Sunday, June 13, 2010

ပညာရွှေအိုးကို ဘယ်သူရွှေ့သွားသလဲ

အခုတလော ဘလော့ဂ်ထဲမှာ တခြားနေရာမှာ ဆွေးနွေးထားခဲ့တဲ့ မှတ်ချက်တွေကို ကိုယ့်ဘလော့ဂ်မှာ ပြန်တင်တာ ခေတ်စားနေတယ်။ (မှတ်ချက်။ ကိုပေါ ကို စောင်းပြောခြင်းမဟုတ်။ တည့်တည့်ပြောတာ.. ။:))

ဒီတော့ ပို့စ်အသစ်ထွက်မလာနိုင်သေးတဲ့အတူတူ ပန်ဒိုရာလည်း အားကျမခံ ကိုဧရာမသီတာတို့ ဘလော့ဂ်မှာ ရေးဖြစ်ခဲ့တဲ့ မှတ်ချက်တစ်ခုက နည်းနည်းလေး ရှည်နေတာနဲ့ ဒီဘလော့ဂ်မှာ ပို့စ်အဖြစ် ပြန်တင်လိုက်ပါတယ်။ ဆွေးနွေးလိုက လာဆွေးနွေးပေါ့။ ပြန်ပြောစရာရှိလာရင် weekdays တွေမှာတော့ အလုပ်လုပ်နေတဲ့အတွက် တမဟုတ်ချင်း အကြောင်းပြန်နိုင်မှာ မဟုတ်ဘူး။

အခုဒီစာကို မဖတ်ခင် ကိုဧရာရဲ့ ပညာရွှေအိုး လူခိုးနိုင်ပါသလား ကို အရင်ဖတ်ပါ။

-----------

ဖတ်မိမှတ်မိ နားလည်မိသလောက် …..

ဖန်တီးသူကို မူပိုင်ခွင့် ပိုင်ဆိုင်မှုပေးတဲ့နေရာမှာ အဓိက ရည်ရွယ်ချက်ကတော့ တီထွင်ဖန်တီးမှုတွေကို အားပေးဖို့နဲ့ လူသားတွေကလည်း တီထွင်မှုရဲ့ အကျိုးကို ရစေဖို့ဖြစ်ပါတယ်။ တီထွင်သူက မောင်ပိုင်မှတ်ပုံတင်ခွင့်ရသွားတဲ့အတွက် လူသားတွေရဲ့ အကျိုးခံစားခွင့်ကို ထိုက်တန်တဲ့ အဖိုးအခထက်ပိုပြီး နစ်နာသွားစေတယ်ဆိုရင်လည်း မဟုတ်သေးဘူး။ လူတွေက သုံးချင်တိုင်းသုံးခွင့်ရနေလို့ တီထွင်သူမှာ အကျိုးမရှိပဲ နောက်ထပ် တီထွင်လိုစိတ်တွေကို ဟန့်တားသွားစေတယ်ဆိုရင်လည်း မဟုတ်သေးဘူး။ အဲဒီ အစွန်းနှစ်ခုကြားမှာ မျှတပေးဖို့ ဒီစနစ်က ရည်ရွယ်တယ်။ ထုတ်လုပ်ရောင်းချတဲ့ နေရာမှာ monopoly သိပ်ဖြစ်လာတာတွေနဲ့ ပတ်သက်လို့ကတော့ တိုးတက်တဲ့နိုင်ငံတွေမှာ anti-trust law တွေ competition law တွေနဲ့ ပြန်ညှိထားပါတယ်။

အထူးသဖြင့် patent လို့ခေါ်တဲ့ သိပ္ပံနည်းပညာ တီထွင်မှုတွေမှာဆိုရင် တီထွင်သူ/ မူပိုင်ခွင့်လျှောက်ထားသူ ကို monopoly rights အနေနဲ့ အချိန်ကာလတခု အထိ ပေးလိုက်တယ်။ အပြန်အလှန် လဲလှယ်တဲ့အနေနဲ့ သူကလည်း သူ့ရဲ့တီထွင်မှုအဆင့်ဆင့်ကို လူတွေသိနိုင်အောင် ဖွင့်ထုတ်ပြီး ပြောပြရတယ်။ တစ်ခုရှိတာကတော့ patent ရယူခွင့်လျှောက်တာက ဈေးကြီးပြီး အချိန်ကြာတတ်တဲ့အတွက် ကုမ္ပဏီအသေးတွေ ပုဂလိက တွေအတွက် ၀န်ထုတ်ဝန်ပိုးဖြစ်စေတယ်။ ဒါကြောင့်လည်း ကုမ္ပဏီ အကြီးတွေကပဲ patent ပိုင်ဆိုင်မှုတွေ ပိုများနေတတ်တာပါ။

