Monday, September 20, 2010

အမှန်တရားက ဇာပုဝါပါးအောက်မှာ ဖုံးနေတယ်




ချားလ်စ် ဘန်စတိုင်းန် (Charles Bernstein) ရဲ့ Girly Man စာအုပ် ကို ပြန်ဖတ်ဖြစ်တယ်။ The Ballad of the Girly Man ဆိုတဲ့ ကဗျာကို ဘာသာပြန်လိုက်ပါတယ်။ အီရတ်စစ်ပွဲကို ရည်ရွယ်ထားတဲ့ကဗျာပါ။

Girly Men ဒါမှမဟုတ် Girlie Men ဆိုတဲ့ စကားကို ရုပ်ရှင်မင်းသားဟောင်း အာနိုး ဆွာဇန်နက်ဂါ က ၂၀၀၄ ခုနှစ်လောက်က မဲဆွယ်တော့ သူ့ပြိုင်ဘက်တွေကို အဲဒီလိုတင်စားပြီး မိန့်ခွန်းတစ်ခုမှာ ထည့်ပြောခဲ့ဖူးတယ်။

ဆရာတစ်ယောက်ရေးတဲ့ လက်ရာတွေကို တစ်စုတစ်စည်းတည်း ဆက်ဖတ်တဲ့အခါ သူ့သဘောကို ပိုသိစေတယ်။ 9/11 ရယ်၊ အီရတ်စစ်ပွဲရယ်နဲ့ ပတ်သက်ရင် ဘန်စတိုင်းန်ရဲ့ နိုင်ငံရေးအမြင်တွေကို စာထဲမှာ မြင်နေရတယ်။ ဥပမာသေးသေးလေး နှစ်ခုလောက် ယူပြရရင် -

“What are you fighting for?
What are you fighting for?”
(Broken English, Girly Man, page 48)

"War is an excuse for lots of bad antiwar poetry."
(War Stories, Girly Man, page 151)

War Stories ဆိုတဲ့ကဗျာကိုလည်း အချိန်ရရင် ဘာသာပြန်ကြည့်ချင်ပါသေးတယ်။ (ဒီကဗျာတွေကို ဆရာတွေ ဘာသာပြန်ခဲ့ပြီး ဖြစ်ကောင်းဖြစ်မယ်။)
The Ballad of the Girly Man ကို ခံစားဖို့ ခက်ဆစ်အနေနဲ့ (မသိခဲ့ရင်) သိဖို့လိုတာ နည်းနည်းပါတယ်။ ဒါဝင် (Darwin) ကိုတော့ အားလုံးသိပါတယ်။ ဟယ်လီဘာတန် (Halliburton) ဆိုတာကိုတော့ ပြောပြဖို့လိုနိုင်တယ်။ ဟယ်လီဘာတန် က ရေနံ၊ဓာတ်ဆီ၊ဓာတ်ငွေ့ ကုမ္ပဏီကြီးတစ်ခုပါ။

ဘာသာပြန်လိုက်တော့ စကားလုံး အရေးအဖွဲ့ကိုတော့ ခံစားလို့ သိပ်မရတော့ဘူးပေါ့။ ဘန်စတိန်းက သူရှေ့က ရေးခဲ့တဲ့စာတွေနဲ့ ပုံစံအားဖြင့် အတော်ကွဲတဲ့ ဒီကဗျာကို စာအုပ်နောက်ဆုံးမှာ ထည့်ထားတယ်။ ညံ့တဲ့ကဗျာတွေမှာ ကာရန်ယူလေ့ ရှိကြတဲ့ စကားလုံးတွေနဲ့ ရေးထားတာမျိုးကိုလည်း တွေ့ရတယ်။ တမင်လုပ်ထားတယ်လို့ ယူဆရတယ်။

---------------

မိန်းကလေးဆန်သူရဲ့ ဘဲလက် ကဗျာ
(ဖီးလစ် အတွက်)

အမှန်တရားက မျက်ရည်ဇာပုဝါပါးအောက်မှာ ဖုံးနေတယ်
ပူဆွေးသူတွေရဲ့ အနာဖေးတွေက ကြောက်ရွံ့မှုနဲ့ ထူသထက်ထူလာတယ်

တချိန်ကအဆိုပြုခဲ့တဲ့ ဒီမိုကရေစီတစ်ခုဟာ
တဖန် ပါးလျ ပိတ်ဖုံးခဲ့ပြန်တယ်
အမုန်းနဲ့ အခွံအုပ်ထားဖို့ကို ပိုဆန္ဒရှိတဲ့
ရက်စက်တဲ့ဒီဇိုင်းနဲ့ လူတွေကြောင့်

