Wednesday, December 22, 2010

နှစ်ထောင့်တစ်ဆယ်က နားတော့မယ်



နှစ်ထောင့်တစ်ဆယ် နှစ်ထောင့်တစ်ဆယ်နဲ့ ဖလန်းဖလန်းထခဲ့တဲ့ နှစ်လည်း အခုတော့ နှစ်ထောင့်တစ်ဆယ့်တစ် ရှေ့မှောက်မှာ ယိုင်ထိုးလဲပြိုလုပြီ။ ရပ်တန့်လို့မရတဲ့ အချိန်ဆိုတဲ့ ယန္တရားကြီးထဲမှာ အသစ်တွေဟာ တချိန်ချိန်မှာ အဟောင်းဖြစ်ပြီး ချုပ်ငြိမ်းရမှာ ဓမ္မတာ။ ပိုင်ဆိုင်မှုတွေဆိုတာ တဒင်္ဂ။ ဘယ်အရာမှ မတည်တံ့တဲ့ လောက။ အနန္တသူရိယ အမတ်ကြီးကလည်း မျက်ဖြေလင်္ကာမှာ “စံအိမ်နန်းနှင့် ကြငှန်းလည်းခံ မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်းသာလည်း သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တသက်လျာတည်း” လို့ ဆိုခဲ့တယ် မဟုတ်ပါလား။ တချို့ရေပွက်တွေကတော့ ဆူနာမီလောက် ပွက်-ပွက်နိုင်လွန်းတဲ့အတွက် တော်တော်နဲ့ ပြန်မကျသေးတာမျိုး ရှိကောင်းရှိမယ်။

နှစ်အသစ်အသစ်တွေ ရောက်လာတိုင်း ကိုယ်ရေးရာဇ၀င်မှာ အသက်တစ်နှစ်ကြီးတာကို update လုပ်လိုက်ရတာကတော့ သိသာတဲ့ ပြောင်းလဲမှုတစ်ခုပါ။ ဘလော့ဂ်ထဲမှာ စာရေးသားမှုနဲ့ ပတ်သက်လို့တော့ ခါတိုင်းနှစ်တွေမှာ တစ်နှစ်ကို ပို့စ်ပေါင်း တစ်ရာကျော် ရေးခဲ့ပေမယ့် ၂၀၁၀ မှာတော့ သိသိသာသာ ကျဲသွားပါတယ်။ ၆၀ကျော်ပဲ ရှိတယ်။ အရေအတွက်ကျပေမယ့် အရည်အချင်းကတော့ မကျလောက်ဘူးလို့ ကိုယ့်ကိုယ်ကို ကြံဖန်အားပေးရပါတယ်။

မနှစ်က နှစ်ကုန်ခါနီး ရေးခဲ့တဲ့ ပို့စ်မှာ “တစ်နှစ်တာ မကြိုက်များ” ဆိုပြီး ကိုယ့်ကိုယ်ကို မကြိုက်တာတွေ ရေးခဲ့တယ်။ ဒီနှစ်ကတော့ ကြိုက်တာတွေ ရေးမယ်။ လူတွေဟာ ကိုယ့်ကိုယ်ကို ကြိုက်သင့်တယ်။ ဒါဟာ သံသယရှိစရာမလိုဘူး။ ငါအသုံးမကျဘူး ငါ့မှာ ဘာမှမပြည့်စုံဘူး ငါမအောင်မြင်ဘူး စသည်ဖြင့် အားငယ် စိတ်ပျက်နေသူတွေဟာ ကိုယ့်ကောင်းကွက်လေးတွေ ပြန်ရှာကြည့်သင့်တယ်။

