လူတွေစည်ကားတဲ့ လမ်းမလယ်ခေါင်မှာ၊ ကားဟွန်းသံတွေ စကားပြောသံတွေ ဈေးရောင်းသံတွေ ဆူဆူညံညံကြားမှာ၊ ရုတ်တရက် အထီးကျန် တိတ်ဆိတ်သွားတာမျိုး။ စာမေးပွဲတွေဖြေ၊ အလုပ်တွေရှာ၊ ပိုက်ဆံတွေစု၊ ပုံမှန်လည်ပတ်နေတဲ့ တစ်နေ့တာတွေကြား ဗြုန်းစားကြီး အဖြေရှာမရ အဓိပ္ပါယ်မဲ့သွားတာမျိုး။ ကိုယ်ဘာကို လိုချင်တာလဲဆိုတဲ့ ခံစားချက်တွေကို ဝေခွဲမရ ဖြစ်နေတာမျိုး။ အဲဒီလိုဆန်ဆန်တွေ ခံစားဖူးတယ် ဆိုရင် Lost in Translation ဆိုတဲ့ ရုပ်ရှင်ကို ကြည့်လိုက်ပါ။ မခံစားဖူးသေးဘူး ဆိုရင်လည်း အဲဒီရုပ်ရှင်ကို ကြည့်လိုက်ပါ။
ပုံ ဒီက
Bill Murray နဲ့ Scarlett Johansson တို့အဓိက ပါဝင်သရုပ်ဆောင်တဲ့ Lost in Translation ဇာတ်ကားဟာ ၂၀၀၃ ခုနှစ်လောက် ကတည်းက ထွက်ခဲ့တာပါ။ ဒါရိုက်တာ Sofia Coppola ကရိုက်ကူးခဲ့တာပါ။ ကိုယ်ကတော့ ၂၀၀၆ လောက်မှ ကြည့်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ ဆိုလိုရင်းကတော့ Everyone wants to be found တဲ့။
Bob (Bill Murray) က အသက်အတော်ရလာပြီ ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ပါ။ အတောက်ပဆုံး အချိန်တွေကို ဖြတ်သန်းခဲ့ပြီးတဲ့ ကြယ်တစ်ပွင့်လို့လည်း ဆိုနိုင်မယ်။ ဂျပန်ပြည်မှာ ၀ီစကီကြော်ငြာတစ်ခု ရိုက်ကူးဖို့ အနုပညာကြေး ကောင်းကောင်းရတာနဲ့ လာခဲ့တယ်။
Charlotte (Scarlett Johansson) ကတော့ ဘွဲ့ရပြီးခါစ ငယ်ရွယ်တဲ့ မိန်းကလေး တစ်ယောက်ပါ။ အောင်မြင်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ဇနီးလည်းဖြစ်တယ်။ အမျိုးသားက ဓာတ်ပုံရိုက်ဖို့ အလုပ်ကိစ္စနဲ့ ဂျပန်ကို လာရတဲ့အခါ သူကလည်း အတူလိုက်လာခဲ့တယ်။
နားမလည်တဲ့ ဘာသာစကားတွေ ပြောနေတဲ့ ဒေသတစ်ခုမှာ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ ယဉ်ကျေးမှုတွေနဲ့ ဆူညံစည်ကားနေပေမယ့် သူတို့အတွက် ငြီးငွေ့ဖွယ်ရာပါ။ Charlotte က တခါတခါ အပြင်ကို ထွက်ပြီး လျှောက်သွားကြည့်ဖြစ်တယ်။ တချိန်လုံး အလုပ်များနေတဲ့ အမျိုးသား ဓာတ်ပုံရိုက်ထွက်လို့ ဟိုတယ်ထဲမှာ တယောက်တည်း ရှိနေချိန်မှာ သူ့အခန်းထဲက မှန်ပြတင်းပေါက် ဘောင်မှာ ထိုင်ပြီး အပြင်ကို ငေးလေ့ရှိတယ်။ Bob ကတော့ အလုပ်နဲ့မို့ ကြော်ငြာရိုက်ရင်း ဟိုတယ်ထဲမှာပဲ အချိန်ကုန်တာ များတယ်။ တခါတလေတော့ သူ့ဇနီးဆီက ဖုန်းလာတယ်။ Fax လာတယ်။ အိမ်ကိစ္စ၊ ကလေးတွေကိစ္စ စတဲ့ ပူပူညံညံ အကြောင်းတွေပါပဲ။ သူက တတ်နိုင်သမျှတော့ ဇနီးကို လိုက်လျောညီထွေ ပြန်ပြောလိုက်တာပါပဲ။
