ကကြီးက ကွေးနေအောင် ကဗျာလွတ် ကတယ်။ သူ့ကိုယ်သူ အကောင်ကြီးကြီး ဆိုပဲ။ အက္ခရာတွေမှာ ကကြီးရေက သူကစတာကွ တဲ့။ ကောင်းကင်ကြီးကို ကြည်ကြည်နူးနူး ကြည့်ရင်း ကျန်တဲ့ အက္ခရာတွေကို ကရုဏာ သက်ဟန်နဲ့ တကျွတ်ကျွတ် လုပ်နေတယ်။ သူကတော့ ကတ်သီးသတ်ကတ်နဲ့ ကြောင်တောင်တောင် နိုင်သလောက် ကြုံကြွားလည်း လုပ်တတ်တယ်။
ခွေခွေလေးနေတဲ့ ခခွေးကကြားတော့ သူ့ခမျာ ခါးခါးသီးသီး ခံစားနေရတယ်။ သူက ချိုချိုသာသာတွေကိုပဲ ချစ်ခင်ချင်သူ ။ ခံပြင်းနေပေမယ့်လည်း ကကြီးရဲ့ဘေးမှာ သူဟာ ခက်ခက်ခဲခဲ ခပ်ခွာခွာ နေနေရတယ်။
ဂငယ်က ဂုဏ်ယူတဲ့ ဂွမ်းဆီထိ အပြုံးနဲ့ပြောလိုက်တယ်။ ဂငယ်နှစ်လုံးပေါင်းရင်လည်း ကကြီးလုပ်လို့ရတာပဲ တဲ့။ ပြီးတော့ ကကြီးကို ကငယ်ဖြင့် မရှိပဲနဲ့ တစ်ယောက်တည်း ကကြီးလုပ်ချင်သေးတယ် အဓိပ္ပါယ်မရှိပါဘူး လို့ဆိုလိုက်တယ်။ သူကတော့ သူ့အစ်ကို ဃကြီး ဆိုတာ ရှိတော့ ဂိုဏ်းဖွဲ့ပြီး ပြောအားရှိတာပေါ့။
ဃကြီးက အပြောအဆို မတတ်တဲ့ ဂငယ်ကို ဃောသသံကြီးနဲ့ လှမ်းဆူတယ်။ သူကတော့ ဃရာဝါသ ကိစ္စများမြောင် မှာ သိပ်ဝင်ပါချင်တာမဟုတ်ဘူး။
င ကတစ်ခွန်းပဲဝင်ပြောတယ်။ ငါ့လို ငါစွဲမရှိတဲ့ ငါ ပဲ အေးတယ် တဲ့။ ပြီးတော့ ငူငူငေါင်ငေါင်နဲ့ ငေးရင်း ငိုင်ရင်းက ငိုက်ကျသွားတယ်။
စလုံးက မျက်စိလေးကို စွေစွေစောင်းစောင်းနဲ့ စပ်စပ်စုစုလုပ်ရုံပဲ။ စကားစကား ပြောပါများရင် စစ်ပွဲတွေ စတင်လာမှာ စိုးရိမ်လို့ထင်ပါတယ်။
ဆလိမ်ကတော့ ဆရာကြီးလေသံနဲ့ ဆုံးမလာတယ်။ ဆင်ဆင်ခြင်ခြင် တွေးတွေးဆဆ ဆိတ်ဆိတ်ငြိမ်ငြိမ် ဆွေးနွေးကြလကွယ် တဲ့။
ဇကွဲရဲ့ ဇ ကတော့ မသေးဘူး။ ဇွဲကောင်းတယ်။ ဇွတ် လုပ်တတ်တယ်။ ဇိမ်ခံချင်တာလည်း သူ့အပြင်မရှိ။ ဒါပေမယ့် ဒီလို ဇယား ရှုပ်တာတွေထဲတော့ သူဝင်မပါဘူး။
ဈမျဉ်းဆွဲ ကို စလုံးယပင့် လို့တချို့က ထင်ကြတယ်။ သူက သီးသန့်အက္ခရာပါလို့ ရှင်းပြနေတယ်။ သူပါတဲ့နေရာ နည်းပေမယ့် ဈေးဆိုတာ လူတိုင်းအတွက် မရှိမဖြစ်ပါ။ ဈာန် ဆိုတဲ့ ထူးထူးခြားခြား စာလုံးကိုလည်း သူမရှိရင် ဘယ်လိုလုပ် ပေါင်းမလဲလို့ ဆိုတယ်။
