Sunday, March 27, 2011

ပန်ဒိုရာဘလော့ဂ် ၄ နှစ်ပြည့်




မတ်လ ၂၇ ဟာ ပန်ဒိုရာရဲ့ ဘလော့ဂ် ၄ နှစ်မြောက်မွေးနေ့ ဖြစ်ပါတယ်။

လေးနှစ်တာအတွင်းမှာ ဘလော့ဂ်ပေါ် တင်ခဲ့တာတွေ များပြီ ဆိုပေမယ့် နောက်ပိုင်းမှာ ပို့စ်တင်တာ ပိုကျဲလာခဲ့ပါတယ်။ စိတ်ဝင်စားမှုက စုံတဲ့အတွက် ရေးခဲ့တာတွေကလည်း အမျိုးအစား စုံနေခဲ့တယ်။

ကဗျာ
ကဗျာလို့ ပီပြင်တာတွေရော မပီပြင်တာတွေရော အတော်များများ ရေးခဲ့ပါတယ်။ ကဗျာကိုတော့ ရင်ထဲမှာ ကဗျာပုံစံနဲ့ ပြောပြချင်စိတ် ပေါ်လာတဲ့အခိုက် တစ်ခါတည်း ချရေးလိုက်မိတာ များပါတယ်။ ရေးပြီးရင်လည်း ချက်ချင်း ကောက်တင်လိုက်ဖြစ်တယ်။ ကဗျာတွေကိုရေးတဲ့အခါမှာ စိတ်လိုက်မာန်ပါ မတင်လိုက်ဘဲ အချိန်ယူပြီး စကားလုံးတွေကို ပိုကျေနပ်အောင် ထပ်ကာထပ်ကာ ပြန်ပြင်ဆင်ပြီးမှ တင်ဖို့ သူငယ်ချင်းတစ်ယောက်ကတော့ အကြံပေးဖူးတယ်။

ဝတ္ထုတို
တချို့ စဉ်းစားစရာတွေကျတော့ ဇာတ်ကြောင်းတွေထဲမှာ သိမ်းဝှက်ပြီး ပြောပြချင်ပြန်လာတယ်။ ၀တ္ထုတိုရေးရတာကို နှစ်သက်ပေမယ့် မကြာခဏတော့ မရေးနိုင်ဘူး။ ၀တ္ထုတိုတစ်ပုဒ် (ကောင်းကောင်း မကောင်းကောင်း) ဖြစ်လာဖို့ ပန်ဒိုရာ့အတွက်တော့ အချိန်ယူ အားထုတ်ရပါတယ်။ တစ်ထိုင်တည်းနဲ့ ရေးလို့ မပြီးဘူး။ တချို့ အကြောင်းအရာတွေဆိုရင် စိတ်ထဲမှာ နှစ်နဲ့ချီပြီး အောင်းနေပြီ လှုံ့ဆော်မှုရမှ ချရေးဖြစ်တာတွေ ရှိတယ်။

အက်ဆေး
အက်ဆေးလို့ ခေါ်တဲ့ စကားပြေပုံစံလေးတွေ ရေးရတာကိုလည်း နှစ်သက်ပါတယ်။ အထူးသဖြင့် ရေးနေချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်အာရုံလေးကိုပါ။ ကြည်ကြည်လင်လင် အက်ဆေးလေးတွေ အထူးပြု ရေးချင်တဲ့အတွက် အဲဒီလို ဖန်တီးဖြစ်ဖို့က ပန်ဒိုရာအတွက်တော့ စိတ်လက်ကြည်လင်ပြီး အာရုံစူးစိုက်နိုင်ချိန်မှ ရေးလို့ရတာမို့ အလုပ်ဖိစီးမှုတွေ လူမှုတာဝန်တွေထဲမှာ အများကြီးတော့လည်း မရေးဖြစ်ပြန်ဘူး။