လူသားတွေအတွက် အကျိုးမယုတ်စေဖို့ သင့်တင့်တဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ ဥပမာ scientific formula တွေကို patent လုပ်လို့မရပါဘူး။ နိုင်ငံအလိုက် လိုအပ်ချက်နဲ့အညီ ဥပဒေကို ပြင်ဆင်ကြတာလည်း ရှိပါတယ်။ အိန္ဒိယမှာဆိုရင် ဆေးဝါးနဲ့ပတ်သက်တဲ့ တီထွင်မှုတွေမှာ generic drugs တွေကို ပေးထုတ်ရပါတယ်။

Copy left တို့ Open source တို့လို နည်းပညာဝေမျှလိုတဲ့ဘက်က လှုပ်ရှားမှုတွေလည်း ရှိလာပါတယ်။ ဒါကတော့ အားလုံးနဲ့ဆိုင်တဲ့ ပြဿနာ ဖြစ်ပါတယ်။ တဟုန်ထိုး တိုးတက်လာတဲ့ နည်းပညာနဲ့အညီ ဥပဒေက လိုက်မပြင်နိုင်သေးလို့ ဖြစ်ပါတယ်။ တချို့ တင်းကျပ်တဲ့ ဥပဒေတွေက ဒီခေတ် တိုးတက်လျှင်မြန်နေတဲ့ နည်းပညာခေတ်မှာ သဘာဝမကျတော့ဘူး။ ဒါတွေကိုလည်း ကျောင်းတွေကပညာရှင်တွေ တက်ကြွလှုပ်ရှားသူတွေ ဥပဒေပညာရှင်တွေနဲ့ အစိုးရတွေကြားမှာ ဆွေးနွေးငြင်းခုံနေကြဆဲပါ။

ဖွံ့ဖြိုးမှု မညီမျှတဲ့ နိုင်ငံတွေကြားမှာ အခွင့်ကောင်းယူတဲ့ ပြဿနာတွေလည်း ရှိလာတတ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတော့ အိန္ဒိယက ဘာစမာတီ ဆန် (ဒန်ပေါက်ချက်တဲ့ဆန်) ကို အနောက်နိုင်ငံက တယောက်ယောက်က မူပိုင်ခွင့် လျှောက်လာတယ်။ ဒါကတော့ patent ဆန်ဆန် ဖြစ်တဲ့ plant variety ဆိုတဲ့ အောက်မှာလို့ ထင်ပါတယ်။ အိန္ဒိယက ကန့်ကွက်လိုက်ရတယ် ပြောတယ်။ အဲဒီလို traditional knowledge တွေ genetic resources တွေကို အိမ်ရှင်နိုင်ငံကသာ ပိုင်ဆိုင်သင့်တယ်ဆိုတဲ့ သတ်မှတ်ချက်တွေလည်း ရှိပါတယ်။ တစ်ဦးတစ်ယောက်က အတင်းဦးပြီး သွားမှတ်ပုံတင်လို့ မရပါဘူး။ ဥပမာ သနပ်ခါးရဲ့ ဆေးဖက်ဝင်ပုံတို့ ကချင်ပြည်က ခန်းတောက်မြစ်နဲ့မချစ်ဥ တို့ကို နိုင်ငံခြားသားတစ်ယောက်က သူပိုင်တဲ့နည်းပညာဆိုပြီး မှတ်ပုံသွားတင်လို့မရဘူး။ ခက်တာက အဲလို traditional knowledge တွေ genetic resources တွေက မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ အများအပြားရှိနေပြီး အဲဒီနိုင်ငံတွေ ကိုယ်တိုင်က သတိမမူမိ မမူအား ကြတာပါ။ သူများက သူပိုင်တယ်ဆိုပြီး မှတ်ပုံတင်သွားတောင် သိလိုက်မှာမဟုတ်ဘူး။ လောလောဆယ်တော့ အဲဒီကိစ္စတွေကို နိုင်ငံတကာမှာ အကြီးအကျယ် ဆွေးနွေးနေကြတုန်းပါ။

