ဆရာချိုတူးဇော်ရဲ့ “တရံရောအခါ ဂင်္ဂါ” ကို ဖတ်ဖြစ်ပါတယ်။ အလင်းသစ်စာပေက ၂၀၁၀ နိုဝင်ဘာမှာ ဖြန့်ချိခဲ့တဲ့ လုံးချင်းဝတ္ထုစာအုပ်ပါ။
“အဲဒီ မြင့်မြတ်သော မြေနဲ့ မြင့်မြတ်သော အာရိယန်အမျိုးသားမှာ ဘယ်အရာက ပိုမြင့်မြတ်တယ် တန်ဖိုးရှိတယ်လို့ကော သင်ထင်သလဲ အမတ်ကြီး။ တကယ်လို့ ဒီမြင့်မြတ်သော မြေအတွက် မြင့်မြတ်သော အာရိယန်အမျိုးသားတွေရဲ့ အသက်တွေ၊ ဘ၀တွေကို ပေးဆပ်ရလောက်အောင် တန်ဖိုးရှိတယ်ဆိုရင် အသက်ပေါင်း ဘယ်လောက်အတိုင်းအတာအထိ ပေးဆပ်သင့်ပါသလဲ။ ကျွန်ုပ်တို့ ရှိရှိသမျှ အာရိယန်အမျိုးသားများအားလုံး ပြည်သူလူထု တစ်ရပ်လုံးရဲ့ အသက်ခန္ဓာတွေကို ပေးဆပ်မှ ရမယ်ဆိုရင်ကော ဒီသက်မဲ့မြေကြီးဟာ ဒီအာရိယန်တွေရဲ့ အသက်မဲ့ ခန္ဓာတွေ မြှုပ်ဖို့ကလွဲပြီး ဘယ်နေရာမှာများ အသုံးဝင်နိုင်ဦးမလဲ အမတ်ကြီး”
စစချင်းအခန်းမှာ ဖတ်လိုက်ရတဲ့ စကားပြောခန်း စာတစ်ပိုဒ်က စာအုပ်ကို အဆုံးအထိ မရပ်မနား ဆက်ဖတ်စေဖို့ ဆွဲဆောင်ခဲ့ပါတယ်။ အသောကဘုရင်ရဲ့ စစ်လက်သဲချွန်တွေက ဒေသတ၀ှမ်းကို ကြဲဖြန့်ကုတ်ခြစ်နေတဲ့ ဘီစီ ၂၆၀ အချိန်များကို နောက်ခံပြုထားတဲ့ ဒီစာအုပ်မှာ အဖွဲ့အနွဲ့အရေးအသားတွေ ဇာတ်လမ်းဇာတ်ကွက်တွေ သမိုင်းအကိုးအကား အထောက်အထားတွေထက် စဉ်းစားသုံးသပ်ချင်စရာ ထူးခြားလေးနက်တဲ့ အတွေးအခေါ်တွေက ပိုပြီးလွှမ်းမိုးတယ်လို့ ဆိုချင်ပါတယ်။
ဂင်္ဂါမြစ်ဝှမ်းဒေသမှာတည်ရှိတဲ့ ဂင်္ဂါမာလ လို့ အမည်ရတဲ့ နိုင်ငံမှာ လောကအကျိုး ပြည်သူ့အကျိုးအတွက် တွေးခေါ်မြော်မြင်မှုကြီးမားတဲ့ သီရိသကျသုဓမ္မဘုရင်၊ ဘုရင်နဲ့ ညီရင်းအစ်ကိုလို ချစ်ခင်ရင်းနှီးသလို ကိုယ့်မွေးရပ်မဟုတ်ပေမယ့် ကြီးပြင်းနေထိုင်လာခဲ့ရတဲ့ တိုင်းပြည်ကို မြတ်မြတ်နိုးနိုး သစ္စာစောင့်သိတဲ့ သက်တော်ရှည်အမတ် စန္ဒသူရိယ၊ ပြည်သူလူထုအပေါ် စိတ်စေတနာ မှန်ကန်ပြီး ရဲစွမ်းသတ္တိပြည့်ဝတဲ့ တပ်မှူးကြီး နန္ဒ၀ံသ တို့က ဒီဝတ္ထုမှာ အဓိကနေရာက ပါဝင်ကြပါတယ်။ ဂင်္ဂါမာလနိုင်ငံကို ကျူးကျော်ဝင်ရောက်လာတဲ့ အသောကရဲ့ စစ်တပ်တွေကို အနိုင်တွန်းလှန်နိုင်ခဲ့လို့ အောင်ပွဲသဘင် ဆင်ယင်ဖို့ ပြင်ဆင်နေကြပုံနဲ့ ဇာတ်လမ်းကို အစပျိုးထားပါတယ်။