ရုပ်ရှင် ၀တ္ထု ခံစားမှု ဆောင်းပါးများ၊ အခြားစကားပြေများ
Label မှာ essay လို့ခေါင်းစဉ် ရောတပ်ထားမိပေမယ့် ဆောင်းပါးပိုဆန်တဲ့ စာတွေလည်း ရှိပါတယ်။ ရုပ်ရှင်တွေ ၀တ္ထု တွေကို ခံစားပြီး တွေးမိတဲ့အတွေးတွေ၊ သူငယ်ချင်းတွေ တက်ဂ်လာလို့ ကိုယ့်ပုဂ္ဂလိကဘ၀ ပေါ့ပေါ့ပါးပါးတွေကို ရေးဖြစ်ပါတယ်။ ဘလော့ဂ်စရေးခါစကတော့ ဟင်းချက်တာတို့ အစားအသောက်တို့ ဆက်တင်ဖို့ စဉ်းစားခဲ့ပါသေးတယ်။ နောက်တော့ ရသနဲ့ ပတ်သက်တဲ့ဘက်တွေကို ပိုပြီး အချိန်ပေးကြိုးစားကြည့်ချင်တာနဲ့ အထွေထွေတွေကို တတ်နိုင်သမျှ လျှော့ပါတယ်။ ကိုယ်သိနားလည်သလောက် ဗဟုသုတနဲ့ ပတ်သက်တဲ့ ဆောင်းပါး တချို့လည်း အလျဉ်းသင့်သလို ရေးဖြစ်ပါတယ်။ ဥပမာ မူပိုင်ခွင့်လို အကြောင်းအရာမျိုးပေါ့။ ပညာရပ်ဆန်တဲ့ တချို့တချို့သော အကြောင်းအရာတွေကို အင်တာနက်စာမျက်နှာမှာ ကိုယ့်မြန်မာတွေကြား မျှဝေဆွေးနွေးချင်စိတ်မျိုး တခါတခါတော့ အရမ်းကို ပေါ်ပေါက်မိပါတယ်။ ဒါပေမယ့်လည်း ရသဆန်တဲ့စာတွေကိုပဲ ဦးစားပေးပြီး သုတတွေကို အခုအချိန်မှာ မျိုချထားလိုက်ပါတယ်။

ဓာတ်ပုံ
ဓာတ်ပုံရိုက်ရတာကို ဓာတ်ပုံရိုက်လို့ရတဲ့ ကိရိယာတစ်ခုခု လက်ထဲမှာ စရှိတဲ့ အချိန်ကတည်းက စိတ်ဝင်စား ပျော်ရွှင်ခဲ့တာပါ။ ကြုံရင်ကြုံသလို အော်တိုကင်မရာဖြစ်ဖြစ် လက်ကိုင်ဖုန်းဖြစ်ဖြစ် လက်ထဲမှာရှိတာလေးနဲ့ ပုံရိပ်တွေကို ဖမ်းယူခဲ့တယ်။ ဘလော့ဂ်ထဲမှာ ပထမဆုံး စတင်ခဲ့တဲ့ ပို့စ်တွေဟာ အော်တိုကင်မရာလေးနဲ့ ကြိုးစားရိုက်ထားတဲ့ ဓာတ်ပုံပို့စ်တွေပါ။ အခု နောက်ပိုင်းတော့ DSLR ကင်မရာနဲ့ ရိုက်ကြည့်ထားတာတွေ ရှိတယ်။ ဘလော့ဂ် လေးလံမှာ စိုးတာရယ် လာကြည့်သူတွေ ပျင်းမှာစိုးတာရယ်ကြောင့် ဓာတ်ပုံအတော်များများကို facebook ထဲမှာ ပိုတင်ဖြစ်တယ်။ flickr အကောင့်ဖွင့်ထားပေမယ့် နောက်ထပ် platform တစ်ခုမှာ လှုပ်ရှားရဖို့ အချိန် မတတ်နိုင်သေးတဲ့အတွက် အဲဒီမှာ ပုံတွေဆက်မတင်ဘဲ ခဏနားထားပြန်ပါတယ်။

ပန်းချီ
ကွန်ပြူတာထဲမှာ ဆွဲထားတဲ့ ပန်းချီပုံ တွေလည်း တင်ဖြစ်ပါတယ်။ အများစုကတော့ ရေးထားတဲ့ စာတွေအတွက် သရုပ်ဖော်ပုံတွေ အဖြစ်ပါ။ ပုံတွေ လျှောက်ဆွဲတာကလည်း နည်းပညာ နည်းစနစ် မကျွမ်းကျင်ပေမယ့် ၀ါသနာသက်သက်ပါ။ ပုံဆွဲရတာ စိတ်ကိုလည်း ငြိမ်းချမ်းစေပါတယ်။ ပန်းချီဆရာတွေနဲ့ ပန်းချီကားတွေအကြောင်း တချို့ကိုလည်း ရေးဖြစ်ပါတယ်။

