စာပန်းချီ မဂ္ဂဇင်း မတ်လထုတ် ထွက်ပါပြီ။ စီစဉ်သူများ မအားလပ်ကြလို့ နောက်ကျသွားတယ်တဲ့။
ဒီနေရာမှာ အွန်လိုင်းက တိုက်ရိုက်ဖတ်လို့ရပြီး ဒေါင်းလုပ် လုပ်လို့လည်းရပါတယ်။
ပန်ဒိုရာရဲ့ ဘလော့ဂ်ထဲက ၀တ္တုတိုလေးတစ်ပုဒ်နဲ့ အက်ဆေးတစ်ပုဒ်ကို ဖော်ပြထားပါတယ်။ အချိန်မရလို့ အသစ်တော့ ရေးမပေးဖြစ်ပြန်ဘူး။ သရုပ်ဖော်ပုံလှလှလေးတွေနဲ့ ဖော်ပြပေးတဲ့အတွက် ဒီဇိုင်းဆရာရော အယ်ဒီတာတွေကိုပါ ကျေးဇူးတင်ပါတယ်။
Sunday, March 30, 2008
စာပန်းချီမဂ္ဂဇင်း အတွဲ ၁ အမှတ် ၃ (မတ်လထုတ်)
Thursday, March 27, 2008
27 Mar 2008
လွန်ခဲ့တဲ့ခြောက်ဆယ့်သုံးနှစ်က ဒီလိုနေ့
အစစ်အမှန် လွတ်လပ်ခွင့် အတွက်
တပေါင်းလေရူးနဲ့ ရွက်ဝါတွေကို ဖွင့်လို့
ယမ်းငွေ့တွေ ရဲရဲ ၀ဲလွှင့်လိုက်ခဲ့ကြတယ် တဲ့….။
ငါ့အတွက်တော့
ပုဂ္ဂလိက အခန်းငယ်လေးရဲ့
ပြတင်းတံခါးကို မရဲတရဲလှစ်ဟ
ငါ့ဝိညာဉ်အစကလေးကို
ဆွဲထုတ် ဖြေချ ၀ဲလွှင့်လိုက်တယ်…။
အဲဒီ့မတိုင်ခင်ကတော့
မျှော်လင့်ချက်နဲ့ရှင်သန်ခြင်းရဲ့အဘိဓမ္မာ
ကျမ်းစာတွေထဲမှာ ရှာလို့ရလိမ့်မယ်လို့
ငါထင်ခဲ့မိတာပေါ့…။
ထိတွေ့မရတဲ့ အသံတွေရဲ့အားဟာ
နယ်ခြားဖြတ်ကျော်တုန်ခါစွမ်းဆိုတာနဲ့
ဆက်စပ်ပတ်သက်လာမှာမဟုတ်ဘူးလို့
ငါထင်ခဲ့မိတာပေါ့…။
ကမ္ဘာအတုနဲ့အစစ်ကြားမှာလည်း
ခလုတ်နှိပ် ဖွင့်ပိတ်နိုင်တဲ့ ဗလာနယ်ပဲရှိမယ်လို့
ငါထင်ခဲ့မိတာပေါ့…။
မြင်းဖြူကြီး ဒုန်းစိုင်းစီးလာတဲ့
ချပ်မိန်ညို ၀တ်ဆင်ထားသူ ဆိုတာလည်း
ဒဏ္ဍာရီထဲမှာပဲ ရှိလိမ့်မယ်လို့
ငါထင်ခဲ့မိတာပေါ့…။
ငယ်ငယ်က ရေးခဲ့တဲ့ ပန်းချီကားတွေ
မက်ခဲ့ဖူးတဲ့ အိပ်မက်တွေထဲက ၀ိုးတ၀ါးအရိပ်တွေ
ရှုရှိုက်ခဲ့ဖူးတဲ့ မိုးဦးကျမြေသင်းနံ့တွေ
မျှော်ကြည့်ခဲ့ဖူးတဲ့ ကောင်းကင်က စွန်ကလေးတွေ
ဖုတ်သွင်း လှုပ်ရွ တေးသီ ထက ကြလိမ့်မယ်လို့
ဘယ်သူကထင်ခဲ့မိမှာလဲ…။
အခုတော့…
သက်ပြင်းတွေကို မှုတ်သွင်းမျိုချရင်း
ယုံကြည်မှုတွေ အားတင်းပေးခဲ့တဲ့ အလင်းအိမ်တစ်ခုရယ်…
ငါမတ်မတ် ဆက်ရပ်ဖို့ ခြေကိုစမ်းနေဆဲ
ဟင်းလင်းပြင်ထဲကို ဟစ်အော် ကြေညာလိုက်မယ်
ဒီကနေ့ပဲ ဟောဒီနေရာရဲ့ ရှင်သန်ခြင်း တစ်နှစ်တင်းတင်းပြည့်တယ်…။ ။
ပန်ဒိုရာ
Tuesday, March 25, 2008
ပြည်သူတို့အတွက် ကဗျာဆရာရဲ့ တေးသံ
ပီ ဘီ ရှယ်လီ ရဲ့ ကဗျာတစ်ပုဒ်ကို ရှေ့မှာ မိတ်ဆက်ပေးခဲ့ဖူး ပါတယ်။ ရိုမန်တစ်ဇင်ခေတ်လို့ ခေါ်ကြတဲ့ ခေတ်ထဲက ကဗျာဆရာတစ်ဦး ဖြစ်တဲ့ ရှယ်လီဟာ နိုင်ငံချစ်စိတ် ပြင်းထန်သူတစ်ဦး အဖြစ်လည်း ထင်ရှားခဲ့တယ်။ သိင်္ဂါရ ရသ မြောက်တဲ့ ကဗျာတွေ အများကြီး ရေးခဲ့သလို နိုင်ငံရေးအမြင်နဲ့ ခေတ်ကို ထင်ဟပ်တဲ့ ကဗျာတွေလည်း ရေးခဲ့တယ်။ အရင်တခါက ဖော်ပြခဲ့တဲ့ England in 1819 ကဗျာမှာဆိုရင် အဲသည်အချိန်က အင်္ဂလန်ရဲ့ အုပ်ချုပ်ရေး စနစ်ဆိုး နဲ့ မင်းဆိုးမင်းညစ်တွေ အကြောင်းကို ကွင်းကွင်းကွက်ကွက် သရုပ်ဖော်ထားခဲ့သလို သူ့ရဲ့နာမည်ကျော် Ode to the West Wind မှာဆိုရင်လည်း ခေတ်ပြောင်း စနစ်ပြောင်းလာဖို့အတွက် မျှော်ရည်ပြီး အားမာန်အပြည့်နဲ့ ရေးဖွဲ့ထားခဲ့တယ်။
အခုမျှဝေချင်တဲ့ ကဗျာကတော့ အင်္ဂလန်ပြည်သူများအတွက် တေး လို့ အမည်ရတဲ့ ကဗျာ ဖြစ်ပါတယ်။ ဒီကဗျာက သူရေးခဲ့တဲ့ တခြားတော်လှန်ရေး ကဗျာတွေနဲ့မတူပဲ ထူးခြားတယ်။ ဆန့်ကျင်ဘက် အတွေးအမြင်တွေ အရေးအသားတွေနဲ့ ထင်တာထက် ပိုမို ရှုပ်ထွေးနေတယ် လို့ သုံးသပ်ကြပါတယ်။ မူရင်းကဗျာကို ဖတ်ကြည့်ပါ။
“Song—To the Men of England”
By Percy Bysshe Shelley
Men of England, wherefore plough
For the lords who lay ye low?
Wherefore weave with toil and care
The rich robes your tyrants wear?
Wherefore feed and clothe and save,
From the cradle to the grave,
Those ungrateful drones who would
Drain your sweat -nay, drink your blood?
Wherefore, Bees of England, forge
Many a weapon, chain, and scourge,
That these stingless drones may spoil
The forced produce of your toil?
Have ye leisure, comfort, calm,
Shelter, food, love's gentle balm?
Or what is it ye buy so dear
With your pain and with your fear?
The seed ye sow another reaps;
The wealth ye find another keeps;
The robes ye weave another wears;
The arms ye forge another bears.
Sow seed, -but let no tyrant reap;
Find wealth, -let no imposter heap;
Weave robes, -let not the idle wear;
Forge arms, in your defence to bear.
Shrink to your cellars, holes, and cells;
In halls ye deck another dwells.
Why shake the chains ye wrought? Ye see
The steel ye tempered glance on ye.
With plough and spade and hoe and loom,
Trace your grave, and build your tomb,
And weave your winding-sheet, till fair
England be your sepulchre!
