Monday, March 3, 2008

သတ်ကွင်းတွေကို ဖြတ်ရတဲ့အခါ ရှင်သန်လိုစိတ်…

မနေ့က ကိုရဲမွန်ဆီမှာ ကွန်မန့်တွေ ရေးကြရင်း ရှင်သန်လိုစိတ် အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထား ကြတာတွေကို တွေ့ရပါတယ်။ တိုက်ဆိုင်စွာပဲ ဒီတစ်ပတ်မှာ The Killing Fields လို့ခေါ်တဲ့ ဗြိတိသျှ ရုပ်ရှင်တစ်ကား ကြည့်ဖြစ်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်က ထုတ်ခဲ့တာပါ။ ၁၉၇၀ ခုနှစ်များက ကမ္ဘောဒီးယားနိုင်ငံရဲ့ ဖြစ်ရပ်မှန်တွေကို နောက်ခံထားပါတယ်။



ဒီဇာတ်ကားမှာ ကမ္ဘောဒီးယားလူမျိုး ဘာသာပြန် ဂျာနယ်လစ် ဒစ်ခ်ျပရန် (Ditch Pran) အဖြစ် Dr. Haing S. Ngor နဲ့ နယူးယောက်တိုင်းသတင်းစာရဲ့ သတင်းထောက် အမေရိကန်လူမျိုး ဆစ်ဒနီ ရှန်းဘာ့ဂ် (Sidney Schanberg) အဖြစ် Sam Waterson တို့က သရုပ်ဆောင်ထားပါတယ်။

သိကြတဲ့အတိုင်းပါပဲ။ ကမ္ဘောဒီးယားဆိုတဲ့ ကိုယ့်အိမ်နီးနားချင်း နိုင်ငံလေးဟာ ပြင်သစ်ကိုလိုနီ လက်အောက်ကနေ ၁၉၅၃ ခုနှစ်မှာ လွတ်လပ်ရေး ရပြီးခဲ့တဲ့နောက် စည်းမျဉ်းခံဘုရင်စနစ်၊ အာဏာသိမ်းမှုတွေ၊ ပြည်တွင်းစစ်တွေ၊ ကွန်မြူနစ်စနစ်၊ လူအများအပြား သတ်ဖြတ်မှုတွေ၊ လုပ်ကြံမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးတော့ ကုလသမဂ္ဂ အကူအညီနဲ့ ငြိမ်းချမ်းရေး ရယူ နိုင်ခဲ့တယ်။ အခုအချိန်မှာတော့ လူဦးရေက ၁၃ သန်းလောက်ရှိတယ်လို့ ဆိုပါတယ်။ ဘုရင် က နိုင်ငံအကြီးအကဲ အဖြစ်နဲ့ ၀န်ကြီးချုပ် ဟွန်ဆင်က အစိုးရအဖွဲ့ အကြီးအကဲ အဖြစ် အုပ်ချုပ်နေပြီး ကမ္ဘာ့ကုလသမဂ္ဂ နဲ့ အမေရိကန် ၊ ပြင်သစ်၊ ဂျပန်၊ သြစတေးလျ စတဲ့ နိုင်ငံကြီးတွေရဲ့ အထောက်အပံ့ ကူညီမှုတွေနဲ့ ထူထောင်နေဆဲ ဖြစ်တယ်။

ဇာတ်လမ်းကို တတ်နိုင်သမျှ အတိုချုပ်ပြီး ပြောပါမယ်။ သည်ဇာတ်လမ်း စတင်ချိန်ကတော့ ၁၉၇၃ ခုနှစ်ပါ။ အမေရိကန် ဗီယက်နမ်စစ်ပွဲရဲ့ မီးပွားက ကမ္ဘောဒီးယားနိုင်ငံကို ဖိတ်စင် ကျလာချိန်ပေါ့။ ကမ္ဘောဒီးယားနိုင်ငံကို ကျော်ဖြတ်ပြီး ဗီယက်နမ်တောင်ပိုင်းကို ရိက္ခာပို့ဖို့ လုပ်တဲ့ ဗီယက်ကောင်းတွေကို ဖြတ်တောက်ဖို့အတွက် အမေရိကန်တပ်တွေက ကမ္ဘောဒီးယားနိုင်ငံထဲကို လေကြောင်း ဗုံးကြဲ စစ်ဆင်ရေး လုပ်တဲ့ အချိန်ဖြစ်တယ်။ အဲဒီအချိန်က မင်းသားကြီး သီဟာနုဆီကနေ ဗိုလ်ချုပ် လုံနိုးက အာဏာသိမ်းထားတဲ့ လက်ထက်ဖြစ်ပါတယ်။ ကမ္ဘောဒီးယား အမျိုးသားတပ်နဲ့ ပိုပေါ့ရဲ့ ခမာနီတပ်တို့လည်း တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။

