Poem Hunter website ကို
သွားလည်လိုက်တိုင်းမှာ မာယာအန်ဂျလို (Maya Angelou) ရဲ့ အာဂမိန်းမ (Phenomenal
Woman) ကဗျာဟာ top 500 ကဗျာတွေထဲမှာ အမြဲ နံပါတ် ၁ ဖြစ်နေတာကို တွေ့ရတယ်။
အဲဒီကဗျာကို ကျွန်မ ဘာသာပြန်ခဲ့ပြီး ၂၀၁၂ ဧပြီလမှာ ကောင်းကင်မဂ္ဂဇင်းမှာ
ဖော်ပြခံခဲ့ရပါတယ်။ ဒီနေ့ ဂျူလိုင် ၃ ရက်နေ့ဟာ အမျိုးသမီးများနေ့ ဖြစ်တဲ့အတွက်
ဒီကဗျာကို အမှတ်တရ ပြန်တင်လိုက်ပါတယ်။
အာဖရိကန် လူမည်း အမျိုးသမီးတစ်ဦး
ဖြစ်တဲ့ မာယာအန်ဂျလိုကို ၁၉၂၈ ခုနှစ်မှာ မစ္စစ္စပီ စိန့်လူးဝစ် မှာ
မွေးဖွားခဲ့ပါတယ်။ အခုထိ သက်ရှိထင်ရှား ရှိနေဆဲပါ။ ဣတ္ထိယဝါဒီ လို့ ထင်ရှားတဲ့
မာယာအန်ဂျလိုရဲ့ စာပေလက်ရာတွေကို ထိထိရောက်ရောက် ခံစားနိုင်ဖို့အတွက် သူ့ဘဝရဲ့
အတက်အကျ နောက်ကြောင်းတွေကိုလည်း အနည်းငယ် သိဖို့လိုအပ်ပါတယ်။ သူ အသက် ၃
နှစ်အရွယ်မှာ မိဘတွေဟာ ကွာရှင်းခဲ့ကြပါတယ်။ အာကန်ဆန်မှာ နေထိုင်တဲ့ အဘွားဆီကို ၅
နှစ်ကြာ ပို့ထားခံရပါတယ်။ အဲဒီဒေသမှာ လူမျိုးရေး ခွဲခြားဖိနှိပ်မှုကို
တွေ့ကြုံခဲ့ရပါတယ်။ အာဂမိန်းမ ကဗျာဟာ လူမျိုးရေးခွဲခြားမှုနဲ့ ပတ်သက်တဲ့ သူမရဲ့
အောင်မြင်မှုတစ်ခုကိုလည်း ဖော်ညွှန်းချင်တာလို့လည်း ဆိုကြပါတယ်။ အသက် ၇ နှစ် ၈ နှစ်
အရွယ်မှာ သူဟာ သူ့အမေရဲ့ရည်းစားက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာကို ခံခဲ့ရပြီး ၅
နှစ်လောက် စကားမပြောပဲ ဆွံ့အ နေခဲ့ပါတယ်။ အာဂမိန်းမကဗျာဟာ နှုတ်ဆိတ်နေခဲ့ရတဲ့
ကာလတွေအတွက် ပြန်လည် အလျော်အစား ပေးထားတာ လို့လည်း သုံးသပ်ကြပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ ကျောင်းထွက်ခဲ့ပြီး ဆန်ဖရန်စစ္စကိုရဲ့ ပထမဆုံး အာဖရိကန်
အမေရိကန် အမျိုးသမီး ကေဘယ်ကား လက်မှတ်ရောင်းသူ ဖြစ်လာခဲ့ပါတယ်။ နောက်တော့
အထက်တန်းကျောင်းမှာ ပြန်တက်နေတုန်း စီနီယာနှစ်မှာ ကိုယ်ဝန်ရပြီး သားလေးတစ်ယောက်
မွေးဖွားခဲ့ပါတယ်။ ကလေးကို စောင့်ရှောက်ရတဲ့ တစ်ဦးတည်းမိခင် အနေနဲ့ ဘဝမှာ
အတော်ရုန်းကန်ခဲ့ရပါတယ်။ စားပွဲထိုး၊ ထမင်းချက် အဖြစ် အသက်မွေးခဲ့ရပါတယ်။
အဲဒီအတောအတွင်းမှာပဲ
သူ့ရဲ့ ဝါသနာဗီဇ ဖြစ်တဲ့ ဂီတ၊ အက၊ သရုပ်ဆောင်ခြင်းနဲ့ ကဗျာရေးခြင်းကို
အားထုတ်ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ ဂရိ သင်္ဘောသားတစ်ယောက်နဲ့ လက်ထပ်ပြီး
ညကပွဲတွေမှာ သီချင်းဆိုခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ ကလေးဘဝနာမည်နဲ့ အိမ်ထောင်နာမည်ကို
ပေါင်းစပ်ပြီး မာယာအန်ဂျလို ဆိုတဲ့ နာမည်ကို ယူခဲ့ပါတယ်။ အိမ်ထောင်က
မတည်မြဲခဲ့ပေမယ့် အဆိုတော်ဘဝ၊ အကမင်းသမီး ဘဝကတော့ ဆက်လက်ခဲ့ပါတယ်။ ၁၉၅၄ ၅၅
