Tuesday, March 27, 2012

ဘလော့ဂ် ၅ နှစ်ပြည့်

ဒီနေ့ ၂ဝ၁၂ မတ် ၂၇ (တပ်မတော်နေ့/တော်လှန်ရေးနေ့) ပန်ဒိုရာဘလော့ဂ်ရေးတာ ၅ နှစ်မြောက်တဲ့နေ့ဆိုတာ မနေ့ညက အိပ်ရာဝင်ခါနီးမှ သတိရတယ်။ ဒီနေ့တစ်နေ့လုံး အလုပ်များနေတာနဲ့ အခုမှ ရေးလိုက်တယ်။ ၂ဝ၁၁ တစ်နှစ်လုံးတော့ ကဗျာတွေ အရေးများတယ်။ ၅ နှစ်ပြည့်မှာ အထူးတလည် အမှတ်တရ တစ်ခုခု မရေးတော့ရော ဘာဖြစ်သလဲလို့ စဉ်းစားမိတယ်။ ဘာမှတော့မဖြစ်ပါဘူး။ ရှည်ပါစေလေ ဒီဘလော့ဂ်လေး အဓွန့်..... :)

Expand..

Thursday, March 22, 2012

၂၀၁၂ ကမ္ဘာ့ကဗျာနေ့တွင် ပန်ဒိုရာ ဖတ်ကြားခဲ့သော စာတမ်းငယ်

စာတမ်းခေါင်းစဉ် ။ ။ မြန်မာအမျိုးသမီးကဗျာဆရာများ၏ အခန်းကဏ္ဍ
စာတမ်းပြုစု ဖတ်ကြား တင်သွင်းသူ ။ ။ ပန်ဒိုရာ
စာတမ်းတင်သွင်းသည့်အခမ်းအနား ။ ။ ၂ဝ၁၂ ကမ္ဘာ့ကဗျာနေ့အခမ်းအနား
ရက်စွဲနှင့် အချိန် ။ ။ ၂၁.၃.၂ဝ၁၂ နံနက် ၉ နာရီမှ ညနေ ၅ နာရီ
နေရာ ။ ။ ယုဒဿန်ခန်းမ၊ ပြည်လမ်း၊ ရန်ကုန်မြို့
…………………………………………………………………………………………………………………………………………
မြန်မာအမျိုးသမီးကဗျာဆရာများ၏ အခန်းကဏ္ဍ

လေးစားအပ်တဲ့ အမျိုးသမီးအမျိုးသားကဗျာဆရာများ၊ ကဗျာမြတ်နိုးသူများ၊ ကြွရောက်လာကြသူများ အားလုံး မင်္ဂလာပါ။ ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့ကဗျာနေ့အခမ်းအနားမှာ မြန်မာအမျိုးသမီးကဗျာဆရာများ၏ အခန်းကဏ္ဍ ဆိုတဲ့ စာတမ်းကို ကျွန်မ ပန်ဒိုရာက ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။ စာတမ်းရဲ့ ရည်ရွက်ချက်ကတော့ “မြန်မာကဗျာလောက ဖွံ့ဖြိုးတိုးတက်ရေးတွင် အမျိုးသမီးကဗျာဆရာများ၏ အခန်းကဏ္ဍကို ဆန်းစစ်ရန်” ဖြစ်ပါတယ်။ ဒီစာတမ်းမှာ အပိုင်း ၅ ပိုင်းခွဲခြားထားပါတယ်။

၁။ ကဗျာဆရာများ၏ အရေအတွက်နှင့် အရည်အသွေး

ဒီစာတမ်းဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ကတော့ မြန်မာကဗျာသမိုင်းတလျှောက် ရှေးခေတ်ကရော ယနေ့ခေတ်မှာပါ အမျိုးသမီးကဗျာရေးသူတွေ နည်းပါးနေတယ်လို့ တွေ့မြင်မိတဲ့အတွက်ဖြစ်ပါတယ်။ ဒါကတော့ အရေအတွက်ပိုင်းဆိုင်ရာကို ဆိုလိုပါတယ်။ စာရင်းဇယားများနဲ့ တွက်စစ်ကြည့်ရင်လည်း သိသာ ထင်ရှားပါတယ်။ ဥပမာအားဖြင့် ညိုသစ်ငယ် စီစဉ်တဲ့ မြန်မာကဗျာ၂ဝ၁ဝ ဆိုတဲ့ စာအုပ်ထဲက မြန်မာကဗျာဆရာ ၁၆၃ ယောက်မှာ အမျိုးသမီးကဗျာဆရာ ၁ဝ ဦးခန့်ကိုသာ တွေ့မြင်ရပါတယ်။ မဂ္ဂဇင်း စာမျက်နှာပေါ်မှာ တွေ့မြင်နေရတဲ့ ကဗျာတွေနဲ့ ပုံနှိပ်ထုတ်ဝေထားတဲ့ ကဗျာစာအုပ်တွေကို စစ်တမ်းကောက်ကြည့်မယ် ဆိုရင်လည်း အရေအတွက်အားဖြင့် မြန်မာနိုင်ငံမှာ အမျိုးသားကဗျာဆရာ အများအပြားရှိပေမယ့် အမျိုးသမီးကတော့ အတော်နည်းပါးနေတယ်ဆိုတာ ငြင်းချက်ထုတ်စရာမရှိပါဘူး။

