Monday, August 27, 2012

ငါ့ဦးနှောက်ကိုလျှော်ဖွပ်လို့မရဘူး



painting ICN2



ငါ့ဦးနှောက်ကိုလျှော်ဖွပ်လို့မရဘူး

ကိုင်တွယ်ချင်ရင် လက်တွေ စင်ကြယ်အောင် ဆေးလိုက်ဦး
ငါ့ဦးနှောက်ကတော့ သိပ်စွန်းနေပြီ
ဝဲယာအစွန်းကြီးနှစ်ပါးလုံး ထင်းထင်းကြီးစွန်းနေတဲ့ ဦးနှောက်
ငါ့မက်တဲလစ်ကာလာတွေ ဆေးကျကုန်မယ် ရေလာမလောင်းနဲ့
ဟန်းမိတ်စစ်စစ် စုတ်ပြားကြီးကြီးနဲ့ အထူးပြုရေးဆွဲထားတာ  
ငါဟာ စက်တစ်လုံးထဲမှာ လှည့်လည်မနေနိုင်ဘူး
ငါ့ကိုပွတ်ခြေမယ့်လက်တွေကို ဆွဲဆွဲစားတတ်တယ် သတိထား
ငါကဆပ်ပြာမှုန့်တွေကို အလားဂျစ်ဖြစ်တတ်တယ်
ဦးနှောက်အမြှေး ပါးလွှာသွားတဲ့ ပွင့်လင်းမြင်သာမှုမျိုးကို ငါမလိုအပ်ဘူး
ငါ့ကို မှန်ကြည်စပရေးနဲ့ ဖြန်းဖို့မကြိုးစားနဲ့
ရေမှုန်ရေမွှားတွေက ငါ့ဦးနှောက်အဝိုက်တွေကြား နှမ်းဖြူးနေမယ်
ငါ့အရိုးစွဲနံ့တွေဟာလည်း ခဝါချလို့မရဘူး
ငပိငါးခြောက်နံ့ ဒူးရင်းသီးနံ့ ဆူးပုပ်ရွက်နံ့ မိတ္တဗလဋီကာနံ့
ဆီသည်မလက်သုတ်ပုဝါ ရေပေါ်ဝေ့နေတဲ့ အနံ့
သဘာဝနည်းပညာနဲ့ တွက်ချက်ဖော်စပ်ထားတဲ့ အော်ဂဲနစ်ဒြပ်ပေါင်းနံ့
 “ရှေ့သို့” “ထိမ်းသိမ်းရေး” “ပြုပြင်ရေး” အလွှာအထပ်တွေကြား အောက်သိုးသွားတဲ့အနံ့
ငါ့ဦးနှောက်ဟာ အကြမ်းခံရေစိမ်ခံ မဟုတ်ဘူး
အောက်ခြေကနေအထက်ကို တလွှားလွှားတွယ်တက်လာခဲ့တာ
လောင်စာမကုန်သေးတဲ့ နောက်ကြောင်းပြန်မလှည့်စတမ်း ဦးနှောက်
ကောင်းချီးမင်္ဂလာပြုခြင်း မခံရသေးတဲ့ ဦးနှောက်
လွမ်းတေးဖွဲ့ ကွမ်းချေးနဲ့ ဂျွတ်တက်နေတဲ့ ဦးနှောက်
ဝါယာကြိုးတွေအထပ်ထပ် ကွိုင်ပတ်ထားတယ် ရှော့ခ်ရှိနေတယ်
လျှပ်စီးပတ်လမ်းတွေနဲ့ ဓာတ်လိုက်တတ်တယ်
ဘယ်ဦးနှောက်က ညာဦးနှောက်ကို ကမ်းပါးစွန်းကနေ ဟစ်ခေါ်နေတယ်
ငါ့အသံတွေ ငါ့ဆီပြန်ရိုက်လာတော့ ချောက်ထဲ ချော်ကျမသွားအောင်
ပဲ့တင်သံခံနိုင်ရည်ဂုဏ်သတ္တိကို ဂီယာချိန်းရတယ်
ငါ့ဦးနှောက်ကို ဒီဇယ်နဲ့ ဓာတ်ဆီ ထည့်မောင်းလည်းရတယ်
ဓာတ်ငွေ့နဲ့လျှပ်စစ် ဟိုက်ဘရစ်လုပ်မောင်းလို့လည်းရတယ်
တချိန်က ကျောက်မီးသွေးနဲ့ မီးခိုးတလူလူ မောင်းနှင်သွားဖူးတဲ့ ဦးနှောက်