ခုနှစ်တွေမှာ ဥရောပကို သရုပ်ဆောင်တင်ဆက်ဖို့ သွားခဲ့ရပါတယ်။ ၁၉၅၇ ခုနှစ်မှာ သူ့ရဲ့
ပထမဆုံး အယ်လဘန်ကို ထုတ်ဝေခဲ့တယ်။ မော်ဒန်အကကို လေ့လာခဲ့တယ်။
စင်မြင့်မှာဖျော်ဖြေတဲ့ မင်းသမီးတစ်ယောက် ဖြစ်လာပြီး ရုပ်မြင်သံကြားပွဲတွေမှာလည်း
တင်ဆက်ခဲ့ပါတယ်။ ၁၉၅၀ နောက်ပိုင်းမှာတော့ သူဟာ စာရေးဆရာတစ်ယောက်အဖြစ်
အရည်အချင်းတွေကို ပိုပြီး တိုးတက်အောင်လုပ်ဖို့ စိတ်အားသန်လာပါတယ်။ Harlem
Writer’s Guild ကို ဝင်ရောက်ခဲ့ပြီး နိုင်ငံသားအခွင့်အရေး
လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ အာဖရိကမှာ အချိန်တစ်ခုအထိ
နေထိုင်ခဲ့ပြီး ဂါနာတက္ကသိုလ်မှာ နည်းပြတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့တယ်။ အမေရိကကို
ပြန်လာတဲ့အခါ ဒေါက်တာ မာတင်လူသာကင်းနဲ့ အလုပ်လုပ်ခဲ့တယ်။ အာဖရိက က အမျိုးသမီးတွေဘဝ
မြှင့်တင်ရေးအတွက် မာယာဟာ အများကြီး ဆောင်ရွက်ပေးခဲ့ပါတယ်။ သူအသက်ကြီးလာလေလေ
သူ့ကဗျာတွေဟာလည်း ပိုပြီး အောင်မြင်ကျော်ကြားလာလေလေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့
ဆယ်စုနှစ်တွေမှာ အမေရိကန် သမ္မတတွေက မာယာကို အမျိုးမျိုးသော ဂုဏ်ထူးဆောင်
သတ်မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ မာယာဟာ ရုပ်မြင်သံကြားမှာ ဇာတ်လမ်းနဲ့
မှတ်တမ်းအစီအစဉ်တွေ အများအပြားကို ရိုက်ကူးခဲ့ပြီး ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ ၇
အုပ်အပါအဝင် စာအုပ်ပေါင်း ၃၀ ကျော် ထုတ်ဝေခဲ့ပါတယ်။
မာယာဟာ ဒီကဗျာကို
ရိုးရှင်းပြီး နားလည်လွယ်တဲ့ အရေးအသားနဲ့ ရေးခဲ့ပါတယ်။ ဒီကဗျာနဲ့
မိန်းမတစ်ယောက်ရဲ့ အောင်မြင်တဲ့ဘဝကို ချီးမွမ်းခဲ့တယ်။ စင်ပေါ်ကနေ ပရိသတ်ကို
ဖျော်ဖြေ သရုပ်ဆောင်ပြဖို့ အားကောင်းတဲ့ ဇာတ်ဆန်တဲ့ ကဗျာတစ်ပုဒ်လည်း
ဖြစ်ပါတယ်။ ဒီကဗျာကို ကြားတဲ့အခါ ကဗျာရေးသူရဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှုကိုပါ မြင်ယောင်ကြည့်လို့ရပါတယ်။
ချစ်စရာသွယ်သွယ်လျလျ ဖက်ရှင်မော်ဒယ်တွေရဲ့ အပေါ်ယံ အရေပြားတစ်ထောက်
အလှအပမျိုး မဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေရဲ့ တကယ့်သက်ရောက်မှု
ဟာ ဘာလဲ ဆိုတာ ရှင်းပြခဲ့တယ်။ ဆွဲဆောင်မှုတွေရဲ့ လျှို့ဝှက်ချက်၊
ကိုယ့်ကိုယ်ကို ယုံကြည်မှု နဲ့ မိန်းမတစ်ယောက်ရဲ့ ဖြစ်တည်မှုအပေါ် ဂုဏ်ယူမှု ကို
ဒီကဗျာမှာ ရဲရဲဝံ့ဝံ့ချပြခဲ့ပါတယ်။ ကျိုးကြောင်းမဲ့ ဘဝင်မြင့်တာမျိုးမဟုတ်ဘဲ
ဘာကိုမှ ဦးညွှတ်စရာ မလိုအပ်တဲ့ အမျိုးသမီးစစ်စစ်တစ်ယောက်ရဲ့ သဘာဝခွန်အားတွေအတွက်
ပျော်ရွှင်ကျေနပ်မှုကို ဒီကဗျာနဲ့ လူအများကို မျှဝေခံစားခဲ့ပါတယ်။
ရည်ညွှန်းကိုးကား