အရည်အသွေးပိုင်းဆိုင်ရာကတော့ ဆန်းစစ်ဝေဖန်ဖို့အတွက် ပိုပြီးခက်ခဲပါတယ်။ “ယနေ့ခေတ်မှာ နိုင်ငံတကာနဲ့ယှဉ် ရင်ဘောင်တန်းနိုင်လောက်အောင် အားကောင်းတဲ့ မြန်မာအမျိုးသမီးကဗျာဆရာတွေ ရှိပါသလား” ဆိုတာ မေးခွန်းထုတ်သင့်တဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ဒီမေးခွန်းကို တရားမျှတစေဖို့ ဆက်စပ်နေတဲ့ နောက်မေးခွန်းတစ်ခုကတော့ “ယနေ့ခေတ်မှာ နိုင်ငံတကာနဲ့ယှဉ် ရင်ဘောင်တန်းနိုင်လောက်အောင် အားကောင်းတဲ့ မြန်မာအမျိုးသားကဗျာဆရာတွေရော ရှိပါသလား” လို့ပဲဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို ဖြေဆိုဖို့အတွက်တော့ မြန်မာကဗျာတွေ ကမ္ဘာပေါ်မှာ ကျော်ဇောထင်ရှားလူသိများမှုနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရမှု အပေါ်မှာ မူတည်သတ်မှတ်မှာလား၊ ဒါမှမဟုတ် ကဗျာတွေကိုယ်တိုင်ရဲ့ ကဗျာမြောက်မှုစွမ်းရည်ကို နိုင်ငံတကာကဗျာတွေနဲ့ နှိုင်းယှဉ်တိုင်းတာပြီး သတ်မှတ်မှာလားဆိုတာ ပညာရှင်တွေသုံးသပ်ဖို့ ချန်လှပ်ထားခဲ့ပါမယ်။ မြန်မာ့ကဗျာလောကရဲ့ လက်ရှိအနေအထားမှာတော့ ပိုပြီးများပြားတဲ့ ကဗျာပုဒ်ရေတွေ၊ ပြည်တွင်းအသိအမှတ်ပြု ကဗျာဆုတွေကို ချီးမြှင့်ခံရသူတွေ၊ ကဗျာရေးသားခြင်းသာမက ကဗျာနဲ့ပတ်သက်တဲ့ သီအိုရီ၊ အသိပညာ၊ ခွဲခြမ်းစိတ်ဖြာမှု၊ ဝေဖန်ရေး၊ နိုင်ငံတကာကဗျာ အစရှိတဲ့ ကဗျာကိစ္စ ကဗျာရေးရာတွေ၊ ဒါတွေအားလုံးမှာ ဦးဆောင်နေသူတွေဟာ အမျိုးသားတွေ အများစုဖြစ်နေပါတယ်။

အဲဒီတော့ အခြေအနေတစ်ရပ်ဟာ မြန်မာပြည်မှာပဲ ထူးခြားဖြစ်ပေါ်နေတာလား။ နိုင်ငံတကာ ကဗျာနယ်ပယ်မှာရော အခြေအနေဘယ်လိုရှိသလဲဆိုတာကို တစေ့တစောင်း အကဲခတ်ကြည့်ဖို့ လိုအပ်လာပါတယ်။ ပြီးပြည့်စုံတဲ့ သုတေသနမဟုတ်ပေမယ့် အနီးစပ်ဆုံး နမူနာ စစ်တမ်းတစ်ခုအဖြစ် Poetry Foundation website (http://www.poetryfoundation.org) ထဲမှာ ကိန်းဂဏန်းတွေ ထုတ်နုတ်ပြီး ရှာဖွေကြည့်ခဲ့ပါတယ်။

အင်္ဂလိပ်ကဗျာတွေသာမက အင်္ဂလိပ်ဘာသာကို ပြန်ဆိုထားတဲ့ နိုင်ငံတကာကဗျာတွေကိုပါ ဖော်ပြထားတဲ့ Poetry Foundation ဝက်ဘ်ဆိုက်မှာ ၂ဝ၁၂ မတ်လ ၁၅ ရက်က ကောက်ယူလိုက်တဲ့ စာရင်းအရ အမျိုးသားကဗျာဆရာ စုစုပေါင်း ၄ဝ၁၄ ဦးနဲ့ အမျိုးသမီးကဗျာဆရာ စုစုပေါင်း ၂၃၂၃ ဦးတွေ့ရှိရပါတယ်။
တစ်ဖန် အဲဒီဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ခေတ်အလိုက်၊ ကဗျာဂိုဏ်းအလိုက်၊ အသက်အရွယ်အလိုက် အမျိုးသမီးအမျိုးသား ကဗျာဆရာများရဲ့ အချိုးကို တွက်ထုတ်လိုက်တဲ့အခါမှာလည်း အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေလောက် မတိမ်းမယိမ်းလိုက်နေတဲ့ Romantic နဲ့ Imagist ကဗျာတွေကလွဲလို့ ကျန်တဲ့ အမျိုးအစားတိုင်းမှာ အမျိုးသမီးများရဲ့ ဦးရေဟာ သိသိသာသာ နည်းနေတာကို တွေ့ရပါတယ်။ (အသေးစိတ်ကို နောက်ဆက်တွဲ (က) တွင်ရှု။)

