
အတွေးတွေက စွေနေလိုက်တာ မနက်ခင်းတစ်ခုလုံး တောက်တောက်ကျနေပြီ။ ရာသီဥတုက ခေါင်းဘက်ကိုပါနေတာ ကြာပြီပဲ။ အင်္ကျီအိပ်ကပ်ထဲက မိုးရေစက်တွေကို အတွေးတွေစင်သွားရင် အအေးမိကုန်မှာစိုးလို့ လက်ဖ၀ါးနဲ့အုပ်မိုးပြီး အပူငွေ့ပေးထားရတယ်။ အက်ကွဲကြောင်းတွေအတိုင်း စီးဆင်းစပြုလာတဲ့ အတွေးတွေအောက်မှာ ပြန့်ကျဲနေတဲ့ မိုးရေတွေကတော့ ခိုက်ခိုက်တုန် ခိုလှုံရာ လိုက်ရှာနေကြရတယ်။ မနေ့တနေ့ကမှ နာလန်ထစ မိုးပေါက်တွေ အတွေးအပူချိန် နိမ့်နိမ့်အောက်မှာ ခံနိုင်ရည်ရှိပါ့မလား။ တခြိမ်းခြိမ်း တွေးသံတွေမှာ ဖျားနာခြင်းစိတ္တဇကလည်း အက်ခိုးရိုက်နေတယ်။ တစ်ချက်တစ်ချက်မှာ လျှပ်ကနဲ ၀င်းကနဲ အတွေးတွေ လက်လက်ခါ နေတယ်။ နဖူးအလယ်က ရေတွက်ရင် ညာဘက်အထက်ယွန်းယွန်း သုံးလက်မခန့် အကွာအဝေး ခေါင်းတွင်းတစ်နေရာကို ဗဟိုပြုပြီး ဦးနှောက်မုန်တိုင်း ဆင်စပြုနေပြီ ဆိုပဲ။။ အတွေးတွေဟာ လေသံတွေနဲ့ မကြာမီ ပူးပေါင်းမိပြီး နှစ်ဆယ့်လေးစက္ကန့်အတွင်း ကက်တဂိုရီ အဆင့်ငါး အကြီးစား ဆိုင်ကလုံးတစ်ခုအဖြစ် ကူးပြောင်းတော့မယ်။ ဒါဟာ တစ်သက်မှာ တစ်ခါ ဆိုသလို မိုးပြိုရတဲ့ အဖြစ်မျိုးပဲ။ မိုးရေစက်များ ကောင်းကင်မြင့်ရာဘက်သို့ အမြန်ဆုံး ရွှေ့ပြောင်းကြပါ။ အတွေးဒဏ်ခံ အဆောက်အဦဟာ သင်နေထိုင်ရာ တိမ်တိုက်နှင့် လေပြင်းတစ်ဝှေ့ အကွာအဝေးမှာ ရှိပါတယ်။ တစ်မီလီမီတာအောက် မိုးရေပေါက်ကလေးများနှင့် သက်တမ်းရင့်ရော်သော တုန်ချိချိ မိုးရေစက်များကို ဦးစားပေးကြပါ။ မကြာခင်မှာပဲ အတွေးတွေက အရှိန်ပြင်းပြင်း တဝေါဝေါ တိုက်ခက်လာတယ်။ မြန်နှုန်းမြင့် အတွေးအုပ်ကြီးကို သဲအိတ်တွေနဲ့ ကာလို့ မရတော့ဘူး။ သင့်အတွေးကြောင့် မိုးရေချိုများ မခါးပါစေနှင့် ဆိုတဲ့ သတိပေး ဆိုင်းဘုတ်ကြီးဟာ အရင်ဆုံး တရှိန်ထိုး ပြိုကျသွားပြီး အတွေးလှိုင်းလုံးတွေ အောက်မှာ ၀ါးမျိုခံလိုက်ရတယ်။ မိုးရေစက်တွေဟာ အတွေးရှိန်အောက်မှာ တလွင့်လွင့်နဲ့ နီးစပ်ရာ ဓါတ်တိုင်/အုန်းပင်ကို ဖက်တက်ကြတယ်။ မြားတွေလို ချွန်မြနေတဲ့ အတွေးကြောင်းတွေက မိုးစက်အတော်များများကို တစစီဖွာထွက်သွားအောင် ခွဲဖြာပစ်ခတ်လိုက်ကြတယ်။ ဒီလိုနဲ့ တွေးတယ် တွေးတယ်။ ဘေးတိုက်တွေးတယ်။ ကန့်လန့်တွေးတယ်။ ဖြန့်ထွက်တွေးတယ်။ ဖောက်ထွက်တွေးတယ်။ တွေးရင် တွေးတယ်လို့မှတ်။ မှတ်ရင် မှတ်တယ်လို့တွေး။ ငါတွေးတယ် ဒါကြောင့် ငါရှိတယ်။ ငါရှိတယ် ဒါကြောင့် ငါတွေးတယ်။ တွေးတယ် တွေးတယ်။ တွေး တွေး တွေး တွေး။ အတွေးတစ်ရာညက်ခန့် ကြာသောအခါ အတွေးများ တဖြည်းဖြည်း စဲစပြုလာပါပြီ။ မကြာမီမှာ ခေါင်းတွင်းပိုင်း ဘယ်ဘက်အရပ်သို့ ရွေ့လျားကာ အရှိန်လျော့ ပျက်ပြယ်သွားမည်ဟု ယူဆရပါကြောင်း။ မသေမပျောက် ရှင်ကျန်ခဲ့သည့် မိုးရေစက်များ သက်ဆိုင်ရာကို အမြန် သတင်းပို့ပါရန်။ သန်းပေါင်း သန်းပေါင်း သန်းပေါင်း သန်းပေါင်း များစွာသော ဒုက္ခသည်မိုးရေစက်များ အတွက် စာနာဝမ်းနည်းမိကြောင်း သတင်းထုတ်ပြန်ချက်များ ဖန်သားပြင်ပေါ်မှာ တစ်ခုပြီးတစ်ခု အလုအယက် ပေါ်လာပြီ။ အတွေးတွေ မှောင်မိုက် အုပ်ဖုံးသွားခဲ့သည့် ပတ်ဝန်းကျင်တစ်ခုလုံး ညစ်ပတ်စုတ်ပြတ်လို့။ အပျက်အစီး အကျိုးအပဲ့ အကြေအမွများ။ ပက်လက် မှောက်ခုံ ပေါလောပေါ်လာသော မိုးရေသေကောင်များ။ မောလိုက်တာ။ ဆာလိုက်တာ။ ငတ်လိုက်တာ။ ရေ.. ရေ .. ရေ။ အနီးအနားက လက်ကျန်မိုးရေတချို့ကို ကောက်မော့မယ် လုပ်ပြီးမှ တွန့်ဆုတ်မိတယ်။ မိုးရေတွေ အရင်လို ချိုမြသေးရဲ့လား။
ပန်ဒိုရာ
မသက်ဝေက မိုးရွာချိန်အတွေး ရေးဖို့ တက်ဂ်လာလို့ ဆက်ရွာလိုက်တာပါ။
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
2 days ago





20 comments:
ကောင်းလိုက်တဲ့အက်ဆေး မိုးရွာထဲလမ်းလျှောက်သွားတယ်
ဖတ်လို့ကောင်းတယ်နော်၊၊ perfectstorm..ကြည့်နေရသလိုလို........
မုန်တိုင်းတွေသိပ်မထနဲ့ကွာ :)
ရေးတတ်သူများကြတော့လဲ မိုးရွာတာတောင် စာတစ်ပုဒ် ဖြစ်လို့။ ဟွန့်
အတွေးတွေက သဲသဲမဲမဲရွာ....
မိုးရေစက်တွေက ခိုကိုးရာမဲ့ တိမ်းရှောင် ပြေးလွှား..