ဖြတ်သန်းတယ်ဆိုတာတိုင်းဟာ ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့ရင် အင်တာနက်ထဲမှာ ဖိုရမ်တွေကစပြီး လှုပ်ရှားဖြစ်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကနေ အခုအချိန်အထိ ၆ နှစ်တာလောက် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကို ဂုဏ်ယူရမလားတော့ မပြောတတ်ပါဘူး။ အနည်းဆုံးတော့ မြန်မာစာကို ဇော်ဂျီဖောင့်နဲ့ သွက်သွက် ရိုက်တတ်သွားတာ ဂုဏ်ယူရမယ် ထင်ပါတယ်။ (ဒါတောင် တချို့ရိုက်ထုံးတွေကို မကျွမ်းကျင်တာ ရှိသေးတယ်။ ဥပမာ မှန်ကန်တဲ့ ရရစ်ဝဆွဲ တို့လိုပေါ့။) ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်သန်းခဲ့တာဟာ ပင်လယ်ကြီးပဲ ဖြစ်စေ ချောင်းအဆွယ်မြောင်းငယ်ထဲပဲ ဖြစ်စေ စီးဆင်းစရာတွေက စီးဆင်းပြီးပါပြီ။ အခုလို ဖြတ်သန်းခဲ့တဲ့ အင်တာနက်နဲ့ ပတ်သက်လို့ မြင်မိတဲ့ အမြင်လေးတွေကို ဘလော့ဂ် ၄ နှစ်မြောက် အမှတ်တရနေ့ဖြစ်တဲ့ ဒီနေ့မှာ ချရေးဖြစ်ခဲ့သေးတယ်။ ရှည်နေတာမို့ ဒီပို့စ်ထဲကနေ ဖြတ်လိုက်ပါတယ်။ နောက်မှပဲ တင်လိုက်ပါတော့မယ်။

အင်တာနက်မှာ စာရေးရခြင်း အကြောင်းရင်းကတော့ ၀ါသနာသက်သက်နဲ့ ကိုယ်လုပ်ချင်တာ ပြောချင်တာလေးတွေကို အလကားရတဲ့ စာမျက်နှာပေါ်မှာ အလွယ်တကူ ရေးတင်ဖြစ်သွားပြီး လူအများကို ဝေမျှလိုက်တဲ့သဘောပါပဲ။ ဘ၀အတွက် ဦးစားပေးပြီး ရုန်းကန်လှုပ်ရှားနေခဲ့ရတဲ့ ဟိုးတချိန်က မတတ်သာလို့ ပစ်ချထားခဲ့တဲ့ ၀ါသနာတွေကို တချို့ကိစ္စတွေပြီးစီးပြီး အချိန်ပေးနိုင်တဲ့ တစ်နေ့ ရောက်လာတဲ့အခါကျမှ ပြန်တူးထုတ်ရတာလည်း ဖြစ်ပါတယ်။ ပုံနှိပ်မီဒီယာမှာ တင်ပြဖို့အလေးအနက် မကြိုးစားဖြစ်ခြင်း အကြောင်းရင်းကတော့ ၀ါသနာသက်သက်နဲ့ မနေနိုင်လို့ ရေးတဲ့ လက်ရာတွေသာ ဖြစ်နေတာကတစ်ကြောင်း၊ မြန်မာပြည်ကနေ လုပ်ပေးနိုင်မယ့်သူ အဆင်မပြေတာက တစ်ကြောင်း၊ ပုံနှိပ်မီဒီယာကို ရောက်ရှိစေဖို့ အားထုတ်မှုအတွက် အချိန်ကို မတတ်နိုင်သေးတာက တစ်ကြောင်း စတဲ့ အကြောင်းကြောင်းတွေ ကြောင့်ပါ။ ခင်မင်တဲ့ ဆရာဆရာမတွေရဲ့ တိုက်တွန်းအားပေးကူညီမှုကြောင့် အနည်းငယ်သော စာလေးတွေတော့ ပုံနှိပ်မီဒီယာကို ရောက်သွားခဲ့ပါတယ်။