အမျိုးသမီးတွေရဲ့ ကဗျာအရည်အသွေးပိုင်းကို ခန့်မှန်းနိုင်ဖို့အတွက် နိုင်ငံတကာမှာ ထင်ရှားတဲ့ ကဗျာဆုအချို့ကို လေ့လာကြည့်ပါတယ်။ စာပေနိုဘဲလ်ဆုမှာ ကဗျာနဲ့ပတ်သက်လို့ ဆုရရှိတဲ့ ကဗျာဆရာ ၁၇ ယောက်မှာ အမျိုးသမီးကဗျာဆရာ ၂ ယောက်နဲ့ အမျိုးသားကဗျာဆရာ ၁၅ ယောက်ပါဝင်ပါတယ်။
ကဗျာပူလစ်ဇာဆုရရှိသူ အမေရိကန်ကဗျာဆရာ ၇၈ ယောက်ထဲမှာ အမျိုးသမီးကဗျာဆရာ ၂၆ ယောက်နဲ့ အမျိုးသားကဗျာဆရာ ၅၂ ယောက် ပါဝင်ပါတယ်။ လတ်တလောနှစ်များဖြစ်တဲ့ ၂ဝ၁ဝ နဲ့ ၂ဝ၁၁ အတွက် ကဗျာပူလစ်ဇာဆုကို အမျိုးသမီးကဗျာဆရာတွေဖြစ်ကြတဲ့ Rae Armantrout နဲ့ Kay Ryan တို့ ဆက်တိုက် ရရှိထားတာကို တွေ့ရပါတယ်။

အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေအတွက် အမျိုးသမီးကဗျာ အနေအထားကို အမျိုးသမီးကဗျာများ စုစည်းမှု anthology တွေက တဆင့် အကြမ်းဖျဉ်း အကဲခတ်ကြည့်ခဲ့ပါတယ်။ လေ့လာကြည့်တဲ့အခါ အာဖရိကတိုက်ရဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံက အမျိုးသမီးကဗျာဆရာ ၄၂ ယောက်ကို စုစည်းထားတဲ့ African Women’s poetry၊ ဂျပန်အမျိုးသမီးကဗျာဆရာ ၁ဝဝကျော်ပါဝင်တဲ့ Japanese women poets: An Anthology၊ တရုတ် ပြည်မကြီးက အမျိုးသမီးကဗျာဆရာ ၁၆ ယောက်နဲ့ ထိုင်ဝမ်က အမျိုးသမီး ကဗျာဆရာ ၂၄ ယောက်ကို စုစည်းထားတဲ့ Twentieth-Century Chinese Women's Poetry: An Anthology၊ အိုမင်နိုင်ငံနဲ့ဆူဒန်နိုင်ငံတွေက လွဲလို့ ကျန်တဲ့ အာရပ်ကမ္ဘာကရော၊ ပြည်ပရောက် အာရပ်လူမျိုးတွေ ထဲကပါ အာရပ်အမျိုးသမီးကဗျာဆရာ ၈ဝ ကျော်ကို စုစည်းထားတဲ့ The Poetry of Arab Women: A Contemporary Anthology ဆိုတဲ့ ကဗျာစာအုပ်တွေ စသည်ဖြင့် ထုတ်ဝေထားခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။

ဒီတော့ ခြုံငုံသုံးသပ်ရရင် ယနေ့အချိန်အထိ နိုင်ငံတကာကဗျာမြင်ကွင်းမှာတော့ အမျိုးသမီးကဗျာဆရာတွေကို တွေ့မြင်နေရတာ အမျိုးသားကဗျာဆရာတွေနဲ့ နှိုင်းယှဉ်ရင် အရေအတွက်အားဖြင့် နည်းပါးသော်လည်း အရည်အသွေးအားဖြင့် စံချိန်မီသူ ထင်ရှားသူတွေ ထွက်ပေါ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။


