်ပင်ပန်းသွားမှာ စိုးတာက တကြောင်းဖြစ်မယ်။ ဒီပုံအတိုင်း ဆက်သွားရင်တော့ တော်တော်လေး ၀ လာစရာ ရှိတယ်။ အလှပျက်မှာ ကြောက်တဲ့စိတ်နဲ့တော့ လမ်းလျှောက်တာလောက် စက်ဘီးစီးတာလောက် နည်းနည်း ပြန်လုပ်ကောင်း လုပ်မယ်။ ကလေးတုန်းကတော့ ကြက်တောင်လေးဘာလေး ရိုက်ခဲ့သား။ အဲလို ကစားပွဲဆန်ဆန် အားကစား ဆိုရင်တော့ ပိုစိတ်ပါနိုင်ပါတယ်။ ဒါပေမယ့်လည်း ကစားဖို့ အဖော်မရှိပြန်ဘူး။ (ဒါလည်း အကြောင်းပြချက်ပေါ့။) စလုံးမှာ နေသူတွေရဲ့ ဘ၀အတိုင်း ညနေဆိုရင် ရုံးဆင်းအိမ်ပြန်ရောက်တော့ မိုးချုပ်နေပြီဆိုတော့ အချိန်မရတာလည်း ပါတယ်။ ညနေစာစားဖို့ ဗိုက်ကလည်း ဆာနေပြီ။ ရေကူးတာ မတောက်တခေါက် တတ်ခဲ့တယ်။ အခုတော့ မကူးတာကြာလို့ မေ့နေပြီ။

ချက်တာပြုတ်တာ ၀ါသနာပါပါတယ်။ စားမယ့်သူ ရှိတယ် ဆိုရင် စိတ်ပါလက်ပါ ချက်ပါတယ်။ မြန်လည်းမြန်တတ်တယ်။ သိပ်ပြီး ထူးထွေဆန်းပြား အစားအသောက်တွေတော့ မချက်တတ်ပါ။ ကြုံရင်သင်ဖို့တော့ ၀န်မလေးပါဘူး။ ရှင်းတာလင်းတာကတော့ အောင်မှတ်ရရုံလေး လုပ်ပါတယ်။ ၀ါသနာမပါပါ။ ပန်းအိုးထိုးနည်း သင်ခဲ့ဖူးပေမယ့် အထူး ၀ါသနာပါတယ်လို့တော့ မပြောနိုင်ဘူး။ သိုးမွေးထိုးတာ တစ်ချောင်းထိုး နှစ်ချောင်းထိုး ထိုးခဲ့တဲ့အချိန်တွေ ရှိတယ်။ အင်္ကျီတွေ အတော်များများ ထိုးခဲ့ပါတယ်။ လုပ်နေတုန်းကတော့ ၀ါသနာပါနေတာပေါ့လေ။ အခုတော့လည်း အဲဒါတွေ လှည့်မကြည့်ဖြစ်တာ ကြာပါပြီ။

ကလေးကတည်းက ပုံဆွဲတာနဲ့ စန္ဒရား တီးတာကို သင်ချင်ခဲ့တယ်။ သင်ဖို့ အခွင့်မသာခဲ့ဘူး။ အခု ဒီမှာကျတော့လည်း သင်တန်းတွေ တွေ့ပါတယ်။ အချိန်တွေ ပိုက်ဆံတွေသုံးရမှာ တွန့်နေသေးတယ်။ ပုံဆွဲတာကို ဆေးတွေ ဘယ်လိုသုံးရလဲ နည်းလမ်းတွေ သိပ်မသိပါ။ သူငယ်ချင်းတွေကတော့ သက်ဆိုင်တဲ့ ၀က်ဘ်ဆိုဒ်လင့်ခ်တွေ စာအုပ်တွေ ပေးကြပါတယ်။ အခုအထိတော့ ကိုယ့်ဘာသာ ဆွဲချင်သလိုပဲ ဆွဲနေသေးတယ်။ ဆေးနည်းနည်းပါးပါး ၀ယ်ထားတယ်။ ကွန်ပြုတာနဲ့ မောက်စ်နဲ့ ဆွဲဖြစ်တာများတယ်။ ကိုယ်လိုချင်တဲ့ မျဉ်းတွေရအောင် မောက်စ်နဲ့ ခက်ခက်ခဲခဲ လိုက်ချိန်ဆွဲရတာကို သဘောကျ နေသေးလို့။ ဓာတ်ပုံလည်း နည်းပညာကို မတတ်ပါ။ ကြည့်ကောင်းတယ် ထင်သလို ကြုံရင် ရိုက်တာလောက်ပါပဲ။