ဒီကဗျာကို ခြုံငုံပြီး တစ်ချက်ဖတ်လိုက်ရင် ဒါဟာ အင်္ဂလန်က လုပ်သားပြည်သူတွေကို တော်လှန်ရေးအတွက် အားပေးထားတဲ့ ကဗျာလို့ ယေဘုယျ ကောက်ချက် ချနိုင်မယ်ဖြစ်တယ်။ ဒါပေမယ့် တကယ့်တကယ်ကျတော့ သူပြောချင်တာတွေက သည့်ထက် ပိုရှုပ်ထွေးလေးနက် နေတယ်လို့ ဝေဖန်သုံးသပ်ကြပါတယ်။ သူ့ရဲ့ ဘာသာစကားသုံးစွဲမှုနဲ့ လေသံဟာ ရိုးရိုးမဟုတ်ပဲ အလှည့်အပတ်တွေနဲ့ အဆုံးသတ်ထားတယ်လို့ အာရုံခံစားနိုင်သတဲ့။
အင်္ဂလန်ပြည်သူတို့ …
ဘာကြောင့်များ
သင်တို့ကို နှိပ်ကွပ်ထားတဲ့ အရှင်သခင်တို့အတွက်
သင်တို့ထွန်ယက်စိုက်ပျိုးနေကြတာလဲ
အာဏာရှင်တွေ ၀တ်ဆင်မယ့် ကြီးကျယ်ခန်းနားတဲ့ ၀တ်ရုံတော်တွေအတွက်
ဘာကြောင့်များ သင်တို့ လုပ်အားနဲ့ အသေအချာ ရက်ကန်းတွေ ရက်လုပ်နေကြတာလဲ
… ဆိုတဲ့ မေးခွန်းတွေနဲ့ ကဗျာကို စတင်ဖွင့်လှစ်လိုက်ပါတယ်။
ဘာကြောင့်များ
မွေးရာမှသည် သေသည်အထိ
သင်တို့ကို ချွေးချောင်းစီးစေပြီး သင်တို့ရဲ့ သွေးတွေကို သောက်သုံးနေတဲ့
ကျေးဇူးတရား မသိတတ်တဲ့ ပျားထီးလိုကောင်တွေကို
ကျွေးထား ဆင်ထား ကယ်မ, ထားကြတာလဲ..
လုပ်သားပြည်သူတွေကို ဂုတ်သွေးစုပ်နေတဲ့ အရှင်သခင်တွေကို ရှယ်လီက ပျားထီးနဲ့ တင်စားလိုက်ပါတယ်။ ဒီနေရာမှာ ပျားထီး (drone) ဆိုတာကတော့ ပျားအုံတစ်အုံမှာ အလုပ်မလုပ်ပဲ နေတဲ့ ပျားအထီးတွေကို ဆိုလိုပါတယ်။ ပျားထီးတွေက လုပ်သားပျားတွေ ရှာကျွေးတာကို စားရတယ်။ ပျင်းရိတဲ့ပျားလို့လည်း ဆိုလိုနေတယ်။ တဖက်မှာတော့ တုပ်နိုင်တဲ့ အစွယ် (ပျားမှာရှိသင့်တဲ့ အရည်အချင်း) မရှိတာကိုလည်း ဆိုလိုနေတယ်။ လူဆိုရင်တော့ လူလိုစဉ်းစား ဆင်ခြင်တတ်တဲ့ ဦးဏှောက်မရှိတာမျိုး ထင်ပါရဲ့။
ရှယ်လီက အာဏာရှင်တွေကို အသုံးမကျတဲ့ ပျားထီးနဲ့ ခိုင်းနှိုင်းပြီး သရော် လှောင်ပြောင်လိုက်တယ်။ ချက်ချင်းပဲ နောက်က ၀ါကျမှာကျတော့ သင်တို့ရဲ့သွေးတွေကို သောက်သုံးနေတယ် လို့ ဆက်ပြောလိုက်တယ်။ အသုံးမကျတဲ့ အရာတွေလို့ ပြောပြီးမှ အဲသည် အသုံးမကျတဲ့ အရာတွေက အင်အားကြီး ခြယ်လှယ်နိုင်နေရတာကို ဟြေထားတာဟာ အမြင်နှစ်ခု ဖြစ်ရပ်နှစ်ခုရဲ့ ဆန့်ကျင် အားပြိုင်မှုကို ထင်ထင်ရှားရှား ဖော်ပြနေပါတယ်။ အသုံးမကျတဲ့ အကောင်တွေက ကိုယ့်ကို နိုင်စားနေတယ်လို့ တကယ် ဖြစ်နေတဲ့ အဖြစ်ကို ထုတ်ဖော်ပြောလိုက်ပြီး မခံချင်စရာ လှုံ့ဆော်လိုက်တာလည်း ဖြစ်တယ်။
ဘာကြောင့်များ
အင်္ဂလန်ရဲ့ လုပ်သားပျားတို့
လက်နက်တွေ သံကြိုးတွေ ကြာပွတ်တွေ အများအပြား ထုတ်လုပ်နေကြသလဲ
အစွယ်မရှိတဲ့ ပျားထီးတွေက
သင်တို့ရဲ့ အတင်းအကြပ်လုပ်အားနဲ့ တည်ဆောက်ထားတဲ့
အကျိုးရလာဒ်တွေကို ဖျက်ဆီးပစ်မှာ
သည်နေရာမှာတော့ မျှော်လင့်ထားနိုင်တဲ့အတိုင်းပဲ အင်္ဂလန်ရဲ့ ပြည်သူတွေကို လုပ်သားပျား (bee) တွေနဲ့ ဆက်လက်တင်စားလိုက်ပါပြီ။ [မှတ်ချက်။ ။ တကယ့်ပျားအုံတစ်ခုကလို ပျားထီးတွေရဲ့ အသုံးကျတဲ့ အခန်းကဏ္ဍ အတိအကျထက် အလုပ်ကို ဘယ်သူလုပ်တယ် မလုပ်ဘူး တရားတယ် မတရားဘူး ဆိုတာကို ထင်ရှားဖို့ ရှယ်လီက ကဗျာထဲမှာ ပျားတွေရဲ့ဥပမာကို အဲသည်ရှုထောင့်ကသာ ယူသုံးစွဲထားတယ်လို့ မြင်မိပါတယ်။]
သက်တောင့်သက်သာအချိန်တွေ အေးဆေးငြိမ်သက်မှုတွေ
စားဝတ်နေရေးတွေ ချစ်ခြင်းရဲ့နူးညံ့မှုနဲ့ လိမ်းကျံဖို့ဆေးတွေ သင်တို့မှာရှိသလား
ဒါမှမဟုတ် သင်တို့ရဲ့ နာကျင်မှု ကြောက်ရွံ့မှုနဲ့ပေးဆပ်ပြီးတော့
တန်ဖိုးကြီးစွာ လဲလှယ်ဝယ်ယူနေရသလား..
ရှယ်လီက လူအများ ဘယ်လောက် နစ်နာနေတယ် ဆိုတာကို သည်စာပိုဒ်မှာ ထောက်ပြလိုက်ပါတယ်။ မေးခွန်းတွေရပ်သွားပြီး နောက်တစ်ပိုဒ်မှာတော့..
သင်တို့မျိုးစေ့ချပျိုးခဲ့တာကို သူများက ရိတ်သိမ်းနေ
သင်တို့ရှာခဲ့တဲ့ စည်းစိမ်ဥစ္စာကို သူများကသိမ်းပိုက်နေ
သင်တို့ရက်လုပ်တဲ့ ၀တ်ရုံကို သူများက၀တ်ဆင်နေ
သင်တို့ထုတ်တဲ့လက်နက်များ သူများက တပ်ဆင်သွား…
မတရားမှုတွေ ကြီးစိုးလို့ တကယ် ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို သည်နေရာမှာ လှစ်ပြလိုက်ပါတယ်။ ဆက်ပြီး ပြောတာကတော့ တကယ့်တကယ် ဖြစ်သင့်တာတွေပါ။
မျိုးစေ့ကိုချပါ၊ အာဏာရှင်ကိုတော့ မရိပ်သိမ်းခိုင်းမိစေနဲ
စီးပွားချမ်းသာကိုရှာပါ၊ လူလိမ်အချောင်သမားတွေဆီ စုပုံမသွားပါစေနဲ့
အ၀တ်အထည်တွေ ရက်လုပ်ပါ၊ လူပျင်းတွေ ၀တ်မသွားပါစေနဲ့
လက်နက်တွေထုတ်လုပ်ပါ၊ မိမိကိုယ်ကို ခုခံကာကွယ်ရေးအတွက်သာ..
နောက်တစ်ပိုဒ်မှာတော့ လေသံကပြောင်းသွားတယ်။ အင်္ဂလန်ပြည်သူတွေအတွက် အနှုတ်လက္ခဏာ ဆောင်တဲ့ အသုံးအနှုန်းတွေ ထူးခြားစွာ အစပြုလာပါပြီ။
သင်တို့ရဲ အချုပ်လှောင်အိမ်တွေ တွင်းပေါက်တွေ အခန်းငယ်တွေ ကျုံ့လာစေ
သင်တို့ခြယ်သနေတဲ့ ခန်းမတွေမှာတော့ သူများက နေထိုင်နေ
သင်တို့သွန်းထုခဲ့တဲ့ သံကြိုးတွေကို ဘာလို့ လှုပ်ခါနေလဲ
သင်တို့သွန်းကြိုခဲ့တဲ့ သံမဏိတွေက သင်တို့အပေါ် ရောင်ပြန်လက်နေခဲ့...