၂။ ဆန်းသစ်တီထွင်မှုနှင့် ရဲတင်းမှု

အမျိုးသမီးတွေ စာပေသင်ကြားမှုကို ဖိနှိပ်ချိုးနှိမ်ထားတဲ့ ဘုရင်ခေတ်ကတည်းက အမျိုးသမီးနန်းတွင်းစာဆိုများ ပေါ်ပေါက်ခဲ့ပါတယ်။ နန်းတွင်းစာဆို မိဖြူ၊ မိညို၊ မယ်ခွေ၊ မင်းကြီးကတော် ခင်ဆုံ၊ အနောက်နန်းမိဖုရား မမြကလေး၊ လှိုင်ထိပ်ခေါင်တင် စသည်တို့ ပေါ်ထွန်းခဲ့ပါတယ်။ သို့သော်လည်း မြန်မာအမျိုးသမီးတွေ ရှေးခေတ်က ရေးခဲ့တဲ့ကဗျာတွေထဲမှာ အဲဒီအချိန်အခါက လွှမ်းမိုးခဲ့တဲ့ သဘာဝတောတောင်ရေမြေ အဖွဲ့အနွဲ့တွေနဲ့ ယောင်္ကျားကို အားကိုးတဲ့စိတ် မျှော်လင့်တဲ့စိတ်နဲ့ အားနွဲ့သူမိန်းမသားအဖြစ် အချစ်အလွမ်း ဖော်ကျူးတဲ့ကဗျာတွေကို အများအပြား တွေ့ခဲ့ရပါတယ်။ သာမန်အရပ်သူဘဝကနေ နန်းတွင်းစာဆို ဖြစ်လာခဲ့တဲ့ ရှင်ငြိမ်းမယ်ကတော့ ထီးသံကြငှာန်းသံ မပါ တမူခွဲထွက်ပြီး ရိုးစင်းလှပ ခေတ်အဆက်ဆက်မှာ သစ်လွင်တောက်ပနေစေတဲ့ ကဗျာမျိုးတွေကို ရေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အချုပ်တန်းဆရာဖေတို့ရေးသလို နိုင်ငံရေး အမျိုးသားရေးနဲ့ပတ်သက်ပြီး နာနာနှက်ထားတဲ့ကဗျာ၊ ဦးပုညတို့ရေးသလို သရော်သံလေးစွက်လို့ လူ့သဘာဝကို လက်သံပြောင်ပြောင် လှစ်ဟနေတဲ့ ကဗျာမျိုးတွေကိုတော့ အဲဒီခေတ်ကာလက အမျိုးသမီးတွေရေးခဲ့တာ မတွေ့ရသလောက်ပါပဲ။

ဒီလိုနဲ့ ခေတ်တွေပြောင်းပြီး ကဗျာအကြောင်းအရာတွေ အမျိုးအစားတွေ ပုံစံတွေ ရွေ့လာကြတဲ့အခါ မြန်မာကဗျာတွေဟာလည်း ရေစီးကြောင်းအသစ်တွေထဲမှာ အရှိန်ကောင်းလာခဲ့ပါတယ်။ ငွေတာရီ၊ နုယဉ်၊ ကြည်အေး အစရှိသူတို့ဟာ လှပတဲ့ ဖွဲ့နွဲ့မှုတွေနဲ့ ခေတ်စမ်းရေစီးမှာ ထင်ရှားခဲ့တဲ့ အမျိုးသမီးကဗျာဆရာတွေပါ။ အဲဒီလိုနဲ့ နွယ်(စစ်တွေ)၊ ခင်နှင်းယု၊ ခင်လေးမြင့်(မြစ်ကြီးနား)၊ ဖြူမြင့်ဝေ(ဒိုင်အို)၊ ခင်(တိုင်းရင်းမေ)၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ သိမ့်(ဟင်္သာတ)၊ ခင်မြဇင်၊ ဧဧသန်း၊ ဖြူမွန်၊ ဂျူး၊ ဝိုင်၊ ခင်ဝင်းသစ်၊ မြသွေးရည်၊ မရီဝေ၊ မအိ၊ ချစ်ချစ်ချိုင်း၊ သင်းသင်းသာ၊ မြတ်၊ ငြိမ်း(ဒဿန)၊ သန့်စင်အေး၊ မိကောက်၊ စမ်းသီတာ၊ ကေမြနွယ်၊ မနော်ဟရီ၊ အိန္ဒြာ၊ သွေး(စစ်ကိုင်း)၊ စုမီအောင်၊ လုံမငြိမ်းချမ်း၊ ညိုပြာဝိုင်၊ ရှင်ဒေဝီ၊ မိုးဒေဝါ၊ ငယ်ငယ်(ကျောက်ဆည်)၊ မယ်ယွေး စသည်ဖြင့် အဆုံးမရှိတဲ့ ကဗျာရေစီးကြောင်းကို တွေ့နေရပါတယ်။ အရေးအသားအတွေးအခေါ်တွေလည်း ဒီဘက်ခေတ်တွေမှာ ပိုမိုလွတ်လပ် ပွင့်လင်းလာခဲ့ပါတယ်။ ဒီနေရာမှာတော့ ကဗျာအရွေ့တွေကို ဦးဆောင်ဦးရွက် လုပ်တဲ့အထဲမှာ မြန်မာအမျိုးသမီး ကဗျာဆရာတွေရဲ့ အရှိန်အဟုန်က ဘယ်လောက်နှုန်းရှိပါသလဲဆိုတာကလည်း ဆန်းစစ်သင့်တဲ့ အချက်တစ်ခုပါ။

တီထွင်ဆန်းသစ်တဲ့ ကဗျာပုံစံရေးဖွဲ့မှုတွေ၊ ကဗျာဗေဒအသစ်တွေ၊ ထင်ရှားတဲ့ ကဗျာလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံရပ်ခြား အမျိုးသမီးကဗျာဆရာတွေရဲ့ ပါဝင်မှုကို လေ့လာကြည့်တဲ့အခါ ၁၉၅ဝခုနှစ်တွေက Beat generation မှာတော့ အမျိုးသမီးများဟာ ဦးဆောင်လှုပ်ရှားသူများအဖြစ် အသိအမှတ်ပြုခံရတာ မတွေ့ရပါဘူး။ ဒါပေမဲ့ New York School မှာ အမျိုးသမီးကဗျာဆရာ Babara Guest ဟာဦးဆောင်သူတွေထဲမှ ပါဝင်ခဲ့ပါတယ်။ Language Poetry မှာ အမျိုးသမီးကဗျာဆရာတွေ အများအပြား ပါဝင်ပါတယ်။ ၂၁ရာစု အင်တာနက်ရဲ့ ကဗျာအသီးအပွင့်တစ်ခုဖြစ်တဲ့ flurf poetry မှာလည်း Nada Gordon တို့လို အမျိုးသမီးကဗျာဆရာတွေကို တွေ့နေရပါတယ်။ ဒီဥပမာတွေကတော့ အဓိကအားဖြင့် အနောက်တိုင်းမှာ တွေ့ရတာပါ။

အရှေ့တိုင်းယဉ်ကျေးမှုရဲ့ အကန့်အသတ်တွေဟာ အမျိုးသမီးတွေရဲ့ ကဗျာဆိုင်ရာ ဆန်းသစ်မှုနဲ့ ရဲတင်းပွင့်လင်းမှုကို တားမြစ်နေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ အားနွဲ့သူ ဆိုတဲ့အယူအဆတွေ၊ လိင်နဲ့ပတ်သက်တဲ့ အရေးအသားကို လူရှေ့သူရှေ့ချပြတာ အမျိုးသမီးတစ်ယောက်အနေနဲ့ မသင့်တော်ဘူး ဆိုတဲ့ သဘောထားမျိုးတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုပတ်ဝန်းကျင် စတဲ့ ပြင်ပဗဟုသုတတွေကို အမျိုးသမီးမို့လို့ စိတ်ဝင်စားမှု နည်းပါးတယ် ဆိုတာတွေ ရှိနေသေးတယ်ဆိုရင် ကဗျာရေးတဲ့နေရာမှာ ထက်မြက်ပြတ်သားတဲ့ အမြင်တွေကို ပိတ်ပင်နေနိုင်ပါတယ်။

အဲဒီလိုယဉ်ကျေးမှုရဲ့ အကြောင်းတရားတွေဟာ မြန်မာနိုင်ငံမှာမှ ထူးခြားထင်ရှားနေသလား ဆိုတာကို အဖြေရှာဖို့ဆိုရင်တော့ အာရှတိုက်ထဲက အခြားနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား နဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ကဗျာလှုပ်ရှားမှုတွေကို ဒီ့ထက်ပိုပြီး ဆက်လက်လေ့လာရဦးမှာဖြစ်ပါတယ်။ ၂၁ရာစု တရုတ်အမျိုးသမီးကဗျာများ စုစည်းမှုစာအုပ်ရဲ့ စာမြည်းတစ်ခုမှာ ဖတ်ရှုရတာကတော့ ပြည်မကြီးနဲ့ ထိုင်ဝမ်က ၁၉၈ဝခုနှစ်များရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ အမျိုးသမီးကဗျာဆရာအချို့ဟာ မိန်းမသားဝါဒီ ပင်မရေစီးကနေ ထင်ထင်ရှားရှား ခွဲထွက်လာတဲ့ အရည်အသွေးရှိသူတွေလို့ ဆိုထားပါတယ်။ သူတို့ရဲ့ကဗျာတွေမှာ မိန်းမတွေရဲ့ လိင်မှုကိစ္စတွေကို အတိအလင်း ထည့်သွင်းရေးသားထားတာကိုလည်း ဥပမာပေး ဖော်ပြထားပါတယ်။

မြန်မာပြည်မှာ ယနေ့ခေတ်အထိ အမျိုးသမီးကဗျာဆရာတွေဟာ သိလျက်နဲ့ဖြစ်စေ အမှတ်တမဲ့ဖြစ်စေ ရှေးရိုးစွဲ အချစ်အလွမ်း အားငယ်မှုတွေကို ကဗျာတွေထဲ ထင်ဟပ်နေမိဆဲဆိုတာ တွေ့ရှိမိပါတယ်။ ဒီနေရာမှာတော့ ပန်ဒိုရာကိုယ်တိုင် ရေးထားခဲ့တဲ့ ခရီးတောလမ်း ဆိုတဲ့ ကဗျာထဲက စာကြောင်းအချို့ကိုပဲ နမူနာထုတ်နုတ်ပြချင်ပါတယ်။ ဒီကဗျာကတော့ ဆရာနှင်းခါးမိုးရဲ့ တောလမ်းခရီး ဆိုတဲ့ ကဗျာကိုမူတည်ပြီး မြိုင်ထနှစ်ပါးသွားတစ်ပုဒ်မှာ မင်းသမီးဘက်က ပြန်ရေးလေဟန် ဖွဲ့ဆိုခဲ့တာဖြစ်ပါတယ်။

ညဥ့်ယံနက်နက်
မျက်လုံးဝင်းလက်လက်
တောကောင်ရဲ့ခေါ်သံ
ဖန်ဖန်ပဲ့တင်
ဟင်...ပြန်မထူးနဲ့
ထောင်ချောက်ကိုသတိထား
လင့်စင်ကိုခိုင်ခိုင်ကိုင်ထား
တောကမာယာများတယ်
မိန်းမသားဆိုတော့လည်း
အားငယ်...... တဲ့။

မတွေ့ ခြေရာ
လှိုက်ဟာ မောပန်း
အနိုင်နိုင်လှမ်းစဉ်
ဘယ်စခန်းပေါက်
ဘယ်လမ်းရောက်ခဲ့ပြီလဲ
ဟိုတောင်တန်း ဟိုသောင်ကမ်းကို
မှန်းလို့မျှော်ရ ရင်ဝမှာဆို့တယ်။

ဒီကဗျာရဲ့ ဆန့်ကျင်ဘက်အနေနဲ့ မိမိရဲ့ကိုယ်ခန္ဓာကို ကဗျာအကြောင်းအရာထဲမှာ တည်ထားပြီး အားမာန်ပါပါ ရေးသားခဲ့တဲ့ အမေရိကန် လူမဲအမျိုးသမီးကဗျာဆရာ မာယာအန်ဂျလူရဲ့ phonemenal woman ဆိုတဲ့ ကဗျာထဲက တစ်ပိုဒ်ကို ဘာသာပြန်ပြီး နမူနာအဖြစ် ကောက်နုတ်ချင်ပါတယ်။

ယောင်္ကျားတွေ ကိုယ်တိုင် သိချင်ကြ
ကျွန်မဆီမှာ ဘာမြင်ရမလဲလို့
အလူးအလဲကြိုးစားကြ
ဒါပေမယ့်လည်း ကျွန်မရဲ့လျှို့ဝှက်ဆန်းကြယ်အဇ္ဈတ္တကို
ဒင်းတို့လှမ်းမထိနိုင်
ကျွန်မက ပြဖို့ ကြိုးစားတော့လည်း
ဒင်းတို့ခမျာ မြင်ကို မမြင်နိုင်ကြသေး
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မတင်ပါးရဲ့ ကောက်ကြောင်း
ကျွန်မအပြုံးရဲ့ နေခြည်
ကျွန်မရင်သားတွေရဲ့ နိမ့်တုံမြင့်တုံဖြစ်မှု
ကျွန်မစတိုင်ရဲ့ တင့်တယ်မှု
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့

၃။ ကဗျာဗဟုသုတရှာမှီးမှု

မြန်မာနိုင်ငံမှာ ကဗျာစာပေကို လေ့လာလိုက်စားဖို့အတွက် ကဗျာသီအိုရီတွေ၊ ကဗျာစပ်ဆိုနည်းတွေ၊ ကဗျာခံစားမှုတွေကို ဘယ်နေရာကနေ အခြေခံပြီး အသိပညာ ရလာနိုင်သလဲဆိုတာ ရှာဖွေကြည့်ခဲ့ပါတယ်။ တချိန်ကတော့ အမျိုးသမီးတွေဟာ စာပေရဲ့အဖူးအညွန့်ဖြစ်တဲ့ ကဗျာရေးစပ်နိုင်ဖို့ဝေလာဝေး မိန်းကလေးဆိုရင် သေစာရှင်စာတတ်ပြီးရောပေါ့ဆိုတဲ့ ကာလတွေကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။ ယနေ့ခေတ်ကာလမှာလည်း အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ငယ်ငယ်က တက်ခဲ့ရတဲ့ စာသင်ကျောင်းတွေက သင်ပေးလိုက်တဲ့ မြန်မာကဗျာသင်ရိုးဟာ ယနေ့ခေတ်နဲ့ကိုက်ညီတဲ့ ကဗျာဆရာတစ်ယောက် ဖြစ်လာဖို့ အခြေခံလုံလောက်မှု မရှိပါဘူး။