နောက်တချက်ကတော့ ဆင်းရဲတဲ့နိုင်ငံတွေမှာ နည်းပညာ ဗဟုသုတ မတိုးတက်တဲ့အတွက် တိုးတက်ပြီးသားသူတွေဆီက အစစ်တွေ မ၀ယ်နိုင်တဲ့အခါ ခိုးသုံးရတာပါပဲ။ ဆင်းရဲရာကနေ တိုးတက်ရာတိုးတက်ကြောင်းအတွက် ဗဟုသုတ နည်းပညာကို လိုချင်၊ အဲဒါကို တရားဝင်ဈေးနှုန်းတွေနဲ့ ၀ယ်ဖို့အတွက်ကလည်း ဆင်းရဲ ဆိုတော့ သံသရာက ဘယ်လိုလုပ်ပြတ်မှာလဲ။ ဒီတော့ နေရင်းထိုင်ရင်း နေ့စဉ်ဘ၀မှာပဲ မလွှဲသာမရှောင်သာ သူခိုးဖြစ်နေရသူတွေအတွက် စဉ်းစားဖို့လိုပါတယ်။ ဒါကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ အကြီးအကဲတွေက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ညှိယူရမှာပါ။ နိုင်ငံတကာ ပဋိညာဉ်တွေ စာချုပ်တွေမှာ လက်မှတ် လုံးဝမထိုးပဲ ရှောင်နေတာထက် ကိုယ့်ပြည်သူတွေအတွက် အကျိုးမယုတ်စေဖို့ ချွင်းချက်တွေကို ကာလတစ်ခုအထိ တရားဝင် သတ်မှတ်လာအောင် ညှိနှိုင်းဖို့ ဖြစ်နိုင်ခြေတွေရှိပါတယ်။ သို့သော်လည်း ဒါတွေက ကိုယ့်နိုင်ငံအတွက် တာဝန်ရှိသူတွေ ကိုယ်တိုင် သိနားလည်ပြီး နိုင်ငံတကာမှာ ကိုယ်လိုချင်တာကို ကိုယ့်ဘာသာ တိုက်တွန်း ဆွေးနွေးဖို့ လိုပါတယ်။ ခက်တာက အဲလို မဖွံ့ဖြိုးသေးတဲ့နိုင်ငံမျိုးတွေက ဒီလိုကိစ္စတွေကို ဦးစားပေးအနေနဲ့ ဘယ်တော့မှ စဉ်းစားလေ့မရှိဘူး။ သူတို့မှာ ဒီ့ထက်အရေးကြီးတဲ့ ကိစ္စတွေက ရှိနေတယ် ဆိုတော့ကာ.....။

(အားရင်တော့ ဒီထဲက ဗွီဒီယိုလေးကြည့်ကြည့်ပါနော်။ http://pandora-and-pandora.blogspot.com/2008/10/blog-post_12.html )

ပန်ဒိုရာ

14 comments:

ကိုပေါ said...

သမိန်ပန်သွပ်...

ဒီလိုလူလည်ကျလို့ ရရိုးလား။ ခေတ်စားနေလို့ ခေတ်မီအောင် လိုက်လုပ်တယ်ပြောပြော၊ ကော်ပီကူးပြီး လိုက်လုပ်တယ်ပြောပြော ကျနော့်မူပိုင်ခွင့်နဲ့ ငြိနေပြီ... ဟွန်းဟွန်း။ ဘာကြောင့်လဲဆို ကျနော်က ဒီကိစ္စမှာတော့ ဆွမ်းဦး ပုညရှင်.... အဲလေ... စွန့်ဦးတီထွင်သူဖြစ်သွားပြီလေ..း-)

နောက်တာပါဗျာ။ ကိုဧရာရဲ့ ပို့စ်ရော ပန်ဒိုရာရဲ့ ကွန်မင့်မှာပါ ကျနော်မသိသေးတဲ့ စိတ်ဝင်စားစရာ မှတ်သားစရာ အချက်တွေ ပါတဲ့အလျောက် နှစ်ဦးစလုံးကို ကျေးဇူးတင်ပါတယ်။

သက်ဝေ said...

ဝတ္ထုအသစ်လားလို့ အပြေးလာခဲ့တာ...
အခုတော့... အိ... အိ... (ငိုပြီး ပြန်သွားပြီ...)

ဒါပေမယ့် အခုတလော ဘာတွေ ခေတ်စားနေတယ် ဆိုတာ သိလိုက်ရလို့ ကျေးဇူးတင်တယ် ပန်ပန်...
ကိုယ်လဲ သူများတွေဆီမှာ ကော်မန့် ရှည်ရှည်ရေးအုံးမှ...း))

Sonata Cantata said...

ပန်ဒိုရာရဲ့ကွန်မင့်နဲ့ ဗီဒီယိုလေးကို ခွင့်တောင်းပြီး ပို့စ်အသစ်တခုတင်ဖို့ စဉ်းစားထားတာ...။ နောက်ကျသွားပြီ ...း)
မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Maung Myo said...

ဖတ်တော့ဖတ်သွားတယ် လူကြီးတွေ ကိစ္စဆိုတော့ အနော်တို့လို ခလေးတွေဝင်မပြောတာ့ဘူးနော့်း) ဒေါ်လေးက သမိုင်းဌာနမှာ ကျူတာဖြစ်သင့်တယ် တင်ပြပုံတွေ ထောင့်စေလို့ ။

ko watote said...