သီချင်းကတော့ နည်းနည်းပါးပါး နားထောင်ပါတယ်။ ရင်ထဲထိတဲ့ သီချင်းတွေဆို တိုက်ဆိုင်တဲ့အခါ တစ်ပုဒ်တည်းကို တစ်နေ့လုံး နားထောင်ရင် ထောင်နေတတ်တယ်။ ရုပ်ရှင်ဗွီဒီယို ကြည့်တာကတော့ ၀ါသနာ ဆိုတာထက် အများသူငါလို အပန်းပြေ ကြည့်တာလောက်ပဲလို့ထင်ပါတယ်။ စစ်ကားတွေ documentary ဆန်ဆန် တကယ့်အဖြစ်အပျက် နောက်ခံတာတွေ ကြိုက်တယ်။ romantic comedy လေးတွေနဲ့ animation ကာတွန်းကားလေးတွေကိုလည်း ကြိုက်ပါတယ်။

စာဖတ်ခြင်းကို တောက်လျှောက် ၀ါသနာပါပါတယ်။ ငယ်ငယ်တုန်းကတော့ မဂ္ဂဇင်း ကာတွန်း ၀တ္ထု တွေ့သမျှ စာအပိုင်းအစ ကိုယ့်မျက်စိရှေ့ ရောက်နေရင် ဖတ်လိုက်ရမှ ကျေနပ်တယ်။ ဖတ်လိုက်ရင်လည်း တလောကလုံး ဘာတွေဖြစ်နေနေ မသိတော့ဘူး။ ထမင်းမေ့ဟင်းမေ့ ဆိုတာ တကယ်ပဲ။ လူကြီးတွေဆူတာ ခံရတာ ခဏခဏပေါ့။ ဒါပေမယ့် အခုကြီးလာတော့ စာဖတ်တဲ့အခါ သိပ်အာရုံမစူးစိုက်နိုင်တော့ဘူး။ ဖတ်နေရင်းနဲ့ အတွေးတွေ များတယ်။ ဘာဖတ်နေပါလိမ့် မေ့သွားတယ်။ ဖတ်မပြီးသေးတဲ့ တန်းလန်းစာအုပ်တွေ အများကြီးပဲ။ ရသစာတွေ အပြင် စီးပွားရေး နိုင်ငံရေး စီမံခန့်ခွဲရေး သီအိုရီတွေနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေကို ဖတ်ဖို့ စိတ်ဝင်စားပါတယ်။ တက်ကျမ်းတွေတော့ သိပ်မဖတ်ဖြစ်ပါ။

စာရေးတာကိုတော့ စွဲမြဲ လုပ်ဖြစ်နေသေးတယ်။ အထူးသဖြင့် ကဗျာတွေကို ပိုရေးဖြစ်ပါတယ်။ မြင်တဲ့အတိုင်းပေါ့။ အခုထိတော့ ၀ါသနာအလျောက်ပါပဲ။ ပရော်ဖက်ရှင်နယ် စာရေးဆရာတော့ ဖြစ်မလာဘူး။

ဝါသနာ ဆိုတဲ့ တကယ့်အဓိပ္ပါယ်ကတော့ တခုခုမှာ စိတ်ပါလက်ပါဖြစ်ပြီး အစဉ်တစိုက် လုပ်ဖြစ်ခြင်း လို့ထင်ပါတယ်။ ထူးချွန်တာ မထူးချွန်တာကတော့ တစ်ကဏ္ဍပေါ့လေ။ ဖြတ်သန်းလာခဲ့ရတဲ့ ပညာရေးစနစ်ရယ် လူမှုအသိုင်းအ၀ိုင်းရယ်က ကျောင်းစာပြင်ပ ၀ါသနာတွေကို ဘယ်လောက်အားပေးခဲ့သလဲ ဆိုတာမှာ မူတည်မယ်။ ၀ါသနာတွေကို စနစ်တကျ လိုက်စားဖို့ အချိန်ငွေကြေး ပံ့ပိုးမှုတွေ တတ်နိုင်မတတ်နိုင်နဲ့လည်း ဆိုင်မယ်။ အင်း.. ပြောတာတွေလည်း များသွားပြီ။ အကြောင်းပြချက်တွေကလည်း များလိုက်တာနော်။ ဆင်ခြေဆင်လက် ပေးရတာ ၀ါသနာပါတယ်လို့လည်း ကောက်ချက်ချနေကြပါဦးမယ်။

(နှင်းဆီနက်ရေ ကျေနပ်တော့နော်။)

ပန်ဒိုရာ


15 comments:

mirror said...

ဟုတ်ပါတယ်။ဆင်ခြေပေးတာကိုက ၀ါသနာဖြစ်နေတယ်တူရဲ့.. :))

ဆင်ခြေပေးတာကိုပဲ ဆင်ခြေပေးနေမိဦးမယ် အမရဲ့..။

လေးစားခင်မင်လျက်

ကိုလူထွေး said...