ကမ္ဘောဒီးယားလူမျိုး ဘာသာပြန် ဂျာနယ်လစ် “ပရန်” ဟာ မြို့တော် ဖနွမ်းပင်မှာ သတင်းယူနေတဲ့ နယူးယောက်တိုင်း သတင်းစာ သတင်းထောက် “ဆစ်ဒနီ” နဲ့အတူ အလုပ်လုပ်နေပါတယ်။ ဇာတ်လမ်း တောက်လျှောက် ကတော့ စစ်ပွဲကာလမှာ သတင်းလည်းယူရင်း ကိုယ့်လွတ်မြောက်ရေး အတွက်လည်း ရုန်းကန်ရင်း လှုပ်ရှားနေရတဲ့ အခန်းတွေ ပါပဲ။ သတင်းထောက်တွေကို စစ်တပ်အမျိုးမျိုးရဲ့ အဖမ်းခံရတာတွေ သေတွင်းက လွတ်မြောက်ခဲ့ရတာတွေကို စိတ်လှုပ်ရှားဖွယ် ပြထားပါတယ်။

သည်လိုနဲ့ ၁၉၇၅ ခုနှစ်ကို ရောက်လာခဲ့တယ်။ ပိုပေါ့ရဲ့ ခမာနီတပ်တွေက နိုင်ငံကို သိမ်းပိုက်နိုင်မယ့် အနေအထားကို ရောက်လာတဲ့အတွက် နိုင်ငံတကာ သံရုံးတွေကနေ နိုင်ငံခြားသားတွေကို အိမ်ပြန်ပို့နိုင်ဖို့ စီစဉ်နေကြပါပြီ။ ဆစ်ဒနီရဲ့ အကူအညီနဲ့ ပရန်ရဲ့ ဇနီးနဲ့ ကလေးတွေဟာ တိမ်းရှောင် သွားနိုင်ကြပါတယ်။ ပရန်လည်း လိုက်သွားလို့ရပေမယ့် ဆစ်ဒနီနဲ့အတူ သတင်းလိုက်ဖို့ ကူညီချင်တာနဲ့ ကမ္ဘောဒီးယားမှာပဲ ကျန်နေခဲ့ပါတယ်။ နောက်တော့ အခြေအနေတွေ ဆိုးသထက်ဆိုးလာပြီး အားလုံး ထွက်ခွာရမယ့် အနေအထားကို ရောက်လာပါတယ်။ ဆစ်ဒနီနဲ့ ဗြိတိသျှလူမျိုး သတင်းထောက် တစ်ယောက်က ပရန် ကို ပတ်စပို့တစ်ခု လုပ်ပေးပြီး အတူခေါ်ထုတ်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ရှားပါးနေတဲ့ကာလမှာ ပတ်စပို့အတွက် ဓာတ်ပုံလုပ်တာ မအောင်မြင်ခဲ့တဲ့အတွက် ပရန်တစ်ယောက် ခမာနီတို့ လက်အောက်မှာ ကျန်ခဲ့ရပါတော့တယ်။

အမေရိကကို ပြန်ရောက်သွားတဲ့ ဆစ်ဒနီဟာ ပရန် ကျန်ခဲ့တဲ့အတွက် အပြစ်ရှိသလို ခံစားနေရပါတော့တယ်။ လူချင်းစာနာ အဖွဲ့အစည်းတွေ နဲ့ တတ်နိုင်သမျှ ဆက်သွယ်ပြီး ပရန် ကို ကယ်ထုတ်ဖို့ ကြိုးစားကြည့်တယ်။ ကမ္ဘောဒီးယားမှာကတော့ အပျက်အစီးတွေ သတ်ဖြတ်မှုတွေနဲ့ ပြည်တွင်းစစ်က တညီးညီး တောက်လောင်နေပြီ။ အဲသည်နောက် ဆစ်ဒနီတို့ရဲ့ သတင်းအားထုတ်မှုအတွက် ပူလစ်ဇာဆု အချီးမြှင့်ခံရတဲ့အခါ လုပ်ဖော်ကိုင်ဖက် ပရန် ကို သတိတရ အသိအမှတ်ပြုစကား ပြောခဲ့တယ်။
အဲသည်အချိန်မှာ ပရန် တစ်ယောက်ကတော့ ခမာနီတပ်တွေရဲ့ “လုပ်အားပေး” စခန်းတစ်ခုမှာ ရုန်းကန်နေရတယ်။ ခမာနီတို့ရဲ့ အန်ကာ အစိုးရအောက်မှာ ဇီးရိုးနှစ် (Zero Year) လို့ခေါ်ပြီး အားလုံးကို ၀ါဒဖြန့် ဦးနှောက်ဆေးပေးတယ်။ ပညာတတ်တွေကို တောထဲဆင်း အလုပ်လုပ်ခိုင်းတယ်။ တကယ်တော့ ၁၁ ရာစုလောက်က ခေတ်ဆွေးကို ပြန်ရောက်သွားသလိုပါပဲ။ မျိုးဆက်သစ် ကလေးတွေကို အန်ကာ ကွန်မြူနစ်ဝါဒရဲ့ သုည နှလုံးသားပိုင်ရှင်တွေ ဖြစ်အောင် လေ့ကျင့်ပေးတယ်။ အဲဒီကလေးတွေက စိတ်မချရတဲ့ လူတွေကို စောင့်ကြည့်နေတယ်။ ခမာနီတွေက ပညာတတ်သူတွေကို ၀န်ချဖို့ တိုက်တွန်းပြီး လက်စဖျောက်ပစ်တယ်။ အဲဒီမှာ ပရန်က ဆစ်ဒနီကို တိုင်တည် ပြောဟန် တစ်ကိုယ်တည်း ပြောထားတဲ့ စကားတွေက မှတ်သားစရာပါ.

Dith Pran: [in his journal while imprisoned] The wind whispers of fear and hate. The war has killed love. And those that confess to the Angka are punished, and no one dare ask where they go. Here, only the silent survive.

Dith Pran: We must be like the ox, and have no thought, except for the Party. And have no love, but for the Angka. People starve, but we must not grow food. We must honor the comrade children, whose minds are not corrupted by the past.

သည့်နောက်ပိုင်း ဇာတ်လမ်းကတော့ ပရန် တစ်ယောက် လွတ်မြောက်အောင် ကြိုးစားခဲ့ပုံကို အသားပေး ရိုက်ကူးထားခဲ့တာပါ။ ခမာနီ အုပ်စုတစ်ခုကနေ ထွက်ပြေးလာတဲ့ ပရန်ဟာ ခမာနီ နောက်ထပ် အုပ်စုတစ်ခု အောက်ကိုရောက်သွားပြန်တယ်။ အဲသည်က ခေါင်းဆောင် တစ်ယောက်ရဲ့ ကလေးကို သူကထိန်းပေးရတယ်။ ခေါင်းဆောင်က သူ့ကို စောင့်ကြည့်နေပြီး နောက်တော့ ယုံကြည်မှု အတိုင်းအတာ တစ်ခုအထိ ရသွားပါတယ်။ တပ်တွင်း သတ်ဖြတ်မှုတွေနဲ့ အခြေအနေ မဟန်တော့တဲ့အခါ အဲသည် ခေါင်းဆောင်က ပရန်ကို သူ့ကလေးကိုပါ ခေါ်ပြီး ထွက်ပြေးစေခဲ့တယ်။ ထိုင်းနယ်စပ်အထိ ပြေးရတဲ့ ပရန်ရဲ့ခရီးကြမ်းမှာ သူနဲ့အတူထွက်ပြေးတဲ့လူနဲ့ ကလေးဟာ မြေမြုပ်မိုင်း နင်းမိတာကြောင့် သေဆုံးသွားပါတယ်။

ပရန် လွတ်မြောက်လာကြောင်း သိရတဲ့အခါ ထိုင်းနယ်စပ်က ကြက်ခြေနီစခန်းကို ဆစ်ဒနီ လိုက်လာပါတယ်။ သူတို့ပျော်ရွှင်စွာ ဆုံတွေ့ကြတဲ့ ဇာတ်သိမ်းခန်းမှာ ပြောတာတွေ အတွက်တော့ တွေးစရာတွေ ရခဲ့ပါတယ်။

[at their reunion, with warm smiles]
Sydney Schanberg: You forgive me?
Dith Pran: Nothing to forgive Sydney. Nothing.

ကမ္ဘောဒီးယားလူမျိုး တွေက တော်တော်ကို ကံဆိုးခဲ့ရတာပါ။ စစ်ဒဏ်ကြောင့် သေကြေခဲ့ရတာတွေ ရှိသလို အဲသည် ခမာနီ ခေါင်းဆောင် ပိုပေါ့ လက်ထက်က အစွန်းရောက် သတ်ဖြတ်မှု တွေကြောင့် အဲသည်အချိန်က လူဦးရေ ၇ သန်းလောက်ရှိတဲ့ နိုင်ငံမှာ အနည်းဆုံး ၁ သန်းကနေ ၃ သန်းအထိ သေဆုံးခဲ့ရတယ်လို့ ဆိုတယ်။ ထိုင်းဘက်ကို ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေဟာလည်း သိန်းနဲ့ချီပါတယ်။

သည်ရုပ်ရှင်မှာ ပရန် အဖြစ် သရုပ်ဆောင်တဲ့ ဒေါက်တာ ငွားဟာ မျက်နှာသစ်တစ်ဦး ဖြစ်ပေမယ့် ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီ ရခဲ့ပါတယ်။ ၀မ်းနည်းစရာ ကောင်းတာကတော့ သူဟာ ၁၉၉၆ မှာ လော့စ်အိန်ဂျလိစ် မှာ အသတ်ခံခဲ့ရတာပါပဲ။ သူအသတ်ခံရတာ ခမာနီတွေနဲ့များ ပတ်သက်မလားလို့ ထင်ခဲ့ကြသေးတယ်။ နောက်တော့ မဆိုင်ဘူး လို့ ရဲမှတ်တမ်းတွေက ဆိုသတဲ့။

တစ်ကားလုံးမှာ အဓိက လွှမ်းမိုးတာကတော့ သည်လောက် သေကြေနေတဲ့ကြားထဲက လူတစ်ယောက် ကြိုးစားပမ်းစား လွတ်လာတာကိုပါပဲ။ ရိုက်ကွင်းရိုက်ကွက်တွေဟာ မဖြစ်မနေ ပါဝင်ရတဲ့ ပေါက်ကွဲမှုတွေကို ဖြစ်စဉ်အနေနဲ့သာ ရိုက်ကူးပြီး အသေအကြေ မြင်ကွင်းတွေကို ဖျော်ဖြေမှုအတွက် အားပါးတရ ပြထားတာမျိုး မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ လှပတဲ့ သဘာဝရှုခင်းတွေနဲ့ စစ်ရဲ့အနိဋ္ဌာရုံကို ယှဉ်တွဲမြင်စေတဲ့ ဓာတ်ပုံရိုက်ချက်များကိုလည်း ချီးကျူးကြပါတယ်။

သည်ဇာတ်ကားက ကမ္ဘောဒီးယားနိုင်ငံရဲ့ သမိုင်းတို့ ရှုပ်ထွေးနေတဲ့ နိုင်ငံရေး အခြေအနေတို့ကို ပြောပြချင်တာထက် စစ်မီးလျှံကြားမှာ ပွင့်ဖူးနေတဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတို့ရဲ့ ခင်မင်မှု၊ ကိုယ့်အလုပ်မှာ တာဝန်သိစိတ်နဲ့ လူတွေရဲ့ ရှင်သန်ဖို့အတွက် ရုန်းကန်လိုစိတ် ကို အဓိက ဖော်ညွှန်းထားတယ် လို့ နားလည်မိပါတယ်။

တကယ်တော့ လူတွေဟာ မွေးဖွားလာကတည်းက မူလစိတ်မှာ ရှင်သန်လိုစိတ် အလိုအလျောက် ပါလာပြီးသားပါ။ သဘာဝကိုဆန့်ကျင် တိုက်ပွဲဝင်ခဲ့ရတဲ့ ရေခဲခေတ် ကျောက်ခေတ် တွေကိုတောင် အဆင့်ဆင့်ဖြတ်သန်းပြီး အခုဒီအချိန်အထိ လူသားရယ်လို့ ရပ်တည်နေနိုင်တာ ရှင်သန်လိုစိတ်ကြောင့်ပါပဲ။