ကဗျာရဲ့ နောက်ဆုံးပိုဒ်ကတော့ ပိုပြီး အံ့သြစရာ ဖြစ်သွားတယ်။ အရှိန်လည်း ပြင်းလာတယ်။ လေသံလည်း မာလာတယ်။ စကားလုံးသုံးစွဲပုံကအစ With plough and spade and hoe and loom, Trace your grave, and build your tomb, ဆိုတဲ့ စာကြောင်းလိုမျိုးမှာဆို အသံ တစ်သံတည်း ထွက်တဲ့ သံပြတ်စကားလုံးတွေ ဆက်တိုက် သုံးနှုံးသွားတယ်။
အားကုန်ဖျော့တော့သွားသည်အထိ
ပေါက်တူး ပေါက်ပြား တူရွင်း တွေနဲ့
ကိုယ့်ကျင်းကိုယ်တူး ကိုယ့်အုတ်ဂူကိုယ်ဆောက်ကြပေါ့
ရက်ကန်းစင်တွေနဲ့ ကိုယ့်မသာဝတ်စုံ ကိုယ်ရက်လုပ်လိုက်ပေါ့
အင်္ဂလန်ကလည်း သင်တို့ရဲ့သင်္ချိုင်းမြေ ဖြစ်လာတော့မပေါ့..။
ကဗျာက အဲသည်မှာပဲ ဆုံးသွားပါပြီ။ သည်အတိုင်း ကြည့်ရင်တော့ အင်္ဂလန်ပြည်သူတွေကို စော်ကားနေသလို ထင်ရတယ်။ ကျိန်ဆဲနေသလို ထင်ရတယ်။ မင်းတို့အားလုံး လဲသာ သေလိုက်ကြတော့ လို့ပြောနေသလိုပဲ။ တကယ်တော့ ရှယ်လီက “ဖြစ်နေတာ” တွေရယ် “ဖြစ်သင့်တာတွေ” ရယ် ပြောပြီးတဲ့နောက် “ဘာတွေ ဆက်ဖြစ်လာနိုင်တယ်” ဆိုတာကို ရေးဖွဲ့ခဲ့တာပါ။ မြုပ်ထားတဲ့ စကားတွေကတော့ အဲဒီ အနိဋ္ဌာရုံတွေ ဆက်ဖြစ်လာမယ် ဆိုတာဟာ “တကယ်လို့များ သည်အတိုင်း ဆက်ငြိမ်ခံသွားရင်” လို့ဆိုလိုတာပါပဲ။
တကယ်အသုံးမကျတဲ့ အစွယ်မဲ့ ပျားထီးလို ဖိနှိပ်သူတွေကို ကိုယ့်မှာ လုပ်အားရှိတဲ့ လုပ်သားပျားလို ဖိနှိပ်ခံရသူတွေက ဖိနှိပ်ခွင့် ဆက်ပေးနေရင် သည်လို ဖြစ်လာမယ်။ ကြောက်ရွံ့ပြီး ငြိမ်ကာ ကိုယ့်လုပ်အားတွေကို ခေါင်းပုံဖြတ်ချင်တိုင်း ဖြတ်ဖို့ ခံနေတာကိုက မတရားသူတွေ သက်ဆိုးရှည်ဖို့ ပံ့ပိုးပေးသလို ဖြစ်နေတယ်။ ကိုယ့်သေလမ်း ကိုယ်ဆက်သွားနေသလို ဖြစ်နေတယ်။ တော်လှန်ကြပါ ဆိုတာမျိုး ကဗျာက သမားရိုးကျ တည့်တိုးမပြောပဲ ဆက်ဖြစ်လာမယ့် ဆိုးကျိုးတွေကို မခံချင်စရာ ဒေါသထွက်စရာ ကြောက်စရာ ဖြစ်အောင် အဓိက အလေးပေး ခြယ်မှုန်းထားခဲ့တယ်။ ဖတ်ရသူအဖို့ မိမိစိတ်သဘောအရကို ချက်ချင်း တစ်ခုခု ထလုပ်ချင်စိတ် ပေါ်ပေါက်လာအောင် လှုံ့ဆော်တိုက်တွန်းခဲ့တယ်။
သည်လိုနဲ့ ကဗျာရေးတဲ့ လက်တစ်ချောင်းက အာဏာရှင်တွေ အနိုင်ကျင့်တာကို ဇာတ်မျောထဲမှာ ငုံ့ခံမနေဖို့ အရေးကြီးကြောင်း အကျိုးအကြောင်းပြကာ အနုပညာမြောက်တဲ့ ဖွဲ့နွဲ့မှုတွေနဲ့ ပြတ်ပြတ်သားသား ထောက်ပြသွားခဲ့ပါတယ်။
ပန်ဒိုရာ
(အတတ်နိုင်ဆုံး ကြိုးစားနားလည်ထားပါတယ်။ အဓိပ္ပာယ်ကောက်ယူပုံ အမှားအယွင်းများ သဘော မတိုက်ဆိုင်တာများ ရှိခဲ့ရင် မှတ်ချက်ရေး ထောက်ပြသွားဖို့ ကြိုဆိုပါတယ်။)
Friday, March 21, 2008
နွေဦးပျောက်ဆုံးခြင်း
ဘလော့ဂ်တွေကို လည်ပတ်မိတော့ Spring လို့ခေါ်တဲ့ နွေဦးနဲ့ ပတ်သက်တဲ့ စာတွေ ကဗျာတွေ ဓာတ်ပုံလေးတွေကို တွေ့ရတယ်။ ရာသီဥတု လေးမျိုးရှိတဲ့ နိုင်ငံတွေမှာတော့ နွေဦးရာသီကိုက ရာသီတစ်ခုပေါ့။ ရာသီဥတု သုံးမျိုးရှိတဲ့ အမိမြေမှာတော့ နွေရဲ့အဦးကာလမို့ နွေဦးလို့ ခေါ်နိုင်တာပဲ။ ရာသီဥတုလို့ သတ်သတ်မှတ်မှတ် မရှိတဲ့ ဟောသည် နေရာကနေ ကိုယ်က သည်လို လွမ်းမိပါတယ်။
နွေဦးပျောက်ဆုံးခြင်း
တပေါင်းညှာကျင် လို့ ကဗျာဆန်ဆန်
ရာသီဖွဲ့ကလေး ငါလည်းဖွဲ့နွဲ့ချင်တာပေါ့
နှင်းခါးတွေ ပါးလျသွားတဲ့အကြောင်း
ပုရစ်ဖူးတွေ ဝေတဲ့အကြောင်း
ဥသြငှက်တွေ တွန်သံချိုတဲ့အကြောင်း
ရွက်ဝါတွေ လေမှာဝဲတော့မယ့်အကြောင်း…
နွေဦးရေ… လို့ အခါခါဟစ်ခေါ်လည်း
ပဲ့တင်သံတောင် ပြန်မကြားရဘူး
နွေဦးတွေက နေရာအနှံ့ကျဲပြန့်လို့နေ
အမေရိကကမ်းခြေတနေရာမှာ..
ဥရောပကုန်းတွင်းပိုင်းတခုမှာ..
အာရှအရှေ့ဘက်စွန်းစွန်းမှာ..
နွေဦးတွေ့နေသူတွေက ကိုယ်ပိုင်နွေဦးမှ မဟုတ်တာ.. တဲ့
အဝေးမြေက နွေအစစ်ကလည်း နွေမလှတာ ကြာမှပေါ့… တဲ့
ရာသီဥတုဆိုတာ ပြားချပ်နေတဲ့ ငါ့ကျွန်းကလေးမှာလည်း
နွေဦးဗလာနဲ့ လွမ်းစရာအတိ…
ငါတို့ နွေဦးကို ဘယ်သူ ခြွေခူးသွားခဲ့သလဲ။။
ပန်ဒိုရာ
ရွေးစရာ စကားလုံး မရှိတော့လို့ ကဗျာရဲ့ နောက်ဆုံး စာကြောင်းကလေးကို ဒီက ယူပါသည်။
ဘ၀လက်တွဲဖော်
ဒီခေါင်းစဉ်လေးကို သူများတွေ ရေးရေးနေတာကို ဖတ်မိတာ အတော်ကြာပါပြီ။ အခုတော့ ဆိုးဝှတ်က တက်ဂ်လာလို့ မရှောင်သာ ရေးရပါတော့မယ်။
အများစုအတွက်တော့ အသက်အရွယ်တခုကို ရောက်ပြီး စဉ်းစား ဆင်ခြင်တတ်သူတွေဟာ လက်တွဲဖော်ရဲ့ အလုပ်အကိုင် ပညာအရည်အချင်းတို့ မွေးချင်း ဘယ်နှစ်ယောက် ရှိသလဲတို့ မိဘဆွေမျိုး အသိုင်းအ၀ိုင်းနဲ့ သဟဇာတ ဖြစ်မဖြစ်တို့ ဒါမျိုးတွေ သာမန်အားဖြင့် သုံးသပ်လေ့ ရှိကြပါတယ်။ တွက်တယ်ချက်တယ်လို့ ဆိုချင်ဆိုနိုင်လည်း လူနှစ်ယောက် ပေါင်းစပ်တယ် ဆိုတာ တကယ့်တကယ်တော့ ကိုယ်နှစ်ယောက်တင်မက ဟိုဘက်သည်ဘက် ဆွေမျိုးစု နှစ်ခု ပေါင်းစပ်ရတာ ပြီးတော့ ကိုယ် ရှေ့လျှောက်ရမယ့် ဘ၀ကြီး တစ်ခုလုံးအတွက် အရေးကြီးတာ ဖြစ်တဲ့အတွက် မှားတယ်လို့ မဆိုနိုင်ပါဘူး။ မိဘတွေက သင့်တော်ရာ စပ်ဟပ် ပေးစားတဲ့ အိမ်ထောင်တွေလည်း တည်မြဲနေကြတာ အများကြီးတွေ့ဖူးပါတယ်။
ဘ၀လက်တွဲဖော်ဆိုတာနဲ့ ပတ်သက်လို့ ကိုယ့်မှာ ရှိလာမလား ရှိမလာဘူးလား ဆိုတာကို ငယ်ငယ်ကတည်းက တင်းတင်း ကျပ်ကျပ်တော့ မသတ်မှတ်ခဲ့ပါဘူး။ တွေ့ချင်လည်းတွေ့ တကူးတကတော့ လိုက်မရှာဘူး။ တကူးတကလည်း ရှောင်မနေဘူး။ အဲသည်လိုပဲ သဘောထားခဲ့ပါတယ်။
ဘယ်လိုလူမျိုးကို ရွေးချယ်မယ်လို့ သတ်မှတ်ချက်တွေ စံထားတာတွေက ဆယ်ကျော်သက် ရှစ်တန်း အရွယ်လောက်ကတော့ ရှိခဲ့တာပေါ့။ သတ်မှတ်ချက် ရှိလာခဲ့ရတာကလည်း သည်လို။ အစ်ကို့ သူငယ်ချင်းတစ်ယောက်က မင်းညီမကို စိတ်ဝင်စားတယ် လို့ အစ်ကို့ကို လာပြောသတဲ့။ အဲသည်တုန်းက စာဂျပိုးကျနေတဲ့ ညီမကို ယုံကြည်စွာနဲ့ ပြန် မကြိုက်လောက်ပါဘူး ဆိုပြီး အကို က ကိုယ့်ကို ပြန်ပြောပြတယ်။ ကိုယ်ကလည်း စာရင်းလေးလုပ်ပြီး ပြန်ပြလိုက်တယ်။ (အတိအကျတော့ မမှတ်မိတော့။ သည်စာရင်းမျိုး ဆန်ဆန်ပါပဲ။ သည့်ထက် ပိုရှည်တာတော့ သေချာတယ်။)
၁) ပုံပန်းသဏ္ဍာန်က ပိန်ပိန်ရှည်ရှည်လေးတွေကို သဘောကျတယ်။ (ဖေဖေ့လိုမျိုး)
၂) အသားတော့ မည်းတာ မကြိုက်သလို သိပ်မဖြူနဲ့ (ကိုယ်ကလည်း အရမ်းမဖြူတော့ ကိုယ့်ထက်ဖြူနေရင် မနာလိုဘူး.)
