Friday, July 5, 2013

သူရဲကောင်းအဲလက်စ်




သူရဲကောင်းအဲလက်စ်


ကျား.. ကျားကြီး… အမျိုးသမီးတစ်ယောက်ရဲ့ စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရတယ်။ ရွာထဲကို ကျားတစ်ကောင် ဝင်လာလို့တဲ့။  ကလေးငယ်တွေ အာခေါင်ခြစ်ပြီး အော်ငိုကြတယ်။ တချို့လည်း ဘာမှန်းမသိ သူများငိုသံကြားလို့ လိုက်ငိုကြတယ်။ အားလုံး ကစင့်ကလျား ပြေးလွှားကြ။ ကျားဆိုတာ သွား ပါတယ်။ ကျားကိုက်တယ်ဆိုတာ အပေါက်ကလေးနဲ့ မဟုတ်ဘူး။ နာတာရှည်လည်း မဟုတ်ဘူး။ ကျား ဆိုမှတော့ ကူးစက်ရောဂါလည်း မဟုတ်ဘူး။ လူသူအများဟာ အိမ်ကြီးအိမ်ကောင်းတွေပေါ် သစ်ပင်တွေပေါ် တက်မိတက်ရာ တက်ပြေးကြ။

ကျားက တကယ်တော့ အိမ်ကြိုအိမ်ကြားမှာ တစ်လှမ်းချင်း လှမ်းနေတာ။ သူဟာ အားနည်းကျုံလှီနေပုံ ပေါ်တယ်။ သူ့ရဲ့မျက်နှာမှာ မောပန်းမှု၊ ဆာလောင်မှု၊ နာကျင်မှု၊ ဘာကိုမှ မယုံကြည်နိုင်မှု၊ စိတ်ဓာတ်ကျဆင်းမှု၊ မျှော်လင့်ချက်ကင်းမဲ့မှု..။

ကျားရဲ့ရှေ့မှောက်ကို ဗြုန်းဆို အရိပ်တခုကျလာတယ်။ အားအင်ပြည့်ဖြိုး ခွန်အားတိုးကာ ပြတ်သားရဲရင့်တဲ့ အကြည့်တွေနဲ့ ကေ-သ-ရာ-ဇာ ခြင်္သေ့။ တစ်ကောင်တည်း.. ဒါပေမယ့် ခြင်္သေ့။ ခြင်္သေ့စစ်စစ်။ ရေမရောဘူး။ မြက်မစားဘူး။ သက်သတ်လွတ်မစားဘူး။ သူက ကျားကို နှစ်ကိုယ်ကြား ပြောလိုက်တယ်။

မင်းဟာ အန္တရာယ်ကောင်ပဲ။ ရွာထဲမှာ သားရဲတိရစ္ဆာန်တစ်ကောင် ဝင်နေတာ ရွာသူရွာသားတွေအတွက် အန္တရာယ်ရှိတယ်။ မင်းကို သုတ်သင်ပစ်ရမယ်

ဗျာ

ကျားက မျက်လုံးကြီးပြူးသွားတယ်။ မေးချင်နေတယ် - နင်ကရော သားရဲတိရိစ္ဆာန် မဟုတ်လို့လား ခြင်္သေ့ရဲ့။  မေးဖို့အချိန်မရလိုက်တဲ့ တိုက်ပွဲက သိပ်မကြာပါဘူး။ မကြာခင်ပဲ ကျားဟာ မြေပေါ်မှာ ဘုန်းဘုန်းလဲကျပြီး သွေးအိုင်ထဲမှာ မလှုပ်မယှက်။

ခြင်္သေ့က အားလုံးကို သဘောကောင်းတဲ့ အပြုံးနဲ့ ပြုံးပြပြီး အေးအေးဆေးဆေး ရပ်နေတော့ လူတွေက အံ့သြသွားကြတယ်။ မရဲတရဲ အနားကပ်လာတယ်။ ကျေးဇူးတင်လိုက်တာ ခြင်္သေ့ကြီးရယ်..။ လူတွေက ပြောတော့ ခေါင်းလေးညိတ်ပြတယ်။ ရပါတယ်ဗျာ.. ဒါက ကျွန်တော့်အတွက် အသေးအဖွဲပါ။ ခြင်္သေ့ဟာ လူတွေနဲ့ သိပ်ယဉ်ပါးနေပုံရတယ်။