ဟိုတယ်တစ်ခုထဲမှာ တည်းခိုနေကြတဲ့ Bob နဲ့ Charlotte တို့ ဆုံဖြစ်ကြတယ်။ Charlotte ကို Bob က ဓာတ်လှေခါးထဲမှာ စပြီး သတိထားမိတာပါ။ နောက်တော့ အရက်ဘားမှာ ထိုင်ရင်း တွေ့ဖြစ်ကြတယ်။ Bob က အိမ်ထောင်သက် ၂၅ နှစ်ရှိပြီ ဖြစ်တဲ့အကြောင်း Charlotte ကတော့ လက်ထပ်တာ မကြာသေးတဲ့အကြောင်း စတဲ့ သူ့အကြောင်း ကိုယ့်အကြောင်း ပြောကြတဲ့ စကားစမြည် ဆက်ဆံရေးလောက်ပါပဲ။ နောက်တော့ သူတို့နှစ်ယောက် နည်းနည်း ပိုရင်းနှီးလာတယ်။ တခြားမိတ်ဆွေတွေနဲ့အတူ အပြင်ခဏထွက် ကာရာအိုကေ ဆိုကြရင်း အညောင်းမိနေတဲ့ စိတ်တွေကို ရွက်လွှင့်ကြတယ်။
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ပူလောင်တပ်မက်မှုတွေ မပါတဲ့ ပလေတိုးနစ် (platonic) ဆန်ဆန်ပဲ ရှေ့ဆက်ခဲ့ပါတယ်။ သူတို့ အိပ်မပျော်တဲ့ ညတညမှာ Charlotte က Bob ရဲ့အခန်းမှာ ဗွီဒီယို အတူကြည့်ရင်း ခုတင်မှာ လဲလျောင်း စကားပြောကြတဲ့ အခန်းတစ်ခန်း ပါတယ်။ ဝေဖန်ချက်တချို့ကတော့ အမေရိကန်ရုပ်ရှင်တွေထဲမှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အိပ်ရာပေါ်မှာ အ၀တ်အစားအပြည့်အစုံနဲ့ (ဘာမှမလုပ်ဘဲ) ရိုးရိုးသားသား စကားပြောနေတဲ့ မြင်ကွင်းမျိုးကို မြင်နိုင်တဲ့ တစ်ခုတည်းသော ရုပ်ရှင်တောင် ဖြစ်ကောင်းဖြစ်မယ် လို့ဆိုပါတယ်။
အဲဒီမှာ သူတို့ပြောဆိုကြတဲ့အထဲမှာ မှတ်မှတ်ရရ ဖြစ်စေတဲ့ စာသားတချို့ရှိပါတယ်။ ဘ၀အတွေ့အကြုံ ပိုရင့်ကျက်တဲ့ Bob က တချို့အကြောင်းတွေကို Charlotte ကို ဝေမျှပါတယ်။
Bob: It gets a whole lot more complicated when you have kids.
Charlotte: It's scary.
Bob: The most terrifying day of your life is the day the first one is born.
Charlotte: Nobody ever tells you that.
Bob: Your life, as you know it... is gone. Never to return. But they learn how to walk, and they learn how to talk... and you want to be with them. And they turn out to be the most delightful people you will ever meet in your life.