IP ဆိုတာ တကယ်တော့ အရင်း capital ပဲဗျ။ ညူးကလီးယားစွမ်းအင် ထုတ်နည်းဟာ သိပ္ပံအသိဆိုလည်းဟုတ်တယ်၊ အရင်းအနှီးဆိုလည်း ဟုတ်တယ်။ (ဒီအကြောင်းကို www.zizawa.wordpress.com မှာ နည်းနည်း အသေးစိတ်ပြီး တရက်တော့ ရေးပြမယ်။) ခုပြောခဲ့တဲ့ အသိလည်းဟုတ်၊ အရင်းလည်းဟုတ်ဆိုတာ dialectical language ဗျ။ ဒါကို ခုပေးမယ့်ဥပမာနဲ့ ယှဉ်ကြည့်။ A negro is a negro. He only becomes a slave in certain relations. နောက်တခါ မလှဟာ လူ၊အမျိုးသမီး။ သူမဟာ အထည်ချုပ်စက်ရုံမှာ စာချုပ်ပြီးတဲ့အခါ အထည်ချုပ် အလုပ်သမ ဖြစ်လာတယ်။ ဒီတော့ negro ဟာလူလား၊ ကျွန်လား။ မလှဟာ အမျိုးသမီးလား၊ အထည်ချုပ် အလုပ်သမလား။ သိပ္ပံအသိဆိုတာ လူ့ရဲ့ ဥာဏလုပ်အား။ အရင်းရှင်း ကုန်ထုတ်လုပ်မှုပုံစံထဲမှာ သိပ္ပံအသိဟာ အရင်းအနှီး ဖြစ်လာတယ်။ (ဒီလောက် ဥပမာဆို ရှင်းမယ်ထင်တယ်။)
ကျွန်တော်တို့တတွေဟာ အရင်းရှင်ကုန်ထုတ်လုပ်မှုပုံစံက အဓိကဖြစ်နေတဲ့ ကမ္ဘာကြီးမှာ နေနေကြတယ်။ အရင်းရှင်ကုန်ထုတ်လုပ်မှုပုံစံဟာ သူ့အရင်ပုံစံတွေ (for example serfdom or slavery) နဲ့စာရင် ပိုပြီး productive ဖြစ်တယ်။ (That’s the factual statement confirmed by observation of history) အဲဒိတော့ ကုန်ထုတ်လုပ်မှု တိုးတက်ပြီးရင်း တိုးတက်အောင် အရင်းရှင်ပုံစံကို လက်ကိုင်ပြုကြတယ်။ ကနေ့ခေတ် ကမ္ဘာ့အရင်းရှင်အဖွဲ့အစည်းမှာ ဒီအရင်းရှင် ကုန်ထုတ်လုပ်မှုပုံစံကို facilitate လုပ်ပေးမယ့် ဥပဒေတွေ၊ နိုင်ငံရေးပုံစံတွေပေါ်လာတယ်ဗျ။ ဒါ့ကြောင့် ခုပြောတဲ့ copy rights ဥပဒေတို့ ဘာတို့ပေါ်လာတာပေါ့။ Marxists တွေ (ကျွန်တော်အပါအ၀င်ပေါ့ဗျာ)ရဲ့ ဝေါဟာရကို ငှားသုံးရရင် ပြောခဲ့တဲ့ ဥပဒေတွေ၊ နိုင်ငံရေး ပုံစံတွေဟာ (superstructure) ထဲမှာ အကြုံးဝင်ပြီး သိပ္ပံအသိနည်းပညာကတော့ (productive power) တခုပေါ့ဗျာ။ superstructure ဟာ productive power ကို တိုးတက်သထက်တိုးတက်အောင် facilitate လုပ်ပေးတယ်။ ဒါပေမယ့် တချိန်မှာ superstructure ဟာ productive power ကို ထပ်ပြီး တိုးတက်အောင် မလုပ်နိုင်တော့ဘူး။ အဲ့ဒိအခါမှာ အဲ့သလိုမလုပ်နိုင်တော့တဲ့ အတွက် ပြောခဲ့တဲ့ superstructure ဟာပျက်သုဉ်းရတော့တယ်။ ကျေးကျွန်ပုံစံတွေ၊ ပဒေသရာဇ်ပုံစံတွေ ပျက်သုဉ်းရတာဟာ ဒီလိုပုံကြောင့် ပျက်သုဉ်းရတာ။ အဲ ကျွေးကျွန်ပုံစံတွေ၊ ပဒေသရာဇ်ပုံစံတွေ ပျက်သလို တနေ့မှာလည်း လက်ရှိ အရင်းရှင်ပုံစံဟာ ပျက်သုဉ်းမှာဘဲလို့ အဘိဓမ္မာဆရာကြီး Karl Marx ကပြောတယ်။
နေအုံး ဘယ်တောင်ရောက်ကုန်ပြီလဲမသိတော့ဘူး။
အိုကေ။ ဥပမာ music copyrights တွေကိုကြည့်ဗျာ။ အရင်ကဆို ဂီတကို ဂီတ ကုမ္ပဏီကြီးတွေက လက်ဝါးကြီးအုပ်ထားတယ်။ အနုပညာရှင်ဆိုတာ ဂီတ ကုမ္ပဏီကြီးတွေရဲ့ အလုပ်သမားသာသာပဲ။ ဂီတကို မူပိုင်ခွင့်လုပ်ထားတဲ့ အကြောင်းပြချက်တခုက ခုဆေးဝါးတွေကို မူပိုင်ခွင့်လုပ်တဲ့ အကြောင်းပြချက်လိုပဲ creativity ကိုမထိခိုက်အောင်၊ မကျအောင် စသဖြင့် ပြောကြတယ်။ မှန်သင့်သလောက်လည်း မှန်ပါတယ်။ ဒါပေမယ့် တချိန်မှာ အင်တာနက်ဆိုတဲ့ နည်းပညာသစ် (new productive power) ပေါ်လာတယ်။ အဲဒိမှာ music ကို ပိုက်ဆံပေးစရာ မလိုဘဲ ခံစားပိုင်ခွင့်က လူတိုင်းလိုလိုရလာတယ်။ အဲသလိုအခြေအနေမှာ အင်တာနက်သုံးခွင့်ပိတ်တာတို့၊ youtube ကို ပိတ်တာတို့ လုပ်တာဟာ outmoded ဖြစ်လာပြီ။ ဒီလိုပိတ်ပင်မှုကို အားပေးတဲ့ ဥပဒေတွေ (superstructure)တွေဟာ ပျက်သုဉ်းဖို့ နီးစပ်လာတာ တွေ့ရတယ်။ ဘယ်လိုမှ ပိတ်လို့မရတော့ဘူး။ ပြောခဲ့တဲ့ scientific IP တွေကို ပိတ်ပင်ထားတဲ့ ဥပဒေတွေဟာလည်း တနေ့မှာ အလားတူ အဓိပ္ပါယ်မဲ့တာကို လက်ခံလာကြလိမ့်မယ်လို့ ဆရာကြီး Karl Marx ကဟောကိန်း ထုတ်ထားတယ်။ တော်ပြီဗျာ။ ကိုယ့်ဘလော့ပေါ်ကျမှ ပိုပြည့်ပြည့်စုံစုံရေးတော့်မယ်။

