Friday, August 17, 2012

အရောင်မဲ့ အတွေးစိမ်းများ ဒေါသတကြီး အိပ်မောကျနေစဉ်


painting - ICN2

အရောင်မဲ့ အတွေးစိမ်းများ ဒေါသတကြီး အိပ်မောကျနေ*စဉ်

နားမလည်ဘူး လို့ အကျယ်ကြီး အော်ပြောလိုက်တဲ့အခါ အက်ဒဗတ်မွန့်ခ် ဟာ နားလည်ကြည့်နဲ့ စာနာလှည့်ကြည့် သူကတော့ နားလည်မှာစိုးလို့တဲ့ နားနှစ်ဘက်ကို အုပ်မိုးကာထားတယ် ဘဝမှာ နားမလည်တာတွေ များလှပြီ ကဗျာတွေမှာ နားမလည်တာတွေ များလှပြီ  ဆောရီး - ဘဝအကြောင်း မပြောကြေး ကဗျာအကြောင်း မပြောကြေး ကဗျာကို ကောင်းကင်ကြီးလို ပင်လယ်ကြီးလို သဘောမထားကြေး - ဒါဆို ဒီကဗျာဆရာ (ရဲ့အရေးအသား) ကို ဘယ်လိုသဘောရသလဲ ဟိုကဗျာသမား (ရဲ့အရေးအသား) ကို
ဘယ်လိုသဘောရသလဲ ဟိုကဗျာအာစရိ (ရဲ့အရေးအသား)ကို ဘယ်လိုသဘောရသလဲ အဲဒီကဗျာချာတိတ် (ရဲ့အရေးအသား)ကို ဘယ်လိုသဘောရသလဲ - သဘောရခြင်း (ရဲ့အရေးအသား) ကို ဘယ်လိုသဘောရသလဲ -  စနက်တံကို မီးရှို့လိုက်ထား ပြီးရင် တရေးတမော စောင့်အိပ်လိုက် တေးထားလိုက် - စကားလုံးတွေကို တေးထားလိုက် အတွေးအခေါ်တွေကို တေးထားလိုက် ခံစားချက်တွေကို တေးထားလိုက် ပေါက်ကွဲမှုတွေကို တေးထားလိုက် အညိုးအတေးတွေကို တေးထားလိုက် တေးသွားတွေကို တေးထားလိုက် စိတ်ထဲမှာ မှတ်စုစာအုပ်ထဲမှာ စက္ကူစုတ်ပေါ်မှာ လက်ဖဝါးပေါ်မှာ ကြမ်းပြင်ပေါ်မှာ အိမ်သာနံရံမှာ ၊ နားမလည်ခြင်းတစ်ခုကိုလည်း တေးထားလိုက်ဦး မသိသေးတာတွေကို သိလို
မသိလို သိစရာလိုမလို (လိုလိုမလိုလို) သိသလိုလို မသိသလိုလို  ပရော်ဖက်ဆာတစ်ယောက်က မုန့်ဗိုင်းတောင့်ကို မသိသလို သမ္မတကြီးတစ်ယောက်က နွားရိုင်းသွင်းချိန်ကို မသိသလို ခေတ်ကာလသားသမီးတွေက ဇယ်ကလေးကို မသိသလို နားမလည်ခြင်းနဲ့ ငါညံ့ဖျင်းခြင်းရဲ့ ကြားက ဆက်စပ်မှုသီအိုရီဟာ အချိုးကျမကျ (ကျကျမကျကျ)- ဒီဝါကျတွေကြားမှာ ဟိုစာကြောင်းကို ဒီစကားလုံးတွေကြားက ဟိုဝေါဟာရကို ဒီဝိသေသနတွေကြားက ဟိုသန်ဗန်နကို (သန်ဗန်န ဘယ်လိုစာလုံးပေါင်းလဲ သမ္ဗန္နလား ထားတော့) ဟိုစကားဆက်ကို ဘာလို့ ထည့်ညှပ်သွင်းလိုက်တယ် ဆိုတာကို  - ဒီစာကို နားမလည်ဘူး ဒီစာကို သူဘယ်လိုနားလည်ပြီး ရေးလိုက်တယ်ဆိုတာ နားမလည်ဘူး ဒီစာကိုနားလည်ဖို့ ငါဘာလို့ ကြိုးစားနေမိပါလိမ့် နားမလည်ဘူး

ပန်ဒိုရာ
၂၀၁၁ ဧပရယ်လ် ၃ စင်ကာပူ မနက် ၂ နာရီ ၂၉ မိနစ်
၃.၄.၂၀၁၁-၂.၂.၂၀၁၂


* Colorless green ideas sleep furiously. (Noam Chomsky)


(ကြိုးညှိခြင်း ကဗျာစာအုပ်မှာ ထည့်မလို့ လုပ်ပြီးမှ မထည့်ဖြစ်တော့တဲ့ ကဗျာ)

2 comments:

လက်ဝဲ said...

ဒီစာကို သူဘယ်လိုနားလည်ပြီး ရေးလိုက်တယ်ဆိုတာ နားမလည်ဘူး

:)

Anonymous said...

ပရော်ဖက်ဆာတစ်ယောက်က မုန့်ဗိုင်းတောင့်ကို မသိသလို မလုပ်ပါဘူးကွဲ့။ လူထဲကလူတွေပဲမဟုတ်လား။ ပိုတောင်လွမ်းနေသေး။