ဇာတ်လမ်းအစမှာတင် မေးခွန်းတွေက ရှိလာပါတယ်။ အသောကရဲ့ တပ်တွေကို တွန်းလှန်နိုင်ခဲ့ပေမယ့် စစ်ပွဲမှာ ကျဆုံးသွားတဲ့ သားတွေရဲ့ အမေတွေ၊ လင်ယောင်္ကျား ဆုံးရှုံးသွားတဲ့ မုဆိုးမတွေ၊ ဖခင်မဲ့သွားတဲ့ သားသမီးတွေဟာ အောင်ပွဲခံ ပျော်ရွှင်နိုင်ကြပါ့မလား။ ဒီအောင်ပွဲကရော ဘယ်လောက် တည်တံ့နိုင်တဲ့ အောင်မြင်မှုလဲ။ အားကောင်းလှတဲ့ အသောကရဲ့ စစ်အင်အားကို ဂင်္ဂါမာလဟာ နောက်ထပ် ဘယ်နှစ်ကြိမ် ခုခံတွန်းလှန်နိုင်ဦးမှာလဲ။ အသက်တွေ ဘယ်လောက်စတေးရဦးမှာလဲ။
ဘုရင် သီရိသကျ ဟာ အားလုံးအတွက် ရေရှည် လွတ်မြောက်ငြိမ်းချမ်းရာ နည်းလမ်းတစ်ခုကို ကြံဆပါတယ်။ မျိုးရိုးဇာတိမာန် ကြီးမားတဲ့ ဂင်္ဂါမာလတိုင်းသား အရိယန်နွယ်ဖွားတွေဟာ ပိုင်နက်နယ်မြေကို တစ်လက်မကျုးကျော်မခံ ခုခံကာကွယ်လိုစိတ် ပြင်းထန်ကြပါတယ်။ တကယ်တော့လည်း ဂင်္ဂါမြစ်ဝှမ်းဒေသဆိုတာ မဇ္ဈိမကနေ ပြောင်းရွှေ့လာကြတဲ့ အရိယန် ဘိုးဘေးဘီဘင်တွေ လက်ထက်က ဒေသခံ ဒြာဝီဒီယမ်တွေလက်ထဲက တိုက်ခိုက်လုယူခဲ့ကြတာပါတဲ့။
“စန္ဒသူရိယ.. စစ်ဟာတိုင်းနိုင်ငံကြောင့် ဖြစ်ရတာမဟုတ်လား၊ ခေတ်အဆက်ဆက် စစ်ပွဲတွေဟာ ဒီသက်မဲ့မြေကြီးအတွက် ဖြစ်ကြရတာမဟုတ်လား၊ မြေကြောင့်ဖြစ်ရတဲ့ စစ်ပွဲ၊ ရေကြောင့်ဖြစ်ရတဲ့ စစ်ပွဲ၊ စည်းစိမ်ဥစ္စာ ကညာဒေ၀ီကြောင့် ဖြစ်ရတဲ့ စစ်ပွဲ လူတွေရဲ့လောဘ ဒေါသတွေကို ရှောင်လွှဲဖို့ နည်းလမ်းကောင်းတစ်ခုကို သင်ဘာကြောင့် မရှာဖွေတာလဲ”
“ကျွန်ုပ်တို့ ဂင်္ဂါမာလဆိုတဲ့ အနှောင်အဖွဲ့ကို စွန့်ပယ်နိုင်ပါမှ၊ တိုင်းနိုင်ငံဆိုတဲ့ စွဲလမ်းခြင်း အနှောင်အဖွဲ့ကို ဖျောက်ဖျက်ပစ်နိုင်ပါမှ စစ်ဆိုတဲ့သမိုင်းရဲ့ မပြီးမစီး မရိုးမအီနိုင်တဲ အစဉ်အလာ ဘေးဆိုး သံသရာကနေ လွတ်မြောက်နိုင်ကြမယ်”
