Monday, November 16, 2009

နတ်သမီးပုံပြင် သံလွင်အိပ်မက်




သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၃) အမှတ် (၄) ထွက်ပါပြီ။ အပြောင်းအလဲ လို့ တကမ္ဘာလုံးက ဟစ်ကြွေးအော်နေကြတဲ့ အချိန်မှာ ဒီတပတ် ထွက်တဲ့ သံလွင်အိပ်မက် မဂ္ဂဇင်းရဲ့ Theme ကလည်း အပြောင်းအလဲ ဖြစ်ပါတယ်။ အပြောင်းအလဲ ဆိုင်ရာ ဆောင်းပါးတွေကို တ၀ကြီး ဖတ်ရမှာပါ။ ဟာသ ဆိုပြီး အသစ် ကဏ္ဍ တစ်ခု ကို တင်ဆက်ထားတာကိုလည်း တွေ့ရမယ်။ ထပ်မံညွှန်းချင်တာကတော့ အင်တာဗျူးပါ။ မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ထားသူတွေရဲ့ နိုင်ငံသားပြောင်းခြင်းဆိုင်ရာ အမြင်တွေကို မေးမြန်းထားပါတယ်။

ပန်ဒိုရာရဲ့ နတ်သမီးပုံပြင် နတ်သမီးအိပ်မက် ဆိုတဲ့ ဝတ္ထုတိုလေး တစ်ပုဒ် ကိုလည်း ဖော်ပြထားပါတယ်။
.......................

နတ်သမီးပုံပြင် နတ်သမီးအိပ်မက်

မီးရောင်စုံတွေ ဝေ့၀ဲနေတဲ့အောက် တဒိန်းဒိန်း စည်းချက်မှန်နေတဲ့ တီးလုံးအတိုင်း ယိမ်းထိုး က နေချိန်မှာ အဲဒီထောင့်စားပွဲကို သတိထားမိတာ ကြာလှပေါ့။ သူက တခြားလူတွေနဲ့ မတူ။ စားပွဲတွေကြားမှာ ပျံဝဲနေတဲ့ လိပ်ပြာမလေးတွေကို ရိသဲ့သဲ့လုပ်တာ၊ လှမ်းပြီးတို့ထိတာ မရှိ။ စင်ပေါ်မှာ ကနေတဲ့ ကျွန်မကိုပဲ စူးစူးစိုက်စိုက် တချက်တချက် ကြည့်နေတာ (ထင်တယ်) လေ။ ဒါပေမယ့် ပန်းကုံးလည်း တစ်ကုံးမှ လာမစွပ်ပြန်ဘူး။ ပုံစံကတော့ အထာတွေ သိပ်မနပ်တဲ့ မအူမလည်လေးပါပဲ။ သပ်သပ်ရပ်ရပ် ခေါင်းဖြီးထားတယ်။ မျက်မှန်လေးနဲ့။ အသားဖြူဖြူ ပိန်ပိန်လေး။ ဆံပင်ဆေးရောင်စုံဆိုးပြီး တီရှပ်ဒီဇိုင်းမိုက်မိုက်တွေနဲ့ လူငယ်တွေကြားမှာ၊ ကြောင်ကြောင်ကျားကျား ရှပ်အင်္ကျီတွေကို အပြင်ထုတ်ဝတ်ထားတတ်တဲ့ လူကြီးလူကောင်းတွေ ကြားမှာ ရှပ်အင်္ကျီဖြူလေးကို လက်ခေါက်ဝတ်ထားတဲ့ သူ့ပုံစံက ကျွန်မ မျက်စိထဲတော့ ထင်းနေတာ။