အခြေခံပညာ အထက်တန်းမှာပြဌာန်းထားတဲ့ မြန်မာကဗျာတွေထဲမှာ ခေတ်ပေါ်ကဗျာ၊ ခေတ်ပြိုင်ကဗျာတွေ မပါဝင်ပါဘူး။ အခြေခံပညာအထက်တန်း၊ မြန်မာကဗျာ လက်ရွေးစင်စာအုပ် အမှာစာမှာ ကဗျာရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို “ကဗျာဆိုသည်မှာ ခံစားမှု ရသပေါ်လွင်အောင် ကာရန်စည်းကမ်းနှင့် ဖွင့်ဆို သီကုံးရသော စာဖြစ်သည်” လို့ဆိုပါတယ်။ အဲဒီဖွင့်ဆိုချက်ဟာ အခုခေတ်ရေးသားနေတဲ့ ကဗျာတွေအတွက် အကျုံးဝင်မှု မရှိတော့ဘူးဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ဒီလို အခြေခံပညာ စာသင်ကျောင်းတွေကနေပြီး ခေတ်ပေါ် ခေတ်ပြိုင်ကဗျာများရဲ့ အခြေခံကို သိရှိလာဖို့ အခွင့်အရေး မရှိတဲ့အခါ မြန်မာကဗျာလောကမှာ ကိုယ်ထူကိုယ်ထ ကဗျာပညာရေး စနစ် ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံတကာကဗျာတွေကို ဘာသာပြန်ကြ၊ ကဗျာဗေဒ ဆောင်းပါးတွေရေးကြ၊ စာအုပ်တွေထုတ်ဝေကြ၊ ကဗျာလေ့လာသူအချင်းချင်း ဗဟုသုတ အသိပညာတွေ ဝေမျှကြတာဖြစ်ပါတယ်။ ဒီတော့ အမျိုးသမီးများအနေနဲ့ အဲဒီလို ကျောင်းသင်ရိုးပြင်ပ ပညာရေးထဲမှာ ကိုယ်တိုင် လုံ့လထုတ်ပြီး ရှာဖွေလေ့လာသင်ယူကြမှသာလျှင် ကိုယ်ခံအားကောင်းတဲ့ ကဗျာဆရာတစ်ဦးဖြစ်လာဖို့ အခွင့်အလမ်းရှိပါတယ်။

ဒီနေရာမှာလည်း လူနည်းစုဖြစ်တဲ့ အမျိုးသမီးတွေက လူများစုကဗျာဆရာ အမျိုးသားတွေနဲ့ ရောနှောသွားလာ ဆွေးနွေးတိုင်ပင်တာမျိုး (ဥပမာ- လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားအများအပြား ထိုင်ပြီး စကားပြောနေကြတာမျိုး) ဟာ မြန်မာအသိုင်းအဝိုင်းမှာ အမြင်မကြည်လင်စရာ ဖြစ်နေမလားဆိုတာမျိုးတွေအထိ စဉ်းစားလာနိုင်ပါတယ်။ အဲဒီလို လူမှုဝန်းကျင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို နောက်ခေါင်းစဉ်အောက်မှာ ဆက်ပြီးဆွေးနွေးချင်ပါတယ်။

၎။ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်း၏ အမျိုးသမီးများအပေါ်ရှုမြင်မှု


လူ့အဖွဲ့အစည်းတစ်ခုဟာ မိမိတို့ရဲ့ သဘောထားကို ထင်ဟပ်နေတဲ့ ရလာဒ်တွေကိုပဲ ပြန်ရလေ့ရှိပါတယ်။ နိုင်ငံအဆင့် လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ ကြည့်ရရင် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ခွဲခြားမှုတွေ၊ မိန်းမဆိုရင် ဒီလိုဖြစ်မှာပဲ ဒါမှမဟုတ် ဒီလိုဖြစ်သင့်တယ် လို့ ကြိုတင်ကောက်ချက်ချထားမှုတွေ၊ လိင်နဲ့ပတ်သက်လို့ အနိုင်ကျင့်နှိမ့်ချမှုတွေ၊ စော်ကားထိပါးမှုတွေဟာ လူမှုရေးနယ်ပယ်တွေထဲမှာ ကျန်ရှိနေသေးတယ်လို့ပဲ သုံးသပ်ရပါမယ်။ ရန်ကုန်မြို့လယ်ခေါင်မှာ မိန်းမကောင်းတစ်ယောက်အနေနဲ့ ညအချိန်မတော် လွတ်လပ်စွာသွားလာလို့ မသင့်သေးပုံ၊ အမျိုးသမီးသီးသန့်ယာဉ်အဖြစ် လိုအပ်လာပုံ စတဲ့ ထင်ရှားတဲ့ သာဓကတွေအများကြီးရှိပါတယ်။ အဲဒီလို အခြေအနေတွေဟာ လူ့အသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်တွေကို ကျိုးနွံကျင့်သားရနေပြီး ထိုးဖောက်မှုမရှိတဲ့ ကဗျာတွေအဖြစ် ရောက်ရှိသွားနိုင်ပါတယ်။ အလားတူပဲ ကဗျာအသိုင်းအဝိုင်းကိုယ်တိုင်ရဲ့ အမျိုးသမီးကဗျာလက်ရာတွေ အမျိုးသမီးကဗျာဆရာတွေအပေါ် ရှုမြင်ပုံဟာ ဘယ်လိုအခြေအနေမှာ ရှိသလဲဆိုတာကို သုံးသပ်ဖို့လိုအပ်ပါတယ်။