Charlotte: That's nice.
ဟိုတယ် ဘား မှာ သီချင်းဆိုဖျော်ဖြေတဲ့ သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက်ရှိတယ်။ တညတော့ Bob သောက်ရင်း မူးသွားတယ်။ နောက်တနေ့ မိုးလင်း သူ့အခန်းမှာ အမျိုးသမီးကို မြင်မှ အဲဒီအမျိုးသမီးနဲ့ အိပ်မိမှန်း သူလည်း သိတော့တယ်။ အဲဒီမနက် မှာ Charlotte က အခန်းတံခါးကို လာခေါက်နှုတ်ဆက်တော့ အဲဒါကို သိသွားတယ်။ အူတိုတဲ့ စိတ်ဆိုတာ မိန်းကလေးတွေက သူတို့ နှစ်သက်တဲ့လူတွေအတွက် ခံစားရလေ့ရှိတဲ့ သဘာဝ မဟုတ်လား။ နေ့လည်စာ အတူစားတဲ့အချိန်မှာတော့ Bob နဲ့ Charlotte ရဲ့ ဆက်ဆံရေးက နည်းနည်း ထစ်ငေါ့သွားတယ်။
အဲဒီညမှာ မီးလန့်လို့ ဟိုတယ်တခုလုံး အောက်ကို ခဏဆင်းကြရတယ်။ အဲဒီမှာ သူတို့နှစ်ယောက် ကောင်းကောင်း ပြန်နှုတ်ဆက်ကြပါတယ်။ Bob ပြန်မယ့် မနက်မှာတော့ Charlotte ခဏ ယူဝတ်ထားတဲ့ ကုတ်အင်္ကျီကို ပြန်ပေးဖို့ ဒါမှမဟုတ် ယူချင်ရင်လည်း ယူထားလိုက်ဖို့ Bob က ဖုန်းကနေ အမှာစကား ထားခဲ့တယ်။ Bob ကားပေါ်မတက်ခင် Charlotte ရောက်လာပါတယ်။ အင်္ကျီကို ပြန်မပေးပါဘူး။ သူများတွေ ရှေ့မှာမို့ သူတို့နှစ်ယောက် သာမန်ပဲ နှုတ်ဆက်ခဲ့ကြပါတယ်။
အဲဒီနောက် လေဆိပ်ကို အသွား ကားပေါ်ကနေ လမ်းဘေးတနေရာမှာ လျှောက်သွားနေတဲ့ Charlotte ကို Bob က လှမ်းမြင်လိုက်ပါတယ်။ ကားမောင်းသူကို ခဏရပ်ခိုင်းလိုက်ပြီး Charlotte နောက်ကို ပြေးလိုက်သွားခဲ့တယ်။ ဆုံတွေ့ကြတဲ့အချိန်မှာ Bob က Charlotte ကိုပွေ့ဖက်ပြီး နားနားကို တခုခု တိုးတိုးလေး ကပ်ပြောလိုက်ပါတယ်။ သူတို့နှစ်ယောက် နမ်းကြတယ်။ လမ်းခွဲကြတယ်။ Charlotte ရဲ့ မျက်နှာလေး ပြုံးပြီး ကျန်ခဲ့တယ်။
ဒီဇာတ်လမ်းမှာ ဒါရိုက်တာကို အထူးချီးကျုးချင်တာကတော့ ပြောချင်တဲ့ အကြောင်းအရာကို အပိုတွေမပါပဲ ကွက်တိဖြစ်အောင် တင်ပြသွားနိုင်တာပါပဲ။ စကားပြောခန်းတွေလည်း အများကြီး မပါတာမို့ စကားတွေ အရမ်းများတဲ့ နိုင်ငံခြားရုပ်ရှင်မျိုးကို မကြိုက်တတ်တဲ့ လူတွေလည်း ခံစားနိုင်မှာပါ။ သရုပ်ဆောင်ပုံတွေကလည်း သိပ်ကို သဘာဝကျ ပီပြင်ပါတယ်။