၃) ကြည့်ကောင်းစေချင်သော်လည်း သိပ်အရမ်းမချောနဲ့ (စိတ်ချတာ မချတာတွေထက် အရမ်းချောနေရင်လည်း မနာလိုဘူး..)
၎) ဥာဏ်ကောင်းရမယ်။ စာတော်ရမယ်။ အထူးသဖြင့် အင်္ဂလိပ်စာ တော်ရမယ်။ (ဒါပေမယ့် ယောင်္ကျားလေးတန်မဲ့ ကတ်ကတ်သတ်သတ် အပြိုင်အဆိုင် စာလုပ်နေတာမျိုးလည်း အမြင်ကတ်တယ်)
၅) စိတ်ကောင်းရှိရမယ်။ သဘောထားကြီးရမယ်။
၆) အရေးအကြီးဆုံးကတော့ ကိုယ့်ကို လိုလိုလားလား တကယ်ချစ်ရမယ်ပေါ့လေ။
ပြီးတော့ ဒါတွေကို အခုမစဉ်းစားသေးဘူး။ အနည်းဆုံး ဘွဲ့ရမှ စစဉ်းစားမယ်လို့ ပြန်ပြောလိုက်တယ်။ အဲသည်သူငယ်ချင်းက အစ်ကို့ကို မင်းညီမတော့ ငါတသက် မရတော့ပါဘူးကွာလို့ ပြောသတဲ့။ သူက စာညံ့တယ်။ ဟီးး..။
မေမေကလည်း သူ့အိုင်ဒီယာနဲ့သူ သတ်မှတ်ချက် ၃ ခု ပြောထားတယ်။
၁) ကိုယ့်ထက် အသက်မငယ်စေနဲ့ (သာမန်အားဖြင့် အသက်ပိုကြီးသူက အတွေးအခေါ် ပိုရင့်ကျက်ပြီး ကိုယ့်ကို ဦးဆောင်နိုင်မယ် ဆိုတာမျိုး)
၂) ကိုယ့်ထက် အရပ်မပုစေနဲ့ (ဒါကလည်း ကိုယ့်ထက်ပုရင် စိတ်ပိုင်းဆိုင်ရာအားဖြင့် တခုခု သက်ရောက်မှု ရှိနေမယ်လို့ တွေးမိတယ် ထင်ပါရဲ့)
၃) စစ်သားမဖြစ်စေနဲ့.. တဲ့ (စစ်သားဆိုရင် တိုက်ခိုက်ရတာနဲ့ သေဖို့ ဖြစ်နိုင်ခြေများတာတို့ အဝေးမှာနေရတာ များတာတို့။ ဒီ့အပြင် မေမေက လက်နက်ကိုင်ရတဲ့ အလုပ်အကိုင် စစ်သားတို့ ရဲတို့ဆိုရင် သူ့ကိုယ်ပိုင်သဘောထားအရကို သိပ်သဘောမကျ။)
ငယ်ငယ်ကတော့ ရည်းစားထားဖို့ ဆိုတာကို အပြစ်တစ်ခုလို တကယ်ကို မြင်ခဲ့တယ်။ ဦးနှောက်ဆေးခံ ထားရတာလည်း ပါတယ်။ ကြောက်တတ်တာလည်း ပါတယ်။ စိတ်ဝင်စားမှု လုံးလုံးမရှိလို့တော့ မဟုတ်ပြန်ဘူး။ သာမန် မိန်းကလေးတစ်ယောက်ရဲ့ ပုံမှန်စိတ်ပဲပေါ့။ ကိုယ့်မျက်စိနဲ့ ကြည့်ကောင်းသူ တွေ့ရင် မသိမသာတော့ ကြည့်ဖြစ်တာပဲ။ ယောင်္ကျားလေးတွေကို အလကားနေရင်း အထင်သေး နေတာမျိုး မဟုတ်ပေမယ့် လေးစား သဘောကျမိသူ များများစားစားတော့လည်း မရှိခဲ့တာ သေချာတယ်။ ဒါပေမယ့်လည်း အချစ် ဆိုတာမျိုး ဖြစ်သွားဖို့ကျတော့ ခက်ခဲပြန်ရော။ စွဲစွဲလန်းလန်း နှစ်သက်ဖို့ ဆိုတာမျိုးကလည်း သဘောကျရုံ ကြိုက်ရုံ သက်သက် မဟုတ်ပြန်ပဲကိုး။ ပြီးတော့ ခံစားချက် အပြန်အလှန် စီးဆင်းဖို့ကလည်း လိုသေးတယ်။ အခြေအနေ အချိန်အခါက မျက်နှာသာ ပေးဖို့လည်း လိုသေးတယ်။
ကိုယ့်အတွင်းစိတ် ကိုယ်ပြန်ကြည့်ရင်တော့ ကိုယ်က ဖေဖေ့ကို အရမ်းလေးစားချစ်ခင်တော့ ဖေဖေ့ပုံစံက ကိုယ့်ကိုလွှမ်းမိုးတယ်။ ကိုယ့်ထက် အသက်ကြီးသူ နိုင်ငံရေးအတွေးအခေါ်နဲ့ အနုပညာစိတ် ရောနှောနေသူတွေ ဆိုရင် အလွန်နှစ်သက် သဘောကျ တတ်ပါတယ်။ ထက်မြက်ပြီး လူကြီးဆန် တွေးခေါ်မြော်မြင်မှု ရှိတာကို သဘောကျသလို တဖက်မှာလည်း ရိုးသားတာကို သဘောကျတယ်။ ဘယ်လောက် ဥာဏ်ရည်ထက်မြက် ထူးချွန်နေပါစေ မရိုးဖြောင့်တဲ့ သဘောနဲ့ လည်လည်ဝယ်ဝယ် ဖြစ်လွန်းရင်တော့ မကြိုက်ပြန်ဘူး။
ကိုယ်သာ ရည်းစားထားရင် ဘ၀အတွက် လက်တွဲဖို့ပဲ ဖြစ်ရမယ်လို့ စဉ်းစားခဲ့တယ်။ သည်လိုနဲ့ အတွေးအခေါ်တွေ က တဖြည်းဖြည်း ပြောင်းလဲလာတယ်။ သတ်မှတ်ချက်တွေကို သိပ်အဓိပ္ပာယ်မရှိလို့ ကိုယ့်ဘာသာ မြင်လာတယ်။ လူနှစ်ယောက်ဆိုတာ ကိုယ့်မိဘ တအူတုံဆင်း မောင်နှမတွေတောင် သဘောမတည့်တာတွေရှိတယ်။ ဘယ်သူမှလည်း ပြီးပြည့်စုံမနေနိုင်ဘူးလေ။ လူတစ်ယောက်နဲ့ တစ်ယောက် အကြာကြီး သည်းခံနိုင်တာ ချစ်ခြင်းမေတ္တာ ဆိုတဲ့ အကြောင်းပြချက် တစ်ခုကပဲ ချည်နှောင်တယ်လို့ ခံယူတယ်။ ချစ်ခြင်းမေတ္တာ ဆိုတဲ့အထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် နှစ်သက်တန်ဖိုးထားမှု လေးစားမှု ညှာတာထောက်ထားမှု စေတနာရှိမှု အပြန်အလှန်ပိုင်ဆိုင်လိုမှု စတာတွေ ရောနှောပါဝင်နေမယ် လို့လည်း ထင်မိပါတယ်။
သာမန် ထုံးတမ်းစဉ်လာတစ်ခုလို စီးပွားရေးအရ အားကိုးဖို့ ဆိုတာမျိုး အတွက်တော့ ဘ၀လက်တွဲဖော်ကို မလိုချင်ခဲ့။ ဒါပေမယ့် အခက်အခဲတခုခု ဖြေရှင်းဖို့ တိုင်ပင်စရာ လိုရင်တော့ ကိုယ့်ထက်ပိုပြီး ကောင်းမွန်တဲ့ အကြံဥာဏ်တခုခု ပေးနိုင်တဲ့လူမျိုးတော့ ဖြစ်စေချင်တာပေါ့။ ပြီးတော့ ကိုယ်က အဖော်လိုချင်တာ။ အဖော်လုပ်ပေးချင်တာ။ အနားမှာ နေချင်တယ်။ စကားတွေ အများကြီး ပြောချင်တယ်။ သူပြောချင်တာတွေလည်း အများကြီး နားထောင်ပေးချင်တယ်။ သည်တော့ ၀ါသနာတွေ ထပ်တူမညီနိုင်တောင်မှ ကိုယ့်စကား သူ့စကား အပြန်အလှန် နားလည်နိုင်မယ့် အသိဥာဏ် အဆင့်အတန်း ရှိကြဖို့ လိုမယ်လို့ ထင်တယ်။