ငါ့ဦးနှောက်က လေတိုးမခံဘူး ဖုန်စုပ်စက်နဲ့ မပွတ်နဲ့
မနက်ဖြန်နဲ့ ယူဇနာတစ်ရာဝေးတဲ့ အနာဂတ်ဝါဒ ကို လှမ်းမြင်နေရတဲ့ နေရာ
ဘက်တီးရီးယားတွေ ကျင်လည်ကျက်စားနေတဲ့ ယူတိုပီးယားဇုံ
ငါ့ဦးနှောက်ဟာ မဇ္ဈိမကိုသွား တရားရှာခဲ့တယ်
ခြင်္သေ့မင်းတို့ရှေ့မှောက် ဆောင့်ကြောင့်ထိုင်တတ်ခဲ့တယ်
အဲဒီတုန်းက ငါ့ခေါင်းကို ပြောင်အောင်ရိတ် ငယ်ထိပ်ကိုဖောက်
ငရုပ်ကောင်းဖြူး ကလော်စားခံရမယ့်ဘေး သီသီလေး လွတ်ခဲ့ရတယ်
ငါ့ဦးနှောက်အစိုင်အခဲတွေမှာ သိုလှောင်ရုံမရှိဘူး
လက်ကျန် ဘယ်လောက်ရှိသေးလဲ တစ်လတစ်ခါ ချိန်တွယ်ရတယ်
ဥာဏ်ရည်တွေလည်း ကျ ကျလာတယ် တတောက်တောက်နဲ့
ထိလွယ်ခိုက်လွယ် အကိုင်မခံဘူး ချွဲကျိနေတယ်
အနီတစ်ကန့် အဖြူတစ်ကန့် ပန်းရောင်တစ်ကန့်
ငါ့လိုင်းတွေ ယောက်ယက်ခတ်ကုန်မယ် လာမမွှေနဲ့
လူမှုစီးပွား လူထုကြီးပွား ခြေဖဝါးနဲ့အတောင်ပံကြားက အားပြိုင်မှု
ထုတ်လုပ်မှုတစ်ခုရဲ့ ရုပ်ပိုင်းဆိုင်ရာတန်ဖိုး - ငါအစာမကြေတဲ့ အတွက်အချက်တွေ
ငါ့တောင့်တင်းမှုတွေ ပျော့ပြောင်းသွားဦးမယ် ကြေး(ဂျီး)လာမတွန်းနဲ့
ကြည့်တယ် ထိတယ် ဖတ်တယ် မှတ်တယ် တုတယ် ပြုတယ် ဖြုတ်တယ် တပ်တယ်
ဖမ်းယူတယ် ချိတ်ဆက်တယ် စွန့်ပစ်တယ် ဖြန့်ဝေတယ်
ဒွာရကိုးပေါက်ရဲ့ ဌာနချုပ်ဆီ ငါဦးတည်နေတယ်
အရပ်ဆယ့်ခြောက်မျက်နှာက မွှေ့ယမ်းပစ်မယ့် စက်များ နဲ့ လက်များ
အဆိပ်လူးမြားကို တပါတည်း ထည့်မှုတ်လိုက်တဲ့ ဗူဗူဇီလာ
နဖူးတည့်တည့်ကို ချိန်ထားတဲ့ တင့်ကားအမြာက်ရဲ့ ဟန်ချက်
စကြာတံဆိပ် ခတ်နှိပ်ထားတဲ့ အမဲလိုက်ခွေးတွေရဲ့ နှာသီးဖျား
“ငါ”အသေကောင်ကို စောင့်ပြီးစားဖို့ ခေါင်းပေါ်ဝဲနေတဲ့ သိန်းငှက်တစ်ကောင်
ဗလာကျင်းမှုတွေ ပြည့်လျှံနေတဲ့ ခွက်တစ်လုံးနဲ့
ငါ့အစွန်းအထင်းတွေ ငါ့အရောင်အသွေးတွေ ငါ့အနံ့အသက်တွေ
မတုန်လှုပ် မဖိတ်စင်အောင် သယ်ဆောင်ရင်း
တောင်စဉ်ခုနှစ်ထပ်ကြားမှာ ငါ့ဦးနှောက်ရထား ဒုန်းစိုင်းနေတယ်။

ပန်ဒိုရာ
၁၂-၂၂.၅.၂ဝ၁၂



ကောင်းကင်မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး။ 




No comments: