Friday, March 7, 2008

အပြာရောင်ကျွန်း

လေးဖက်လေးတန်မှာ
အပြာထု…
ရေပြင်ပြာမျက်စိတဆုံး
မှိုင်းပြာညို့နေတဲ့ကုန်းမြေ
ပြာပြာစင်နေတဲ့သဲသောင်
ကောင်းကင်ကြီးတခုလုံးလည်း
အပြာရောင်ဖိစီးလေးတွဲ့လို့
ပြာပြာမူးမူး ငါ့နှုတ်ခမ်းတွေပေါ်
ငုံ့မိုးကိုင်းညွတ်နေပေါ့။


ဘုတ် ခနဲ
အရုပ်ကြိုးပြတ်
အုန်းသီးခြောက်တစ်လုံး
ရေစပ်ကို တလိမ့်လိမ့်ဆင်းသွား
ခရုဂဏန်းများ တွားသွားရွရွ
အုန်းလက်တွေကို ရှီးရှဲလေတိုးသံ
စင်ရော်တစ်အုပ် ထပျံသွားကြ
ပြီးတော့…
လူတစ်ယောက်နဲ့
လူတစ်ယောက်သာ…။


ကတ်စ်တ်အဝေး* ရုပ်ရှင်ထဲမှာ
တွမ်ဟန့်စ်** က အိပ်ရာကထ
တွမ်ဟန့်စ်က ငါးဖမ်း
တွမ်ဟန့်စ်က ကျောက်စွန်းပေါ်မှာရပ်ကြည့်
တွမ်ဟန့်စ်က အုန်းသီးခူး
တွမ်ဟန့်စ်က မီးမွှေး
တွမ်ဟန့်စ်က ဂူထဲမှာအိပ်
တွမ်ဟန့်စ်က အိပ်ရာကထ
တွမ်ဟန့်စ်က ငါးဖမ်း…။


တွမ်ဟန့်စ်မှာ
မဖွင့်ရသေးတဲ့
ပါဆယ်တစ်ထုပ်ရှိတယ်
တွမ်ဟန့်စ်မှာ
ရူးသွပ်မှုတွေအဖော်မျှဖို့
မျက်နှာပုံ ရေးခြစ်ထားတဲ့
ဘောလုံးတစ်လုံးရှိတယ်
ဝီလဆင်.. လို့နာမည်ပေးထားတယ်။


ငါ့ရဲ့ လေးဖက်လေးတန်
နံရံပြာပြာတွေပေါ်မှာ
မျက်လုံး နား နှာခေါင်း ပါးစပ်ပေါက်နဲ့
တစ်ယောက်ယောက်ကိုရေးလိုက်တယ်
ပြီးတော့
ဂျွန်.. လို့
နာမည်ပေးလိုက်တယ်
ဘယ်တော့မှဖွင့်မဖောက်ဖြစ်တော့မယ့်
ပါဆယ်တစ်ထုပ်
ရင်ထဲကိုရောက်လာတယ်။


ဂျွန်ရယ်
ငါရယ်
အဲသည်အပြာထုထဲမှာပေါ့
ဝိုင်ချိုမူးကြ
စိတ်တွေကိုရွက်လွှင့်လို့
အိမ်လွမ်းချင်းတွေသီတော့
ဂျွန်ကပါ လိုက်ဆို
ချစ်သူကိုလွမ်းတဲ့ညတွေဆို
မောကြီးပန်းကြီးမျက်ရည်စက်များ
ဂျွန်ကပါ လိုက်ငို
ငါကစိတ်နောက် ပေါက်ကွဲတဲ့အခါ
ဂျွန်လည်းတိတ်တိတ်ငေးကြည့်နေရှာ။


တွမ်ဟန့်စ်ရေ
လှိုင်းလေထန်တဲ့လမ်း
ဝီလဆင်နဲ့ အားအင်ဖြည့်လို့
ချစ်သူဆီအပြန်ခရီး
ဝီလဆင်ကို အပါခေါ်သွားပါ
တွမ်ဟန့်စ်ရေ
ပါဆယ်တစ်ထုပ်ကိုဖြင့်
ပိုင်ရှင်လက်ထဲရောက်အောင်
ဆက်ဆက်ပို့လိုက်ပါ
တွမ်ဟန့်စ်ရေ
အိမ်ပြန်ရောက်တဲ့အခါ
ဝီလဆင်ကိုလည်း ပစ်မထားလိုက်ပါနဲ့
တွမ်ဟန့်စ်ရေ...။


