Saturday, August 27, 2011

ယေဘုယျမျဉ်းတစ်ကြောင်း


painting icn2 (colour pencil on paper)

ယေဘုယျမျဉ်းတစ်ကြောင်း

မိန်းမကြီးတစ်ယောက်က အရင်ဆုံး မြင်ပြီး လန့်အော်လိုက်တာ
လူတွေ တဖြည်းဖြည်းများလာတဲ့အချိန် အတော့်ကို အေးစက်တောင့်တင်းနေပြီ
ခဏကြာတော့ ရဲတွေရောက်လာ ပတ်ပတ်လည်ကို တိပ်ကြိုးများဖြင့်တား
လက်ဗွေရာယူ နီးစပ်ရာမေးမြန်း စုံစမ်းစစ်ဆေးမှု စတင်
ပျက်ပြယ်စပြုနေတဲ့ မှတ်ပုံတင်ကဒ်ပြားတစ်ပြားနဲ့ သူ့အကြောင်းသဲလွန်စ
ငွေစက္ကူအချို့ အကြွေအနည်းငယ် အကြွေးဝယ်ဘဏ်ကဒ်များ ခြေရာလက်ရာမပျက်
နေ့စဉ်အလုပ်သွားသာမန်ဝတ်စုံကို ၀တ်ဆင်ထား တွန့်ကြေမှုကင်းမဲ့
ဝေဒနာပြင်းပြင်းထန်ထန် ခံစားလိုက်ရပုံ မပေါ် သွေးစသွေးနကင်းရှင်း
ကြွပ်ကြွပ်အိပ်တစ်လုံးထဲမှာ တ၀က်တပျက် ၀ါးမျိုထားတဲ့ ဟမ်ဘာဂါ
ဒါ သူနောက်ဆုံးစားခဲ့တဲ့ ညစာပဲ
သူ ဆိုရှယ် မီဒီယာ/နက်ဝပ် တွေမှာ (ရှိခဲ့ရင်) တက်ကြွခဲ့သလား
သူ့မိသားစုကို တွယ်တာ သံယောဇဉ်ထားခဲ့သလား
သူ့လုပ်ဖော်ကိုင်ဖက်များနဲ့ အဆင်ပြေမပြေ
သူနောက်ဆုံးဆိုခဲ့တဲ့ သီချင်းတစ်ပုဒ် ရှိမရှိ
သူနောက်ဆုံး ဘယ်ကိုဦးတည်သွားခဲ့တာလဲ
သူနောက်ဆုံး ဘယ်သူ့ကို ဖုန်းခေါ်ခဲ့သလဲ
သူနောက်ဆုံး ၀င်ခဲ့တဲ့ အီးမေးလ်အကောင့်ဟာ ဘာလဲ
သူနောက်ဆုံး ချက်တင်း ပြောခဲ့သူ ဘယ်သူလဲ
သူနောက်ဆုံး တစ်ယောက်ယောက်ကို “နောက်ဆုံး” လို့ ပြောခဲ့သေးလား
သူ ကြိုးတစ်ချောင်းကို ဘာကြောင့်မသုံးခဲ့သလဲ
သူ ရေကန်တစ်ကန်ထဲကို ဘာကြောင့်မသွားခဲ့သလဲ
သူ အဆောက်အဦမြင့်တစ်လုံးကို ဘာကြောင့် မစဉ်းစားခဲ့သလဲ
သူ အိပ်ဆေးအလွန်အကျွံ ၀ယ်ယူဖို့ အခက်အခဲ ရှိခဲ့လို့လား
သူ့မှာ လိုင်စင်နဲ့ကိုင်တဲ့ သေနတ်တစ်လက် မရှိခဲ့လို့လား
မကြာမီ ဓါတ်တိုင်မီးများ လင်းလာ လူအုပ်ကွဲစပြု
အရပ်ထဲမှာ ခုနစ်ရက်စာ ပြောစရာများဖြင့် တစီစီကျန်ရစ်
အမိုးပေါ်မှာ အချက်ပြမီးလုံး တ၀ီဝီ လှည့်လည် ဆူညံနေသော ရဲကားများ
မလှုပ်မယှက် သက်မဲ့ခန္ဓာကိုယ်တစ်ခုကို သယ်ဆောင်ထားသော
လူနာတင်ယာဉ်တစ်စီး မြင်ကွင်းမှ ဝေး… ဝေး….. သွား……….။

ပန်ဒိုရာ
၂၃-၂၇.၈.၂၀၁၁

10 comments:

ချစ်ကြည်အေး said...

အရပ်ထဲမှာ ခုနစ်ရက်စာ ပြောစရာများဖြင့် တစီစီကျန်ရစ်...

လူ့သဘာဝ...ထင်ဟပ်အောင်ရေးတတ်လိုက်တာ။ ဒုံးကနဲပဲ ပန်ပန်ရေ...

မိုးယံ said...

သူနောက်ဆုံး ဘယ်ကို ဦးတည် သွားခဲ့လဲ...

အဲဒါလေး သိချင်လိုက်တာ။

တောက်ပကြယ်စင် said...

လူနာတင်ယာဉ်အသံကို ကြားယောာင်နေမိရဲ့။ ကျန်းမာပျော်ရွှင်ပါစေ...

Angelhlaing(May everybody be happy and healthy! said...

ရေးတက်လိုက်တာမမရယ် ... အတွေးတွေနဲ့ ချာချာလည်နေတယ် သူ့ရဲ့ နောက်ဆုံး တစ်စုံတစ်၇ာ စကားတစ်ခွန်း ဘာများဖြစ်မလဲ ဆိုတာကို..
ခံစားအားပေးလျှက်ပါမမ။

Admin said...

အမရေ ကျွန်တော်ဘဲညံတာနေမယ် နားလည်းမလည်ဘူး ဒါပေမယ့်တစ်မျိုးတော့တစ်မျိုးဘဲ

လင်းခေတ်ဒီနို said...

ကဗျာရဲ့ နမိတ်ပုံ ကောက်ကြောင်းကို မြင်လိုက်ရပုံက . . . ပီပြင်တိကျစေတယ် . . .

Cameron said...

ပန်ဒိုရာဆိုတာ ဒါပဲပေါ့....

မြသွေးနီ said...

မိန်းမကြီးနေရာမှာ... ကိုယ်သာဆိုရင်..........လို့ တွေးကြည့်မိလိုက်တော့ ကြက်သီးများတောင် ထသွားရတယ်..။

အိမ့်ချမ်းမြေ့ said...

လွမ်းတယ်...

ဒီကဗျာဖတ်ပြီး ကိုယ်ကိုတိုင် တောင့်တင်းအေးစက်လို့.....

Hmoo said...

ခရက်တစ်ကဒ်တွေကအတော်များလား၊
ကျေးဇူးပါပန်ပန်... :)