လက်ရာတစ်ခုကို ဖန်တီး ပြီးသွားတဲ့အခါ ဘယ်သူသိသိမသိသိ ပြီးပြည့်စုံ ကျေနပ်သွားကြတဲ့ တကယ့်အနုပညာရှင်တွေ ရှိကြမှာပါ။ ဒါပေမယ့် ကိုယ့်အဆင့်ကတော့ ကိုယ်လုပ်ထားသမျှလေးတွေကို ကောင်းကောင်းဆိုးဆိုး လူတွေကို ဝေမျှချင် ပြသကြည့်ချင်တဲ့ စိတ်အမှန်ရှိနေသေးတာမို့ ရေးထားတာကို လူအများ ဖတ်ရှုဖြစ်ကြတယ်ဆိုလေ ပျော်လေပါပဲ။ ဒီတော့ စာဖတ်သူတွေဟာ ကိုယ့်အတွက်တော့ သိပ်ကို အရေးပါနေပါတယ်။

ဒီနှစ်ပိုင်းမှာ ဘလော့ဂ်ထဲ ပေါ်လိုက်ပျောက်လိုက် လှုမှုဆက်ဆံရေးဘက်က ပျက်ကွက်ခဲ့တာတွေကို မကျေနပ်သူတွေလည်း ရှိကောင်းရှိမယ်။ ပင်ကိုယ်စရိုက်ကိုက ဘာလုပ်လုပ် စိတ်ပါမှ လုပ်နိုင်သူ၊ ဘေးဘီကို သိပ်အာရုံမထားမိတတ်သူ မို့ အသက်အရွယ်နဲ့ ၀တ္တရားတွေ ကြီးလာတာနဲ့အမျှ စိတ်အနားမရတဲ့အချိန်တွေ ပိုပိုလာတဲ့အခါ ပျက်ကွက်တာ ရှိနေရင် ပန်ဒိုရာတစ်ယောက် စိတ်မပါရှာဘူး လို့ပဲ မှတ်ပြီး အဲဒီအပေါ် ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်လိုက်ကြပါ။ ဖြစ်နိုင်ရင် အဓိက အချိန်ပေးချင်တာက စာဖတ်ဖြစ်ဖို့ စာရေးဖြစ်ဖို့ ဖြစ်ပါတယ်။ စာရေးခြင်းရယ်၊ စာဖတ်သူတွေ ဘလော့ဂ်ရေးဘက်တွေအပေါ် အဆင်ပြေစေခြင်းရယ်၊ ဒီနှစ်ခုကြားမှာ ပဋိပက္ခဖြစ်နေတဲ့ အချိန်ကို တတ်နိုင်သမျှ လက်တွေ့ကျကျ ထိန်းညှိနိုင်ဖို့ ကြိုးစားရပါဦးမယ်။

ရေးခဲ့တဲ့ ဘယ်ဘလော့ဂ်ပို့စ် အမျိုးအစားတွေထဲကဖြစ်ဖြစ် အကြံပြုချင်တာ တိုက်တွန်းချင်တာ တုံ့ပြန်ချင်တာရှိရင် ပွင့်ပွင့်လင်းလင်း ရေးသွားဖို့ ကြိုဆိုပါတယ်။ ရှားပါးအဖိုးတန်တဲ့ အချိန်တွေထဲမှာ မည်သည့်အကြောင်းကြောင့်ဖြစ်စေ ပန်ဒိုရာဘလော့ဂ်ကို ရောက်လာဖြစ်သွားတဲ့လူတွေ၊ feed ယူပြီး ဖတ်ဖြစ်သွားတဲ့လူတွေ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။


ပန်ဒိုရာ
၂၀၁၁ မတ် ၂၇

ပြန်ဖတ်လိုပါက
ဘလော့ဂ် ၃ နှစ်ပြည့် ပို့စ်
ဘလော့ဂ် ၂ နှစ်ပြည့် ပို့စ်
ဘလော့ဂ် ၁ နှစ်ပြည့်ပို့စ်

36 comments:

khin oo may said...

အဓွန့်ရှည်ပါစေ။ ဆထက်တပိုးစာကောင်းစာမွန်များရေးနိုင်ဆွဲနိုင်စပ်နိုင်ပါစေ။

ကိုအောင်(ပျူနိုင်ငံ) said...