ဘာသာမပြန်နိုင်တဲ့ အရာတွေကို ဒီဇာတ်လမ်းမှာ အလွှာလွှာ အထပ်ထပ် အဓိပ္ပါယ် ဖွင့်ထားခဲ့တယ်။
ဘာသာစကား ခြားနားတဲ့ အထူးသဖြင့် အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောလေ့မရှိတဲ့ ဂျပန်နိုင်ငံမှာ ဧည့်သည် အမေရိကန်လူမျိုးတွေ အနေနဲ့ ညွှန်ကြားချက်တွေကို နားမလည်နိုင်တာ။ ဆက်ဆံရေးတွေမှာ သူ့စကားကိုယ်မသိ။ ကိုယ့်စကား သူမသိ။ ယဉ်ကျေးမှုတွေကိုလည်း လိုက်ပါမခံစားနိုင်။
အရွယ်လွန်စ ယောင်္ကျားတစ်ယောက်ရဲ့ midlife crisis လို့သူတို့ဆီမှာ ခေါ်ကြတဲ့ အဖြစ်။ အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ ဘ၀အောင်မြင်မှုတွေရဲ့ လမ်းခုလတ်မှာ အမည်ဖော်မရတဲ့ တိတ်ဆိတ်ငြိမ်သက်မှုတွေ။
စူးစမ်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ အရွယ် ဖြစ်တဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ အနာဂတ်ဘ၀အပေါ် ကိုယ်လိုချင်တာ လိုအပ်တာတွေအပေါ် မရေရာ ပျောက်ဆုံးမှုတွေ။
Bob နဲ့ Charlotte ကြားက ဘာသာပြန်ရခက်တဲ့ ဆက်ဆံရေး နဲ့ ခံစားမှု ခပ်ပါးပါး။
နောက်ဆုံး Bob က Charlotte ကို နားနားမှာ တိုးတိုးလေး ကပ်ပြောသွားတာ ဘာပါလိမ့် ဆိုတာကိုလည်း ပရိသတ်က ဘာသာမပြန်နိုင်ပဲ စူးစမ်းသိချင်စိတ်နဲ့ ကျန်ရစ်ခဲ့ရတယ်။ (အဲဒီအကြောင်းကိုတော့ အင်တာနက်ထဲမှာ တချို့ ထင်မြင်ထားတာတွေ သိချင်ရင် ဒီမှာ ကြည့်ပါ။ ဘယ်သူမှတော့ အဖြေမှန်တယ်လို့ အာမ မခံနိုင်ကြပါဘူး။)
သမားရိုးကျ အစွဲအလန်းတွေနဲ့ ကြည့်ရှုသူတွေအတွက်တော့ ဒါရိုက်တာ တင်ပြချင်တဲ့ တချို့သော အကြောင်းအရာတွေကို မြင်ချင်မှမြင်မယ်။ မြင်လည်း လက်ခံချင်မှ လက်ခံနိုင်မယ်။ Bob နဲ့ Charlotte တို့ရဲ့ ဆက်ဆံရေးဟာ politically incorrect (ဘယ်လို ဘာသာပြန်ရမလဲ မသိ။ ဒီနေရာမှာတော့ လူအများသတ်မှတ်ထားတဲ့ ဖြစ်သင့်ဖြစ်ထိုက်သည်များမှ သွေဖယ်ခြင်းလို့ပဲ ဆိုပါစို့။) ဖြစ်နိုင်ပါတယ်။။ ဒါပေမယ့်လည်း လူ့သဘာဝ ဆိုတာ အမြဲတန်း politically correct ဖြစ်နေတာမှ မဟုတ်တာ။ ဒီလိုသဘာဝတွေနဲ့ ထုံမွှမ်းထားတဲ့ ဘ၀တွေထဲမှာပဲ အထိအခိုက်နည်းအောင် ရုန်းကန်ရင်း လူတွေ နေထိုင်သွားကြတယ်။ တချို့အရာတွေက ဘာသာမပြန်တော့ပဲ ဒီအတိုင်း ထားလိုက်တာပဲ ကောင်းမယ်ထင်ပါတယ်။