အရှုပ်အထွေး ဆိုတာ စာ လေး လုံးပါတဲ့ စကားလုံးပဲ
မရှိတာတွေ နဲ့ ရှိတာတွေကိုပဲ ထည့်တွက်ချင်သူတွေအတွက်
ဒါဝင်ရဲ့ အချက်အလက်တွေကို ဆဲရေးသူတွေအတွက်
ဟယ်လီဘာတန်အရပဲ အမှန်တရားကို ကိုးကွယ်ဖို့လေ

အမှန်တရားက မျက်ရည်ဇာပုဝါပါးအောက်မှာ ဖုံးနေတယ်
ပူဆွေးသူတွေရဲ့ အနာဖေးတွေက ကြောက်ရွံ့မှုနဲ့ ထူသထက်ထူလာတယ်

ငရဲပြည်က လူရမ်းကားတွေက အမှန်တရားစတိုးဆိုင်ကို သိမ်းယူသွားကြပြီ
သူဌေးတွေက ပိုချမ်းသာလာ၊ ဆင်းရဲသားတွေက ပိုမြန်မြန်သေကြ
ဒါကိုတားမြစ်တဲ့ တစ်ဦးတည်းသောဘုရားဆိုရင် ဘုရား လုံးလုံးမဟုတ်တော့ပဲ
ပြောစရာမလိုတဲ့ ချေးထုပ်ဖြစ်သွားတယ်။

ဒီတော့လည်း မိန်းကလေးဆန်တဲ့လူတစ်ယောက် ဖြစ်လိုက်တော့
မိန်းမလိုရပ်တည်
မိန်းမသီချင်းကို ဆို
မိန်းကလေးဆန်တဲ့ ထဘီဝတ်ပြီး က တော့

ကဗျာဟာ အကြမ်းဖက်စစ်ပွဲမှာ ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး
ဒါပေမယ့် အမှားကိုလည်း အမှားက ဘယ်တော့မှ ပြန်ထောက်ခံမှာ မဟုတ်ဘူး

ငါတို့ မိန်းကလေးဆန်သူတွေဟာ မကြောက်ကြဘူး
မသေချာမှုကိုဖြစ်ဖြစ် အကြောင်းပြချက်ကိုဖြစ်ဖြစ် အပြန်အလှန်မှီခိုနေမှုကိုဖြစ်ဖြစ်
ငါတို့က မတိုက်ခင် စဉ်းစားကြတယ်၊ ပြီးတော့ ထပ်စဉ်းစားကြပြန်တယ်
ငါတို့ကြမ္မာကို နားထောင်ခြင်းတို့၊ အနုပညာတို့၊ အလျှော့ပေးညှိနှိုင်းခြင်းတို့မှာ ကြေညာထားကြတယ်

ဒီတော့လည်း မိန်းကလေးဆန်တဲ့လူတစ်ယောက် ဖြစ်လိုက်တော့
မိန်းမလိုရပ်တည်
မိန်းမလိုမိန်းမရဆန်ပြီး စိတ်ကြီးဝင်လိုက်စမ်းပါ
ငါတို့ဟာ စစ်ပွဲဆီသို့ ငါတို့လမ်း ကို ဘယ်တော့မှ မလိမ်ညာဘူးဆိုတာ

မိန်းကလေးဆန်သူတွေက ခရစ်တော်ကို သတ်ခဲ့ကြတယ်
ဒီတော့ ပလက်တီနမ် ဒီဗွီဒီ က ပြောတယ်
ဂျူးတွေ လူမည်းတွေ ဂေးတွေဟာ
လမ်းကြာင်းမှာ ရပ်နေကြတုန်းပဲတဲ့

စိတ်မကောင်းပါဘူး မင်းတို့ဘုရားသခင်ကို ငါတို့သတ်လိုက်တယ်
ဟိုး.. ရှေးရှေးကတည်းက
ဒါပေမယ့် အီရတ်က စစ်သားအသေ တစ်ယောက်တိုင်းဟာ
အတွင်းမှာရှိတဲ့ ဘုရားသခင်ကို သတ်ကြတာ၊ အဲဒါ မသေသေးတဲ့ ဘုရားသခင်

အမှန်တရားက မျက်ရည်ဇာပုဝါပါးအောက်မှာ ဖုံးနေတယ်
ပူဆွေးသူတွေရဲ့ အနာဖေးတွေက ကြောက်ရွံ့မှုနဲ့ ထူသထက်ထူလာတယ်

ဒီတော့လည်း မိန်းကလေးဆန်တဲ့လူတစ်ယောက် ဖြစ်လိုက်တော့
မိန်းမလိုရပ်တည်
မိန်းမသီချင်းကို ဆို
မိန်းကလေးဆန်တဲ့ ထဘီဝတ်ပြီး က တော့

ငရဲပြည်က လူရမ်းကားတွေက အမှန်တရားစတိုးဆိုင်ကို သိမ်းယူသွားကြပြီ
သူဌေးတွေက ပိုချမ်းသာလာ၊ ဆင်းရဲသားတွေက ပိုမြန်မြန်သေကြ
ဒါကိုတားမြစ်တဲ့ တစ်ဦးတည်းသောဘုရားဆိုရင် ဘုရား လုံးလုံးမဟုတ်တော့ပဲ
ပြောစရာမလိုတဲ့ ချေးထုပ်ဖြစ်သွားတယ်

