Wednesday, June 22, 2011

စွန့်၍ စွန်လွှတ်ခြင်း


စွန့်၍ စွန်လွှတ်ခြင်း

စွန်ကလေး၊ ခပ်သေးသေးပါ။ ကြွားကြွားရွားရွား အဆင်တန်ဆာတွေ တပ်ဆင်မထားသော၊ ဆေးရောင်စုံ ခြယ်သ မထားသော၊ မည်သည့် အဆောင်အယောင်မျိုးမှ မပါသော စွန်ရိုးရိုးလေး ဖြစ်ပါသည်။ စွန်ကလေးကို နာမည်တစ်ခုခု ပေးနိုင်သည်။ ဥပမာ ကိုကို ဆိုပါတော့။
.
ကိုကိုသည် လူဆိုးကလေး ဖြစ်နိုင်သည်။ မိုးပေါ်ကို ရုန်းပျံဖို့ အမြဲကြိုးစားနေသော စွန်ကလေးသည် တော်လှန်ပုန်ကန်လိုစိတ် တမျိုးမျိုး ကိန်းအောင်းနေသူလေးပဲ ဖြစ်ရမည်။ ကိုကိုသည် မိဘတွေ မသိအောင် ပိုက်ဆံကို တိတ်တိတ်ယူကာ ဂစ်တာတစ်လက်ကို ၀ယ်လာသော ဆံပင်ရှည်ရှည်နှင့် လမ်းသရဲကလေး ဖြစ်နိုင်သည်။ ကိုကိုသည် ဉာဏ်ကောင်းသလောက် ကျောင်းစာကို မကြိုးစားချင်သော အပေအတေကလေး ဖြစ်နိုင်သည်။ ကိုကိုသည် လိုအပ်လာသောအခါ အများရှေ့ထွက်ပြီး မားမားမတ်မတ် စကားပြောရဲသူ မဟုတ်မခံ ခေါင်းဆောင်ကလေး ဖြစ်နိုင်သည်။ ကိုကိုသည် မုန်တိုင်းကိုအာခံရင်း လေနှင့်အတူလွင့်ပြီး မိခင်မြေကြီးမှ ဝေးရာကို ပျံတက်ကာ ဘယ်တော့မှ အိမ်ပြန်မလာတော့သော စွန်ကလေး ဖြစ်နိုင်ပါသည်။

စွန်ကလေးနှင့် ကိုယ့်ကြားမှာ ကြိုးမျှင်လေးတစ်ချောင်း ရှိသည်။ မှန်စာတိုက်မထားသော၊ သူတပါးနှင့် စီးချင်းထိုးဖို့ မရည်ရွယ်သော၊ မည်သူ့ကိုမှ ပြတ်တောက်နာကျင်အောင် မကြိုးစားသော သာမန် စွန်ကြိုးလေးတစ်မျှင် ဖြစ်ပါသည်။ ကိုယ်ဘယ်လိုမှ မရောက်နိုင်သော ကောင်းကင်ကြီးကို စွန်ကလေးက ကိုယ်စား သွားပေးသောအခါ ကိုယ်နှင့် ကောင်းကင်ကြားမှာ ကြိုးလေးတစ်မျှင်စာသာ ခြားပါတော့သည်။ ထိုအခါ ကိုယ်က စွန်ကလေးကို ကျေးဇူးတင်ရသည်။ ငှက်ကလေးများ၊ တိမ်တိုက်များ၊ သက်တံရောင်စုံများကို ကိုယ်က စွန်ကလေးမှတဆင့် လူကြုံစကား တီးတိုးပါးလိုက်နိုင်သေးသည်။ စွန်ကလေးပေါ်မှာ ကိုယ့်ဒိုင်ယာရီ တစ်အုပ်ကိုလည်း ခပ်နှိပ်ထားလို့ ရပါသည်။

စွန်ကလေး အမြင့်ပျံနေလေလေ စွန်လွှတ်သူမှာ ပျော်ရွှင်ရလေလေ ဖြစ်သည်။ မနာလိုခြင်း ကင်းမဲ့သော၊ ယှဉ်ပြိုင်မှုများမှ ကင်းဝေးသော ၀မ်းသာမှုမျိုးကို အခြား မည်သည့်နေရာမှာများ ရနိုင်ဦးမည် ထင်ပါသလဲ။ ကိုယ်နှင့် ဝေးသထက် ဝေးရာကို ရောက်သွားလျှင် ပိုကျေနပ်ရသော ပိုင်ဆိုင်လိုစိတ်ကင်းမှုမျိုးကို အခြား မည်သည့်နေရာမှာများ တွေ့နိုင်ဦးမည် ထင်ပါသလဲ။ စွန်လွှတ်သူ လက်ထဲမှ ကြိုးမျှင်ကလေးသည် စွန်ကလေး သွားလိုရာကို ရောက်အောင် ကူညီပေးရုံသာ ဖြစ်သည်။ ကမ္ဘာလောကကြီး တစ်ခုလုံးမှာ ဘယ်တော့မှ ချည်နှောင်ဖို့ မရည်ရွယ်သော ကြိုးတစ်ချောင်းကို ပြပါဆိုလျှင် ဤကြိုးမျှင်ကလေး တစ်ချောင်းသာ ရှိပါမည်။ တကယ်လို့များ ကံကြမ္မာဆိုး တစ်ခုခုကြောင့် ကြိုးမျှင်ကလေး ပြတ်တောက်သွားခဲ့သည် ဆိုပါစို့။ အတွယ်အတာကင်းသော စွန်ကလေးသည် ဟိုးအဝေး လကမ္ဘာ ရောက်သည်အထိ စကြ၀ဠာတခွင် နှံ့သည်အထိ မရပ်မနား ပျံသန်းနေဦးမည်ဟု ကိုယ်ကတော့ ယုံကြည်နေပါသည်။