ပန်ဒိုရာ
24 comments:
အဆုံးသတ်အခန်းမှာ လူတွေကြားထဲ နားနားကပ်ပြီး ခပ်တိုးတိုး ပြောသွားတာ ။ ဘာပြောသွားလဲဆိုတာကို မကြားရဘဲ ။ “ဘာပြော သွားနိုင်တယ် ”ဆိုတာကို ကြည့်သူကခံစားပြီး စဉ်းစားဖို့ဖွင့်ပေးထားတဲ့ ရိုက်ကွက်ကို သဘောကျတယ် ။ တင်ပြသူသာဖြစ်ပြီး ၊ အဖြေကိုဖွင့်ပေးထားတာကို သဘောကျနေမိတယ် ။ ဒီရုပ်ရှင်ကို ကြည့်တဲ့အချိန်မှာ သူငယ်ချင်းတွေကြားမှာ အမြင်မတူတာတွေ ရှိခဲ့တယ် ။ အဲဒါကိုက ရုပ်ရှင်ခေါင်းစဉ်နဲ့ ညီနေမလားမသိ။
မနက်ဖန်အတွက် ကြည့်စရာ ကားလေးတစ်ကား ရသွားပြီဗျာ။ ကျေးဇူးတင်ပါတယ်.
yu ya
မင်းနဲ့ ဆုံခွင့်ပေးခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်တဲ့....။
ပန်ပန် ညွှန်းထားဖူး လို့.. ပြီးခဲ့တဲ့..၂ပတ် လောက်ကမှ ကြည့်ဖြစ်လိုက်တာ။ ထင်သလောက်တော့..မကြိုက်လှဘူး။ ဘာဖြစ်လို့လဲ မသိဘူး။ သဘာဝ ကျကျ စဉ်းစားမိလို့ဖြစ်မယ်။ ပြောသလိုဆို..politically correct- incorrect ကြောင့် ဖြစ်မယ်။ နောက်တခုက.. ဒုတိယ မွန်ရိုးလို့..တင်စားတဲ့..ရာဂ ဆန် တဲ့..Sacarlett Johansson နဲ့..ဒီ ဇာတ်ရုပ်နဲ့ မလိုက်ဘူးလို့လဲ ထင်တယ်။
Sacarlett Johansson ကို Match Point လိုကားမျိုးမှာ အရင်ကြည့်ဖြစ်ခဲ့ရင် ဒီလိုမြင်နိုင်ပါတယ်။ ဒီကားမှာတော့ ငယ်သူအနေနဲ့ စူးစမ်းလိုစိတ်ရှိနေတာမျိုးနဲ့ မရေမရာဖြစ်နေတာကိုပဲ အများဆုံး သရုပ်ဆောင်ခဲ့တယ် လို့ ထင်မိတယ်။ Bill Murry နဲ့မျက်လုံးဆိုင်ကြည့်ဖြစ်တဲ့ အခန်းတခန်းကလွဲလို့ ကျန်တဲ့ သရုပ်ဆောင်ပုံတွေတွေကို အဲဒီစရိုက် သဘာဝကျတယ် ထင်မိပါတယ်။ မိန်းကလေးက စိတ်ဝင်စားစရာ မကောင်းတာလည်း မဟုတ်ပဲနဲ့ မင်းသားက မိန်းမမှုတွေကို စိတ်ကုန်နေတာမျိုးလည်း မဟုတ်ပဲနဲ့ နှစ်ယောက်ကြားမှာ ရုပ်ပိုင်းဆိုင်ရာ မပတ်သက်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ပိုပြီး Contrast ဖြစ်အောင် ဆွဲဆောင်မှုရှိတဲ့ သူ့ကို တမင်ရွေးထားတယ်လို့ ထင်မိပါကြောင်း။ :)
“တခါဘဲ..နမ်းခွင့်ပေးပါ..