ညက ရင့်လာတယ်။ နည်းနည်းကြာတော့ လူတွေ တဖြည်းဖြည်း ပါးလျသွားကြပြီ။ တချို့လည်း သူ့အချိန်းအချက်နဲ့သူ။ သောကြာစနေ ညတွေလို မဟုတ်လေတော့ ညဥ့်နက်တဲ့အထိ နေကြတဲ့လူတွေ သိပ်မများဘူး။ တီးဝိုင်းသမားတွေလည်း ညောင်းညာစပြုပြီ။ ကျွန်မလည်း အ၀တ်အစားလဲပြီး ပြန်ဖို့လုပ်နေတုန်း စားပွဲထိုးကောင်လေးက တိုးတိုးလာပြောတယ်။ တကယ်တော့ ဒီညအဖို့ နားချင်နေပြီ။ ကျွန်မလို အနေအထားအတွက်က အလုပ်ဆိုတာ အငန်းမရ လက်ခံနေစရာ မလိုတော့ဘူးလေ။ ဘယ်သူလဲ လို့ မေးလိုက်တော့ အင်္ကျီဖြူနဲ့ အဲဒီတစ်ယောက်ကို မေးထိုးပြတယ်။ တစ်ရှိုး.. ပဲတဲ့။

သူ ဒီလောက်အထိ ခြေလှမ်းရောက်လာတာ ကျွန်မ နည်းနည်းတော့ အံ့သြပါတယ်။ သူ့ပုံစံ သူ့အရွယ်က ခပ်ပျော်ပျော် သူဌေးသားလေးတွေနဲ့လည်း မတူသလို ဘယ်လိုရှာဖွေလို့ ဘယ်လောက်ပေါနေမှန်းမသိတဲ့ ငွေတွေကို လာဖြုန်းလေ့ရှိတဲ့ စီးပွားရေးသမားတွေရဲ့ ပုံစံနဲ့လည်း ကွဲပြားနေတယ်။ ကျွန်မလို အနေအထားမျိုးကို ရဖို့က နည်းနည်းတော့ တတ်နိုင်မှ ဖြစ်မယ်။ တကယ်ဆို ကျွန်မရဲ့ သတ်မှတ်ချက်အရဆိုရင် ဒီညအဖို့ ပန်းကုံး လေးငါးကုံးလောက်မှ လာစွပ်ထားတာမဟုတ်ရင် လက်ခံစရာ အကြောင်းကို မရှိဘူး။ ဒီလိုနေရာမှာ ဒီလောက် လွယ်လွယ်နဲ့ ရတယ် ထင်နေသလား။ ဒါပေမယ့် သူ့ကိုစိတ်ဝင်စားလာတာနဲ့ ကျွန်မ ခေါင်းညိတ်ပြလိုက်ပါတယ်။

ဘယ်ကိုသွားမလဲ…။ ကျွန်မက မေးလိုက်တော့ သူက မျက်နှာလွှဲနေတယ်။ သူ့ဘေးက တရုတ်ပုံစံလိုလို သူ့သူငယ်ချင်းနားကိုပဲ တစ်ခုခု တိုးတိုး ကပ်ပြောတယ်။ အဲဒီသူငယ်ချင်းကတော့ သွက်ပုံပေါ်ပါတယ်။ ကျွန်မကို ဟိုတယ်တစ်ခု နာမည် ပြောပြတယ်။ အိုကေ..ပေါ့။ သူ့သူငယ်ချင်းက ကားမောင်းတယ်။ သူက ရှေ့ခန်းမှာ သူငယ်ချင်းဘေးက ထိုင်တယ်။ ကျွန်မက နောက်ခန်းမှာပေါ့။ လမ်းတလျှောက်လုံး ကားပေါ်မှာရော အခန်းထဲ ၀င်လာတဲ့အထိရော သူက ကျွန်မကို စကားတစ်ခွန်းမှ မပြောဘူး။

တံခါးကို ပိတ်လိုက်ပြီး သူ့ရှပ်အင်္ကျီကြယ်သီးတွေကို ဖြုတ်ပေးဖို့ ဆိုးဆိုးဆတ်ဆတ်နဲ့ လက်ပြင်လိုက်တဲ့ အချိန်မှာ သူက ခဏနေဦး လို့ အလန့်တကြား တစ်ချက်အော်တယ်။ ပြီးတော့မှ သူ့ပါးစပ်ကို သူအုပ်ပြီး ရှူးတိုးတိုး လို့ သူကပဲတပြန် ကျွန်မကို လာပြောတယ်။


ဆက်ဖတ်ရန် ဒီကို သွားပါ။

22 comments:

ချစ်ကြည်အေး said...