အမကြီး မခင်ဦး ဆုတောင်းသလို
ပထမဆုံး ပြောချင်တာကတော့ အဓွန့်ရှည်ပါ
စေပေါ့၊ ဒေါ့ကွန်(.com) ပဲ ဒေါ့နတ်တို့ ဘာတို့
ပဲ ဖြစ်ဖြစ် ပြောင်းစေချင်တယ်ဗျာ၊ မြန်မာပြည်
တွင်းက စာဖတ်သူတွေက ကျနော်တို့ ဘလော့
တွေဆီလာဖို့ ကျော်ရခွရတာ အလုပ်မများစေ
ချင်လို့ပါ၊ နောက်တစ်ခုကတော့ ရင်ထဲမှာ ပေါ်
လာတာကို ချက်ချင်းတော့ ချမရေးပဲနဲ့ အကြမ်း
ထဲမှာ ခဏ သိမ်းထားပြီး အချိန်နည်းနည်း
လောက် ယူစေချင်တယ်၊ ဒါလည်း အကြံပြု
တာပါ၊ ကောင်းမယ်ထင်သလို လုပ်ပါ
အားပေးလျက်ဗျို့ ....

Unknown said...

မပန် စာကောင်းပေမွန်တွေ ဆက်လက်ရေးသားချီတက်နိုင်ပါစေ ရှေ့သို့...
ကောင်းသောနေ့ဖြစ်ပါစေ မပန် :)

Angelhlaing(May everybody be happy and healthy! said...

အောင်မြင်မှုတွေနဲ့ ဆက်လက်လျှောက်လမ်းနိုင်ပါစေလို့ ဆန္ဒပြု ဆုတောင်းပေးပါတယ်မမ...
ကောင်းသောနေ့လေးဖြစ်ပါစေ။

Anonymous said...

အလကား ဖတ်နေရ၊ ကြည့်နေရတဲ့အတွက်လေးကိုလည်း ကျေးဇူးတင်ချင်ပါတယ်.. ထပ်ပြီး ဂုဏ်ယူပါတယ်။ ဘလော့ဂ်လေး အသက်ရှည်ကျန်းမာပါစေ..။း)

rose said...

အစ်မ ပန်ဒိုရာ၏ ဘလော့ဂ်လေး ၄ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်း များစွာတိုင် ယခုလိုပဲ စာကောင်းပေမွန်လေးတွေ ရေးပြီး လှပတဲ့ ပန်းချီကား၊ ဓာတ်ပုံလေးတွေ ဝေေ၀ဆာဆာနဲ့ အဓွန့်ရှည် တည်တံ့ပါစေရှင်။

rose of sharon said...

ပန်ပန်လေးရေ... ဘလော့မွေးနေ့၎နှစ်မှသည်... နောင်နှစ်ပေါင်းများစွာ အထိ အောင်မြင်ခြင်းတွေ ပွေ့ပိုက်ထားနိုင်ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ်....

ကိုပေါ said...

ပန်ဒိုရာ၏ အနုပညာလက်ရာများကို အစဉ်အားပေးလျက်ပါ။ စာကောင်းပေမွန်များကို အရင်လိုပဲ အင်တိုက်အားတိုက် ဆက်လက်ရေးသားဖြစ်ပါစေသတည်း။

Ree Noe Mann said...

လေးနှစ်ဆိုတဲ့အချိန်က မနေ့တစ်နေ့ကလိုပါပဲနော်။
ခုတော့ လေးနှစ် နောက်နှစ်ဆို ငါးနှစ် နောက်ထပ် နောက်ထပ်
နှစ်တွေနှစ်တွေ မှာလဲ စာတွေအများကြီးရေးနိုင်ပါစေလို့
ဆုတောင်းနေပါတယ် အမ။

အိန္ဒြာ said...

လေးနှစ်မှသည် နှစ်ပေါင်းများစွာ..
ပြောင်မြောက်ပါစေ..
အောင်မြင်ပါစေ..
တောက်ပ ထွန်းလင်းနိုင်ပါစေ..

ချစ်ခင်စွာ

Nge Naing said...

Happy Birthday!!! သုတရသ စုံလင်လှတဲ့ ဘလော့ဂ်လေးကို အသက်ထက်ဆုံး ဆက်လက် ရေးသားနိုင်ပါစေ။

Anonymous said...