စစ်ရဲ့ အနိဌာရုံအကျိုးဆက်တွေကို ရှောင်ကွင်းနိုင်ဖို့အတွက် ဘုရင် သီရိသကျဟာ နိုင်ငံကို စွန့်ပြီး လှည့်လည်သွားလာနေထိုင်တဲ့ စနစ်တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီ အတွေးအခေါ်ကို လူတွေကြားမှာ သဘောပေါက် နားလည်နိုင်စေဖို့ ဒဿနဖလှယ်ပွဲတွေ လုပ်ပေးခဲ့တယ်။ မိဖုရားကြီး အပါအ၀င် လတ်တလော ခံစားစံစားနေရတဲ့ အဆင်ပြေမှုတွေ စည်းစိမ်တွေကို မစွန့်လွှတ်နိုင်သူတွေကတော့ ဘုရင်ရဲ့ ဒဿနကို လက်မခံနိုင်ကြဘူး။
ဇာတ်လမ်းတလျောက်မှာ တချို့အသေးစိတ် အချက်ကလေးတွေဖြစ်တဲ့ စစ်ဒဏ်ကို ကြိတ်ခံနေရတဲ့ ပြည်သူလုထု၊ ခေတ်ပျက်ထဲမှာ အာဏာရှိသူတွေနဲ့ ပေါင်းပြီး စီးပွားဖြစ်နေသူ လူတစ်စုအကြောင်း၊ ဒဿနပညာရှင်တို့ရဲ့ မာန်မာနတွေအကြောင်း၊ အတွေးအခေါ်မှန် တစ်ခုအပေါ် ဇဝေဇ၀ါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်း စတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။
ဘုရင်ရဲ့ စီမံမှုအောက်မှာ လူစုခွဲပြီး ဂင်္ဂါမာလကနေ တဖြည်းဖြည်း ထွက်ခွာလို့ လူမျိုး နိုင်ငံဆိုတဲ့ စည်းမျဉ်းဘောင်တွေကို ခွာချလိုက်တဲ့အခါ တီထွင်မှုတွေ အနုပညာတွေ ဆန်းသစ်တိုးတက်လာပုံ၊ ရယူဖို့မဟုတ်တဲ့ ပေးဆပ်ခြင်းဆိုတဲ့ ငြိမ်းချမ်းတဲ့ အလင်းဓာတ်ကို နိုင်ငံမျိုးစုံကြားမှာ လှည့်လည် ဖြန့်ဝေ ထွန်းညှိပေးနိုင်ခဲ့ပုံတွေဟာလည်း စိတ်ဝင်စားစရာပါ။
ဘုရင့်စကားကို လေးစားမြတ်နိုးပြီး အမှန်တရားကို နားလည် သဘောပေါက်မှုက တစ်ဘက်၊ နိုင်ငံကို နောက်ဆုံးစက္ကန့်အထိ တွန်းလှန်ချင်တဲ့ တာဝန်သိစိတ်က တစ်ဘက်၊ သွေးစက်တွေကို ကျော်နင်းထားတဲ့ အနှစ်သာရမဲ့ အောင်မြင်မှုနဲ့ ရုပ်ဝတ္ထုမပါတဲ့ အေးချမ်းတဲ့ အောင်မြင်မှု၊ စတဲ့ ဆန့်ကျင် အားပြိုင်မှုတွေကိုလည်း စာအုပ်ထဲမှာ အသေးစိတ် ခံစားကြစေချင်ပါတယ်။
