Sunday, June 6, 2010

လူရိုင်းတွေနေတဲ့ရွာ




လူရိုင်းတွေနေတဲ့ရွာ

အရောင်များနဲ့ချောက်ချားစေမတဲ့
မျက်နှာ ၀မ်းဗိုက် လက်မောင်း
ရဲပဒေါင်းထအောင် ကြောင်ကျားခြယ်
ရွာထိပ်ကို ၀င်ဝင်ချင်းမှာ နတ်ဘုရားရုပ်တုနဲ့
အရိုးတွေ ချိုတွေ အစွယ်တွေနဲ့
တင်းပုတ်နဲ့ ၀ါးရင်းတုတ်နဲ့ လှံချွန်ရှည်နဲ့
သားရဲတွေကို ရင်ဆိုင်ဖို့
တခြားမျိုးနွယ်စုတွေကို ရင်ဆိုင်ဖို့
လူစိမ်းတွေကို ရင်ဆိုင်ဖို့
ရင်ဆိုင်မှုတွေကို ရင်ဆိုင်ဖို့
ဆွဲခေါ်ချင်လို့ ရိုးအမှု လို့ဆိုဆို
ချန်ထားချင်လို့ ရိုးသားမှု လို့ဆိုဆို
ကိုယ့်ဘာသာစကားနဲ့ကိုယ်
ကိုယ့်ဘ၀နဲ့ကိုယ့်အကြောင်းနဲ့
ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် နေထိုင်ကြတယ်
အရှက်ဆိုတာကို အဓိပ္ပါယ်ဖွင့်ပုံကိုက ကွဲပြားတယ်
အသက်ဆိုတာကို တန်ဖိုးထားပုံကိုက ကွဲပြားတယ်
အချစ်ဆိုတာကို ခံယူပုံ အပြစ်ဆိုတာကို ခံယူပုံ
ယုတ်စွအဆုံး ဗုံသံကိုကြားပုံကအစ
ထုံ ထုံ ထုံ လို့ နားမှာ မမြည်ဘူး
ဝေါင်း ဝေါင်း ဝေါင်း လို့ ကျားတစ်ကောင်ဟိန်းသလို မှတ်ယူတယ်
ဗုံသံထဲမှာလည်း အစုံပါတယ် အကုန်ပါတယ် ဘုံပါတယ်
ရွာသူကို ပိုးပမ်းတဲ့အကြောင်း
အမဲသားငါး များများရစေဖို့အကြောင်း
ဝက်ဝံနဲ့ နပန်းသတ်တဲ့အကြောင်း
တောင်ကျရေပြင်း တိုက်စားသွားတဲ့အကြောင်း
(လူဖြူတွေကို မုန်းတီးတဲ့အကြောင်းလည်း ပါနိုင်ရဲ့)
ဝေါင်း ဝေါင်း ဝေါင်း တီးခတ်ကြ ကခုန်ကြ
သေသူ့ဝိညာဉ်တွေ ပူးကပ်တုန်ယင်နေတဲ့ဗုံ
ဝေါင်း ဝေါင်း ဝေါင်း
မီးပုံပေါ်မှာ ချွေးစက်တွေဟာ တဖျစ်ဖျစ်ကျွမ်းလောင်
ဝေါင်း ဝေါင်း ဝေါင်း
ယဇ်စင်ပေါ်မှာ သားကောင်ကို လှီးဖြတ်လိုက်ပြီ
ဝေါင်း ဝေါင်း ဝေါင်း
နတ်ဝင်သည်ရဲ့ နိမိတ်ဖတ်သံကို မျက်တောင်မခတ်နာခံကြ
ဝေါင်း ဝေါင်း ဝေါင်း
ဆက်သွယ်မှုဟာ ဗုံသံနဲ့
တောင်းဆိုမှုဟာ ကကြိုးတွေနဲ့
ကျမ်းစာဟာ အရုပ်သင်္ကေတနဲ့
မိုးကောင်းကင် ကို ပကတိမျက်စိနဲ့ ဖတ်ရှုကြတယ်
နက္ခတ်တာရာတွေကို ဗလာလက်ဖ၀ါးမှာ ရေးမှတ်ကြတယ်
ရာသီဥတုကို သစ်ရွက်တွေပေါ် ဖွဖွတင်ကြည့်တယ်
သားကောင်ကို လေတိုးသံတွေထဲမှာ ခြေရာခံတယ်
အဲဒီတုန်းက နေရောင်ဟာ ခရမ်းလွန်ရောင်ခြည်ကင်းတယ်
အဲဒီတုန်းက မိုးရေစက်တွေမှာ အက်စစ်မပါဘူး
ကျောက်ဖြစ်ရုပ်ကြွင်းတွေသာ စကားပြောတတ်ခဲ့ရင်
အဲဒီတစ်နေ့ကို ပြန်ခေါ်ပေးလိမ့်ဦးမယ်
စက်တပ်ယာဉ်ကြီးတွေ ဝေါခနဲ ဆိုက်ရောက်လာကြတဲ့နေ့
တင်ဆောင်လာတယ် ဟင်းခတ်အမွှေးအကြိုင်တွေ အိုးခွက်ပန်းကန်တွေ
တပ်ဆင်လာတယ် အဆင်တန်ဆာများ ခမ်းနားဝတ်ရုံများ
ချဲ့ထွင်လာတယ် ၀ယ်လိုအား ရောင်းလိုအား ဈေးကွက်စီးပွား
သင်ကြားလာတယ် မင်းတို့ကဘာလဲ ငါကဘာလဲ ဘာကဘာလဲ
ထို့နောက် ထို့နောက်နှင့် ဒီ့ထက်မကများ..
ဒီ့ထက် ဒီ့ထက်….
ဒီ့ထက်များရဲ့ အဲဒီ့ထက်မှာ…
တံဆိပ်တုံးများ အမှတ်သင်္ကေတများ
အသွေးအရောင်များ အစုအဖွဲ့များ
ဖြစ်စဉ်များ အစ်ဇင်များ
သံတူကြောင်းကွဲ ကြောင်းတူသံကွဲတို့ရဲ့
ဖက်ရှင် အက်ရှင်များ
ပခုံး-ပခုံးများ ခြေရာ-ခြေရာများ
ထိုင်ခုံချင်း တကျွိကျွိတွန်းတိုက်သံ
ဝီစီတရွှီရွှီမှုတ်သံ လက်ခုတ်တဖြောင်းဖြောင်းတီးသံ
အဲဒီလိုနဲ့ ဗုံသံတွေခြောက်ခန်းပြီး
လူရိုင်းယဉ်ကျေးမှု ပျောက်ကွယ်ခဲ့တာပဲ။