မပန်ရေ..ဖတ်ပြီးပြီ အဲလိုအတွေးအခေါ်လေးတွေကို ကြိုက်တယ်၊ သူတို့ ဘဝလေးတွေက တကယ်တော့ သနားစရာ၊ ရင်နာစရာရယ်...။

SDL said...

ဟိုမှာပဲ ကောမန့် ရေးခဲ့ပြီ.. :)

ဒဏ္ဍာရီ said...

မမရေ ... အဆုံးထိ ဖတ်ခဲ့တယ်နော်။ အရမ်းကောင်းတဲ့ ၀ထ္ထုတိုလေးပဲ ...။ အော် သူတို့တွေလေးလည်း အသည်းနှလုံး ရှိတဲ့ လူသားတွေပဲလေ။ အိမ်မက်မက်ခွင့်တော့ ရှိရမှာပေါ့...။

ခင်မင်လေးစားလျှက်

ကိုချစ်ဖေ said...

ကောင်းဗျား နတ်သမီးအိပ်မက်
ဖတ်ပြီး နတ်သားအိပ်မက် မက်သွားပါတယ်..
ဝထ္ထုထဲက ကဗျာဆရာလိုလို လူဆိုတာ ကျနော်တို့ကို
ပြောနေတာလားဗျာ..

ရွာသားလေးဝိုင်တီယူ said...

နုနုရည်(အင်းဝ)နမ်းမှာလာမောင် မွှေးတယ်ရှင့် နဲ့သင်းသင်းသာ တတိယဆိပ်ကမ်းကို သတိရမိသွားတယ်ဗျာ

Kay said...

အဲဒီ မိန်းကလေး ရဲ့ inferior complex ကို ပေါ်အောင် ဖွဖွလေး ခြယ်သွားနိုင်တဲ့..အနုပညာမြောက် ဖန်တီးမူ.. ။ တော်ပေ၏။း)

အိန္ဒြာ said...

ပန်ပန်..

ဇာတ်လမ်းကို ပြောပြကတည်းက
ရေးပြီးတဲ့အချိန်ကိုစောင့်နေတာ...

မျှော်ရကျိုးနပ်လိုက်တာ..
နည်းနည်းခွဲထွက်သွားတဲ့ စတိုင်နဲ့..
ခပ်ရဲရဲရေးချထားတာကို သိပ်သဘောကျသွားတယ်.။

သက်ဝေ said...

အကြောင်းအမျိုးမျိုးကြောင့် ဒီလိုဘဝတွေမှာ ကျင်လည်နေကြရပေမယ့် သူတို့လေးတွေလဲ တချိန်ချိန်မှာတော့ သူတို့ဘဝအတွက် အပြစ်ကင်းတဲ့ ချစ်ခြင်းတွေကို တောင့်တကြ အလိုရှိကြမှာပဲပေါ့...
လူအများစုရဲ့ နှိမ့်ချခြင်းကို ခံကြရတဲ့ အမှောင်ထဲက ဘဝလေးတွေကို ဂရုဏာဖြစ်ချင်စရာကောင်းအောင် ရေးပြတတ်တဲ့ ပန်ပန်... တော်ပေ၏...။

Anonymous said...

ဒီဝတ္ထုလေးကို ကြိုက်တယ် ။ တချို့ အခန်းတွေကို ခပ်ရဲရဲရေးထားတာ ၊ စကားပြောခန်းတွေ ကိုလည်းသဘောကျတယ် ။ ရေးထားတာပီတယ် ။ နာမည်ကြီး ကဗျာဆရာရဲ့ ကဗျာအကြောင်း အရာနဲ့ ပတ်သက်တဲ့ အမြင်လေးထည့်ရေးသွားလို့ စာရေးသူအမြင်ကိုသိရတယ် ။
ချစ်သူရည်းစားကြား ၊ ဆက်ဆံရေးက ပရော်ဖက်ရှင်နယ်ဆန်တယ်ဆိုတာကိုတွေ့တော့ အရင်က စာတွေမှာ ဘလော့ဂါ တယောက်ယောက်ရေးထားတဲ့မှတ်ချက်ကနေ စိတ်ကူးရသလားဆိုပြီးတွေးမိသေးတယ်။ ဘာသာရပ်ဆိုင်စာ စာလုံးကြီးကြီးတွေမပါတာ ကိုလည်း သတိပြုမိတယ် ။

P.Ti said...