ဟာ… ဒါ.. ဒါ.. အဲလက်စ် မဟုတ်လား

ကလေးတစ်ယောက်က ပြောလိုက်တယ်။ အဲလက်စ် အဲလက်စ်…. မဂဒါစကာ ရုပ်ရှင်ထဲက အဲလက်စ်၊ နယူးယောက်မြို့ စင်ထရယ်ပါ့ခ် ပန်းခြံထဲက တိရိစ္ဆာန်ရုံမှာ လူတွေကို ဖျော်ဖြေမှုပေးတဲ့ အဲလက်စ်။ ဟုတ်တာပေါ့ ဒါ အဲလက်စ် အစစ်ပဲ။

အဲလက်စ်ဆိုတာ နှယ်နှယ်ရရမှ မဟုတ်ပဲ။ ဆယ်လစ်ဘရစ်တီပဲ။ ရုပ်ရှင်မင်းသားပဲ။ အခုတော့ ရွာရဲ့ ဟီးရိုးပဲ။ လူတွေဟာ အဲလက်စ်ကို ပျော်ပျော်ရွှင်ရွှင် လက်ဆွဲနှုတ်ဆက်ကြ။ တွဲပြီး ဓာတ်ပုံရိုက်သူကရိုက်။ မကြာမီ အိုးစည်ဗုံမောင်းတွေနဲ့ ထွက်တဲ့လူက ထွက်လာတယ်။ ရွာသားတွေကို သားရဲတိရစ္ဆာန်ရန်ကနေ ကယ်တင်ပေးတဲ့ ယဉ်ပါးတဲ့ခြင်္သေ့ကို ဂုဏ်ပြုအခမ်းအနားတော့ ကျင်းပမှဖြစ်မယ်။ တစ်ယောက်ယောက်က ဆော်သြလိုက်တယ်။   တစ်ယောက်ယောက်က စပွန်ဆာပေးလိုက်တယ်။ တစ်ယောက်ယောက်က အကောင်အထည် ဖော်လိုက်တယ်။ တစ်ယောက်ယောက်မကတွေက နောက်ကလိုက်ပါလာကြတယ်။ ဒီလိုနဲ့ ပွဲတစ်ခုခု ဖြစ်လာတယ်။

အဲလက်စ်ဟာ လည်ဆံမွှေးတွေကို သံလွင်ဆီလိမ်း သပ်သပ်ရပ်ရပ် ဖြီးသင်ပြီးတော့ ဂုဏ်ပြုခံဖို့ မတ်တတ်လေး ရပ်စောင့်နေပါတယ်။ သူ့ဘေးတဖက်တချက်ကို ညိုဝါရောင်ဝတ်စုံဆင်မြန်းပြီး ဆံပင်တွေဖားလျားချထားတဲ့ မိန်းမပျိုလေးတွေ ရောက်လာတယ်။ ဒါ သူ့ရဲ့အရောင်အသွေး အသွင်သဏ္ဍာန်လို ဆင်ယင်ပြီး သူ့ရဲ့ဂုဏ်ဝါကို ခမ်းနားသထက်ခန်းနားအောင် ဝန်းရံပေးထားမယ့် ရည်ရွယ်ချက်ဖြစ်တယ်။

လက်ဆွဲနှုတ်ဆက်ချင်သူတွေများလွန်းလို့ ခန်းမတစ်ခုလုံးပြည့်လျှံသွားတယ်။ အဲလက်စ်ရဲ့လက်ဖဝါးတွေနဲ့ ထိတို့ခွင့်ရဖို့အရေး အဲလက်စ်နဲ့ တွဲပြီး ဓာတ်ပုံရိုက်ဖို့အရေး တန်းစီစောင့်ဆိုင်းကြရတယ်။ လူတန်းရှည်ကြီးဘေးမှာ အမောပြေ အဆာပြေ ရေသန့်ဗူး ဆေးလိပ်ကွမ်းယာ ရောင်းသူတွေ အလျှိုလျှို ပေါ်ပေါက်လာတယ်။ ဝယ်သူရှိရင် ရောင်းသူရှိ အရောင်းအဝယ်ရှိရာ ဈေးကွက်ရှိ ဆိုသလိုပါပဲ။