ပန်ဒိုရာ

19 comments:

ကိုအောင်(ပျူနိုင်ငံ) said...

အဲဒီလူရိုင်းတွေ ဘောလုံး ကန်တတ်လား ...း)

pandora said...

ဘောလုံးလောက်တော့ အပျော့ပဲတဲ့.. အဟဲ

ကိုဇော် said...

ကောင်းလိုက်တဲ့ ကဗျာ အစ်မရာ။

( စာဆိုတစ်ယောက်ရဲ့ ဆိုလိုရင်းကို စာဖတ်သူတွေ သဘောမပေါက်တဲ့ လောကမှာ စာရေးရတာ အသက်ရှူ ကြပ်တယ်ဗျာ။ ဒါကြောင့် ကိုယ့်ဖာသာကိုယ်ပဲ အသက်ရှူ ရပ်ပစ်ချင်နေပြီ။ )

အိန္ဒြာ said...

အရိုင်းယဉ်ကျေးမှုက ရိုးရိုးသားသား လှလို့
အယဉ်တွေ ရိုင်းစိုင်းပုံကျတော့ သပ်သပ်ချေချေလေးပေါ့...

ဒီကဗျာ အရိုင်းသံတွေ လျှံကျနေလိုက်တာ...

ရွှေရတုမှတ်တမ်း said...

အရိုင်းယဉ်ကျေးမှုပျောက်ပြီဆိုပြီး အားမငယ်ပါနဲ့..
အဆိုတော်ဓါတ်ရှင် မင်းသမီးတွေက ဝတ်စားဆင်ယင်မှု
ပြန်လည်ဖေါ်ထုတ်ပေးပါမယ်တဲ့...

နှင်းခါးမိုး said...

တိုးတက်မှုကို အပျက်ဘက်က မြင်တဲ့သဘောလား။ မီးလောင်ရင် မီးလင်းမယ်။ မိုးရွာရင် ရေလာမယ်ဆိုတဲ့ ဘ၀က ပိုပြီးနေပျော်ပါတယ်လို့ နှစ်သိမ့်ချင်တဲ့သဘောလား။ ဒီကဗျာကို မီးပုံဘေးမှာ ဗုံသံကလေးနဲ့ရွတ်မယ်ဆိုရင်တော့ လာကလိုက်ချင်သေးရဲ့။ ချမ်းမြေ့ပါစေ။

pandora said...

သိပ်မတွေးပါနဲ့ဗျာ.. ကျနော် ဘလော့ဂ်ရေးခါစက အချိန်ရိုင်းရိုင်းလေးတွေကို သတိရလွမ်းဆွတ်မိလို့ပါ.. ကိုယ့်ဝပ်ကျင်းကလေးကိုပဲ ကိုယ်ထင်ဟပ်ပါတယ်။ ဒါဆို နောက်တစ်ခေါက် ထပ်ဖတ်ကြည့်ပါလား။း)

မင်းဒင် said...

ရွာလွမ်းတေးလားဗျာ ။
အဲသည်ရွာက ဘယ်နားမတုန်း ။
လာလည်စမ်းချင်လှတယ် ။

မင်းဒင်

Taw Lu Thit said...