၂၀၁၀ထဲမှာ မိသားစုကိစ္စတွေ၊ အလုပ်ဖိစီးမှုတွေ၊ လုပ်ချင်တာလျှောက်လုပ်ချိန်တွေ အတွက် ဦးစားပေးပြီး မှတ်ချက်ရေးတာ မှတ်ချက်ပြန်တာ ဆီပုံးမှာနှုတ်ဆက်တာ အွန်လိုင်းမှာ စကားစမြည်ပြောတာတွေမှာ အင်မတိအင်မတန် အားနာတာကို အတတ်နိုင်ဆုံး ကြိတ်မှိတ်မျိုသိပ်ပြီး လူမှုဆက်ဆံချိန်တွေ အရင်ကနဲ့စာရင် လျှော့ဖြစ်ခဲ့တာကို ကြိုက်တယ်။ ပို့စ်မတင်တာ နည်းနည်းလေးကြာရင် ဧည့်ဝတ်မကျေသလိုလို မနေတတ်မထိုင်တတ် ဖြစ်တတ်တဲ့၊ လာရှာသူတွေ ရှိခဲ့ရင် စိတ်ပျက်သွားမလား စိုးရိမ်တတ်တဲ့ စိတ်တွေကို ဖျောက်ပြီး တခါတလေ ကိုယ့်ဘလော့ဂ်တောင် ကိုယ်ဖွင့်မကြည့်ဖြစ်အောင် ကာလရှည်ကြာ အသည်းတွေ မာနေနိုင်တာကိုလည်း ကြိုက်တယ်။ မူရာကာမိအကြောင်းတွေ ရေးမယ်လို့ ကတိပေးပြီးမှ အာရုံတွေက တခြားဘက်မှာ အနည်ထသွားပြန်တော့ ပိတ်သတ်ကြီးကို အားမနာလျှာမကျိုး ဘာဖြစ်လဲ နောက်မှရေးမှာပေါ့လို့ ခပ်တင်းတင်း စိတ်ထားနိုင်တာကိုလည်း ကြိုက်တယ်။

ရွေ့လျားနေတဲ့ယာဉ်ပေါ်မှာ စာဖတ်ရင် ခေါင်းမူးတတ်တာကို အကျင့်မရရအောင် လုပ်ပြီး ရုံးသွားရုံးပြန်ချိန်တွေ ရထားပေါ်မှာ စာနည်းနည်းပါးပါး ဖတ်ဖြစ်အောင် ကြိုးစားနိုင်ခဲ့တာကိုလည်း ကြိုက်တယ်။ စာရေးတာ နည်းသွားပေမယ့် ပုံလေးတွေကို စိတ်ကိုနည်းနည်း ပိုဆွဲဆန့်ပြီး ရေးဖြစ်လာတာကိုလည်း ကြိုက်တယ်။ ပေါင်ချိန်စက်ကို လနဲ့ချီပြီး မေ့မေ့ပျောက်ပျောက်ထား အစားအသောက် မပျက်ခဲ့တဲ့ အဖြစ်ကိုလည်း ကြိုက်တယ်။ တက်တက်လာတဲ့ သတင်းတွေထဲမှာ အများသူငါလိုပဲ လူဆန်ဆန် စိတ်လှုပ်ရှားလိုက် အတင်းပြောလိုက် ပျော်ရွှင်လိုက် အားမလိုအားမရဖြစ်လိုက် စိတ်ပျက်လိုက်နဲ့ လိုက်လျောညီထွေ လိုက်စီးဆင်းနေရတာကိုလည်း ကြိုက်တယ်။