ko watote said...

ဆွေးနွေးစရာ တော်တော်များများက တကြောင်းတပိုဒ်လောက်နဲ့ ကျေနပ်အောင် ဖြေနိုင်ဖို့ မလွယ်ဘူး။ တချို့ ကလည်း မလိုအပ်ဘဲ ပညာပြတယ် ထင်ချင် ထင်ကြမယ်။ အထူးသဖြင့် ethic နဲ့ဆိုင်တဲ့ normative မေးခွန်းတွေဆို ပိုတောင်မှ မလွယ်သေး။ ဥပမာဗျာ ဘက်လိုက်တာဟာ ကျင့်ဝတ်နဲ့ညီလား မညီဘူးလား။ ဘယ်အခါမှာ (ဘာ့ကြောင့်) လူသတ်တာမှားလဲ။ အနာဂတ်မျိုးဆက်အတွက် ကျွန်တော်တို့မှာ ဘာတာဝန်ရှိလဲ၊ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ပိုင်တာမို့ ကိုယ်ကြိုက်သလို လုပ်ခွင့်ရှိလား (သူများနဲ့ ပိုက်ဆံယူပြီး အလဲအလှယ်လုပ်တာ ဥပမာ ကျောက်ကပ်ရောင်းစားတာတို့၊ voluntary prostitution)စတဲ့ မေးခွန်းတွေကို ကွန်မင့်ဘောက်(စ)ထဲမှာ တထိုင်တဲဖြေဖို့ မလွယ်ဘူး။ ခုကိစ္စမှာလည်း normative ရှုဒေါင့်ကနေ မေးစရာတွေ ရှိတယ်။ Should any knowledge (scientific etc) be accessible to all? Why is it wrong/right to protect intellectual property rights? အထူးသဖြင့် ခုပြောနေတဲ့ ဆေးပညာနဲ့ဆိုင်တဲ့ ကိစ္စတွေမှာဆို AIDS ကုထုံးကို ရှာတွေ့သွားရင်တောင် ဒါကိုနှစ်ပေါင်းများစွာ patent လုပ်ထားတာ မှန်သလား၊ တရားသလား စသဖြင့် မေးခွန်းတွေကို တထိုင်တည်း စိတ်တိုင်းကျအောင် ဖြေဖို့မလွယ်ဘူး။ ဒီလိုမေးခွန်းတွေမှာ အားလုံး စိတ်တိုင်းကျတဲ့ အဖြေမျိုးမထွက်လာမှာ ရာနှုံးပြည့် ကျိန်းသေ သလောက် ရှိပေမယ့်ကျေနပ်လောက်တဲ့၊ ဦးတည်ချက် တိတိကျကျရှိတဲ့ ဆွေးနွေးမှု ပုံစံကို ရောက်အောင် လမ်းကြောင်းယူလို့တော့ရတယ်။ ခုပန်ဒိုရာဆောင်းပါးမှာ ethic နဲ့ဆိုင်တဲ့မေးခွန်းတွေကို ကွက်ယူပြီး ဆွေးနွေးလို့ရတာရှိသလို normative မေးခွန်းတွေကို လုံးဝဘေးချိတ်ပြီး ဥပမာ IP ကိုဘာ့ကြောင့် အကာအကွယ်ပေးထားတာလဲ ဆိုတဲ့ non-normative မေးခွန်းတွေလည်း မေးလို့ရနိုင်တယ်။ ခုကိစ္စမှာ IP ကိုအကာအကွယ်ပေးတာကို ပေးသွားတဲ့ အကြောင်းရင်း တခုက incentive argument ခေါ်မလား။ နောင်သူများတွေလည်း ထွင်ချင်အောင်ဆိုတာ။ အဲ့တော့ လူဟာ incentive ရှိမှ အလုပ်လုပ်ချင်မှာလား။ ဥပမာ ဘောလုံးသမားတွေ ဘောလုံးကန်နေတာ ပိုက်ဆံအများကြီးရလို့လား။ ဘောလုံးကစားတာကို ၀ါသနာပါလို့ကို ကန်တာလားလို့ နောက်ဆွေးနွေးစရာ လမ်းကြောင်းကို ဖော်လို့ရပြန်ရော။ စာရေးတာ ပိုက်ဆံ မရပါဘူး။ ဒါပေမယ့် ၀ါသနာပါလို့ကို စာရေးနေတယ်လူတွေ ရှိနေတယ်။ အဲဒိအတိုင်းပဲ တချို့ လည်းပိုက်ဆံမရလဲ ဂီတကို လိုက်စားနေမှာ သီချင်းတွေဆိုနေအုံးမှာ။
ဒီတော့ ရှုဒေါင့်များစွာကနေ ချဉ်းကပ်လို့ရနိုင်ရာမှာ လောလောဆယ် စိတ်ဝင်စားတဲ့ ရှုဒေါင့်တခုကို ထပ်ဆင့်ချပြကြည့်မယ်။