ဖတ်ပြီး.. ကောင်းပါ၏။ တကယ်ဖတ်ပြီးမှပြောပါသည်။ အတွေး နဲ့ တင်ပြပုံက တမူထူးခြားကောင်းမွန်ပါသည်။

Taw Luu said...

မပန်ဒို တကယ်ပဲ မြန်မာမိန်းကလေး တယောက်ရဲ့ စိတ်လှုပ်ရှားရင်ခုန်မှုတွေကို ဖတ်ရပါတယ်.အဲ့ဒီစာပေကို
ဘ၀သရုပ်ဖေါ်လို့ ခေါ်ရင်လည်း ခေါ်ပါစေဗျာ.မော်ဒန်မဖြစ်ရင်လည်း မဖြစ်ပါစေနဲ့. မြန်မာမလေးတယောက်ရဲ့ ဘ၀ဆိုးလေး ကို စာနာနားလည် သွားကြမယ်ဆို. ကုသိုလ်ရပါတယ်.ခင်ဗျားရဲ့ ပုဂ္ဂလိက ရင်ခုန်သံကို ပုဂ္ဂလိကဆန်ဆန်မခံစားသွားပဲ အားလုံးကို မျှဝေသွားခြင်းအတွက်ကျေးဇူးတင်ပါတယ်.

Anonymous said...

The part I like best in your short story is the following.

“နေပါဦး ရှင့်ရဲ့စာတမ်းပြီးတော့ ဘာဖြစ်မှာလဲ”

“ကျွန်တော် ဘွဲ့လွန် တစ်ခုရမှာပေါ့”

“အဲဒီစာတမ်းကရော”

“ကျောင်းက သိမ်းထားမှာပေါ့”

“ဟင်.. ဒါဆို ကျွန်မတို့ ဖြေတာတွေက အလကားပေါ့”

“ခင်ဗျားကို အလကား မေးခဲ့တာတော့ မဟုတ်ဘူးလေ”

“သြော်.. ပိုက်ဆံပေးတာကို ပြောတာလား။ ဟုတ်တယ်။ ဒါပဲ။ ယောင်္ကျားတွေက ဒါပဲလေ။ အင်းပေါ့။ ပိုက်ဆံပေးရင် ဘာမဆို တရားနေတာပဲ”

“ဟာ….” သူ့ မျက်နှာ ရဲကနဲ နီမြန်းသွားတယ်။

“ခင်ဗျား ကျွန်တော့်ကို သူများတွေထဲ ဆွဲမထည့်နဲ့လေ။ ဘာမှမဆိုင်ဘူး”

It is sad but true. It's sort of a wakeup call for many people like us.

Rita said...

ကောင်းလိုက်တာ။
စ လယ် ဆုံး အကုန်လုံး ညီညွတ်ပြီး ကောင်းလိုက်တာ။
သူတို့ဘက်က အမြင်တွေကို စိတ်ဝင်စားမိတယ်။

နှင်းနဲ့မာယာ said...

မပန်ရေ
အရမ်းကောင်းတဲ့ ဇာတ်လမ်းလေးပါ...
သာမန်နဲ့မတူတဲ့ ဘဝလေးကို ချပြထားတာမို့ သဘောကျမိတယ်.....
မပန်ရဲ့ ဝတ္တုလေးတွေကို ကြိုက်တယ်...

နှင်း

MDW said...

၂ ခေါက်တိတိ ဖတ်လိုက်တယ်။
ကြယ်ငါးလုံး ပေးလိုက်တယ်။
ဒီထက်မက ပေးလို့ရရင် ပေးချင်တယ်။
ပန်ပန့်ဖန်တီးမှုတွေက အံ့မခန်းပဲ။
ချီးကျူးပါတယ် ... လေးစားပါတယ် ... အားပေးပါတယ်။

ရွှေရတုမှတ်တမ်း said...