ကုတ်အကျီပြန်မယူတော့ဘူး...
အကျီက ဈေးကြီးတယ်..”
[(လူအများသတ်မှတ်ထားတဲ့ ဖြစ်သင့်ဖြစ်ထိုက်သည်များမှ သွေဖယ်ခြင်းလို့ပဲ ဆိုပါစို့။) ဖြစ်နိုင်ပါတယ်။။ ဒါပေမယ့်လည်း လူ့သဘာဝ ဆိုတာ အမြဲတန်း politically correct ဖြစ်နေတာမှ မဟုတ်တာ။ ဒီလိုသဘာဝတွေနဲ့ ထုံမွှမ်းထားတဲ့ ဘ၀တွေထဲမှာပဲ အထိအခိုက်နည်းအောင် ရုန်းကန်ရင်း လူတွေ နေထိုင်သွားကြတယ်။ တချို့အရာတွေက ဘာသာမပြန်တော့ပဲ ဒီအတိုင်း ထားလိုက်တာပဲ ကောင်းမယ်ထင်ပါတယ်။]
ဒီဇာတ်ကားအကြောင်းကို အော်စကာ ရပြီးကာစက ဒါရိုက်တာ အကြောင်းနဲ့ တွဲပြီး ဖတ်ခဲ့ရဖူးတယ်။ အမှတ်တမဲ့ပါပဲ။
ဇာတ်ကားတွေ ကြည့်လေ့မရှိတော့ စာအုပ်ကနေတဆင့်ပဲ သိနေရတာ။
ကြည့်ရင် ကြိုက်မိမယ် မထင်ဘူး။ မပန်ရေးထားတာကတော့ တကယ်ပဲ ရင်ထဲ ရောက်သွားတယ်။
အရောက်ဆုံးကတော့ အပေါ်မှာ quote လုပ်ထားတဲ့ စာကြောင်းပေါ့။
=)
ဒီစာသားပေါ့ဗျာ.." အူတိုတဲ့ စိတ်ဆိုတာ မိန်းကလေးတွေက သူတို့ နှစ်သက်တဲ့လူတွေအတွက် ခံစားရလေ့ရှိတဲ့ သဘာဝ မဟုတ်လား။ " ကိုယ့်ခင်ပွန်းအတွက် မဟုတ်တဲ့ ယောင်္ကျားတစ်ယောက်အတွက် အူတိုတာာ.. ဘယ်လိုမိန်းခလေးမျိုးပါလိမ့်လို့။ ဘာသာရေးရှုထောင့်ကနေ စဉ်းစားမိပါတယ်။ စဉ်းစားလွန်းတဲ့၊ ဝေါဟာရပေါကြွယ်ဝတဲ့၊ အယူဝါဒတွေ ထွန်းကားလွန်းတဲ့ လူတို့ဌာနေမှာ ဒါဟာ ကာမေသု မဟုတ်ဘူးလား၊ ဟုတ်လား။ အကျုံးဝင်လား မဝင်လား..။ တတ်သိနားလည်သူ ဖြစ်ချင်ပါတယ်။
တစ်ရက်လောက် ချိန်းကြည့်ကြမယ်
ကြိုက်တာမကြိုက်တာကတော့ တပိုင်းပေါ့ဗျာ ကြည့် ကြည့်တာပေါ့. ကျနော့်အမြင်ကတော့ ဒီလိုစိတ်ခံစားမှု