ဈေးကွက်ကချဲ့ထွင်လာလိုက်တာ တန်းစီသူတွေက နေရာရောင်းစားလာကြတဲ့ အထိပဲ။ တချို့ကလည်း တစ်မိသားစုလုံး ညအိပ်ညနေ နှစ်ခါ သုံးခါပြန် တန်းစီရင်း ဝင်ငွေရှာကြတယ်။ တချို့ကလည်း အဲလက်စ်ကို ဂုဏ်ပြုတဲ့ပွဲကိုမှ မသွားရင် ခေတ်နောက်ကျမလိုလို ကြော်ငြာတွေဝင်ပြီး ဒီနေရာကို စည်ကားသထက် စည်ကားအောင် လုပ်ကြတယ်။
အားနာတတ်သူ ယဉ်ကျေးတဲ့ ခြင်္သေ့ကလေးအဲလက်စ် ဟာ လူငွေ့တွေကြား ချွေးတွေပျံလာတယ်။ ဆွဲယမ်းနှုတ်ဆက်ရလွန်းလို့ လက်တွေ နာလာတယ်။ ပြုံးဖြဲထားရလို့ ပါးစပ်တွေ ညောင်းလာတယ်။ အဲဒီထက်ဆိုးတာက ဗိုက်ဆာလာတယ်။ ဗိုက်ဆာတာက အရေးမကြီးဘူး။ ဆာဆာနဲ့ တောစိတ်တောင်စိတ်တွေပေါက်ပြီး  လူအုပ်ထဲ ကိုက်ချင်ခဲချင်စိတ် ဝင်လာမှ ဟုတ်ပေ့ဖြစ်မယ်။  အဲလက်စ် စိတ်ညစ်လာတယ်။

လူတွေကြားမှာ ပွဲဆိုတာက စလိုက်ရင် တော်တော်နဲ့ ဘယ်အဆုံးသတ်ပါ့မလဲ။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုလူတန်းစား အလွှာအသီးသီးက ဒီပွဲကို လာနေကြတယ် ဆိုတာသိတော့ စီးပွားရေး နိုင်ငံရေး အပေးအယူ အရောင်းအဝယ် ညှိနှိုင်းချိတ်ဆက်ချင်သူတွေကလည်း ဒီနေရာကို မျက်စိကျလာတယ်။

ဂွင်သမားတွေ ကျင်လည်ကျက်စားလာတော့ တချို့တွေလည်း ပွဲထဲမှာ ဆိုင်ရာဆိုင်ရာတွေကို လိုက်ရှာပြီး မတော်တဆတွေ့သလိုလိုနဲ့ ဈေးစကားတွေ အပြေးအလွှားပြောကြတယ်။ တချို့လည်း ဒီရည်ရွယ်ချက်နဲ့ပဲ ပွဲကိုလာကြတယ်။ တချို့က အဲလက်စ်ကိုတောင် အလေးမထားတော့ဘူး။ အဲလက်စ်ကို မမြင်ဘဲ အဲလက်စ်ဘေးက ညိုဝါဝတ်စုံနဲ့ မိန်းကလေးတွေကို အဲလက်စ်အမှတ်နဲ့ ဝတ်ကျေတန်းကျေ နှုတ်ဆက်ပြီး ကပျာကယာ ထွက်သွားကြတယ်။

အချိန်တွေ တရွေ့ရွေ့ကြာလာတယ်။ ဂွင်တွေ တဖြည်းဖြည်းများလာတယ်။ အလဲအလှယ် အပေးအယူတွေ ပိုပို အလုပ်ဖြစ်လာတယ်။ အတော်များများဟာ အဲလက်စ်ကို အမှတ်မဲ့ ကျော်ဖြတ်ကုန်ကြတယ်။ အဲလက်စ်ဟာ ဒီပွဲက ငါ့အတွက်မှ ဟုတ်ရဲ့လားလို့ သူ့ရဲ့အရေးပါမှုကို သူ့ဘာသာ သံသယဖြစ်လာတယ်။ မတ်တတ်ရပ်နေရာက နောက်ကို တစ်လှမ်းဆုတ်ကြည့်တယ်။ လူတွေက သူ့ကို ကျော်ဖြတ်သွားကြတယ်။ ပွဲကတော့ ဆက်လက် စည်ကားလျက်။ ခပ်ဝေးဝေး ထောင့်ကလေးကို အသာ သွားနေလိုက်တယ်။ ဘယ်သူမှ သတိမထားမိဘူး။ ပွဲက စည်ကားလျက်ပါပဲ။ ခန်းမရဲ့ အပြင်ဘက်ကို တဖြည်းဖြည်း ဆုတ်ခွာလာခဲ့တယ်။ လူသူဆူပူအသံတွေ ကြိတ်ကြိတ်တိုးနေဆဲ ကျန်ခဲ့တယ်။