နေ၀င်မိုးချုပ်လာသောအခါ ကောင်းကင်သည် အပြာရင့်လာရာမှ နောက်ဆုံး မဲမဲမှောင်သွားပါသည်။ မီးရောင်စုံ တပ်ဆင်ထားသော စွန်ကလေးတချို့မှာ လေထဲတွင် တဖျတ်ဖျတ် လင်းလက်နေပါသည်။ ရိုးရိုးသာမန် စွန်ကလေး တစ်စင်းကိုတော့ ကောင်းကင်နက်နက်မှာ ဘာမှ မမြင်ရတော့ပါ။ စွန်ကလေး တည်ရှိနေမှုကို ည၏လှည့်စားမှုကြောင့် မမြင်ရတော့သော်လည်း စိုးစဉ်းမျှ ပူပန်စရာမလိုပါ။ လက်ထဲက ကြိုးမျှင်ကလေးက စွန်ကလေး ရှိနေသည်ကို ညွှန်ပြနေဦးမည်။ စွန်ကလေး ပျံတက်နေသည်ကို ခံစားသိရှိ နေစေဦးမည်။ ညရောက်ပြီ ဆိုလျှင်တော့ စွန်လွှတ်သူမှာ ခဏ အိပ်စက်ရဦးမှာပေါ့။ မနက်လင်းလျှင်တော့ တိမ်ပြာပြာ ကောင်းကင်မှာ ၀ဲနေမည့် စွန်ကလေးကို မြင်တွေ့ရဦးမည်။ Good night ကိုကို။


ပန်ဒိုရာ

၂၁.၀၆.၂၀၁၁

9 comments:

မေဓာဝီ said...

ငယ်ငယ်က စွန်လွှတ်တာ သွားသတိရတယ်။
အဲဒီတုန်းကတော့ စွန်တက်သွားရင် ပျော်တယ်။ ပြတ်သွားရင် ၀မ်းနည်းတယ်။ မှန်စာကြိုးကိုတော့ ခိုင်သည်ထက် ခိုင်တဲ့ ကြိုးမှ သဘောကျတယ်။ ကိုယ့်စွန် မပြတ်အောင်လို့ ... ။

"ကိုယ်နှင့် ဝေးသထက် ဝေးရာကို ရောက်သွားလျှင် ပိုကျေနပ်ရသော ပိုင်ဆိုင်လိုစိတ်ကင်းမှုမျိုးကို အခြား မည်သည့်နေရာမှာများ တွေ့နိုင်ဦးမည် ထင်ပါသလဲ။"
အဲဒီလို တခါမှ မတွေးခဲ့ဖူးဘူး။

Cameron said...

ကိုယ်ဖြစ်ချင်တာကို သိချင်တာကို စွန်ကလေးနဲ့ ကြိုးမျှင်လေးတစ်ချောင်းနဲ့ ဖွဲ့ထားတာလေး အရမ်းကောင်းတယ်........။ good night ကိုကို ဆိုတာလေးကို သဘောကျတယ်...။


ခင်တဲ့
မိုးငွေ့

Hmoo said...

ကြိုးမဲ့လေတခွန်တွေရဲ့မိခင်ပန်ပံကိုကျေးဇူး
2 much :)

Anonymous said...

Good evening :)

မောင်မျိုး said...

ဥပမာ လှလှလေးနဲ့ရေးပြသွားတာလေး ဖတ်၇တာ မ၀ဘူးဖြစ်နေတယ်း)

တောက်ပကြယ်စင် said...

ခိုင်းနှိုင်းတတ်ပါ့ မပန်ပန်ရေ။ ဖတ်လို့ ကောင်းမှကောင်း။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

ချော(အစိမ်းရောင်လွင်ပြင်) said...

စွန်လွှတ်သူတစ်ယောက်ရဲ့ ခံစားချက်လေးပေါ့နော်
အရေးအဖွဲ့တစ်မျိုးလေးနဲ့ ဖတ်ချင်စရာကောင်းအောင် ဆွဲခေါ်သွားတာ
ဖတ်ပြီးတော့ တွေးစရာလေး ကျန်နေခဲ့တယ်
ကိုယ်သာဆို စွန်လွှတ်သူလို ပိုင်ဆိုင်လိုစိတ် ကင်းကင်းနဲ့များ ချစ်နိုင်ပါ့မလားရယ်လို့.........

ပြည်ကောင်းအောင် said...

ကောင်းလိုက်တဲ့ အက်ဆေး လေးဗျာ..။

Anonymous said...

စွန်ကလေးကနေ ဘယ်တော့မှ အိပ်တန်းပြန်မလာတော့တဲ့ ငှက်ကလေးတကောင်လဲ ဖြစ်သွားနိုင်သလို
မှောင်နဲ့ မဲမဲထဲက ကြယ်ကလေးတစင်းလဲ ဖြစ်သွားနိုင်တာပါ။ ဘာပဲဖြစ်ဖြစ် ဒေါ်ပန်ရဲ့ စွန်လေးကံကောင်းပါစေ.

တောလူသစ်