ပန်ပန်ရေ..

အဓွန့်ရှည်ပါစေ။ ဆထက်တပိုးစာကောင်းစာမွန်များရေးနိုင်ဆွဲနိုင်စပ်နိုင်ပါစေ။
(မမဆီက ကူးချလိုက်ပါတယ်..ဟားဟား)

ပေါက်

လင်းဒီပ said...

ဘလောဂ့်မလုပ်ခင်ကတည်းက လေးလေးစားစားနဲ့ လာဖတ်နေကျ ဘလောဂ့်ပါ ။ ရှေ့ဆက်ပြီးလည်း ရတဲ့အချိန်လေးတွေထဲက အစ်မပန်ရဲ့ လက်ရာသန့်သန့်လေးတွေ ဆက်ရေးနေပါဦးလို့...။

အသုတ်စုံကျောက် said...

ပန်ဒိုရာဆိုတာ ဘာလဲဆိုတာသိပြီ...
ကဗျာလဲရေးတယ်၊ ဝတ္ထုလဲရေးတယ်၊ ပန်းချီလဲဆွဲတယ်၊
ဓါတ်ပုံလဲရိုက်တယ်......
သီချင်းပါဆိုတော့မယ်ထင်တယ်...
ထို့ကြောင့် ပန်ဒိုရာဆိုသည်မှာ....မိန်းမ ဝင်းဦး ဟုထင်မြင်ယူဆမိပါကြောင်း....

သက်ဝေ said...

လေးနှစ်ပြည့် ဘလော့ဂ်လေးအတွက် ဝမ်းသာ ဂုဏ်ယူပါသည်...
နောင်ကိုလည်း အသစ် အသစ်သော ဖန်တီးမှုပေါင်း များစွာကို စိတ်ပါလက်ပါ ဖန်တီးနိုင်စေရန်...
ကိုယ်ရေ စိတ်ပါ ကြည်လင်ချမ်းမြေ့နိုင်စေရန်...
အချိန်နှင့် အပေးအယူ တည့်စေရန်...
ချစ်ခင်စွာဖြင့် ဆုတောင်းသည်...။

sonata-cantata said...

ပန်ပန်ရေ အစဉ် အားပေးလျက်

ဧရာသီတာ

အိမ့်ချမ်းမြေ့ said...

မပန်တွက်..
မလေး ဖဘ မှာ လက်ဆောင်ထားထားပေးတယ်...
I hope you'll like it.

ကဗျာတွေ..စာတွေများကြီးဆက်ရေးနိုင်ပါစေ..
ပန်းချီတွေ လည်း ဆွဲနိုင်ပါစေ..
အစစ အောင်မြင်ပါစေလို့..

ခင်တဲ့..
မလေး

ချော(အစိမ်းရောင်လွင်ပြင်) said...

မပန်ရေ
အနုပညာနဲ့ပတ်သက်တဲ့ ၀ါသနာတွေ အများကြီးဘဲနော်
ဒီလို စွယ်စုံရဖို့ဆိုတာ တကယ်ကို မလွယ်ပါဘူး
မိမိဖန်တီးတဲ့ အနုပညာတွေကို သူများတွေကိုလည်း ချပြရင်းကိုယ်တိုင်လည်း စိတ်ကျေနပ်သလို သူများတွေလည်း ကြည်နူးနိုင်တာမို့ ၂ဦး၂ဘက် အကျိုးရှိတဲ့အလုပ်လို့ မြင်တာပါဘဲ။
ခုလို ကိုယ့်အတွက်ရော သူများအတွက်ပါ အကျိုးရှိတဲ့ အနုပညာအလုပ်လေးတွေကို ဒီ၎နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာချမ်းသာ ကိုယ်စိတ်ရွှင်လန်းစွာဖြင့် ဆောင်ရွက်နိုင်ပါစေ။
ပန်ဒိုရာမည်သော ပင်စည်ကြီးမှ ကဗျာ၊ ပန်းချီ၊ စာပေ၊ ဓါတ်ပုံ စတဲ့ အနုပညာ ပန်းကလေးများ လန်းလန်းစွင့်စွင့် ဖူးပွင့် ဝေဆာနိုင်ပါစေလို့

ဆုတောင်းများစွာဖြင့်

Anonymous said...

Happy Birthday... ပါဗျာ...
ဒီမွေးနေ့ကနေ စပြီး နောက်နောင် နှစ်ပေါင်းများစွာ တိုင်အောင် အဓွန့်ရှည် တည်တံ့နိုင်ပါစေ....

sosegado said...

ဒီကစ၍ နှစ်ပေါင်းများစွာ ရေးနိုင်ပါစေ၊ ဘလောက် မရေးခင်ထဲက လာဖတ်လေ့ရှိပါတယ်၊

အဖြူရောင်နတ်သမီး said...

ခံစားချက်...
ဗဟုသုတ...
အတွေး...
အရေး...တွေစုံလင်တဲ့ တန်ဖိုးရှိတဲ့ မပန်ရဲ့ဘလော့ဂ်လေး ဆက်လက် အဓွန့်ရှည်ပါစေရှင်...။
အစဉ်လေးစားလျှက်...
(အမြဲရောက်တယ် မပန်ရေ...)

မောင်မျိုး said...

ကျနော် ဒေါ်လေး ဆီမှာ အကြိုက်ဆုံးက ရုပ်ရှင်ရီဗြူးလေးတွေနဲ့ စာအုပ်ရီဗြူးလေးတွေကြိုက်တယ်း)


၎ နှစ်မှစ နှစ်ပေါင်းများစွာ ဆက်ရေးနိုင်ပါစေဗျာ ။

PhyoPhyo said...

ကဗျာ၊ ၀တ္ထုတို၊ အက်ဆေးကောင်းတွေအများကြီးပဲ ဒီမှာရှိတယ်
ပညာရပ်ဆိုင်ရာတွေလည်း ရှိတယ်၊
(ကော်ပီရိုက်ပိုစ့်တုန်းက သိချင်တာတွေသိလိုက်ရလို့ ကျေးဇူးတင်မိတယ်)
ဓာတ်ပုံလှလှတွေလည်း ဒီဘလော့ဂ်လေးမှာတွေ့ရတယ်၊
ဒီအဖိုးတန်လှလှပပဘလောဂ့်လေးရဲ့ လေးနှစ်ပြည့်မွေးနေ့ကနေ နှစ်တွေအများကြီး အသက်ရှည်ကျန်းမာပါစေ၊
ဆုတောင်းပေးပါတယ်။

တီချမ်း said...

မမပန်ပန်ရေ
မေးချင်တာလေး တခုရှိလို့
ဆောင်းပါးနဲ့ အက်ဆေး ဘယ်လိုခွဲသလဲ
အမ ရဲ့ သတ်မှတ်ချက်ပေါ့

ညိမ်းနိုင် said...

လေးနှစ်ပြည့်မှ...နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်ပါစေဗျာ

An Asian Tour Operator said...

စာတွေ၊ ကဗျာတွေ၊ ပုံတွေ တခုတ်တရ လာဖတ်ဖြစ်၊ ကြည့်ဖြစ်တယ်။ ဖေ့စ်ဘွတ်မှာ လဲ မလွတ် စေရဘူး။ ပန်ဒိုရာ ဆိုတဲ့ ဘရန်းနိမ်း နဲ့ ထွက်တဲ့ ဖန်တီးမှု ပရောဒတ် မှန်သမျှ အဆင့်မြင့်မြင့် နဲ့ အကောင်းစား ချည်းပဲ။

အားပေးလျက်ပါ။

ချစ်ကြည်အေး said...

ပန်ပန်ရေ....ကိုအေအေတီအို ပြောသလိုပါပဲ....။
ပန်ပန့်လက်ရာတွေ အကုန်ကြိုက်တာပါ...
၎နှစ်ခရီးဆိုတာ မနည်းမနောပဲ...ဆက်လက် အားထုတ်နိုင်ပါစေ ပန်ပန်ရေ....

အားပေးဖတ်ရှု့လျက်....

တောက်ပကြယ်စင် said...