ဆုတ်တယ်။ ဆက်ပြီး ဆုတ်ခွာတယ်။ ရွာလယ်ခေါင်ကနေ ရွာဆင်ခြေဖုံးအထိ။ ရွာရဲ့ နယ်နိမိတ်ဆုံး တောစပ်လို့ ထင်ရတဲ့ နေရာအထိ။

ဟူး.. အခုမှပဲ တောကို ရောက်တော့တယ်။ လူတွေနဲ့ ဝေး.. ဝေး.. ဝေးတဲ့နယ်မြေ….ဟိုက်..

အဲလက်စ် အံ့သြစိတ်ပျက်သွားရတယ်။ တောဆိုတာ ရှိမှ မရှိတော့ပဲ။ ရွာက တဖြည်းဖြည်း ချဲ့ထွင်ထားလိုက်တာ နေရာတကာ လူနေအိမ်ခြေတွေနဲ့ချည်းပဲ။ သဘာဝပေါက်ပင်တွေလည်း ခပ်ကျဲကျဲပဲ ရှိတော့တယ်။ ဘယ်နေရာကို ဦးတည်ဦးတည် လူနေရပ်ကွက်တွေပဲ ဖြစ်နေလို့ အဲလက်စ် လည်း စိတ်ပျက်မိတယ်။ ကိုင်း.. သူ ဘယ်လိုဆက်လက်ပြီး ရှင်သန်ရမလဲ။ အဲလက်စ်က လူတွေကြားကို ပြန်မသွားတော့ဘူး။ သူ့ကိုဗဟိုပြုတဲ့ ပွဲတစ်ခုဟာ သူမရှိတောင်မှ ဆက်ဖြစ်နေသေးတဲ့ နေရာကို သူမပြန်ချင်တော့ဘူး။

အဲဒီလိုနဲ့ ရက်မှ လ၊ လမှ နှစ် ကူးသွားတယ် ထင်ပါတယ်။ အချိန်တွေ ဘယ်လောက် ကြာသွားသလဲ မသိတော့ဘူး။ သူတပါးကို သတ်ဖြတ်စားသောက်ခြင်းမပြုဖို့ ငယ်ငယ်ကတည်းက တိရစ္ဆာန်ရုံမှာ လေ့ကျင့်ခံထားရတဲ့ အဲလက်စ်ဟာ တစ်နေ့တစ်နေ့ ပံ့သကူသားကိုသာ  အိမ်ကြိုအိမ်ကြား မီးဖိုချောင်တွေနား ခိုးကြောင်ခိုးဝှက် ရှာဖွှေ စားသောက်ရင်း အသက်ဆက်တယ်ဆိုရုံ ဆက်နေရတယ်။

တနေ့။ ကံဆိုးတဲ့နေ့၊ မိုးမှောင်တဲ့နေ့၊ ရုပ်ရှင်ထဲမှာသာဆိုရင် ရေအိုးတို့ ဖန်ခွက်တို့ ကျကွဲမယ့်နေ့။

မောပန်းမှု၊ ဆာလောင်မှု၊ နာကျင်မှု၊ ဘာကိုမှ မယုံကြည်နိုင်မှု၊ စိတ်ဓာတ်ကျဆင်းမှု၊ မျှော်လင့်ချက်ကင်းမဲ့မှု တွေ ရောပြွန်းနေတဲ့ မျက်နှာနဲ့  အဲလက်စ်ဟာ အိမ်တစ်အိမ်ရဲ့ ရေကပြင်အောက်ကို ချဉ်းကပ်လာတယ်။ အိမ်အောက်မှာ တစ်ခုခုကျလို့ ဆင်းကောက်နေတဲ့ လူတစ်ယောက်နဲ့ မမျှော်လင့်ပဲ ပက်ပင်းတိုးတယ်။