ည က ညအခါ လသာသာ ဆိုပြီး ကဗျာလေး ရွတ်မလို့လုပ်နေတုန်း သူ့ရှေ့ကို ညှပ်ဝင်လာတာ ဉကလေး ဖြစ်နေတယ်။ ဉကလေးကို ညက သူ့ညီအရင်းလို့ မသတ်မှတ်ချင်ဘူး။ ဟုတ်တယ်လေ ညကို ည လို့ပဲ ခေါ်တာ။ ညကြီးလို့မှ မခေါ်တဲ့ဟာ။ ပြီးတော့ မြန်မာအက္ခရာဗျည်း ၃၃ လုံးမှာ ဂငယ်၊ဃကြီးတို့ နငယ်၊ဏကြီးတို့လို အတွဲနဲ့ ရှိနေတာ မဟုတ်ဘူးလေ။ ဉကလေးက သူ့မှာလည်း မရှိမဖြစ် သုံးနေတဲ့ အသုံးအနှုန်းတွေ အများကြီးပါ တဲ့။ ဉာဏ် ဆိုတာ မရှိရင် လူတွေ ဘယ်လိုဖြစ်သွားမလဲ တွေးကြည့်စမ်း တဲ့။ ဉာတကာဆွေမျိုး တွေနဲ့ရော ကင်းနိုင်လို့လား တဲ့။ အားနည်းသူကို နှိမ်ချင်တဲ့ ဉာဉ်ဆိုးတွေကို ဖျောက်ပါ လို့မကျေမနပ်နဲ့ပြောတယ်။ သူ့ကို အက္ခရာဥ နဲ့ မှားမှားရေးကြတာကိုတော့ သူကစိတ်ဆိုးချင်သတဲ့။ ည က ညီညွတ်ရေးအတွက် ညှာတာပြီး ညင်ညင်သာသာပဲ ခေါင်းညိတ်လိုက်ပါတော့တယ်။ တော်ကြာ ညစ်စရာတွေ ဖြစ်လာမယ်။
ဋသန်လျင်းချိတ် ကို တတလင်းဂျိတ် လို့အသံထွက်ကြတယ်။ သူပါရင် ရှုပ်ရှုပ်ယှက်ယှက်တွေ ဖြစ်တော့တာပဲ လို့ ပြောနေကြတယ်။ ဟုတ်တယ်လေ၊ ဋီကာ ချဲ့တာက သူမဟုတ်လား။ တကယ်တော့ ဋသန်လျင်းချိတ်ခမျာ ပဋိပက္ခတွေ ဖြစ်တဲ့အခါ၊ ပဋိညာဉ်တွေ ရေးကြတဲ့အခါ၊ ပဋိသန္ဓာရစကား ဆိုကြတဲ့အခါ ကြားဝင်ရသူပါ။ (ကြားက စာလုံးကိုး။)
ဌ၀မ်းဘဲ က သူဟာ ဘယ်နေရာမှာ ၀မ်းဘဲနဲ့တူပါလိမ့်လို့ သူ့ကိုယ်သူ စောကြောပါတယ်။ ဌာန ဌာနေ ဌာနီ ဆိုတာ လူတိုင်းနဲ့ မကင်းနိုင်တဲ့ အသုံးအနှုန်းပါ တဲ့။ ဌာန်ကရိုဏ်းကျကျ စကားပြောကြလို့ သူကဆိုတယ်။ အဋ္ဌမ လို စာလုံးမျိုးမှာတော့ သူ့အလယ်မှာ အထစ်ကလေး ပါတယ် ဆိုပဲ။
ဍရင်ကောက် က အမြင်မှာ ခန့်ညားသလောက် သူ့လို ကွေးကွေးကောက်ကောက် ပုံစံတူတဲ့ ဍရင်ကောက်ပင် ဆိုတာကလွဲလို့ သူနဲ့သုံးတဲ့ စကားမရှိပါလားလို့ ပြောရှာတယ်။
ဎရေမှုတ် က ထောက်ခံတယ်။ သူ့အသုံးလည်း တွင်တွင်ကျယ်ကျယ် မရှိပဲနဲ့ ဘာကြောင့် မြန်မာဘာသာမှာ အက္ခရာ လာဖြစ်ရပါလိမ့်လို့ သူကညည်းတွားတယ်။ ဘာသာမှား ရောက်လာသလားပေါ့လေ။ အဲဒီလို မှိုင်နေတော့ သနားတတ်တဲ့ ပစောက်ကတောင် သူ့အနားကို ပြေးကပ်လာတယ်။ မင်းဘေးမှာ ငါအမြဲ ကပ်နေပေးရင်တော့ အနည်းဆုံး ဃကြီးဖြစ်လာနိုင်ပါတယ်ကွာ။ ဒါဆိုရင်တော့ နည်းနည်းပါးပါး သုံးလို့ရလာမှာပေါ့တဲ့။ (ဟုတ်တုတ်တုတ်နော်။)