ဒီဝတ္ထုက အထက်အောက်ဒေါင်လိုက် အနက်အရှိုင်း စဉ်းစားစရာရော ဘေးတိုက်ဖြန့်ထွက် အကျယ်အပြန့် စဉ်းစားစရာကိုပါ ပေးခဲ့ပါတယ်။
တိုင်းပြည်၊နိုင်ငံ ဆိုတာတွေကို ကာကွယ်ကြပါတယ် ဆိုတဲ့နေရာမှာ ဆုပ်ကိုင်ထားတဲ့ ရုပ်ဝတ္ထုတွေနဲ့ တန်ဖိုးရှိလှတဲ့ လူ့အသက်တွေ ဘ၀တွေ၊ ဘယ်အရာတွေအတွက် ဘယ်အရာတွေကို စတေးနေကြပါသလဲ ဆိုတာ စဉ်းစားစရာပါ။ တာဝန်ဝတ္တရားရှိသူတွေ ကာကွယ်စောင့်ရှောက်နေတယ် ဆိုတာ ပြည်သူလူထု ဆိုတဲ့ နေထိုင်သူလူသားတွေ အတွက်လား၊ တိုင်းပြည်ဆိုတဲ့ နယ်နိမိတ်စည်းတစ်ခု ဒါမှမဟုတ် အကျိုးစီးပွားဖြစ်ရာ ဒေသတစ်ရပ် အတွက်လား၊ အချုပ်အခြာ အာဏာလို့ ဆိုတဲ့နေရာမှာလည်း တိုင်းပြည်၊နိုင်ငံရဲ့ အချုပ်အခြာအာဏာလား၊ တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုရဲ့ အချုပ်အခြာအာဏာအတွက်လား။
“စစ်မက်ကို ရှောင်ကွင်းဖို့ စစ်မက်ကို ခင်းကျင်းမယ် ဆိုတာလောက် မိုက်မဲလှတဲ့ ဖြေရှင်းမှုမျိုး ရှိပါ့မလား” တဲ့။ ကမ္ဘာပေါ်မှာ လူတွေ အသိဉာဏ် ယဉ်ကျေးမှု မတိုးတက်ခင် ကျောက်ခေတ် ကြေးခေတ်တွေကတည်းက ပြဿနာတွေကို တိုက်ခိုက်သတ်ဖြတ်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းခဲ့ကြတယ်။ ယဉ်ကျေးလှပါပြီ တိုးတက်လှပါပြီလို့ ဆိုတဲ့ လက်ရှိခေတ်ကြီးမှာလည်း ပိုအဆင်မြင့်တဲ့ လူသတ်လက်နက်ဆန်းတွေနဲ့ တိုက်ခိုက်ဖြေရှင်းဖို့ ခြိမ်းခြောက်အနိုင်ယူဖို့ မိုက်မိုက်မဲမဲ ကြိုးပမ်းနေကြတုန်း မဟုတ်ပါလား။ သံလွင်ခက်ကို ကိုက်ချီထားတဲ့ ငြိမ်းချမ်းရေး ချိုးဖြူငှက်ကလေးဟာ အဖော်မဲ့စွာ နှောင်ချိုင့်သွင်း အကျဉ်းချခံနေရဆဲပါ။
လူမျိုးတူရာ ဒေသတူရာ ဒါမှမဟုတ် အယူဝါဒတူရာတွေ စုပြီး နိုင်ငံအလံတွေရယ်လို့ ကမ္ဘာပေါ်မှာ စိုက်ထူ သတ်မှတ်လာခဲ့ကြတယ်။ အားကြီးသူတွေက အားနည်းသူတွေဆီက မြေကို ကျုးကျော်လုယူခဲ့ကြတယ်။ နယ်နိမိတ်စည်းတွေပေါ် အခွင့်အရေးယူမှု အလွဲသုံးမှုတွေကြားမှာ မညီမျှတဲ့ လူ့တန်ဖိုးတွေ၊ အိမ်ဝေး အိမ်ပြေး အိမ်ပျောက်ရသူတွေ၊ လှေတစ်စီးကို နိုင်ငံပြုပြီး မျောလွင့်နေရတဲ့ နိုင်ငံမဲ့လူသားတွေ ပေါ်လာခဲ့တယ်။ အတွေးအခေါ်ပညာရှင်ကြီး ဆိုကရေးတီးကတော့ ပြောခဲ့ပါတယ်။ "I am not an Athenian, or a Greek, but a citizen of the world." ကျွန်ုပ်ဟာ အေသင်သားလည်းမဟုတ်၊ ဂရိလူမျိုးလည်းမဟုတ်၊ ကမ္ဘာ့နိုင်ငံသားတစ်ဦး ဖြစ်တယ် .. တဲ့။
“ခြေလေးတစ်ဖ၀ါးချချင်တယ်
ကျောလေးတစ်ခင်း ခင်းချင်တယ်
အရိပ်ကလေး တစ်ရိပ် ခိုချင်တယ်
ဒီကမ္ဘာကြီးက ကျွန်တော်တို့ ကမ္ဘာ မဟုတ်ဘူးလား မေမေ
မေမေ နင်းထားတဲ့ မြေသားက ကမ္ဘာလား မိုင်းလား
ဖေဖေ့နှလုံးသားထဲ စိုက်နေတဲ့ ကျည်ဆန်က
ကျွန်တော် သွားရမယ့် မြေပုံ အညွှန်းလား”
ဆိုတဲ့ ကိုရွေးရဲ့ “ပါလက်စတိုင်း ကလေးငယ် တစ်ဦးရဲ့ မေးခွန်း” ဆိုတဲ့ ကဗျာလေးကိုလည်း သတိရဖွယ်ပါ။ ဒီကမ္ဘာကြီးက လူသားတွေအားလုံးအတွက် ကမ္ဘာ မဟုတ်ဘူးလား။
ဆရာချိုတူးဇော်ရဲ့ “တရံရောအခါ ဂင်္ဂါ” က စာဖတ်သူရဲ့ အတွေးထဲမှာ ခြေရာလှလှတွေ ချန်ရစ်ပေးခဲ့ပါတယ်။
ပန်ဒိုရာ
23/01/2011
(ဒီစာအုပ်ထွက်နေတာကို ပြောပြပြီး ညွှန်းပေးခဲ့တဲ့ မနော် (မနော်ဟရီ) ကိုလည်း ကျေးဇူးအထူးတင်ရမှာပါ.း))
3 comments:
သိပ်ကောင်းတဲ့ စာအုပ် အညွှန်း သုံးသပ်ချက်လေးပါပဲ ပန်ပန်ရေ ... လူကြုံရှိရင် မှာပြီး ဖတ်ကြည့်အုံးမယ် ... ။
"စစ်မက်ကို ရှောင်ကွင်းဖို့ စစ်မက်ကို ခင်းကျင်းမယ် ဆိုတာလောက် မိုက်မဲလှတဲ့ ဖြေရှင်းမှုမျိုး ရှိပါ့မလား” ဆိုတဲ့ စကားလေး အလွန်သဘောကျပါ၏။
စာကောင်းလေးတွေ မျှဝေပေးတာ ကျေးဇူးအထူးတင်တယ် အရီးပန် ...
ရှာဖတ်အုံးမယ် ရီဗြူးကောင်လေးကြောင့် စာအုပ်ကောင်းလေး ဖတ်ရတော့မယ် ကျေးဇူးပါ ။
အခုတလော ဖတ်ချင်နေတဲ့ စာအုပ်မျိုးမို့ ဒီပို့စ်က ကျနော့်အတွက်တော့ အဆင်ကိုသင့်လို့...
လူကြုံလည်းရှိနေတာကြောင့် မှာလိုက်အုံးမှ...း)
Post a Comment