ခြင်္သေ့.. ခြင်္သေ့ကြီး … စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရတယ်။ ကလေးငယ်တွေ အာခေါင်ခြစ်ပြီး အော်ငိုကြတယ်။ တချို့လည်း ဘာမှန်းမသိ သူများငိုသံကြားလို့ လိုက်ငိုကြတယ်။ အားလုံး ကစင့်ကလျား ပြေးလွှားကြ။ လူသူအများဟာ အိမ်ကြီးအိမ်ကောင်းတွေပေါ် သစ်ပင်တွေပေါ် တက်မိတက်ရာ တက်ပြေးကြ။

အဲလက်စ်ရဲ့ရှေ့မှောက်ကို ဗြုန်းဆို အရိပ်တခုကျလာတယ်။ အားအင်ပြည့်ဖြိုး ခွန်အားတိုးကာ ပြတ်သားရဲရင့်တဲ့ အကြည့်တွေနဲ့ ကျားသစ်တစ်ကောင်။  သူက အဲလက်စ်ကို နှစ်ကိုယ်ကြား ပြောလိုက်တယ်။

မင်းဟာ အန္တရာယ်ကောင်ပဲ။ ရွာထဲမှာ သားရဲတိရစ္ဆာန်တစ်ကောင် ဝင်နေတာ ရွာသူရွာသားတွေအတွက် အန္တရာယ်ရှိတယ်။ မင်းကို သုတ်သင်ပစ်ရမယ်။

ဗျာ

အဲလက်စ် မျက်လုံးကြီးပြူးသွားတယ်။ မေးချင်နေတယ် - နင်ကရော သားရဲတိရိစ္ဆာန်မဟုတ်လို့လား ကျားသစ်ရဲ့။ မေးဖို့အချိန်မရလိုက်တဲ့ တိုက်ပွဲက သိပ်မကြာပါဘူး။

ပန်ဒိုရာ
၂၃-၂၈.၄.၂ဝ၁၂


(ယုံမလားတော့မသိဘူး။ အဲဒီ ဇာတ်လမ်း အစအဆုံးဟာ ကျွန်မ အိပ်မက်မက်ခဲ့တာပါ။ အဲဒီတုန်းက မမေ့ခင် ချရေးထားတဲ့ ပုံပြင်ခေါ်မလား၊ ဝတ္ထုခေါ်မလား (ဒါမှမဟုတ် စကားပြေကဗျာလို့ပဲခေါ်မလား :)) အဲဒီစာလေးကို ပြန်တွေ့လို့ တင်လိုက်ပါတယ်။)

4 comments:

Lorem Ipsum said...

အတုံ့အလှည့်ပေါ့ အမရယ် ဒါပေမယ့်အဲလက်စ်အတွက်တော့စိတ်မကောင်းပါဘူး ။။

အဲလက်စ်ကိုချစ်တဲ့
ဆုမြတ်

တန်ခူး said...

စာရေးဆရာမ မက်တဲ့အိပ်မက်က ဖတ်လို့ ကောင်းလိုက်တာ. အဲလက်စ်ကို အဲလိုဇာတ်သိမ်းသွားတာသိရင် သားကငိုမယ်ထင်ရဲ့. အဲလက်စ်နဲ့ ကျား. အတွေးတွေဗျာများသွားတာတော့အမှန်ပဲပန်ရယ်

ငြိမ်းစိုးဦး said...

ဟိုခြင်္သေ့ကြီးရှေ့ကို ဟိုကျားသစ်ကြီးကျပြီး ဟို ကျားသစ်ကြီးရှေ့ကို ဟို ... လူက ဘယ်တော့ ကျလာမှာလဲလို့ တွေးရင်း ...

Unknown said...

လာလည်သွားတယ်နော် စာတွေအများကြီးဖတ်သွားတယ်နော်
နောင်ကိုလဲအချိန်ရရင် ၀င်မယ်
ကျွန်တော်ဆိုဒ်လေးကိုလာဖို.ဖိတ်ခေါ်အပ်တယ်ဗျာ
http://www.yawyawthamamwe.blogspot.com