ဘလော့ဂ်ရေးခါစက ဂျစ်တူးတို့နဲ့ အတူတူ ဘလော့ဂါမြှင့်တင်ရေး တာဝန်ခံတွေအလား လွတ်လွတ်လပ်လပ် တင်ပြပြောဆိုတတ်တဲ့ ယဉ်ကျေးမှုတွေ ထွန်းကားရေးဘာညာ ကြီးကြီးကျယ်ကျယ်စဉ်းစားရ၊ ဘလော့ဂ်ဝက်ခ်ျ စောင့်ကြည့်ရ၊ ဘလော့ဂါအသစ်ပေါ်လာရင် လည်ပတ်မှတ်ချက်ရေး အားပေးရ၊ မရေးတော့ဘူး ဆိုသူတွေကို စည်းရုံးဆွဲဆောင်ရ၊ ဘယ်ဘလော့ဂ်က ကောင်းတယ်ဆိုရင် အချင်းချင်းလက်တို့ရ၊ အခုတော့လည်း ဘာသိဘာသာ အတော်နေတတ်သွားတာကို ကြိုက်တယ်။ တချို့ကိစ္စတွေက သူ့သဘာဝဖြစ်စဉ်အတိုင်း သူ သွားပါလိမ့်မယ်။ အခုဆို အွန်လိုင်းမှာ မြန်မာစာရေးသားခြင်း အလေ့အထဟာ အရှိန်ကောင်းလာလိုက်တာ ကိုယ်မသိတော့တာတွေလည်း အများကြီး ကိုယ့်ကို မသိတာတွေလည်း အများကြီး။ ဒီလိုပဲ အစဦးပိုင်းက ရေးခဲ့သူတွေလည်း တဖြုတ်ဖြုတ်ပျောက်သွားကြတာတွေ ရှိလာခဲ့တယ်။ အွန်လိုင်းဘ၀တွေက ပျောက်သောသူကြာရင်မေ့ ဆိုတော့လည်း ကျန်တဲ့လူတွေက မေ့မေ့ပျောက်ပျောက် ဆက်လက် လည်ပတ်နေကြဆဲ။

ကြိုက်တာတွေက ရှိဦးမှာပါ။ ဒီလောက်နဲ့ နားဦးမယ်။ ဘာမှမရှိတာနဲ့ စာရင် တစ်ခုခုရှိတာတော့ ကောင်းတာပေါ့ ဆိုတာမျိုးက အခုနောက်ပိုင်းမှာ ခေတ်စားလာတယ် မဟုတ်လား။ မကြိုက်တာတွေကို ပြင်မရတာနဲ့စာရင် ရှိတာလေးတွေကို ရှာဖွေပိုက်စိတ်တိုက်ပြီး အခုလိုကြိုက်လိုက်တော့လည်း မအေးပေဘူးလား။ ကုသိုလ်ကံပေး မရသေး နှောင့်နှေးဗျာပါ မရှိရာ ဆိုပြီး ထမင်းကြမ်းလေး ယပ်ခပ်စားနိုင်ကြစေဖို့ နှစ်ထောင့်တစ်ဆယ့်တစ် အကြို ဆုတောင်းပေးလိုက်ပါတယ်။


ပန်ဒိုရာ

23 comments:

ကိုဇော် said...

ဘလော့ဂ် လောကကြီးကတော့ ဆက်လက် လည်ပတ် သွားတော့မှာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ကြိုက်ပါတယ်။

မေဓာဝီ said...

အသည်းရယ်မာ
ဘလော့ကို ခွါပါလို့
ပန်ဒိုရာ ကညာနှမရယ်က
ထာဝရ စိတ်ပြောင်း။

နှစ်ဟောင်း ကုန်ပြီ
အဖြစ်ပေါင်း စုံကာစီလို့
ဘုံဌာနီ ဒီအွန်လိုင်းမှာတော့
ကြုံလာသည် ရှောင်မလွှဲနိုင်၍
ဖေ့ဘွတ်ကို ဂျောင်း။
***
ဒေါ်ပန်ရေ ... အကောင်းတွေချည်း ရေးထားတာလဲ ကောင်းပါတယ် ကောင်းပါတယ်။ :)

★Craton said...