လူသားအချင်းချင်း အဖိနှိပ်ခံရတဲ့ ကာလတွေမှာ ရှင်သန်ဖို့ နေထိုင်နေရတဲ့အခါ ရူးချင်ယောင်ဆောင်ဖို့လိုတဲ့ အချိန်တွေလည်း ရှိမယ်။ ပရန် ဟာ လုံခြုံရေးအတွက် သူ့ကိုယ်သူ စာမတတ်ပေမတတ် ဟန်ဆောင်ခဲ့ရတယ်။ အခြေအနေ အချိန်အခါအလိုက် စွန့်စားရတာတွေလည်း ရှိမယ်။ စိတ်ဓာတ်ကျစရာတွေလည်း တွေ့မှာပါပဲ။ အောင်မြင်သည်ဖြစ်စေ ဆုံးရှုံးသည်ဖြစ်စေ မတရားမှုတွေ အခက်အခဲတွေ ကန့်သတ်ချက်တွေကို တိုက်ခိုက်ရုန်းကန်နေဖို့ ဖြစ်စဉ် ကိုယ်တိုင်ကပဲ လူ့ဘ၀ရဲ့ ပြဌာန်းချက်လေလား။

ဘယ်ဘက်ကကြည့်ကြည့် မတရားမှုတွေ ပြည့်နေမယ့် တဖက်သက် “သတ်ကွင်းတွေ” ကို အန္တရာယ်ကြားကနေ သိသိနဲ့ပဲ ဖြတ်သန်းနေရမယ့် အချိန်တွေ ရှိမှာပါပဲ။ ကျဆင်းမသွားတဲ့ ရှင်သန်လိုစိတ်ကို လူတွေက တန်ဖိုးထားပါတယ်။ တစ်ချိန်ထဲမှာပဲ သတ်ကွင်းတွေကို ဖြတ်သန်းလို့ အရှုံးမပေးပဲ တွန်းလှန်နေသူ တွေကိုရော တစ်ဖက်စွန်းရောက် မတရား အနိုင်ကျင့်သူတွေကိုပါ လူ့သမိုင်းက မှတ်တမ်းတင် သွားပါလိမ့်မယ်။

ပန်ဒိုရာ


5 comments:

Yaw Han Aung said...

Killing Field ၏ နောက်ဆက်တွဲ

စစ်ပွဲမှာ တရားမျှတမှု မရှိတာ မှန်ပါတယ်။ သို့သော်လည်း စစ်အေးတိုက်ပွဲကာလအတွင်းမှာ နိုင်ငံကြီးတွေက ၀င်ရောက် ကစားချယ်လှယ်ခဲ့ကြတာတွေလည်း ကြောက်စရာပါ။ ကျွဲနှစ်ကောင်ကြားက ခမာပြည်သူတွေက မြေဇာပင် ဖြစ်ရတယ်လို့ ပြောပါရစေ။ စစ်တလင်းဆိုတဲ့စကား ကျနော်တို့ မြန်မာစကားမှာ ရှိတယ်မဟုတ်လား။

၁၉၇၈ မှာ ဗီယက်နမ်ဝင်ကျူးကျော်လို့ ရက်စက်တဲ့ ခမာနီအစိုးရ ပြုတ်ကျပါတယ်။ သို့သော်လည်း ငိုအားထက် ရယ်အား သန်လို့ ပြောမလား၊ မဖြစ်သင့်တာလို့ ပြောမလား ခမာနီအစိုးရကပဲ ကုလသမဂ္ဂမှာ နေရာဆက်ရနေပါတယ်။ နိုင်ငံတကာ က ဆက်ရပ်ပေးထားကြပါတယ်။ တရုတ်နိုင်ငံ၊ အမေရိကန်၊ အင်္ဂလိပ် (UK) တို့က ၁၉၈၀ ခုနှစ်တွေအထိ တိတ်တဆိတ် ဆက်ပြီး ခမာနီတွေကို ပံ့ပိုးထောက်ပံ့ပေးထားခဲ့ပါတယ်။ အခု နိုင်ငံအနှံ့ မြေမြုပ်မိုင်းတွေ ပြဿနာဟာလည်း ဟိုအချိန်က ဗီယက်နမ်တွေကို ဒုက္ခပေးဖို့ အနောက်နိုင်ငံက ကူညီပေးခဲ့ကြတာပါ။