ခင်ဗျားမှာ ဘယ်လိုနူးညံ့မှုတွေနဲ့ ဘာဖြစ်ခဲ့လို့ အရိုင်းတွေလို့ ခင်ဗျားက ဘာလို့ခေါ်တာလဲ.

ငြိမ်းဝေ said...

ပန်ဒိုရာရဲ့
ပဉ္စလက် ဗုံ သံ
နာခံ တက်ကြွ ကခုန်လျက်...။

မိုးငွေ့...... said...

မပန်ရယ် အရာရာသာပြောင်းလဲလာခဲ့တာ ဟော...ခုဝတ်စားဆင်ယင်ပုံတွေက လူရိုင်းဖက်ရှင်ဘက်တောင်နွယ်နေကြပြီ...။


ခင်မင်စွာဖြင့်
မိုးငွေ့

မောင်မျိုး said...

အဲ့ရွာကို အလည်သွားရင် ကျနော့်ကိုလည်း ခေါ်ပါ ဒေါ်လေးရေ့ ... =)

An Asian Tour Operator said...

ရဟူးးးး

Ko Paw said...

ဝေါင်းလိုက်ပါတဲ့.... ဗုံကြီးသံ။

အတတ်ကျူးလို့ ဘီလူးဖြစ်ရတယ်ဆိုတာ ဂလိုပဲ နေမှာပေါ့ဗျာ။ ပန်ဒိုရာဂြိုဟ် (ဂျိုမဟုတ်း-)ကိုတောင် ကျူးကျော်ဖို့ ကြိုးစားကြသေးတာမဟုတ်လား။ အယဉ်ဘဝကို ငြီးငွေ့နေရင် ဂျိတ်ဆူလီ လို အရှင်ထွက် ထွက်လို့ ရကောင်းပါသေးတယ်။

မောင်နွေသစ် said...

ကဗျာလေးအရမ်းကောင်းတယ်...အစ်မရေ...

blueskyforest said...

ဗုံသံတွေ ကောင်းသားပဲ။ ဒါမျိုး များများလုပ်ပါ။ ဝေါင်း....။

~ဏီလင်းညို~ said...

မပန်ရေ.....

ဗုံသံတွေနားထဲ ကြားယောင်လာမိတယ်ဗျာ........

ခင်မင်တဲ့
ဏီလင်းညို

သက်ဝေ said...

အမှန်အတိုင်းပြောရရင် ဒီကဗျာကို တင်ပြီးပြီးချင်း မိနစ်အနည်းငယ်အတွင်းမှာ ဖတ်ဖြစ်လိုက်တယ်...
တခေါက်... နှစ်ခေါက်... သုံးခေါက်... နားမလည်ခဲ့ဘူး...

နောက်တော့ Hint လေး နဲနဲ ရခဲ့တယ်...
ဒီလိုနဲ့ နောက်နေ့တွေမှာလဲ လာဖတ်ဖြစ်တယ်...
တနေ့ကို တခေါက်... နှစ်ခေါက်... သုံးခေါက်...
နဲနဲ နားလည်လာတယ်...

ပြီးတော့
တခေါက်... နှစ်ခေါက်... သုံးခေါက်...
မနေ့ကထက်စာရင် ဒီနေ့မှာ ပိုနားလည်လာတယ်...

ဒီလိုနဲ့... ဒီလိုနဲ့... ဗုံသံတွေခြောက်ခန်းပြီး
လူရိုင်းယဉ်ကျေးမှု ပျောက်ကွယ်ခဲ့တယ် ဆိုတာကို နားလည်လာတယ်... ပြီးတော့ ကိုယ် မရောက်ဖူးလိုက်... ကိုယ် မတွေ့ မမြင်ဖူးလိုက်... ကိုယ် မမှီလိုက်တဲ့... ဗုံသံတွေ ညံနေတဲ့ လူရိုင်းတွေရဲ့ ရွာလေးကို စိတ်ကူးနဲ့ မှန်းကြည့်နေမိတယ်...

ဒီဘက်ခေတ်မှာတော့ ဝီစီ တရွှီရွှီမှုတ်သံ လက်ခုတ် တဖြောင်းဖြောင်းတီးသံတွေသာမက သေနတ်သံ ဗုံးသံတွေ၊ ကျည်ဆန်ခွံတွေ ယမ်းငွေ့တွေနဲ့ စစ်တလင်းနီးနီး ကြောက်စရာကောင်းနေပြီ...

နှိုင်းယှဉ် တွေးတောစရာတွေအပြည့်ပါတဲ့ ဒီကဗျာလေးကို အလွန်ကြိုက်နှစ်သက်စွာနဲ့ အထပ်ထပ် ပြန်ဖတ်နေမိပါတယ်...။

Younggun said...

လူရိုင်းလို့ လူယဉ်ကျေး ( လို့ ယူဆရသူ ) တွေက သတ်မှတ်ထားတယ်။ လူရိုင်းတွေကတော့ လူယဉ်ကျေးတွေကို ဘယ်လိုမှ ခေါင်းစဉ် မတပ်ဖြစ်ဘူး။