အပေါ်က အန်တီမေဓာဝီရေးသွားတာကို သဘောကျလို့ပြုံးမိတယ်။

“အွန်လိုင်းဘ၀တွေက ပျောက်သောသူကြာရင်မေ့ ဆိုတော့လည်း ကျန်တဲ့လူတွေက မေ့မေ့ပျောက်ပျောက် ဆက်လက် လည်ပတ်နေကြဆဲ။”
သိပ်မှန်တယ် တီပန်။
ကြိုက်တာတွေကို ကြိုက်တယ်လို့ရေးချသွားတာလေးကို ကြိုက်တယ်။

rose said...

ကိုယ်ကိုယ်ကိုယ် ကြိုက်တဲ့ အကြောင်းအရာတွေ လာဖတ်သွားပါတယ်။ အပေါ်က အစ်မမေဓာဝီ စာချိုးလေး ဖတ်ပြီး ပြုံးမိတယ်း)

sonata-cantata said...

တို့များလည်း ဒီနှစ် ပို့စ်အရေအတွက်ကျလို့ စံချိန်ပြည့်မှီအောင် နှစ်မကူးခင် တင်ပစ်လိုက်မဟဲ့ လို့ စိတ်ကူးသေးတယ်။
နောက်မှ ငါဘာသူနဲ့မှ စာချုပ်မထားပါဘူးလေ ဆိုပြီး
ကျွိကနဲ ဘရိတ်အုပ်လိုက်တယ်။

ချစ်ခင် အားပေးလျက်ပါ ပန်ပန်
၂၀၁၁မှာ ဆုံတွေ့ကြပါစို့

ဇွန်မိုးစက် said...

၂ဝ၁၁မှာ မပန် စာတွေဆက်ရေးနေဦးမယ် ဟုတ်။

မပန်လို အသည်းမာမာနဲ့ လျစ်လှူရှုတတ်အောင် ကြိုးစားကြည့်ဦးမယ်။ (ဘလော့ကို) :D

ပျော်ရွှင်အောင်မြင်သော ၂ဝ၁၁ ဖြစ်ပါစေနော်။

သိင်္ဂါကျော် said...

2010 မှာ မကြိုက်တာတွေကတော့ ကြိုက်တာတွေထက် များမှာ သေချာတယ်..

nyeinsoe said...

blog မှာ စာရေးတော့ ဘလော့ဂါ စာရေးဆရာမ ဖြစ်လာပါတယ် ။ ငြင်းလို့ မရတဲ့ မိမိ ကိုယ်ကို တာဝန်ယူမှု (ဘယ်သူ့ကိုမှ တာဝန်ယူတာ မဟုတ်ပါ) ကနေ အကျိုးဆက်တော့ ရှိလာတာအမှန်ပါ။ အဲဒါ
မိမိ ကိစ္စ ပါပဲ ။ စေတနာ ပါလာရင် တားလို့ မရနိုင်တာ
အသေအချာပါ ။ ခင်မင်ခြင်းဖြင့် ...
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင်ု ဦးဆောင်နိုင်ပါစေ
ငြိမ်းစိုးဦး

seesein said...

ဘယ်မှာရေးရေး ပရိတ်သတ်တွေကတော့ ဖတ်စရာရှိတဲ့နေရာကို လိုက်ပြီးဖတ်ရုံရှိတာပ အမမေ ပြောတဲ့ မျက်နှာစာအုပ်သွားလဲ လိုက်ရုံရှိတာဘဲ ဘယ်နေရာမှာရှိရှိ ဖတ်ဖို့အသင့်ပါ

ခင်မင်လျှက်
seesein

Kay said...

ပျောက်သော သူ.. ကြာရင်မေ့.. အေ့..အေ့..
ဒီဘလော့ ကို အခုမှ ရောက်လာတယ်..
ဖေ့စ်ဘွတ် မှာ တင်ထားတဲ့.... ပန်းချီ တွေ စာတွေ လှ လို့..လိုက်လာကြည့်တာ..
အရမ်းတန်ဖိုးရှိတဲ့ စာတွေပဲ..
ဆက်ရေးပါအုံး..
အားပေးနေမယ်..
ခင်မင်စွာဖြင့်..