ဏကြီးက တော့ အားပေးပါတယ်။ သူနဲ့စတဲ့ စကားလုံးလည်း မရှိသလောက်ပါပဲတဲ့။ ဒါပေမယ့် သူကတော့ ဘဏ်တို့ ဒဏ်တို့ ဂုဏ်တို့ ဂိုဏ်းတို့ ပဏာမတို့ ကဏ္ဍတို့ မှာ သူများတွေနဲ့ အတူပေါင်းပြီး ရပ်တည်နေပါသေးတယ်။
တ၀မ်းပူကတော့ တော်တော်တတ်တယ်။ စာလုံးတွေမှာ တ၀မ်းပူ တစ်လုံးတည်း တွဲလိုက်ရင်တောင် တော်တော် တွင်ကျယ်ကြောင်းကို ကိုးခန်းပျို့ထဲက 'အဖန်ဖန်လျှင်၊ တသန္ဓေဓေ၊ တပေလျဉ်းလျဉ်း၊ တညှဉ်းဆိုးဆိုး၊ တညှိုးလျလျ၊ တတလွမ်းလွမ်း၊ တသန်းဟယ်ဟယ်၊ တတွယ်တာတာ၊ တဟာလှိုက်လှိုက်၊ တရှိုက်ငင်ငင်၊ တပင်ပန်းပန်း၊ တဝမ်းလျားလျား၊ ...' ဆိုတဲ့ စာပိုဒ်ကို တတွတ်တွတ် ရွတ်ပြလိုက်တယ်။ တခြားဗျည်းတွေ မပါပဲ တ၀မ်းပူတွေချည်း ရပ်တည်နိုင်တဲ့ တစ်တီတူး တို့ တောက်တဲ့ တို့ပါ ဆွဲထည့်ပြလိုက်သေးတော့ အားလုံးက ခဏလောက် တိတ်သွားကြတယ်။
ထဆင်ထူးဟာ သူ့ကိုယ်သူ ၀ နှစ်လုံးပူးလို့ တစ်ယောက်ယောက်က ဘရိမ်းဝက်ရှ် လုပ်ထားတာ ခံထားရလို့ အမြဲ တထင့်ထင့် တထိတ်ထိတ် ဖြစ်နေရှာသတဲ့။ သူ့အလှည့်ရောက်တော့ ထ ထ လို့ အားလုံးက ၀ိုင်းထူလို့သာ ထိုးထိုးထောင်ထောင် ထွက် လာရတယ်။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်မှာစိုးနေလို့ ထက်ထက်မြက်ြမက် ထင်ထင်ရှားရှား ထင်းထင်းလင်းလင်း ဖြစ်အောင် ထိန်းမထားနိုင်ရှာဘူး။ ထားလိုက်ပါတော့လေ။
ဒဒွေးကတော့ အင်္ဂလိပ်အက္ခရာ 3 ဆိုတဲ့ ၃ ဂဏန်းနဲ့ ခပ်ဆင်ဆင်မို့ သူ့ကိုယ်သူ ဘိုဆန်တယ် လို့ထင်နေသတဲ့။ ဒမ်း… ဒင်းတို့တွေ တော်တော်ဒူကြတာပဲ လို့ ဒိုးဒိုးဒေါက်ဒေါက်နဲ့ ဒေါသတကြီး ဆဲရေးလိုက်တယ်။
ဓအောက်ခြိုက်က ဒီဓလေ့တွေကြားမှာ ဓားခုတ်ရာလက်လျှို ဓားစာခံမဖြစ်ချင်သူပါ။ ဒါတွေကို ကြားနေရတာ ဓာတ်ပျက်ပါတယ်။