ဒီတော့လည်း မိန်းကလေးဆန်တဲ့လူတစ်ယောက် ဖြစ်လိုက်တော့
မိန်းမလိုရပ်တည်
မိန်းမလိုမိန်းမရဆန်ပြီး စိတ်ကြီးဝင်လိုက်စမ်းပါ
ငါတို့ဟာ စစ်ပွဲဆီသို့ ငါတို့လမ်း ကို ဘယ်တော့မှ မလိမ်ညာဘူးဆိုတာ

ပူဆွေးသူတွေရဲ့ အနာဖေးတွေက ကြောက်ရွံ့မှုနဲ့ ထူသထက်ထူလာတယ်
အမှန်တရားက မျက်ရည်ဇာပုဝါပါးအောက်မှာ ဖုံးနေတယ်

ချားလ်စ် ဘန်စတိုင်းန်


ပန်ဒိုရာ


8 comments:

ရွှေရတုမှတ်တမ်း said...

ခေါင်းမြီးခြုံအောက်မှာဆိုလို့ မလေးမလေးအကြောင်းလား..အာရပ်မလေးအကြောင်းလားလို့ ဖတ်ကြည့် တာ..ဘကျောက်တော့ ကဗျာနဲ့ နားဝေးလိုက်ပုံများက ကဗျာသာဆုံးသွားရော..အဓိပ္ပါယ် ဘာမှန်းမှကို မသိဘူး...(ကိုယ့်ကိုယ်ကို ဖေါ်ရသေးတယ်)

pandora said...

ကျေးဇူး ဦးကျောက်း)
အစကတော့ တမင် ပြင်းအောင် ပြန်ကြည့်ထားတာ။ နည်းနည်းပြင်လိုက်တယ်။ ဆိုလိုရင်းတွေ လွဲမှာစိုးလို့။

ကိုပေါ said...

အမှန်တရားက ကိုယ်လုံးတီးနဲ့ပါဗျာ။ Naked Truth လေ။ ဒါကို အရှက်သည်းတတ်တဲ့ လူတွေက အမြင်မတော်ဘူးဆိုပြီး ခြင်ထောင်ဇာနဲ့ ဖုံးပေးလိုက်တာ နေမှာပါ။း-)

Maung Myo said...

အမှန်တရားဟာ ဘယ်တော့မှ အဖြေမထွက်တဲ့ သချာင်္တွက်ကိန်းပဲဖြစ်မှာ အမှန်တရားဆိုတာ အမြဲတမ်း အနိုင်ရစမြဲဆိုပြီး ဘဘကြီးတို့ မှားနေလျှက်နဲ့ နိုင်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲမသိး) အမှန်တရားဆိုတာ မြွေခွံအိတ်အောက်မှ ပိပြားနေတယ် ။

မိုးယံ said...

ငရဲပြည်က လူရမ်းကားတွေက အမှန်တရားစတိုးဆိုင်ကို သိမ်းယူသွားကြပြီ
သူဌေးတွေက ပိုချမ်းသာလာ၊ ဆင်းရဲသားတွေက ပိုမြန်မြန်သေကြ
ဒါကိုတားမြစ်တဲ့ တစ်ဦးတည်းသောဘုရားဆိုရင် ဘုရား လုံးလုံးမဟုတ်တော့ပဲ
ပြောစရာမလိုတဲ့ ချေးထုပ်ဖြစ်သွားတယ်
သိပ်ကြိုက်မိတဲ့ စာသားလေးတွေပေါ့

လင်းဒီပ said...

တရားမျှတမှု အမှန်တရား ဒီမိုကရေစီ
ဇာပုဝါပါးလေးနဲ့ ခဏခဏ ဖုံးလွှမ်း ခံနေရပေါ့..။

Hmoo said...

Nice....thx ..pan pan :)

သော်ဇင်စိုး said...

ကောင်းလိုက်တဲ့ ကဗျာ..
ငရဲပြည်က လူရမ်းကားတွေက အမှန်တရားစတိုးဆိုင်ကို သိမ်းယူသွားကြပြီ
သူဌေးတွေက ပိုချမ်းသာလာ၊ ဆင်းရဲသားတွေက ပိုမြန်မြန်သေကြ
ဒါကိုတားမြစ်တဲ့ တစ်ဦးတည်းသောဘုရားဆိုရင် ဘုရား လုံးလုံးမဟုတ်တော့ပဲ
ပြောစရာမလိုတဲ့ ချေးထုပ်ဖြစ်သွားတယ်။.
ဆိုတာကို အရမ်းကြိုက်တယ်.. အတွေးတွေရဲလိုက်တာ..