ko watote said...

Karl Marx သီအိုရီရဲ့ သဘောကို ခုပန်ဒိုရာ့ အရေးမှာ သိပ်ထင်ရှားတယ်။

‘တဟုန်ထိုး တိုးတက်လာတဲ့ နည်းပညာနဲ့အညီ ဥပဒေက လိုက်မပြင်နိုင်သေးလို့ ဖြစ်ပါတယ်။ တချို့ တင်းကျပ်တဲ့ ဥပဒေတွေက ဒီခေတ် တိုးတက်လျှင်မြန်နေတဲ့ နည်းပညာခေတ်မှာ သဘာဝမကျတော့ဘူး။’

Marx ပြောတာ ဒါအတိအကျပဲ၊ ဒိထက်ကောင်းတဲ့ ဥပမာ မရှိတော့ဘူး။ ဥပဒေဆိုတာ (superstructure) ဆိုတာ ရုပ်ဝထ္ထုတိုးတက်မှု (productive power)နဲ့ လိုက်ပြောင်းရတာ။ နည်းပညာ တိုးတက်မှုကို အမှီမလိုက်နိုင်တဲ့ ဥပဒေတွေဟာ တကယ်ကို သဘာဝမကျတော့ဘဲ နောက်ဆုံး အမှိုက်ပုံထဲ ရောက်ကုန်မှာ ကျိန်းသေတယ်။ သမိုင်းကိုပြန်ကြည့်ရင် ဒီလိုဥပမာတွေ ပုံနေတာပဲ။ ဥပမာဗျာ အင်္ဂလန်မှာ အရင်က ဆယ့်ခြောက်ရာစု ဟိုဘက်က property rights ကိုအကာအကွယ်ပေးတဲ့ ဥပဒေ မရှိဘူးဗျ။ လယ်သမားတွေက ပဒေသရာဇ်တွေအတွက် တပတ်မှာ အချိန်တိတိကျကျ အလုပ်လုပ်ပေးရတာ။ ဒါပေမယ့် နည်းပညာတွေ တိုးတက်လာ ဥပမာ လက်ယက္ကန်းနေရာမှာ စက်ယက္ကန်းက အစားဝင်လာတဲ့အခါ ပိုပြီး productive ဖြစ်လာတဲ့ အခါ ပဒေသရာဇ်ပုံစံမှာ မတွေ့နိုင်တဲ့ လုပ်အားကို ရောင်းစားခွင့်ပြုတဲ့ ဥပဒေတွေ ထုတ်လာတာပဲ။ လုပ်အားကို ရောင်းစားပိုင်ခွင့်ဟာ အရင်းရှင်ကုန်ထုတ်လုပ်မှုပုံစံရဲ့ အဓိက သရုပ်သကန်တခုပဲ။
ကနေ့အချိန်မှာ လုပ်အားကို ပိုက်ဆံယူရောင်းစားတာ မထူးဆန်းပေမယ့် ဟိုးလွန်ခဲ့တဲ့ နှစ် လေးငါးရာဟိုဘက်လောက်က ဒီလိုမျိုးရောင်းစားတာ သဘာဝ မကျဘူး။ ကျင့်ဝတ်နဲ့ မညီဘူးဆိုပြီး ပိတ်ပင်ထားတာ။ ဒါပေမယ့် နည်းပညာက တိုးတက်လာတော့ အဲဒိလုပ်အား ရောင်းပိုင်ခွင့်ကို ပိတ်ထားတဲ့ ဥပဒေတွေ မြောင်းထဲရောက်ကုန်တာပဲ။ ခုဆို လုပ်အားရောင်းပိုင်ခွင့် (right to sell one’s labor) ဆိုတာ သိပ်ကိုအသားကျနေတော့ ထည့်ကိုမပြောကြတော့ဘူး။ ဒါပေမယ့် ဥပဒေဆိုတာ မိုးပေါ်ကကျလာတာ မဟုတ်ဖူး။ နည်းပညာတိုးတက်မှုကို လိုက်ပြီး ပြောင်းလဲလာနေတာ။ တနေ့မှာ Karl Marx ပြောသလို အရင်းအနှီး capital ကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေ၊ နိုင်ငံရေးပုံစံတွေဟာ မြောင်းထဲ ရောက်အုံးမှာပဲ။ သေချာသိချင်ရင် Karl Marx ကိုစုံအောင်ဖတ်ကြည့်။