နငယ် က နစ်နစ်နာနာ နှိမ်နှိမ်ချချ နင်းပြောနေကြတာဆိုရင် နှာခေါင်းရှုံ့ပါတယ်။ နောက်တယ်ပြောင်တယ် ဆိုပေမယ့် နှုတ်ချိုသျှိုတစ်ပါး လို့ရှိတယ် မဟုတ်လား လို့ နားချကြည့်တယ်။
ပစောက်ကတော့ ပန်းပွင့်လေးလို လှလှပပ ပြုံးနေတယ်။ ပန်ဒိုရီပန်ဒိုရာမောင်နှံဟာ ပုဝါပါးပါးလေးခြားရင်တောင် ပင်လယ်ကြီးဖြစ်အောင် ပုလဲခ ကြတယ်ဆိုတဲ့ ပြင်းပြင်းထန်ထန် ပုံပြင်လေးတစ်ပုဒ်ကို ဖတ်နေတော့ သူက ဒီကိစ္စတွေမှာ ပါ မနေတော့ဘူး။
ဖဦးထုတ်က ဖခင်ဆန်ပါတယ်။ တစ်ယောက်ကို တစ်ယောက် ဖိဖိစီးစီး ဖီလာကန့်လန့် ဖဲ့နေ ဖော်နေ ကြမယ့်အစား ဖေးဖေးမမ နေကြပါ လို့ ဖွင့်ပြောလိုက်တယ်။
ဗထက်ချိုက်က ဗရုတ်သုတ်ခတွေကြားမှာ ဗလာချီ ၀င်ဗျင်းလိုက်ရ လို့ ကြိမ်းတယ်။ ဟေ့.. ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ ဗိုလ်သင်တန်းတက်ဖို့လိုတယ်ကွ တဲ့။ ဗာဟီရတွေ များရတဲ့အထဲမှာ ဗလောင်းဗလဲတွေဆိုရင် သူမကြိုက်ဘူး။
ဘကုန်း က ဘာသိဘာသာ မနေပါဘူး။ ဘ၀ဆိုတာ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက ဘယ်နေရာမှာ ဘယ်သူမဆို ဘုနဲ့ဘောက်ဖြစ်ကြစမြဲ လို့ တရားချပါတယ်။ ဘရန်ဒီလေး သောက်ပြီး ဘရိတ်အုပ်လိုက်ကြပါတော့ကွာ တဲ့။
မ က မယောင်မလည် ၀င် မ ပါတယ် (အချွန်နဲ့)။ မိုက်မိုက်မဲမဲတွေ မေးကြမြန်းကြတာများလို့ မေတ္တာတွေ မဲ့ကုန်ကြပြီနော် လို့ မောင်းထုရင်း မီးတိုက်ပေးတယ်။
ယပက်လက်က ယမကာတစ်ခွက်နဲ့ ယိုင်တိုင်တိုင် ယစ်ထွေနေရာကနေ ယီးတီးယောင်တောင်နဲ့ ၀င်ပြောတယ်။ ယဉ်ကျေးမှုတွေ ထိန်းသိမ်းဖို့ ယတြာခြေတာဖြစ်ဖြစ် ယဇ်ပူဇော်တာဖြစ်ဖြစ် လုပ်လိုက်ကြပါလားတဲ့။
ရကောက် ကတော့ ရည်းစားက ရိုက်ပုတ်လိုက်လို့ ရတက်ပွေပြီး ရော်ရမ်းရင်း ရူးသွပ်သွပ်ဖြစ်နေတာ။ ရောက်တတ်ရာရာတွေက ရေးကြီးခွင်ကျယ်ဖြစ်ပြီး ရေပန်းစားနေတာကို သူမသိဘူး။
လ ဟာ လောလောလတ်လတ် လုံးချာလိုက်နေတာတွေကို လုံးစေ့ပတ်စေ့မသိရင် လက်လွတ်စပယ် လွန်လွန်ကျွံကျွံ ပြောမိမှာစိုးတယ်။ လေကလေးသုံးပြီး လူလည်လုပ်နေကြတာကိုတော့ သူက လက်မခံချင်ဘူး။