း)))

မောင်မျိုး said...

ဒေါ်လေးရဲ့ ကောင်းကွက်လေးတွေ တယ်ကောင်းပါလားဗျး) ကျနော် ဘလော့ရေးဖြစ်အောင် အားပေးခဲ့တဲ့ အစ်မဂျစ်တူုးကိုလည်း သတိရမိတယ် လမ်းကြုံရင်ပြောလိုက်ပါအုံးဗျ မောင်မျိုးက သတိရတဲ့အကြောင်း ။ ဘာလိုလိုနဲ့ ဖလန်း ဖလန်း ထနေတဲ့ 2010 ကြီးတောင် လက်ပြနှုတ်ဆက်တော့မယ်။

ကြိုနှုတ်ဆက်ထားပါတယ် မင်္ဂလာနှစ်သစ် 2011 ပါ ။

သတိုး said...

မူရာကာမိအကြောင်း....စိတ်ရှည်လက်ရှည် စောင့်ဖတ်ပါ့မယ်။ ဖြည်းဖြည်းပဲရေးပါ။ http//thatoe.com

မိုးယံ said...

ဆက်လက်လည်ပတ်သူများထဲတွင် ခြေရှုပ်မည့် တစ်ယောက်ဖြစ်သော မောင်မိုးယံသည် စီနီယာ မမကြီး၏ မှာတမ်းချွေစာများ လာဖတ်ပါသည် ခင်ဗျာ..

ဖဘကိုကူး မယ်ထင်ပ

အနမ်း said...

အရင်တုန်းက ဘလော့မရေးရ ဘလော့မဖတ်ရရင် မနေနိုင်ဘူး. ခုတော့လည်း ပိုစ့်တွေသိပ်မတင်ဖြစ်သလို ဘလော့တွေလည်း သိပ်မလည်နိုင်တော့ဘူးလေ...

ဘာပဲဖြစ်ဖြစ် ကိုဇော်ပြောသလို ဘလော့လောကကြီးက တော့..ဆက်လက်လည်ပတ်နေအုံးမှာလို့ ယုံကြည်ပါ တယ်.
ပန်ပန်ရေ...ဒီပိုစ့်လေးကိုတော့ ကြိုက်တယ်။ နှစ်ထောင့်တစ်ဆယ်က နားပေမယ့်..စာရေးတာကိုတော့ မနားစေချင်ဘူးနော်..

Moe Cho Thinn said...

အကြိုက်တွေကို ရှာဖွေ ပိုက်စိတ်တိုက်ပြီး နားအေးပါးအေး ထမင်းကြမ်း ယပ်ခတ်စားချင်တဲ့ ပန်ပန်ရေ..
အဲဒါလဲ အသက်ကြီးလာလို့ ရင့်ကျက်လာတယ် ဆိုရမလား၊ မပြင်နိုင်မဲ့အတူတူ စိတ်လျှော့ထားလိုက်ရတာလားလေ..
ပုံ
ထမင်းကြမ်းကို အဲကွန်းခန်းမှာ ခြေပစ်လက်ပစ် တလုံးစီ စားနေသူ

အိမ့်ချမ်းမြေ့ said...

ဂျစ်တူးတို့ ကိုတက်စ်လာတို့ အခြားအခြားသော စာမရေးတော့သော ဘလောဂါများကို မလေးတော့ မမေ့ပေါင်.. တိုက်ဆိုင်မှုတွေရှိတိုင်း သတိရမိပါတယ်။

အိုင်ပက်တွေအိုင်ဖုန်းတွေပေါ်မှာလည်း ပန်းချီလှလှလေးတွေဆွဲပါ..ဖဘကိုလည်းကူးပါ.. ဒါပေမယ့်...ဒီနေရာလေးကိုလည်း မေ့တော့ မသွားပါနဲ့..မပန်ရယ်... လို့

Myo Win Zaw said...