တသက်လုံး မိဘညွှန်ကြားချက်ကို နားထောင်ခဲ့လည်း ဘ၀လက်တွဲဖော်အတွက် ဆုံးဖြတ်ချက်ချတဲ့ နေရာမှာတော့ ကိုယ့်သဘော တစ်ခုတည်းနဲ့ လွတ်လွတ်လပ်လပ် လုပ်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ အဲသည်အခါမှာ ဘာသတ်မှတ်ချက်မှ ခေါင်းထဲ မထားတော့ဘူး။ တကယ်ချစ်သလား မချစ်သလား ဆိုတာပဲ စဉ်းစားတော့တာပဲ။
ကံကောင်းစွာပဲ ပန်ဒိုရီက လူကောင်းကလေး ဖြစ်ပေလို့ပေါ့။
ပန်ဒိုရာ
Saturday, March 15, 2008
ဘန်နာကိစ္စ ဆန္ဒခံယူပွဲကြီး
ဆန္ဒခံယူပွဲကြီး ဆိုလို့ တောင်တောင်အီအီတွေလည်း မတွေးကြနဲ့ဦးနော်။ ပန်ဒိုရာရဲ့ ဘန်နာတွေ ဓာတ်ပုံတွေကို ဘယ်သူတွေက ဘယ်ဟာကြိုက်သလဲ ဆိုတာ သဘောထား မေးကြည့်တာပါ။ ကိုယ့်ဟာကိုယ် အမွှန်းတင်ချင်လို့ သည်လို နာမည်ပေးလိုက်တာပါ။ ဟိုလိုဆန္ဒခံယူတာတို့ မဲပေးတာတို့တော့ ပြောလည်းပြောရဲဘူး။ သိလည်းသိဘူး။ နားလည်းလည်ဘူး။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှလည်း ဆန္ဒမဲ မပေးဖူးဘူး။
ခြုံကြည့်ရသလောက်တော့ လူတွေက ဦးပိန်တံတားပုံနဲ့ ဘန်နာ၆ ကို ကြိုက်ကြတာ အကြိမ်ရေ များနေတယ်။ အဲဒါမှ ခက်တာပဲ။ ရှားရှားပါးပါး တစ်ပုံထဲရိုက်တဲ့ ပန်ဒိုရီက ပိုပြီး ရိုက်ချက် ကောင်းသလို ဖြစ်နေတယ်။ သည်လိုတော့ အဖြစ်မခံနိုင်ဘူး။ အသာမခံနိုင်ဘူး။ အမှတ်တွေ ပေါင်းပြီး ခွဲကြည့်မယ်။ ပထမအကြိုက်ဆုံးကို ၃ မှတ်၊ ဒုတိယကို ၂ မှတ်၊ တတိယ ကို ၁မှတ်လို့ ပေးလိုက်တယ်။ မလေးနဲ့ မောင်မျိုးက ဘယ်ဟာကို အကြိုက်ဆုံးလို့ သေသေချာချာ မပြောတော့ သူတို့ရွေးတာတွေကိုတော့ ၂ မှတ်စီပဲ ညီတူပေးလိုက်တယ်။ တက်စလာနဲ့ နတ်ဆိုးက ဘန်နာ ၆ ကိုကြိုက်တယ်လို့ အတိအလင်း ရှင်းအောင် မပြောတော့ ဘန်နာ ၆ နဲ့ပတ်သက်တဲ့ သူတို့မဲကို ပယ်လိုက်တယ်။
ဒါလည်းမရသေး။ ဘန်နာ ၆ က ၂၆ မှတ် ။ ဘန်နာ ၈ က ၂၄ မှတ်ဖြစ်နေတယ်။ ဒီတော့ ကွန်မန့်ထဲမှာ သေချာမရေးပဲ ဆီပုံးကပဲ ရေးသွားတဲ့မဲတွေ အားလုံးကို ပယ်လိုက်ပြန်တယ်။
နောက်ဆုံးတော့
ဘန်နာ ၈ က ၂၁ မှတ်ကျန်ပြီး ဘန်နာ ၆ က ၂၀ မှတ်ပဲကျန်တယ်။ အသေးစိတ်ကို ဒီမှာကြည့်။
ဘန်နာ ၈ နိုင်ပြီပေါ့။ ဘာရမလဲ။ ဟဲဟဲ။ ဒီလို မနိုင်နိုင်အောင် တွက်ဖို့က
- အစကတည်းက ဘယ်လိုတွက်ချက်မယ် ဆိုတာကို ရှင်းရှင်းပြောမထားဘူး။
- အခြေအနေမဟန်ရင် ပယ်မဲလုပ်လို့ ရအောင်လည်း ကြံထားရတယ်။ ပြည်ပရောက် အဲလေ ပြင်ပရောက် ဆီပုံးထဲက မဲတွေကို ထည့်တွက်မှာလား ဆိုတာ သေချာ ပြောမထားဘူး။ လော့အင်ဝင်ဖို့ခက်သူတွေ ကွန်မန့်ထဲရေးလို့ရအောင် ကော်ပီပေ့စ် လုပ်ပေးပါမယ် ဘာညာ နဲ့ စီစဉ်ပေးမထားဘူး။
- ကိုယ်နိုင်ခြေလေးရှိတုန်း ဖြတ်ချလိုက်တာပါပဲ။
- ဒီ့ထက်ညစ်ချင်ရင် ဘန်နာ ၆ ကိုထောက်ခံတဲ့ ကွန်မန့်တွေကို အသာ ဖျက်ပစ်လိုက်လို့တောင် ရသေး။ ကိုယ့်လက်ခုပ်ထဲက ဘလော့ပဲ။ ကိုယ်တိုင် အိုင်ဒီအတုနဲ့ ထပ်မဲပေးလို့လည်း ရသေးတယ်။
- ဒီကြားထဲမှာ မဲရုံတာဝန်ခံက အရည်အချင်းမပြည့် အဲ.. မျက်စိက ရှန်းတတ်တော့ အခုရေတွက်တာတွေ မှားရင်လည်း မှားနေနိုင်သေးတယ်။ နိုင်နေမှတော့ ဘာလို့ ဒုက္ခခံပြီး ပြန်တွက်နေဦးမလဲ။ တော်ပြီ။
ညစ်တယ်ဆိုတာ လွယ်ပါတယ်။ ကဲ.. ပန်ဒိုရာ ရိုက်တဲ့ပုံ ဘန်နာ ၈ နိုင်ပြီ။ ပန်ဒိုရီ ဘာတတ်နိုင်သေးလဲ။
ပုံ
ပန်ဒိုညစ်
Monday, March 10, 2008
ပန်ဒိုရာနှင့် ဘန်နာများ
အခုတလော ဘန်နာတစ်ခုပြောင်းလိုက်ပြန်တာကို သတိထားမိမှာပေါ့။ စိတ်ကူးရရင် ရသလို မကြာခဏ ပြောင်းဖြစ်တယ်။ ဒါနဲ့ လုပ်ခဲ့တဲ့ ဘန်နာလေးတွေကို အမှတ်တရဖြစ်အောင် ဒီပို့စ်မှာ ပြန်ဖော်ပြလိုက်ပါတယ်။