မပန်ရေ...ပွင့်ပွင့်လင်းလင်း ဝန်ခံရရင်တော့..
အဲဒီလိုကောင်မလေးတွေ အပြင်မှာအများကြီးတွေ့ဖူးတယ်..
သူတို့ဖက်က စိတ်ခံစားမှုကိုတော့..တခါမှဒီလိုမစဉ်းစားခဲ့ဖူးဘူး

တန်ခူး said...

ပူးဝင်ခံစားမှုက အံ့မခန်းပါပဲ…
တကွက်မှ မဟာပဲ အဲဒီမိန်းခလေးကိုယ်တိုင် အနားမှာ လာပြောပြနေသလို ပီပြင်လွန်းလို့  ပန်ရေ (မခင်ဦးမေ စကားနဲ့ ပြောရရင်) ဒီနှစ် ဒီပို့ စ်နဲ့  အကယ်ဒမီပေးလိုက်ပြီ… လက်ရှိခေတ်အခြေအနေ၊ ရွေးချယ်ခွင့်မရှိတဲ့ဘ၀တွေ၊ ရွေးချယ်ခွင့်အရှိလွန်တဲ့ဘ၀တွေ၊ ကျန်းမာရေးဗဟုသုတနောက်ကျကျန်မှုတွေ…. အားလုံး… အားလုံးကို ပါအောင် ခပ်ပါးပါးလေး ထည့်သွားနိုင်လိုက်တာကို လက်ဖျားခါမိပါတယ်…

YoungGun said...

ဝထ္ထု မဖတ်ပါဘူးဆိုမှ ..အစလေး ဖတ်မိပါတယ် ဆွဲချသွားပြန်ရော..အဲဒါနဲ့ သံလွင်အထိ လိုက်ဖတ်ရတယ်..ရေစီးကသန်တယ်။ လူတွေလည်း ယက်ကန်ယက်ကန်၊ အဖြူရောင်ကောင်လေးရဲ့ မျက်လုံးတွေလိုမျိုး .. အပြင်မှာ ဘယ်နှယောက်ရှိမလဲ။ ကိုယ်တိုင်ရော စာရိတ္တသတ္တိကို ပေပေါ်တင် စမ်းနိုင်ပါ့မလား။ ဘာလို့ ဒီခေတ်က ဒီအဖြေတွေချည်း ထုတ်ပေးနေတာလဲ။

မောင်နွေသစ် said...

နတ်သမီးအိမ်မက်မှာ
ထစ်ချုန်းရွာတက်တဲ့ ကံဆိုးမိုးမှောင်တွေရယ်...
အသိတွေအမှောင်ကျသွားလောက်အောင်
ထိုးခွဲရွာချလာတဲ့အခါ
သူလဲ...ငိုချမိရှာမှာပေမယ်...

အစ်မရေ...တကယ်ကြိုက်တယ်ဗျာ...
လေးလဲလေးစားမိပါတယ်..အစ်မရေ...
အမြဲအားပေးလျက်ပါနော်...။

Ko Paw said...

ဒီဝတ္ထုကိုလည်း ကြိုက်တယ်ဗျ။ ဟိုတနေ့က ဖတ်ပြီး ကွန်မင့်မပေးခဲ့ရလို့ ပြန်လာပေးတာ။ အသိပညာပေးရုံမက အနုပညာလည်း မြောက်ပါပေတယ်။

မိုးငွေ့...... said...

မပန်ရေးပြတော့မှ ကိုကိုယောက်ကျားတွေ တွေးမိကြတော့တယ်...ကိုယ်ချင်းစာနာစိတ်ကလေးပွားတတ်သွားတာပေါ့ အရေးအသား လုံးဝဂွတ်တယ်ဗျာ... ။

ခင်တဲ့
မိုးငွေ့

Anonymous said...

Your blog is extremely amazing ... keep up the good job!