တွေက ဖြစ်တတ်ပါတယ် လို့ထင်တယ် သဘာဝအရပေါ့
ဒါပေမဲ့ အဲ့ဒီသဘာဝစိတ်တွေကိုတော့ ကြိုထိမ်းသိမ်းတာ
ကောင်းပါတယ် ဘယ်လူ့အဖွဲ့အစည်းပဲဖြစ်ဖြစ်
လူ့ယဉ်ကျေးမှု မှာတော့ ထိမ်းသိမ်းတာထက် ကြိုတင်ထိမ်းသိမ်းရင် စိတ်ဆင်းရဲစရာတွေ မဖြစ်ဘူးထင်ပါတယ်. ခံစားမှုတွေ နားလည်မှုတွေကတော့ အနားမသတ်တာထက် သတ်နိုင်လေ ပိုစိတ်ချမ်းသာရလေ ဖြစ်မလားပဲ..စိတ်ငြိမ်းချမ်း ချမ်းသာမှုဟာ ဂရုပြုစရာ မလိုဘူးလို့ ယူဆရင်လည်း သဘောအတိုင်းပါပဲ ကျနော်လည်း တခါတုန်းကရော ခုရောပဲ အစဉ်အလာတွေ ယဉ်ကျေးမှုတွေကို မုန်းတဲ့သူပါ ကျနော့်အမြင်ကိုပြောတာပါဗျာ.. ကြည့်စရာရုပ်ရှင်ကားတကားညွန်းလို့..ကျေးဇူးပါပဲဗျာ.
အဲဒီကားကြည့်ဖူးတယ်.... ဖြစ်တတ်တဲ့ ကိစ္စတွေကို ပုံဖော်ထားတာလို့ မြင်တယ်
စိတ်ဝင်းစားစရာကောင်းတယ် စကားလက် ရဲ့ ပုံစံနဲ့ အညှီအဟောက်မပါဘူးဆိုတော့ ပိုပြီးတော့ စိတ်ဝင်စားသွားတယ်။
” အထီးကျန်တဲ့ နေ့တွေအတွက် ကျေးဇူးပါ ” တဲ့..။
အဲဒီရုပ်ရှင်လေးကို စ ကြည့်ဖူးကထဲက နှစ်သက်မိတယ်... ကိုယ့်ကိုယ်ကိုယ် ဘာသာပြန်ဖို့ ခက်နေတဲ့ တချို့ အချိန်တွေမှာလဲ မကြာခဏ ဆိုသလို ပြန်ကြည့်ဖြစ်ပါတယ်...။ အခု ပန်ပန် တွေးထား ရေးထားတာလဲ သိပ်ကောင်းပါတယ် ဆိုတာကလွဲလို့ ဘာ comment မှ ပေးစရာ မရှိပါ...။
တချို့အရာတွေက ဘာသာမပြန်တော့ပဲ ဒီအတိုင်း ထားလိုက်တာပဲ ကောင်းတယ် မဟုတ်လား........
မင်းခိုက်စိုးစန်လည်း “ဘုံဘ၀မှာဖြင့်” ကို ဘယ်လိုများ
ရိုက်မလဲဆိုတာ နေ့တိုင်း စဉ်းစားကြည့်တယ်၊ ပန်ဒိုရာ
ညွှန်းတဲ့ ရုပ်ရှင် ကြည့်လိုက်အုံးမယ်၊ ကျေးဇူး ...