ဘလော့ဂ် စလုပ်ခါစကတော့ သူ့တန်းပလိပ်မှာ ပုံသေပါတဲ့ အစိမ်းရောင် နဲ့ ပန်ဒိုရာဆိုတဲ့စာလုံးနဲ့ ရိုးရိုးပါပဲ။ နောက်တော့ ရထားကြီးအောင်မော်ဟိန်းက ပြန်ပြင်ပေးတယ်။ ကိုယ်ကလည်း အင်တာနက်ကပုံတို့ဘာတို့ ဆိုရင် ကော်ပီရိုက်ငြိမှာစိုးလို့ ကိုယ်ပိုင်ဖြစ်ချင်တယ်။ ဒါနဲ့ သူ့ကို ရှိတဲ့ ဓာတ်ပုံတစ်ပုံ ပေးလိုက်တယ်။ အဲဒါကို သူက ဖြတ်ညှတ်ကတ် လုပ်ပြီး ဒီဘန်နာလေး ထွက်လာတယ်။
မူလဓာတ်ပုံ ၁
(စင်္ကာပူ အနောက်ဘက်ကမ်းခြေမှာ ရိုက်ထားတဲ့ပုံ။ ရိုက်သူကတော့ မောင်လေးပါ။)
ဘန်နာ ၁
နောက်တော့ သူက ဘန်နာအသစ်လဲရင် ဘယ်နေရာ ကုဒ်ဒင်း မှာ အစားထိုးရမယ်ဆိုတာပြောတော့ နောက်ပိုင်း ဘန်နာကို ကိုယ့်ဖာသာ ဖိုတိုရှော့ပ်မှာ ဖြတ်ညှတ်ကတ် လုပ်တယ်။
မူလဓာတ်ပုံ ၂
(KL မှာရိုက်ထားတဲ့ပုံ။ ကိုယ်တိုင်ရိုက်တယ်။)
ဘန်နာ ၂
မူလဓာတ်ပုံ ၃
(စကာင်္ပူ အရှေ့ဘက်ကမ်းခြေမှာ ရိုက်ထားတဲ့ပုံ။ ကိုယ်တိုင်ရိုက်တယ်။)
ဘန်နာ ၃
မူလဓာတ်ပုံ ၎
(ဒါကတော့ ဧရာဝတီမြစ်။ ကိုရဲမွန်ရဲ့ အွန်လိုင်း ဓာတ်ပုံတွေထဲက တွေ့လို့ ဆွဲစားလိုက်တာ။ သူလည်း ပန်ဒို့ရာ့ ဘန်နာမှာ ဓာတ်ပုံပါခွင့်ရလို့ ဂုဏ်ယူမဆုံး ဖြစ်သွားတာပေါ့။ ဓာတ်ပုံ ဆြာရဲမွံ။)
ဘန်နာ ၎
မူလဓာတ်ပုံ ၅
(ဒါကတော့ စင်္ကာပူ ပင်လယ်ဝထဲမှာပါ။ မောင်လေးရိုက်တာ။)
ဘန်နာ ၅
မူလဓာတ်ပုံ ၆
(အမရပူရ ဦးပိန်တံတား။ ပန်ဒိုရီ ရိုက်တာပါ။)
ဘန်နာ ၆
မူလဓာတ်ပုံ ၇
(ငွေဆောင်မှာရိုက်တာလေ။ မှတ်မိမှာပါ။ ကိုယ်တိုင်ရိုက်တာပါ။)
ဘန်နာ ၇
မူလဓာတ်ပုံ ၈
(ဒါလည်း ငွေဆောင်မှာပါပဲ။ ကိုယ်တိုင်ရိုက်တယ်။)
ဘန်နာ ၈
နှစ်သက်တာပါရင် အကြိုက်ဆုံး ၁ ၂ ၃ ရွေးကြည့်မလား။ ဘာကြောင့်ကြိုက်လဲ ဆိုတာရောပေါ့။
Friday, March 7, 2008
အပြာရောင်ကျွန်း
လေးဖက်လေးတန်မှာ
အပြာထု…
ရေပြင်ပြာမျက်စိတဆုံး
မှိုင်းပြာညို့နေတဲ့ကုန်းမြေ
ပြာပြာစင်နေတဲ့သဲသောင်
ကောင်းကင်ကြီးတခုလုံးလည်း
အပြာရောင်ဖိစီးလေးတွဲ့လို့
ပြာပြာမူးမူး ငါ့နှုတ်ခမ်းတွေပေါ်
ငုံ့မိုးကိုင်းညွတ်နေပေါ့။
ဘုတ် ခနဲ
အရုပ်ကြိုးပြတ်
အုန်းသီးခြောက်တစ်လုံး
ရေစပ်ကို တလိမ့်လိမ့်ဆင်းသွား
ခရုဂဏန်းများ တွားသွားရွရွ
အုန်းလက်တွေကို ရှီးရှဲလေတိုးသံ
စင်ရော်တစ်အုပ် ထပျံသွားကြ
ပြီးတော့…
လူတစ်ယောက်နဲ့
လူတစ်ယောက်သာ…။
ကတ်စ်တ်အဝေး* ရုပ်ရှင်ထဲမှာ
တွမ်ဟန့်စ်** က အိပ်ရာကထ
တွမ်ဟန့်စ်က ငါးဖမ်း
တွမ်ဟန့်စ်က ကျောက်စွန်းပေါ်မှာရပ်ကြည့်
တွမ်ဟန့်စ်က အုန်းသီးခူး
တွမ်ဟန့်စ်က မီးမွှေး
တွမ်ဟန့်စ်က ဂူထဲမှာအိပ်
တွမ်ဟန့်စ်က အိပ်ရာကထ
တွမ်ဟန့်စ်က ငါးဖမ်း…။
တွမ်ဟန့်စ်မှာ
မဖွင့်ရသေးတဲ့
ပါဆယ်တစ်ထုပ်ရှိတယ်
တွမ်ဟန့်စ်မှာ
ရူးသွပ်မှုတွေအဖော်မျှဖို့
မျက်နှာပုံ ရေးခြစ်ထားတဲ့
ဘောလုံးတစ်လုံးရှိတယ်
ဝီလဆင်.. လို့နာမည်ပေးထားတယ်။
ငါ့ရဲ့ လေးဖက်လေးတန်
နံရံပြာပြာတွေပေါ်မှာ
မျက်လုံး နား နှာခေါင်း ပါးစပ်ပေါက်နဲ့
တစ်ယောက်ယောက်ကိုရေးလိုက်တယ်
ပြီးတော့
ဂျွန်.. လို့
နာမည်ပေးလိုက်တယ်
ဘယ်တော့မှဖွင့်မဖောက်ဖြစ်တော့မယ့်
ပါဆယ်တစ်ထုပ်
ရင်ထဲကိုရောက်လာတယ်။
ဂျွန်ရယ်
ငါရယ်
အဲသည်အပြာထုထဲမှာပေါ့
ဝိုင်ချိုမူးကြ
စိတ်တွေကိုရွက်လွှင့်လို့
အိမ်လွမ်းချင်းတွေသီတော့
ဂျွန်ကပါ လိုက်ဆို
ချစ်သူကိုလွမ်းတဲ့ညတွေဆို
မောကြီးပန်းကြီးမျက်ရည်စက်များ
ဂျွန်ကပါ လိုက်ငို
ငါကစိတ်နောက် ပေါက်ကွဲတဲ့အခါ
ဂျွန်လည်းတိတ်တိတ်ငေးကြည့်နေရှာ။
တွမ်ဟန့်စ်ရေ
လှိုင်းလေထန်တဲ့လမ်း
ဝီလဆင်နဲ့ အားအင်ဖြည့်လို့
ချစ်သူဆီအပြန်ခရီး
ဝီလဆင်ကို အပါခေါ်သွားပါ
တွမ်ဟန့်စ်ရေ
ပါဆယ်တစ်ထုပ်ကိုဖြင့်
ပိုင်ရှင်လက်ထဲရောက်အောင်
ဆက်ဆက်ပို့လိုက်ပါ
တွမ်ဟန့်စ်ရေ
အိမ်ပြန်ရောက်တဲ့အခါ
ဝီလဆင်ကိုလည်း ပစ်မထားလိုက်ပါနဲ့
တွမ်ဟန့်စ်ရေ...။
ငါ့အပြာရောင်ကျွန်းမှာတော့
ပင်လယ်လေစိမ်းက
ရိုက်သိမ်းကျီစယ်သွားလို့
အိပ်မက်ထဲအပြင်းဖျားတဲ့
ကယောင်ချောက်ချားညတွေဆို
မျက်စိပြင်ညီမှာ ရေထုကြီးပေါ့
မြွေဟောက်ပါးပျဉ်းဖြူတွေလိုထကြွ
ငါ့ကိုရစ်ပတ်ဝါးမျို
ပေါ်လိုက်နစ်လိုက်
အသက်ရှူမ၀တော့ဘူး…။
ချစ်သူရှိရာ...
အဝေး အဝေး အဝေး ဆီကိုပါကွယ်
လှိုင်းတွေဗလုံးဗထွေးကြား
ပါဆယ်တစ်ထုပ်ကို
ကျစ်ကျစ်ဆုပ်ထားတဲ့ ငါ
ကူးနေရင်း ကူးခတ်နေရင်း..