မောက်စ်ကို ငြိမ်အောင်ကိုင်ပြီး ကွန်ပြူတာမှာ ပုံဆွဲဖို့ဆိုရင်တော့ တော်တော်လေး လေ့ကျင့်ယူထားရမယ် ထင်တယ်...

ဝါသနာပါရင်တော့ ဘာမဆို ဖြစ်ပါတယ်လေ...

းဝ)

ရွာသားလေးဝိုင်တီယူ said...

စာရေးဖို့ ၀ါသနာပါတာကို ကျေးဇူးတင်ပါတယ်။

စာတွေဖတ်ရလို့ပါပဲ...

Kay said...

ရေကူးတာက..မမေ့ဘူး ဆို

MANORHARY said...

သေတ္တာတစ်လုံးလောက်အပ်ချင်လို့ ဖွင့်ကြည့်ဖို့ ဝါသနာ မပါဘူးဆိုရင် .. အဲထဲမှာ ...
.....
.....
.....
..အဲဒါတွေရှိတယ် ............း))

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

ဝါသနာဘာဂီ...ဆက်တိုင်းမှီတဲ့.....
စုံပါပေ့..ဝါသနာရယ်

အိန္ဒြာ said...

ပန်ပန်ရေ......

ချက်တာပြုတ်လာ လာစားဖို့ဝါသနာပါတယ်..

ခေါ်နော်..

ဒူကဘာ said...

အနုပညာသမားတွေ လုပ်တတ်တဲ့ အလေ့အထတွေနဲ့ ထုံသင်းနေတာပဲ ... ကောင်း ပါတယ်၊ အမှန်တော့ အခုလို လုပ်တတ် နေတာလေးတွေကို ထပ်ပြီး တစိုက်မတ်မတ် ဖိလုပ် ယုံပါပဲ၊ ချီးကျူးပါတယ် ပန်ဒိုရာစံ

Moe Cho Thinn said...

“စားမယ့်သူ ရှိတယ် ဆိုရင် စိတ်ပါလက်ပါ ချက်ပါတယ်”

တို့ စင်ကာပူ လာလည်ရင် အထက်ပါ ပန်ပန့် ဆန္ဒ ပြည့်ဝရစေမယ်လို့ အာမခံပါတယ်။

အောင်သာငယ် said...

ချိုသင်းနဲ့အတူ အကိုလည်း လာစားမယ်... ပန်ရေ့...
ချက်ကျွေးပေတော့...း)

သက်ဝေ said...

ပန်ပန့် ဘလော့ဂ်ကို စစ ဆုံးဆုံး ဖတ်ကြည့်လိုက်ရင် အဲဒီ ဝါသနာတွေ အကုန်လုံးကို အထင်းသား မြင်နေရပါတယ်...
အဲ.. တခုပဲ...
စားမယ့်သူရှိရင် စိတ်ပါလက်ပါ ချက်တတ်တယ်၊ မြန်လဲ မြန်တယ် ဆိုတာကတော့ အပြင်မှာ လက်တွေ့ပြမှ ရလိမ့်မယ်ထင်တယ်... :D

ဆောင်းယွန်းလ said...

မပန်ရဲ့ ဝါသနာတွေကိုလာဖတ်သွားပါတယ်
တဂ်ပို့စ်အတွက်လား...အေးဆေးပေါ့လေ..မမေ့ရင်ပဲကျေနပ်ပါတယ်

တန်ခူး said...

ကြက်တောင် အတူရိုက်ကြစို့ လား… ပန်နိုင်မှာသေချာတယ်… တို့ ကကြက်တောင်နောက် သိပ်လိုက်နိုင်မှာ မဟုတ်တော့ဘူးလေ… သိတယ်မိုလား…

အိမ့်ချမ်းမြေ့ said...

သီချင်းတစ်ပုဒ်တည်းကို တစ်နေကုန် နားထောင်တတ်တာတူဒယ်...
အခြားတူတာတွေလည်း ရှိ၏။

ပရိုဖက်ရှင်နယ် ဖြစ်ခြင်း၊ မဖြစ်ခြင်းဟာ ဘာနဲ့တိုင်းပါသလဲ။
ဘာဖြစ်လို့လည်းဆိုတော့...
မလေးတွက်တော့ မပန်က ပရိုပဲ..။

နှင်းနဲ့မာယာ said...

မမရဲ့ ဝါသနာတွေကို သေသေချာချာ မှတ်သွားပါတယ်...
မမက အနုပညာသမားလို့ မပြောရဘူး စွယ်စုံရတာပဲနော်...


နှင်း