pandora said...

မှတ်ချက်ရေးသွားတဲ့ ကိုပေါ မသက်ဝေ ကိုဧရာ မောင်မျိုး နဲ့ အသေးစိတ် ထပ်ဆွေးနွေးသွားတဲ့ ကိုဝတုတ်ကို ကျေးဇူးတင်ပါတယ်။

ကိုဝတုတ် ပြောသွားတဲ့အထဲမှာ IP ဟာ အရင်း (capital) ဖြစ်တယ်လို့ဆိုပါတယ်။ ဟုတ်ပါတယ်။ ငွေဟာ ဒီအတိုင်းဆိုရင် ငွေပါပဲ။ ကုန်ပစ္စည်းနဲ့ ဖလှယ်သုံးစွဲဖို့ပါ။ ဒါကို အရင်းအနှီးအနေနဲ့ သုံးစွဲလာတဲ့အခါ capital ဖြစ်သွားပါတယ်။ လူ့စွှမ်းအားအရင်းအမြစ်တွေလည်း ဒီလိုပါပဲ။ ဥာဏပစ္စည်း လို့ခေါ်တဲ့ IP ဟာလည်း ဒီလိုပါပဲ။ ဒါကြောင့် IP management တို့ IP exploitation တို့ကို အခုနောက်ပိုင်းမှာ အသေအချာ လေ့လာ အသုံးချလာကြတယ်။

Marx ရဲ့ သီအိုရီတွေနဲ့ ပတ်သက်လို့ကတော့ ၂၀၀၈ financial crunch ဖြစ်သွားတဲ့အခါ Marx ရဲ့ အဆိုတွေ သိပ်မှန်တယ်လို့ အသံတွေ ထွက်လာခဲ့တယ်။ ဒါပေမယ့်လည်း အရင်းရှင်နိုင်ငံတွေက Marx ကို ကျယ်ကျယ်လောင်လောင် ဆက်ဆွေးနွေး ဖို့ တွန့်ဆုတ်ဟန်တူပါတယ်။

pandora said...

ပန်ဒိုရာ့ပို့စ်အဟောင်းလင့်ခ်က ဗွီဒီယိုထဲမှာ ပါမောက္ခ Larry Lessig က တော့ ယနေ့ခေတ်မတိုင်မီ ဟိုးအရင်ခေတ်မှာကိုက နည်းပညာ တဆင့်တက်လာတဲ့အခါ ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ ဥပဒေ သတ်မှတ်ချက်တွေကို ပြင်ဖို့လိုအပ်ခဲ့ကြောင်းကို ပြောသွားခဲ့ပါတယ်။

အဲဒီတုန်းက မြေပိုင်ဆိုင်မှုဆိုတာ မြေနယ်နိမိတ်ကနေ အထက်အရပ်အထိ အတားအဆီးမရှိ ဆိုတာမျိုး။ အဲဒီမှာ လေယာဉ်ပျံပေါ်လာတယ်။ မြေပိုင်ရှင်တစ်ဦးရဲ့ ပိုင်နက် မြေအထက်ကနေ လေယာဉ်ပျံ ဖြတ်ပျံသွားလို့ သူ့ခြံထဲက တိရိစ္ဆာန်တွေ လန့်ရတာကို တရားစွဲနိုင်မလား ဆိုတာမျိုး အထိ ဖြစ်လာတယ်။ အရင်တုန်းက မြေပိုင်ဆိုင်ခွင့် သတ်မှတ်စဉ်မှာ မြေအထက် လေပေါ်က ပျံသန်းလာနိုင်တဲ့ ယာဉ်ဆိုတာမျိုးကို ထည့်မတွက်ခဲ့ပဲကိုး။