http://en.wikipedia.org/wiki/Maya_Angelou
http://mahmag.org/blog/2011/05/09/review-of-the-poemphenomenal-woman-by-m-badihian/
http://www.skoool.ie/examcentre_sc.asp?id=4754
အာဂမိန်းမ
ကျွန်မရဲ့လျို့ဝှက်ချက်ရှိရာကို
မိန်းမချောလေးတွေ သိချင်နေကြ
ကျွန်မက
ချစ်စရာလည်းမကောင်း ဖက်ရှင်မော်ဒယ်လိုလည်း အချိုးတကျမဟုတ်
ဒါပေမယ့် ကျွန်မ
ပြောပြတိုင်း
သူတို့က လိမ်ညာနေတယ်ပဲ
ထင်နေကြ
ကျွန်မပြောပြမယ်
အဲဒါဟာ
ကျွန်မလက်မောင်းတွေရဲ့ အလှမ်းအကမ်း
ကျွန်မတင်ပါးဆုံရဲ့
အကျယ်အဝန်း
ကျွန်မရဲ့ ဆင်မယဉ်သာ
ခြေလှမ်း
ကျွန်မနှုတ်ခမ်းရဲ့
အကွေးအတွန့်
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့
အခန်းတစ်ခန်းထဲ
လမ်းလျှောက်ဝင်သွားတယ်
ပူရိသတို့ဘဝင်ခိုက်လောက်အောင်
ခပ်မိုက်မိုက်
လျှောက်သွားတယ်
ငနဲသားတွေရပ်နေကြ
ဒူးထောက်ခယ
ကျွန်မအနားကို
ဝိုင်းကပ်လာ
ပျားအုံတစ်အုံလိုပေါ့
ကျွန်မပြောပြမယ်
အဲဒါ
ကျွန်မမျက်ဝန်းတွေထဲက မီး
ကျွန်မသွားတွေရဲ့
ရောင်ပြန်
ကျွန်မခါးတွေရဲ့
အလှုပ်အယမ်း
ပြီးတော့
ကျွန်မခြေထောက်တွေထဲက ပျော်ရွှင်မှု
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့
ယောင်္ကျားတွေ ကိုယ်တိုင်
သိချင်ကြ
ကျွန်မဆီမှာ
ဘာမြင်ရမလဲလို့
အလူးအလဲကြိုးစားကြ
ဒါပေမယ့်လည်း
ကျွန်မရဲ့လျှို့ဝှက်ဆန်းကြယ်အဇျတ္တကို
ဒင်းတို့လှမ်းမထိနိုင်
ကျွန်မက ပြဖို့
ကြိုးစားတော့လည်း
ဒင်းတို့ခမျာ မြင်ကို
မမြင်နိုင်ကြသေး
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မတင်ပါးရဲ့
ကောက်ကြောင်း
ကျွန်မအပြုံးရဲ့ နေခြည်
ကျွန်မရင်သားတွေရဲ့
နိမ့်တုံမြင့်တုံဖြစ်မှု
ကျွန်မစတိုင်ရဲ့
တင့်တယ်မှု
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့
အခုတော့ ရှင်သိပြီ
ဘာကြောင့်
ကျွန်မဦးခေါင်းမညွတ်တာ
မအော်ဟစ်တာ
ဆွေ့ဆွေ့ခုန်မဖြစ်တာ
စကားကျယ်ကျယ်ကို
ပြောစရာမလိုတာ
ကျွန်မဖြတ်လျှောက်သွားတာကို
ရှင်မြင်တဲ့အခါ
ရှင်ဂုဏ်ယူသင့်တာပေါ့
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မ
ဒေါက်မြင့်ဖိနပ်ရဲ့ ခွာသံ
ကျွန်မဆံပင်ရဲ့
အယိမ်းအနွဲ့
ကျွန်မလက်တွေရဲ့ ဖဝါးနုနု
ကျွန်မဂရုစိုက်တာကို
လိုအပ်မှု
ဘာကြောင့်လဲဆိုတော့
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့
မာယာအန်ဂျလို
(အမေရိကန် ကဗျာဆရာမ Maya
Angelou ၏ Phenomenal Woman ကို ပန်ဒိုရာ ဆီလျော်အောင် ဘာသာပြန်ပါသည်။)
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
11 hours ago





1 comment:
Original ကဗျာဆရာမကိုရော. ဘာသာပြန်ကဗျာဆရာမကိုပါ လေးစားကျေးဇူးတင်မိပါတယ်
Post a Comment