မင်္ဂလာနှစ်သစ်ပါ အမရေ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်တော့လည်း စိတ်တမျိုးပြောင်းသွားရင် ပြောင်းသွားမှာပေါ့

sosegado said...

၂၀၁၀ နှစ်ဟောင်းကို အတိတ်ဟောင်းလိုပဲ သဘောထားပြီး
နှစ်သစ် ၂၀၁၁ ကို အစဉ်အလာအရ ကြိုဆိုလိုက်ဦးစို့။
ပျောရွှင်စရာ နှစ်သစ်ဖြစ်ပါစေ။

သက်ဝေ said...

ကိုယ့်ကိုယ်ကိုယ် ကြိုက်ချင်စရာလေးတွေ အခုလို ရှာဖွေစုဆောင်းလိုက်တော့လဲ အတော်လေး ဟုတ်သွားတာပဲ...

ရှေ့ဆက်ပြီးတော့လဲ ကိုယ့်အကြိုက်၊ ကိုယ့်ဆန္ဒလေးတွေနဲ့အတူ စာတွေ ကဗျာတွေ အများကြီးရေး... ပုံတွေ အများကြီးဆွဲ.... ကိုယ် ကြိုက်တာတွေကို စိတ်တိုင်းကျဖန်တီးသွားနိုင်တဲ့ ၂၀၁၁ ဖြစ်ပါစေ လို့ ဆုတောင်းသွားသည်...။

ATN said...

မရေးဘူး... မရေးဘူးနဲ့... မနေနိုင်လို့ရေးဖြစ်ပြန်ပြီ...
မျက်နှာစာအုပ်မှာလို... ကွန်မန့်တွေကို (လိုက်) လို့ရရင်... ကောင်းမယ်နော်... ဥပမာ - မေဓါဝီ... ကွန်မန့်လိုမျိုး...း) (လိုက်) ချင်တယ်... ဒွတ်ခ...း))

ကောင်းကင်ကို said...

ကြိုက်တယ်။

တန်ခူး said...

၂၀၁၀မှာ အလုပ်များလွန်းလို့ ဖလမ်းဖလမ်းထခဲ့တာ အမှန်ပဲ ပန်ရေ... ပို့ စ်၁၆ပုဒ်နဲ့ ဘလော့ဂါဘ၀ကို အသက်ဆက်နေခဲ့တဲ့ ၂၀၁၀... ပန့် လို ကိုယ့်ကိုယ်ကို ကြိုက်တာလေးတွေ ထိုင်တွေးကြည့်မိသွားတယ်... စကားမစပ်... ဟိုတနေ့ က ခရစ္စမတ်eveမှာ ပန်ဒိုရာနဲ့ တွေ့ ခဲ့တယ်... ဓာတ်ပုံတောင်ရိုက်ခဲ့သေးတယ်... သိချင်လား... အီးမေးလ်ပို့ လိုက်မယ်နော်...

Anonymous said...

ဘာမှမရှိတာနဲ့ စာရင် တစ်ခုခုရှိတာတော့ ကောင်းတာပေါ့ ဆိုတာမျိုးက အခုနောက်ပိုင်းမှာ ခေတ်စားလာတယ် မဟုတ်လား။ မကြိုက်တာတွေကို ပြင်မရတာနဲ့စာရင် ရှိတာလေးတွေကို ရှာဖွေပိုက်စိတ်တိုက်ပြီး အခုလိုကြိုက်လိုက်တော့လည်း မအေးပေဘူးလား။ ကုသိုလ်ကံပေး မရသေး နှောင့်နှေးဗျာပါ မရှိရာ ဆိုပြီး ထမင်းကြမ်းလေး ယပ်ခပ်စားနိုင်ကြစေဖို့ နှစ်ထောင့်တစ်ဆယ့်တစ် အကြို ဆုတောင်းပေးလိုက်ပါတယ်။
ဆိုတာ....များကို.. ရည် ညွန်းလေသလား မပန်ရယ်။း)
mm