ဥပဒေဆိုတာ လူ့အဖွဲ့အစည်းရဲ့ ပြောင်းလဲနေတဲ့ လိုအပ်ချက်တွေနဲ့ လိုက်လျောညီထွေ ရှိရပါမယ်။ တခါတလေလည်း ဥပဒေ တုံ့ပြန်မှုတွေက counter-productive ဖြစ်တတ်ပါတယ်။

ဒီနေရာမှာ အင်တာနက်ထဲက ကော်ပီရိုက်နဲ့ ပတ်သက်တဲ့ UK, France, New Zealand, South Korea စတဲ့ နိုင်ငံအချို့က ပြဌာန်းလိုက်တဲ့ ဥပဒေသစ်တစ်ခု အကြောင်း ပြောချင်ပါတယ်။ Three Strikes Law လို့ခေါ်ပါတယ်။ Graduated Response လို့လည်းခေါ်တယ်။ အတိုချုပ် ရှင်းပြရရင်တော့ အင်တာနက်ထဲမှာ ကော်ပီရိုက်ချိုးဖောက်မှု ရှိလာခဲ့ရင် ချိုးဖောက်သူကို အတိုင်းအတာတစ်ခုအထိ သတိပေးပါမယ်။ အဲဒါကို ကျော်လွန်သွားရင်တော့ Internet Service Provider က ချိုးဖောက်သူအတွက် အင်တာနက် ၀န်ဆောင်မှုကို ဖြတ်တောက်လိုက်တာပါ။ ဒီဥပဒေက မူပိုင်ခွင့်ပိုင်ဆိုင်သူတွေဘက်က အရမ်းကို ဘက်လိုက်လွန်းတယ်။ အပြစ်ပေးတာက ပြင်းထန်လွန်းတယ်လို့ ဝေဖန်ကြပါတယ်။ UK မှာ ဒီဥပဒေ ရှိတယ်ဆိုတော့ကာ ဒါနဲ့ပတ်သက်လို့ UK က ကိုဝတုတ်ရဲ့ ထင်မြင်ချက်ကို ကြားချင်ပါတယ်။ စင်္ကာပူကတော့ ဒီဥပဒေကို စောင့်ကြည့်နေတုန်းပါ။ ပြဌာန်းဖို့ လောလောဆယ် အစီအစဉ်မရှိဘူးလို့ သိရတယ်။

ဒီအကြောင်းအရာတွေက အရမ်းကျယ်ပြန့်တယ်။ မူပိုင်ခွင့် အမျိုးအစားအလိုက်လည်း ကွဲပြားမှုတွေရှိသလို လူမှုရေး စီးပွားရေး နိုင်ငံရေး နည်းပညာ ကျင့်ဝတ် ဆိုင်ရာ ရှုထောင့်အမျိုးမျိုးကနေလည်း ပြဿနာတွေကို အမျိုးမျိုး သုံးသပ်နိုင်ပါတယ်။ ခေါင်းစဉ်တွေခွဲပြီး ဆွေးနွေးသင့်တယ်။

ko watote said...

ဟုတ်တယ်။ ကျွန်တော်လည်း ကြားလိုက်သလိုရှိတယ်။ သေချာမသိဘူး။ ထင်မြင်ချက်ပေးနိုင်လိုက်အောင် မသိဘူးဗျ။

ကိုချစ်ဖေ said...

ပညာရွှေအိုးကြီးမကလို့ ပညာဒယ်အိုးကြီးဖြစ်ဖြစ် ဟယ်..ဥပဒေတွေ ဥပဒက်တွေနဲ့ လာမပြောနဲ့ လုပ်ချင်ရာလုပ်သူတွေကလည်း အမြဲရှိနေမှာပဲဗျား.အရေးယူမှုမှာလဲ လွန်မှုနည်းမှုတွေလဲရှိနေဦးမှာ ဥပဒေသစ်တွေလဲပေါ်နေဦးမယ်ထင်ပါ့
.မှတ်ချက်တွေ
ကိုစောင့်ဖတ်နေပါဦးမယ်..
အသစ်အဆန်းတွေကြားရတာ ဗဟုသုတရသဗျာ.မျက်စေ့ကိုလည်လို့..

rose of sharon said...

စိတ်ဝင်တစား ကလစ်လုပ်ပြီး ဖတ်သွားပါတယ်

rose of sharon said...

စိတ်ဝင်တစား ကလစ်လုပ်ပြီး ဖတ်သွားပါတယ်

ကိုအောင် said...

စိတ်ဝင်တစား မှတ်သားသွားပါတယ်၊ ကျေးဇူး မပန်။