ပန်ဒိုရာပြောတဲ့ခံစားမှူမျိုးကို မကြာခဏခံစားရဘူးတယ။်
စလုံးရောက်ခါစကလဲ လူအများကြီးထဲမှာနေရင်းနဲ့ကိုယ်ဟာသူတို့နဲ့ဘာမှ မပက်သက် သလိုဘဲ။ အခုတစ်လောရန်ကုန်ပြန်သွားပြန်တော့လဲ လမ်းပေါ်မှာထိုင်နေရင်း လဘက်ရည် ဆိုင်မှာထိုင်နေရင်းနဲ့ ကိုယ်တစ်ယောက်ထဲ အထီးကျန်နေမိတယ်။ လူတွေ အများကြီး ဝိုင်းဖွဲ့စကားပြောနေကြတယ်။ ကိုယ့်မှာ ဘာဖြစ်လို့ပြောစရာလူမရှိတာလဲ။ ဘာဖြစ်လို့ ကိုယ်ဟာ အများထဲမှာ အထီးကျန်နေရတာလဲ စဉ်းစားမိတယ။် စဉ်းစားလို့မရဘူး။
တို့သာ ဘာသာပြန်ရမယ် ကိုယ်လိုရာဆွဲတွေးရမယ်ဆိုရင် Bob က Charlotte ကို မင်းကို ကိုယ်ချစ်တယ် အမြဲအမှတ်ရနေမှာပါလို့ပြောခဲ့မယ်ထင်တာဘဲ အဲဒါဆိုရင် ကျန်ရစ်ခဲ့တဲ့ သူတစ်ယောက်အတွက် ဘယ်တော့မှ ပြန်မဆုံနိုင်မဲ့သူတစ်ယောက်အတွက် ခံသာမယ်ထင်တယ် အနည်းငယ်ပြုံးနိုင်မယ်ထင်ပါတယ်။ တစ်ချို့အရာတွေဟာ ဘာသာပြန်ဘို့မလို။ ရှင်းပြဘို့မလို .ခံစားဘို့ဘဲလိုပါတယ်။
မပန်ဝေဖန်ထားတာ ကောင်းတယ်။ ကိုယ်တိုင်ကြည့်တုန်းက သိပ်မကြိုက်လှဘူး။ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက ရေနစ်သူနှစ်ဦး ကောက်ရိုးတစ်မျှင်ကို တပြိုက်နက်တည်း ဆွဲမိကြသလိုမျိုးပဲ ဖြစ်လေမလား။ အချိန်တန်တော့လည်း အသက်ကယ် သင်္ဘောလာရင် ပြန်လိုက်သွားတာပေါ့။ မသိပါဘူး။ ၀င်စဉ်းစားကြည့်တာပါ။
ပန်ပန်ံရေးထားတာနဲ့ကို ကြည့်ချင်လာပြီ ဒီတပတ်တော့ ရှာကြည့်လိုက်အုန်းမယ်
မင်းသမီးရဲ့အဖေ Karsten Johansson က ဒိန်းမတ်လူမျိုးမို့၊ ဒိန်းမတ်နိုင်ငံသားတွေ Scarlett ကို အတော်အားပေးကြတယ်။
အနီးစပ်ဆုံးထိ ဘာသာပြန်နိုင်မယ်ဆိုရင် နေပျော်တဲ့ဘ၀တွေပဲ မဟုတ်လား.....
N78
အနီးစပ်ဆုံးထိ ဘာသာပြန်နိုင်မယ်ဆိုရင် နေပျော်တဲ့ဘ၀တွေပဲ မဟုတ်လား.....
N78
ရုပ်ရှင်တော့ မသိသေးဘူး ဒီစကားလေးတော့ အတော် ကြိုက်တယ်.. "ဒီလိုသဘာဝတွေနဲ့ ထုံမွှမ်းထားတဲ့ ဘ၀တွေထဲမှာပဲ အထိအခိုက်နည်းအောင် ရုန်းကန်ရင်း လူတွေ နေထိုင်သွားကြတယ်။ " တိုးတိုးလေးကလည်း ဒီလိုစကားလေး ခပ်ဆန်ဆန် ဖြစ်မယ်ထင်ပါရဲ့.. အော်...... ဘာသာမပြန်တာ ပဲ ကောင်းပါတယ်လေ.... :D < . >
ချစ်လေး စကားလတ် ပါတယ်.. ကြည့်ချင်လိုက်တာ..
Thank you for the auspicious writeup. It truly was as soon as a enjoyment account it. Glance complex to far brought agreeable from you! By the way, how can we communicate?
Post a Comment