မပန်ရေ ဘလော့ဂ်လေးနှစ်ပြည့်မှသည် နောက်နှစ်ပေါင်းစွာတိုင်အောင် မပန်ဝါသနာဖြစ်တဲ့ စာပေ၊ ကဗျာ၊ ပန်းချီ၊ ဓာတ်ပုံစတဲ့ အသီးအပွင့်များကို ဘယ်လိုအနှောင့်အယှက်မျိုးမှ မတွေ့ရဘဲ ရှောရှောရှူရှူ၊ ကောင်းကောင်းမွန်မွန်၊ အဆင်ပြေစွာနဲ့ ဖူးပေးခွင့်၊ ပွင့်ပေးခွင့်၊ သီးပေးခွင့်ရနိုင်ပါစေ၊ အောင်မြင်ပါစေ၊ ဆက်လက်တည်တံ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

kay said...

အရသာ ကနေ..ရသ ကို ပြောင်းသွားစေခဲ့တဲ့..ဘလော့ရွာလေး ထဲမှာ..

တပ်မတော်နေ့ မှာ စရေးခဲ့တဲ့ ဘလော့လေး..ရဲ့


စိတ်မပါ ပုံ နဲ့ ရေးထားတဲ့.. ၄ နှစ်ပြည့် မှတ်တမ်းလေး ...

Hmoo said...

လေးနှစ်တိုင်တိုင
်စာရေးဆရာကဖျာဆရာ
စာစီစာရိုက်နဲ့ ဒီဇိုင်းအဆင်ပြင်၊
ပန်းချီများအတွက်၊
သေလောက်အောင်ဂုဏ်ယူပါတယ်ဆရာပန်ပန်
:)

Anonymous said...

ပန်ပန်ရေ ...

ဘလော့ခရီး ၄ နှစ်မှသည် နှစ်များစွာတိုင် ခြေလှမ်းစိပ်စိပ်နဲ့ ဆက်လှမ်းနိုင်ပါစေ။

မမေ

ခနွဲ said...

လေးနှစ်ပြည့် မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာ အဓွန်ရှည်ပါစေခင်ဗျာ။ လိပ်စာ သိတဲ့အချိန်မှ စ၍ အမြဲတမ်း ၀င်ဖတ်နေတဲ့ ခနွဲ.

Anonymous said...

မူလအတိုင်း အကောင်းဆုံးသောလက်ရာများဖန်တီးဖြန့်ဝေနိုင်ပါစေခင်ဗျာ
မောင်ကျည်ပွေ့

blueskyforest said...

လေးနှစ်ဆိုတာ မနည်းလှဘူး။ သမ္မတ သက်တန်း တခု စာပဲ။ ဘွဲ့တခုလည်း ရနိုင်တယ်။ ကလေး လည်း လေးယောက် ရနိုင်တယ်။ ဆရာ ဇော်ဂျီက ဗေဒါလမ်းကဗျာတွေကို လေးနှစ်မက ရေးခဲ့တယ်။ ၀ိုင်တလုံးဟာ လေးနှစ်ကြာရင် အရာသာ ကောင်း လာပြီ။ မြန်မာပြည်ရဲ့ အာဏာရှင်တွေ ကတော့ လေးနှစ်ပေါင်း ငါးကြိမ်လောက် အနည်းဆုံး အုပ်စိုး ရမှ ကျေနပ်တယ်။ ဘွန်ဆိုင်းဆိုတဲ့ ဂျပန်အပင်ပုမျိုး ကတော့ နှစ်တရာကျော်တဲ့အထိ ချစ်စရာကောင်း တုန်းပဲ။ ပန်ဒိုရာ ကျန်းမာပါစေ။

ပုံရိပ် said...

မပန်ရေ ဒီလေးနှစ်မှသည် နောက် နှစ်ပေါင်းများစွာ ဆက်ရေးနိုင်ပါစေ။ မပန်က ကဗျာမှာ အားအသန်ဆုံး လို့ ထင်တယ်။ စကားလုံးတွေက ထိမိလှပတယ်။ စာကောင်းတွေ ရေးနိုင်တဲ့ မပန် ဒီထက်ပိုပြီး ရေးနိုင်ပါစေ။

မိုးယံ said...

4 ၂ပြည့်မှသည်... နောင်နှစ်များစွာ အောင်မြင်စွာ အဓွန့်ရှည်ပါစေကြောင်း။


တတ်လဲတတ်နိုင်ပုံကို လေးစားအားကျမိပါကြောင်း.. ၀တ္ထု ကဗျာ ဓါတ်ပုံ ပန်းချီ..။