ဂျွန် က ဝေးဝေးကို မျောသွားပေါ့
ငါကလိုက်မဆယ်နိုင်ခဲ့
ဂျွန် ဘယ်ရောက်သွားသလဲ…
ငါ့ကိုခွင့်လွှတ်ပါ…
ဂျွန်ရယ် ဂျွန်ရယ်…
ငါ့ကိုခွင့်လွှတ်ပါ…
ဂျွန်ရယ် ဂျွန်ရယ်… လို့
တတွတ်တွတ် ရေရွတ်ရင်းက
လန့်နိုးရတဲ့အခါ
မျက်နှာမှာစိုရွှဲနေတော့တယ်။
ပန်ဒိုရာ
* Cast Away
** Tom Hanks
Monday, March 3, 2008
သတ်ကွင်းတွေကို ဖြတ်ရတဲ့အခါ ရှင်သန်လိုစိတ်…
မနေ့က ကိုရဲမွန်ဆီမှာ ကွန်မန့်တွေ ရေးကြရင်း ရှင်သန်လိုစိတ် အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထား ကြတာတွေကို တွေ့ရပါတယ်။ တိုက်ဆိုင်စွာပဲ ဒီတစ်ပတ်မှာ The Killing Fields လို့ခေါ်တဲ့ ဗြိတိသျှ ရုပ်ရှင်တစ်ကား ကြည့်ဖြစ်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်က ထုတ်ခဲ့တာပါ။ ၁၉၇၀ ခုနှစ်များက ကမ္ဘောဒီးယားနိုင်ငံရဲ့ ဖြစ်ရပ်မှန်တွေကို နောက်ခံထားပါတယ်။
ဒီဇာတ်ကားမှာ ကမ္ဘောဒီးယားလူမျိုး ဘာသာပြန် ဂျာနယ်လစ် ဒစ်ခ်ျပရန် (Ditch Pran) အဖြစ် Dr. Haing S. Ngor နဲ့ နယူးယောက်တိုင်းသတင်းစာရဲ့ သတင်းထောက် အမေရိကန်လူမျိုး ဆစ်ဒနီ ရှန်းဘာ့ဂ် (Sidney Schanberg) အဖြစ် Sam Waterson တို့က သရုပ်ဆောင်ထားပါတယ်။
သိကြတဲ့အတိုင်းပါပဲ။ ကမ္ဘောဒီးယားဆိုတဲ့ ကိုယ့်အိမ်နီးနားချင်း နိုင်ငံလေးဟာ ပြင်သစ်ကိုလိုနီ လက်အောက်ကနေ ၁၉၅၃ ခုနှစ်မှာ လွတ်လပ်ရေး ရပြီးခဲ့တဲ့နောက် စည်းမျဉ်းခံဘုရင်စနစ်၊ အာဏာသိမ်းမှုတွေ၊ ပြည်တွင်းစစ်တွေ၊ ကွန်မြူနစ်စနစ်၊ လူအများအပြား သတ်ဖြတ်မှုတွေ၊ လုပ်ကြံမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးတော့ ကုလသမဂ္ဂ အကူအညီနဲ့ ငြိမ်းချမ်းရေး ရယူ နိုင်ခဲ့တယ်။ အခုအချိန်မှာတော့ လူဦးရေက ၁၃ သန်းလောက်ရှိတယ်လို့ ဆိုပါတယ်။ ဘုရင် က နိုင်ငံအကြီးအကဲ အဖြစ်နဲ့ ၀န်ကြီးချုပ် ဟွန်ဆင်က အစိုးရအဖွဲ့ အကြီးအကဲ အဖြစ် အုပ်ချုပ်နေပြီး ကမ္ဘာ့ကုလသမဂ္ဂ နဲ့ အမေရိကန် ၊ ပြင်သစ်၊ ဂျပန်၊ သြစတေးလျ စတဲ့ နိုင်ငံကြီးတွေရဲ့ အထောက်အပံ့ ကူညီမှုတွေနဲ့ ထူထောင်နေဆဲ ဖြစ်တယ်။
ဇာတ်လမ်းကို တတ်နိုင်သမျှ အတိုချုပ်ပြီး ပြောပါမယ်။ သည်ဇာတ်လမ်း စတင်ချိန်ကတော့ ၁၉၇၃ ခုနှစ်ပါ။ အမေရိကန် ဗီယက်နမ်စစ်ပွဲရဲ့ မီးပွားက ကမ္ဘောဒီးယားနိုင်ငံကို ဖိတ်စင် ကျလာချိန်ပေါ့။ ကမ္ဘောဒီးယားနိုင်ငံကို ကျော်ဖြတ်ပြီး ဗီယက်နမ်တောင်ပိုင်းကို ရိက္ခာပို့ဖို့ လုပ်တဲ့ ဗီယက်ကောင်းတွေကို ဖြတ်တောက်ဖို့အတွက် အမေရိကန်တပ်တွေက ကမ္ဘောဒီးယားနိုင်ငံထဲကို လေကြောင်း ဗုံးကြဲ စစ်ဆင်ရေး လုပ်တဲ့ အချိန်ဖြစ်တယ်။ အဲဒီအချိန်က မင်းသားကြီး သီဟာနုဆီကနေ ဗိုလ်ချုပ် လုံနိုးက အာဏာသိမ်းထားတဲ့ လက်ထက်ဖြစ်ပါတယ်။ ကမ္ဘောဒီးယား အမျိုးသားတပ်နဲ့ ပိုပေါ့ရဲ့ ခမာနီတပ်တို့လည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။
ကမ္ဘောဒီးယားလူမျိုး ဘာသာပြန် ဂျာနယ်လစ် “ပရန်” ဟာ မြို့တော် ဖနွမ်းပင်မှာ သတင်းယူနေတဲ့ နယူးယောက်တိုင်း သတင်းစာ သတင်းထောက် “ဆစ်ဒနီ” နဲ့အတူ အလုပ်လုပ်နေပါတယ်။ ဇာတ်လမ်း တောက်လျှောက် ကတော့ စစ်ပွဲကာလမှာ သတင်းလည်းယူရင်း ကိုယ့်လွတ်မြောက်ရေး အတွက်လည်း ရုန်းကန်ရင်း လှုပ်ရှားနေရတဲ့ အခန်းတွေ ပါပဲ။ သတင်းထောက်တွေကို စစ်တပ်အမျိုးမျိုးရဲ့ အဖမ်းခံရတာတွေ သေတွင်းက လွတ်မြောက်ခဲ့ရတာတွေကို စိတ်လှုပ်ရှားဖွယ် ပြထားပါတယ်။
သည်လိုနဲ့ ၁၉၇၅ ခုနှစ်ကို ရောက်လာခဲ့တယ်။ ပိုပေါ့ရဲ့ ခမာနီတပ်တွေက နိုင်ငံကို သိမ်းပိုက်နိုင်မယ့် အနေအထားကို ရောက်လာတဲ့အတွက် နိုင်ငံတကာ သံရုံးတွေကနေ နိုင်ငံခြားသားတွေကို အိမ်ပြန်ပို့နိုင်ဖို့ စီစဉ်နေကြပါပြီ။ ဆစ်ဒနီရဲ့ အကူအညီနဲ့ ပရန်ရဲ့ ဇနီးနဲ့ ကလေးတွေဟာ တိမ်းရှောင် သွားနိုင်ကြပါတယ်။ ပရန်လည်း လိုက်သွားလို့ရပေမယ့် ဆစ်ဒနီနဲ့အတူ သတင်းလိုက်ဖို့ ကူညီချင်တာနဲ့ ကမ္ဘောဒီးယားမှာပဲ ကျန်နေခဲ့ပါတယ်။ နောက်တော့ အခြေအနေတွေ ဆိုးသထက်ဆိုးလာပြီး အားလုံး ထွက်ခွာရမယ့် အနေအထားကို ရောက်လာပါတယ်။ ဆစ်ဒနီနဲ့ ဗြိတိသျှလူမျိုး သတင်းထောက် တစ်ယောက်က ပရန် ကို ပတ်စပို့တစ်ခု လုပ်ပေးပြီး အတူခေါ်ထုတ်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ရှားပါးနေတဲ့ကာလမှာ ပတ်စပို့အတွက် ဓာတ်ပုံလုပ်တာ မအောင်မြင်ခဲ့တဲ့အတွက် ပရန်တစ်ယောက် ခမာနီတို့ လက်အောက်မှာ ကျန်ခဲ့ရပါတော့တယ်။
အမေရိကကို ပြန်ရောက်သွားတဲ့ ဆစ်ဒနီဟာ ပရန် ကျန်ခဲ့တဲ့အတွက် အပြစ်ရှိသလို ခံစားနေရပါတော့တယ်။ လူချင်းစာနာ အဖွဲ့အစည်းတွေ နဲ့ တတ်နိုင်သမျှ ဆက်သွယ်ပြီး ပရန် ကို ကယ်ထုတ်ဖို့ ကြိုးစားကြည့်တယ်။ ကမ္ဘောဒီးယားမှာကတော့ အပျက်အစီးတွေ သတ်ဖြတ်မှုတွေနဲ့ ပြည်တွင်းစစ်က တညီးညီး တောက်လောင်နေပြီ။ အဲသည်နောက် ဆစ်ဒနီတို့ရဲ့ သတင်းအားထုတ်မှုအတွက် ပူလစ်ဇာဆု အချီးမြှင့်ခံရတဲ့အခါ လုပ်ဖော်ကိုင်ဖက် ပရန် ကို သတိတရ အသိအမှတ်ပြုစကား ပြောခဲ့တယ်။
အဲသည်အချိန်မှာ ပရန် တစ်ယောက်ကတော့ ခမာနီတပ်တွေရဲ့ “လုပ်အားပေး” စခန်းတစ်ခုမှာ ရုန်းကန်နေရတယ်။ ခမာနီတို့ရဲ့ အန်ကာ အစိုးရအောက်မှာ ဇီးရိုးနှစ် (Zero Year) လို့ခေါ်ပြီး အားလုံးကို ၀ါဒဖြန့် ဦးနှောက်ဆေးပေးတယ်။ ပညာတတ်တွေကို တောထဲဆင်း အလုပ်လုပ်ခိုင်းတယ်။ တကယ်တော့ ၁၁ ရာစုလောက်က ခေတ်ဆွေးကို ပြန်ရောက်သွားသလိုပါပဲ။ မျိုးဆက်သစ် ကလေးတွေကို အန်ကာ ကွန်မြူနစ်ဝါဒရဲ့ သုည နှလုံးသားပိုင်ရှင်တွေ ဖြစ်အောင် လေ့ကျင့်ပေးတယ်။ အဲဒီကလေးတွေက စိတ်မချရတဲ့ လူတွေကို စောင့်ကြည့်နေတယ်။ ခမာနီတွေက ပညာတတ်သူတွေကို ၀န်ချဖို့ တိုက်တွန်းပြီး လက်စဖျောက်ပစ်တယ်။ အဲဒီမှာ ပရန်က ဆစ်ဒနီကို တိုင်တည် ပြောဟန် တစ်ကိုယ်တည်း ပြောထားတဲ့ စကားတွေက မှတ်သားစရာပါ.