ဝ က ၀ါးကနဲ သန်းလိုက်တယ်။ ၀ုန်းဝုန်းဒိုင်းဒိုင်းတွေ ၀က်ဝက်ကွဲ ဖြစ်နေတာကို ၀မ်းမသာပါဘူး လို့ ဝေ့လည်ကြောင်ပတ်ပဲ ဝေ့၀ိုက် ဝေဖန်လိုက်တယ်။
သ ကတော့ သားဟာသား သီးသန့်နေတာ သူတို့တွေသာ သဲသဲအုတ်အုတ် ဖြစ်နေကြတာတဲ့။ သတင်းတွေ သိုးသိုးသန့်သန့် ကြားတာနဲ့ သူ့ကိုယ်သူ သိုသိုသိပ်သိပ် သိမ်းထားလိုက်ပြီ။
ဟ ကတော့ ဟီးဟီးဟားဟားနဲ့ ဟောင်ဖွာဟောင်ဖွာ လိုက်ပြောနေတယ်။ ဒါတွေ ဟိုးလေးတကျော်ဖြစ်ရင် အရှက် ဟက်တက်ကွဲမှာကို သူမတွေးဘူး။
ဠကြီးက စိတ်ညစ်လို့ ဠင်းတမှိုင် မှိုင်ချင်တယ်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းက လင်းတ လို့ပေါင်းရတယ် ဆိုလာတော့ ပိုစိတ်ညစ်သွားတယ်။ ဒါဆို သူနဲ့စတဲ့ စာလုံး ဘာရှိသေးပါလိမ့်။ စကြ၀ဠာ လို ကြီးမားတဲ့ စကားလုံးနောက်မှာ ပါရလည်း မနည်းပါဘူးလို့ ဖြေသိမ့်ရတယ်။
အ ကတော့ အ အက္ခရာရဲ့ အဖော်အပေါင်းတွေ အောတိုက်နေတဲ့ကြားမှာ အာဏာအပြည့်နဲ့ အားအားယားယားပါပဲ။ သြဇာညောင်းတဲ့ ဧကရာဇ်ဘုရင်လို ဣနြေ္ဒတခွဲသားနဲ့ အေးအေးလူလူ အာရိုက်နေစဉ်….. ဤတွင် ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ပန်ဒိုရာ
(မသက်ဝေ တက်ဂ်ထားတာကို ရေးချင်သလို ရေးလိုက်တာပါ။ မှားတာတွေ့လည်း စေတနာရှေ့ထား ပြင်ပေးသွားကြပေါ့နော်။း))
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
1 week ago
25 comments:
အကြိုက်ဆုံး "ကကြီး ကနေ အ " အဖြစ်မှတ်ထားလိုက်ပြီ။
အင်... ကောမန့်တွေ မော်ဓိတ်လုပ်နေတယ်လား.... ဟိ :P
ရပြီ လူရွှင်တော်ပျက်လုံးရေးစားတော့း)
တ၀မ်းပူထဲမှာ...
တမျောလွင့်လွင့်
တချင့်နွမ်းနွမ်း
တပမ်းလှိုက်လှိုက်
တဟိုက်မောမော
ဆိုတဲ့ မောင်သာလင်းကဗျာလေးလဲ ရှိသေးတယ်..
သိပ်လှတာပဲ..
ထင်တယ်... ထင်တယ်...
ပန်ပန်ရေးရင် တခုခုတော့ ထူးထူးခြားခြား ဆန်းတပြားပြားဖြစ်မယ်ဆိုတာ....း))
ဒီလို ဒီလို တော်တဲ့ ပန်ပန်...
ဒီတော့ ဒီလိုလုပ်....
မနက်ဖြန် ဒို့ဆီကို လာခဲ့ပါ...
ဒ ဒွေးနဲ့ စတာ ကျွေးပါ့မယ်...
ဒါပေမယ့် ဒါးဆွဲလာပြီး အိမ်တံခါးကို
ဒေါက်ဒေါက် ဒေါက်ဒေါက်နဲ့ လာမခေါက်နဲ့နော်...