ငါ့အပြာရောင်ကျွန်းမှာတော့
ပင်လယ်လေစိမ်းက
ရိုက်သိမ်းကျီစယ်သွားလို့
အိပ်မက်ထဲအပြင်းဖျားတဲ့
ကယောင်ချောက်ချားညတွေဆို
မျက်စိပြင်ညီမှာ ရေထုကြီးပေါ့
မြွေဟောက်ပါးပျဉ်းဖြူတွေလိုထကြွ
ငါ့ကိုရစ်ပတ်ဝါးမျို
ပေါ်လိုက်နစ်လိုက်
အသက်ရှူမ၀တော့ဘူး…။


ချစ်သူရှိရာ...
အဝေး အဝေး အဝေး ဆီကိုပါကွယ်
လှိုင်းတွေဗလုံးဗထွေးကြား
ပါဆယ်တစ်ထုပ်ကို
ကျစ်ကျစ်ဆုပ်ထားတဲ့ ငါ
ကူးနေရင်း ကူးခတ်နေရင်း..
ဂျွန် က ဝေးဝေးကို မျောသွားပေါ့
ငါကလိုက်မဆယ်နိုင်ခဲ့
ဂျွန် ဘယ်ရောက်သွားသလဲ…
ငါ့ကိုခွင့်လွှတ်ပါ…
ဂျွန်ရယ် ဂျွန်ရယ်…
ငါ့ကိုခွင့်လွှတ်ပါ…
ဂျွန်ရယ် ဂျွန်ရယ်… လို့
တတွတ်တွတ် ရေရွတ်ရင်းက
လန့်နိုးရတဲ့အခါ
မျက်နှာမှာစိုရွှဲနေတော့တယ်။



ပန်ဒိုရာ


* Cast Away
** Tom Hanks

8 comments:

စိုးထက် - Soe Htet ! said...

ကြည့်ဖူးတယ်ဗျ ... ၀ီလဆင် နဲ့ ဂျွန် ကို ထပ်တူ ပြု ဈာန်ဝင်စား ထားတယ်လို့ ခံစားရပါတယ် ... :D

တည်ညိမ်းကို said...

ဝိုင်မြစ်ထဲမှာမျောသွားပြီလို့မှတ်တာဗျ ... ဂျွန်က ပြန်ရောက်လာတယ် ...
အပြာရောင်ပါဆယ်ထုပ်ထဲမှာ ဂျွန်ကိုယ်တိုင်များပါလေမလား ...
ကဗျာလေးကောင်းတယ်ဗျာ ...

Nyein Chan Aung said...

ပင်လယ်ပြာ.. ကောင်းကင်ပြာ.. အပြာရောင် ကိုတော့ ကြိုက်တယ်။

မုတ်သုန် said...

ကောင်းချက်ဗျာ... သော့ချက်အကုန်ပါတယ်....
ရုပ်ရုင်တစ်ကားလုံးပြန်ကြည့်လိုက်ရသလိုပါပဲ....
ကျေးဇူးပါအစ်မရေ...
အော်စကားကားတွေအောကာင်းလည်းရေးပေးပါဦး...

imaginary clouds no 2 said...

ပါဆယ် ထုတ်ကလေးက လှနေတယ် ။ (မဖွင့်ရသေးတဲ့
ပါဆယ်တစ်ထုပ်ရှိတယ်)ဆက်ရေးပါခင်ဗျား။

Ko Paw said...

ကောင်းတယ်ဗျို့။ ရုပ်ရှင်ကြည့်တုန်းကတောင် အဲဒီလိုအတွေးမျိုး မ၀င်ခဲ့ဘူး။

Ka Daung Nyin Thar said...

နာ့ကို အားကျပြီး တူလဲ ရုပ်ရှင်ကို ကဗျာရေးတယ်ဟ..
ရှက်လဲ ရှက်ဘူး ခွိခွိ

ချတာ တိလား.. ချိတ်ချိုးရင် ထိတ်ထိုးချည်..

လင်းဒီပ said...

အပြာရောင်ကျွန်းပေါ်က ပြေးထွက်မရသေးတဲ့အခါ အိပ်မက်မှာကော တကယ်မှာပါ မျက်ရည်တွေ ရွှဲလို့...။