Dith Pran: [in his journal while imprisoned] The wind whispers of fear and hate. The war has killed love. And those that confess to the Angka are punished, and no one dare ask where they go. Here, only the silent survive.
Dith Pran: We must be like the ox, and have no thought, except for the Party. And have no love, but for the Angka. People starve, but we must not grow food. We must honor the comrade children, whose minds are not corrupted by the past.
သည့်နောက်ပိုင်း ဇာတ်လမ်းကတော့ ပရန် တစ်ယောက် လွတ်မြောက်အောင် ကြိုးစားခဲ့ပုံကို အသားပေး ရိုက်ကူးထားခဲ့တာပါ။ ခမာနီ အုပ်စုတစ်ခုကနေ ထွက်ပြေးလာတဲ့ ပရန်ဟာ ခမာနီ နောက်ထပ် အုပ်စုတစ်ခု အောက်ကိုရောက်သွားပြန်တယ်။ အဲသည်က ခေါင်းဆောင် တစ်ယောက်ရဲ့ ကလေးကို သူကထိန်းပေးရတယ်။ ခေါင်းဆောင်က သူ့ကို စောင့်ကြည့်နေပြီး နောက်တော့ ယုံကြည်မှု အတိုင်းအတာ တစ်ခုအထိ ရသွားပါတယ်။ တပ်တွင်း သတ်ဖြတ်မှုတွေနဲ့ အခြေအနေ မဟန်တော့တဲ့အခါ အဲသည် ခေါင်းဆောင်က ပရန်ကို သူ့ကလေးကိုပါ ခေါ်ပြီး ထွက်ပြေးစေခဲ့တယ်။ ထိုင်းနယ်စပ်အထိ ပြေးရတဲ့ ပရန်ရဲ့ခရီးကြမ်းမှာ သူနဲ့အတူထွက်ပြေးတဲ့လူနဲ့ ကလေးဟာ မြေမြုပ်မိုင်း နင်းမိတာကြောင့် သေဆုံးသွားပါတယ်။
ပရန် လွတ်မြောက်လာကြောင်း သိရတဲ့အခါ ထိုင်းနယ်စပ်က ကြက်ခြေနီစခန်းကို ဆစ်ဒနီ လိုက်လာပါတယ်။ သူတို့ပျော်ရွှင်စွာ ဆုံတွေ့ကြတဲ့ ဇာတ်သိမ်းခန်းမှာ ပြောတာတွေ အတွက်တော့ တွေးစရာတွေ ရခဲ့ပါတယ်။
[at their reunion, with warm smiles]
Sydney Schanberg: You forgive me?
Dith Pran: Nothing to forgive Sydney. Nothing.
ကမ္ဘောဒီးယားလူမျိုး တွေက တော်တော်ကို ကံဆိုးခဲ့ရတာပါ။ စစ်ဒဏ်ကြောင့် သေကြေခဲ့ရတာတွေ ရှိသလို အဲသည် ခမာနီ ခေါင်းဆောင် ပိုပေါ့ လက်ထက်က အစွန်းရောက် သတ်ဖြတ်မှု တွေကြောင့် အဲသည်အချိန်က လူဦးရေ ၇ သန်းလောက်ရှိတဲ့ နိုင်ငံမှာ အနည်းဆုံး ၁ သန်းကနေ ၃ သန်းအထိ သေဆုံးခဲ့ရတယ်လို့ ဆိုတယ်။ ထိုင်းဘက်ကို ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေဟာလည်း သိန်းနဲ့ချီပါတယ်။
သည်ရုပ်ရှင်မှာ ပရန် အဖြစ် သရုပ်ဆောင်တဲ့ ဒေါက်တာ ငွားဟာ မျက်နှာသစ်တစ်ဦး ဖြစ်ပေမယ့် ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီ ရခဲ့ပါတယ်။ ၀မ်းနည်းစရာ ကောင်းတာကတော့ သူဟာ ၁၉၉၆ မှာ လော့စ်အိန်ဂျလိစ် မှာ အသတ်ခံခဲ့ရတာပါပဲ။ သူအသတ်ခံရတာ ခမာနီတွေနဲ့များ ပတ်သက်မလားလို့ ထင်ခဲ့ကြသေးတယ်။ နောက်တော့ မဆိုင်ဘူး လို့ ရဲမှတ်တမ်းတွေက ဆိုသတဲ့။
တစ်ကားလုံးမှာ အဓိက လွှမ်းမိုးတာကတော့ သည်လောက် သေကြေနေတဲ့ကြားထဲက လူတစ်ယောက် ကြိုးစားပမ်းစား လွတ်လာတာကိုပါပဲ။ ရိုက်ကွင်းရိုက်ကွက်တွေဟာ မဖြစ်မနေ ပါဝင်ရတဲ့ ပေါက်ကွဲမှုတွေကို ဖြစ်စဉ်အနေနဲ့သာ ရိုက်ကူးပြီး အသေအကြေ မြင်ကွင်းတွေကို ဖျော်ဖြေမှုအတွက် အားပါးတရ ပြထားတာမျိုး မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ လှပတဲ့ သဘာဝရှုခင်းတွေနဲ့ စစ်ရဲ့အနိဋ္ဌာရုံကို ယှဉ်တွဲမြင်စေတဲ့ ဓာတ်ပုံရိုက်ချက်များကိုလည်း ချီးကျူးကြပါတယ်။
သည်ဇာတ်ကားက ကမ္ဘောဒီးယားနိုင်ငံရဲ့ သမိုင်းတို့ ရှုပ်ထွေးနေတဲ့ နိုင်ငံရေး အခြေအနေတို့ကို ပြောပြချင်တာထက် စစ်မီးလျှံကြားမှာ ပွင့်ဖူးနေတဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတို့ရဲ့ ခင်မင်မှု၊ ကိုယ့်အလုပ်မှာ တာဝန်သိစိတ်နဲ့ လူတွေရဲ့ ရှင်သန်ဖို့အတွက် ရုန်းကန်လိုစိတ် ကို အဓိက ဖော်ညွှန်းထားတယ် လို့ နားလည်မိပါတယ်။
တကယ်တော့ လူတွေဟာ မွေးဖွားလာကတည်းက မူလစိတ်မှာ ရှင်သန်လိုစိတ် အလိုအလျောက် ပါလာပြီးသားပါ။ သဘာဝကိုဆန့်ကျင် တိုက်ပွဲဝင်ခဲ့ရတဲ့ ရေခဲခေတ် ကျောက်ခေတ် တွေကိုတောင် အဆင့်ဆင့်ဖြတ်သန်းပြီး အခုဒီအချိန်အထိ လူသားရယ်လို့ ရပ်တည်နေနိုင်တာ ရှင်သန်လိုစိတ်ကြောင့်ပါပဲ။
လူသားအချင်းချင်း အဖိနှိပ်ခံရတဲ့ ကာလတွေမှာ ရှင်သန်ဖို့ နေထိုင်နေရတဲ့အခါ ရူးချင်ယောင်ဆောင်ဖို့လိုတဲ့ အချိန်တွေလည်း ရှိမယ်။ ပရန် ဟာ လုံခြုံရေးအတွက် သူ့ကိုယ်သူ စာမတတ်ပေမတတ် ဟန်ဆောင်ခဲ့ရတယ်။ အခြေအနေ အချိန်အခါအလိုက် စွန့်စားရတာတွေလည်း ရှိမယ်။ စိတ်ဓာတ်ကျစရာတွေလည်း တွေ့မှာပါပဲ။ အောင်မြင်သည်ဖြစ်စေ ဆုံးရှုံးသည်ဖြစ်စေ မတရားမှုတွေ အခက်အခဲတွေ ကန့်သတ်ချက်တွေကို တိုက်ခိုက်ရုန်းကန်နေဖို့ ဖြစ်စဉ် ကိုယ်တိုင်ကပဲ လူ့ဘ၀ရဲ့ ပြဌာန်းချက်လေလား။
ဘယ်ဘက်ကကြည့်ကြည့် မတရားမှုတွေ ပြည့်နေမယ့် တဖက်သက် “သတ်ကွင်းတွေ” ကို အန္တရာယ်ကြားကနေ သိသိနဲ့ပဲ ဖြတ်သန်းနေရမယ့် အချိန်တွေ ရှိမှာပါပဲ။ ကျဆင်းမသွားတဲ့ ရှင်သန်လိုစိတ်ကို လူတွေက တန်ဖိုးထားပါတယ်။ တစ်ချိန်ထဲမှာပဲ သတ်ကွင်းတွေကို ဖြတ်သန်းလို့ အရှုံးမပေးပဲ တွန်းလှန်နေသူ တွေကိုရော တစ်ဖက်စွန်းရောက် မတရား အနိုင်ကျင့်သူတွေကိုပါ လူ့သမိုင်းက မှတ်တမ်းတင် သွားပါလိမ့်မယ်။
ပန်ဒိုရာ