အခုအချိန်ကျတော့လည်း နိုင်ငံတကာက အစုအပြုံလိုက် လူသတ်ဖြတ်ခဲ့မှုတွေအတွက် နိုင်ငံတကာခုံရုံးဖွဲ့ဖို့ အထက်သန် ဆုံး စည်းရုံးလှုံ့ဆော်နေကြပါတယ်။

တန်ခူး said...

လူ့ဘ၀ရဲ့ ပြဌာန်းချက်ထဲကရှင်သန်လိုစိတ်နဲ့ရှင်သန်ခွင့်ရခြင်း။ ထုံးစံအတိုင်း သုံးသပ်ချက်က တွေးစရာတွေ တပုံကြီး ပေးပြန်တယ်။

Ko Paw said...

"တစ်ချိန်ထဲမှာပဲ သတ်ကွင်းတွေကို ဖြတ်သန်းလို့ အရှုံးမပေးပဲ တွန်းလှန်နေသူ တွေကိုရော တစ်ဖက်စွန်းရောက် မတရား အနိုင်ကျင့်သူတွေကိုပါ လူ့သမိုင်းက မှတ်တမ်းတင် သွားပါလိမ့်မယ်။"
အနိုင်ကျင့်သူတွေက “သေရင်ပြီးပြီ” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ဆွဲထားတော့လည်း အခက်သားဂျာ။

pandora said...

ကိုယော > ဟုတ်တယ် တချို့ လုပ်ရပ်တွေကလည်း လှောင်ပြောင်စရာ ကောင်းလှတယ်။ သူငယ်ချင်း ကမ္ဘောဒီးယန်း တစ်ယောက်က ပြောဖူးတယ်။ သူ့အဖေနဲ့ အိမ်သားအတော်များများက ပိုပေါ့လက်ထက်မှာ အသတ်ခံရတာ။ သူ့အိမ်ကနေ ရုံးသွားတဲ့လမ်းမှာ ပြတိုက်တစ်ခုရှိတယ်။ အဲဒီပြတင်းပေါက်ကနေ လှမ်းကြည့်ရင် သူ့အဖေကိုသတ်နေတဲ့ ဓာတ်ပုံကို မြင်ရလို့ အဲဒီလမ်းကနေ ဘယ်တော့မှ ရုံးမသွားဘူးတဲ့။ စိတ်ထိခိုက်နေရတုန်း။ ဒါပေမယ့် အဲဒီ သတ်သူထဲက ခေါင်းဆောင်ပိုင်းတွေဟာ အခုအချိန်ထိ အစိုးရအဖွဲ့ထဲမှာ အကြီးအကဲတဲ့။ သူကိုယ်တိုင်လည်း ၀န်ထမ်းတစ်ယောက်။ အဲဒီလက်အောက်မှာ လုပ်နေရသတဲ့။ compromise ဆိုတဲ့စကားရဲ့ အတိုင်းအတာတစ်ခုကို ဆက်စဉ်းစားမိပြန်တယ်။

မတန်ခူးရေ > တွေးစရာတွေကတော့ ဆုံးမယ်မထင်။ တွေးရုံတွေးပြီး လက်တွေ့က အတွေးနောက် မပါနိုင်သေးတာကိုလည်း မကျေနပ်ဖြစ်မိပါတယ်။

ကိုပေါရေ > သေရင်ပြီးပြီ ဆိုသူများဟာ တကယ်တော့ သူတို့အတွက် မသေခင်က ပြီးနေပြီ ဆိုတာကို သဘောမပေါက်ကြ။

HT said...

"ရှင်သန်လိုစိတ်"ဆိုလို့ဆက်ပြီးတွေးမိသွားတာ
သူတို့..သူတို့ကတော့လေ..
တယောက်အပေါ်တယောက်နင်း
မျက်ရည်တွေကိုဥပေက္ခာပြုရင်း..
နှလုံးသားတွေကိုနာကျင်စေရင်း..
အတ္တတွေကိုအဖော်ပြုရင်းနဲ့...ရှင်သန်သွားကြလေရဲ့။