ဒုတ်နဲ့ ရိုက်ခံရမယ်... ဒါပဲ...း))
ကကြီး-ကနေ၊ အ-အထိ
ကိုးကားဖို့ လိုတိုင်း
အကြိမ်ကြိမ်
ပြန်လာဖတ်ဦးမယ်
တကယ့် ၀ါရင့် သမာရင့် ဘလော့ဂါကြီးလို့မပြောရဘူး ဖတ်ရတာ အရသာရှိလိုက်တာ ။ လေးစားတယ် ဒေါ်လေးရေ့ ။
စကားဝိုင်းမှာ ရေနွေးအိုးနဲ့ လဖက်သုတ်မတွေ့လို့..
ပြန်ပြီ....
မြန်မာစာ သတ်ပုံ ကျောင်းသင်ခန်းစာ မှာ တောင်.. သုံးဖို့ ကောင်းနေပြီ..။ တကယ် ဗဟုသုတ ရတယ်။
အင်း..ပန်ဒို ရီ ပန်ဒိုရာ မောင်နှံက.. ပုဝါတောင် မခြား နိုင်တော့ဘူးတဲ့လား..။ ကိန်နရီ မောင်နှံတောင်..ချောင်းလောက်တော့..ခြား ဇာတ် ထိုးထားပါသေးတယ်..း)
ကြိုက်လွန်းလို့ ရေးသွားပါတယ်ဗျို့ပထမဆုံးရေးခြင်းပါ...အရမ်းကောင်းတယ်..
မ ကတော့မေတ္တာ အတိနဲ့
မှူးမှူး ဆိုကောင်းမလားမသိ... :)
I like this post. :)
Nice idea and great job!
Nice idea and great job!
မပန် ကြိုက်တယ်........
:)
very good.although your name is pandora, you are so myanmar
ကကြီး..... ကိုယ့်တိုင်းကိုယ့်ပြေ
ခခွေး...... ချစ်ပါလေလည်း
ဂငယ်..... ဂြိုဟ်မွှေသူတစုရယ်ကြောင့်
ဃကြီး.... ဃရာဝါသ အမှုကိုပင်
င..... ငွေရှာရင်း ပြည်ပမှာ ပြုနေရပါတယ်။
အမယ် ပန်ဒိုရီပန်ဒိုရာမောင်နှံ ပုဝါခြားတာတောင် ဘာဖြစ်တယ် ညာဖြစ်တယ်က ပါသေး ...း))
MNHY
အကြိုက်ဆုံးပဲ။ ထပ် လာဖတ်တယ် သဘောကျလွန်းလို့..
ယပက်လက်က ယမကာတစ်ခွက်နဲ့ ယိုင်တိုင်တိုင် ယစ်ထွေနေရာကနေ ယီးတီးယောင်တောင်နဲ့ ၀င်ပြောတယ်။ ယဉ်ကျေးမှုတွေ ထိန်းသိမ်းဖို့ ယတြာခြေတာဖြစ်ဖြစ် ယဇ်ပူဇော်တာဖြစ်ဖြစ် လုပ်လိုက်ကြပါလားတဲ့။ ဟိဟိ
အမ..အရမ်းကောင်းတာပဲ။
က ကနေအ အထိ ..ရေးသွားတာများ သိပ်ပီပြင်တယ်။
အတွေး Gထd။
အရေ... က ကနေ အ အထိ... ဘယ်လိုတွေးတတ်တာလဲ... မိုက်စ်တယ်...
ဖတ်ရတာ တစ်လုံးပြီးတစ်လုံး
ထပ်ဖတ်ချင်တယ် ရေလည်လန်းတယ်ဗျ။
တော်တော်ကောင်းတဲ့အိုင်ဒီယာလေးဗျာ...။ချီုးကျူးလေးစားပါတယ် ပန်ဒိုရာ ခင်ဗျား။
ဘ ကုံး ဘောလုံးက ပစောက် ကို မိုက်ရင် ချိန်း ကန်မလား တဲ့..အဟဲ :)
တမျိုးဆန်းတဲ့ပုံသဏ္ဍာန်လေးနဲ့ရေးသွားတာ ဖတ်လို့ ကောင်းပါတယ်။
Post a Comment