မိုးတွေ စဲသွားပေမယ့် အတွေးတွေကတော့ မစဲ... တဖွဲဖွဲ ရွာနေဆဲပါ...
ပြီးတော့ ကိုယ့်အတွက် ရွာကျနေတဲ့ မိုးရေစက်တွေ အရင်လို မချိုမြတော့တာ ကြာပါပြီ...
ကျေးဇူး ပန်ပန်...း))
6 Oct 10, 08:49 PM
kom: အိုက်ပါတယ်ဆိုမှ ပန်ဒိုရာ... :af:
အတွေးမိုးမုန်တိုင်း က ဦးနှောက်ထဲမှာ ရှိတုန်းပဲ.... အတွေးထဲမှာ စွေတုန်းပဲ ပန်ပန်ရဲ့.....
အောင်မလေး...ဒီမှာဖြင့် မိုးအေး အေးလိုက်တာ ၅၀ံFပဲရှိလို့ စောင်ခြုံထဲမှာ ကွေးလို့ကောင်းတုန်း...
အဲဒီမိုးတွေက မိုးခါးရည်တော့ မဟုတ်ဘူး မဟုတ်လားးး
အတွေးကောင်းပါဘိ။
တစ်မျိုးထူးခြားတဲ့ အတွေးလေးပါဘဲ။
မိုးရေစက်တွေကိုတောင် မြင်ယောင်မိပါတယ်..
သည်းသည်းထန်ထန် ရွာသွန်းတာပဲ ကောင်းပါတယ်။ တော်ကြာ အတွေးမိုးခေါင်သွားလို့ ရေးစရာမရှိရင် ဒုက္ခ။
မသက်ဝေလျှာပျက်နေတယ်ထင်တယ်၊
နေမကောင်းဘူးလား... :)
မပန်ရဲ့ ဆန်းကြယ်တဲ့ မိုးအတွေး အကျိုးပြုအတွေး ကောင်း၏...။
ခင်တဲ့
မိုးငွေ့
မပန်ဆီ မရောက်ဖြစ်တာတောင်ကြာပြီ။ ဖတ်စရာအကြွေးတွေ အများကြီးတင်နေတယ်။
အစ်မရဲ့ သည်းထန်စွာရွာသွန်းခဲ့တဲ့ အတွေးစတွေနဲ့ အတူ လိုက်ပါသွားတာ... ကောင်းလိုက်တာ။း)
မျက်လုံးပေါ်ကနေ နှုတ်ခမ်းထောင့် ကို စီးကျလာတော့
ခါးတယ် ... မိုးရေ အဲဒါ မိုးရေ ...
ငြိမ်းစိုးဦး
မပန် ...
အက်ဆေးလေး...
အတွေးလေး ကောင်းလိုက်တာ...
း-)
မပန်ရေ..လင့်ခ် update လုပ်ပေးတဲ့အတွက် ကျေးဇူးပါ။ ဇွန်လည်း ခုမှ update ပြန်လုပ်နေလို့ မပန်လင့်ခ်ကို ယူသွားပါတယ်။း)
ဖတ်လို့ကောင်းလိုက်တဲ့အက်ဆေး....မပန်ရဲ့အတွေးက ဆန်းလိုက်တာ။
လင့်ချိတ်ထားတယ်ဆိုလို့ ကျေးဇူးတင်ပါတယ် မပန်....း)
ပန်ဒိုရာ နေကောင်းသနော်။ စီဘောက်စ်လေး ဘယ်ရောက်သွားသတုံးကွဲ့  ။
hopefully....she 's fine..
ရွေးကောက်ပွဲဝင်နေတယ်မနှောက်ရှက်ရ.....
အတွေးလေး အရမ်းလှတယ်အမရေ...
မွေးနေ့ဖိတ်စာလေး လာပို့ရင်း စာတွေဖတ်သွားတယ်နော်...။
အစဉ်လေးစားလျှက်...
Post a Comment