နိုင်ငံတကာမဂ္ဂဇင်းစာစောင်တွေမှာ အမျိုးသမီးတွေရဲ့ ကဗျာကို ရွေးချယ်ဖော်ပြတာနဲ့ ပတ်သက်လို့ ၂ဝဝ၇ ဆောင်းဦးမှာ ထုတ်ခဲ့တဲ့ Chicago Review မှာဖော်ပြပါရှိခဲ့တဲ့ Poetry Magazines & Women Poets ဆိုတဲ့ ခေါင်းစဉ်နဲ့ဆောင်းပါးမှာ - အမျိုးသမီးတွေရဲ့ကဗျာတွေကို ကဗျာမဂ္ဂဇင်းတွေမှာ ဖော်ပြမှုဟာ ၁၉၇ဝ ခုနှစ်က ၁၃% ပဲရှိခဲ့ရာကနေ ၂ဝဝ၅ ခုနှစ်မှာ ၃၈% အထိတဖြည်းဖြည်း တိုးတက်လာခဲ့တယ်- လို့ဆိုပါတယ်။ Are Women Underrepresented in the Small Press? ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ထဲက ကဗျာဆရာတွေ ကဗျာအယ်ဒီတာတွေရဲ့ မှတ်ချက်စကားတွေထဲမှာတော့ - အမျိုးသမီးကဗျာနည်းပါးရခြင်းအကြောင်းတစ်ခုက ကဗျာပေးပို့မှုမှာ အမျိုးသားတွေဟာ ပိုပြီး အားတက်သရော ကြိုးပမ်းလေ့ရှိကြပေမယ့် အမျိုးသမီးတွေကတော့ ကဗျာတွေကို ရေးရုံပဲရေးပြီး မဂ္ဂဇင်းတွေကို ပေးပို့တာနည်းလို့ဖြစ်နိုင်တယ်- ဆိုတဲ့ မှတ်ချက်တစ်ခုကို ဖတ်ရှုရပါတယ်။

အမျိုးသမီးကဗျာဆရာတွေရဲ့ ကဗျာပုဒ်ရေ ပိုများများ မြင်တွေ့နိုင်ရေးနဲ့၊ လက်ရှိထက်ပိုအားကောင်းတဲ့ မြန်မာအမျိုးသမီးကဗျာတွေ ပေါ်ထွက်လာရေးမှာ မြန်မာ့ကဗျာအသိုင်းအဝိုင်း ကိုယ်တိုင်ရဲ့ သဘောထားဟာ တွန်းအားပေးစေတဲ့ရှုမြင်ပုံမျိုးလား ဒါမှမဟုတ် အားလျော့စေတဲ့ရှုမြင်ပုံမျိုးလားဆိုတဲ့ အပေါ်မှာလည်း အတိုင်းအတာတစ်ခုအထိ မူတည်နေပါတယ်။

အခြားတစ်ဖက်က ကြည့်ရင်လည်း မြန်မာ့ကဗျာစာပေမှာ အမျိုးသမီးကဗျာဆရာတွေ နည်းပါးနေပေမယ့် စာပေရဲ့အခြားနယ်ပယ်ဖြစ်တဲ့ စကားပြေနယ်ပယ်မှာတော့ ဦးဆောင်ထင်ရှားတဲ့ စာရေးဆရာမတွေအများအပြား ရှိနေကြပါတယ်။ စာပေရဲ့ပြင်ပက လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွေမှာလည်း ထူးချွန်ထက်မြက်တဲ့ အသိပညာ အတတ်ပညာရှင် မြန်မာအမျိုးသမီးတွေ ရှိနေကြတယ်ဆိုတာ တွေ့မြင်နေရပါတယ်။ ဒီတော့ ထူးချွန်သူတွေ ရှိနေပေမယ့်လည်း အမျိုးသမီးတွေရဲ့ လက်တွေ့ကျမှုနဲ့ မိသားစုရေးကို တာဝန်သိ ဦးစားပေးတတ်တဲ့ သဘာဝတွေက ကဗျာကို စိတ်ရောကိုယ်ပါ တစိုက်မတ်မတ် လေ့လာရေးသားဖို့ဘက်ကို ပို့ဆောင်မပေးပဲ လမ်းကြောင်း ပြောင်းသွားစေတာလား ဆိုတာလည်း စဉ်းစားစရာဖြစ်ပါတယ်။

၅။ မြန်မာအမျိုးသမီးကဗျာဆရာများ၏ အနာဂတ်


အထက်က တင်ပြသွားခဲ့တာတွေအပြင် အရေးပါတဲ့ အခြားအကြောင်းရင်းတွေကို ဆက်ပြီးလေ့လာဖို့ လိုအပ်ပါမယ်။ လေ့လာချက်တွေကို မဆီလျော် ဖြစ်သွားနိုင်စေတဲ့ မေးခွန်းတွေလည်း ရှိပါသေးတယ်။ “နိုင်ငံတကာနဲ့ယှဉ် ရင်ဘောင်တန်းနိုင်လောက်တဲ့ မြန်မာအမျိုးသမီးကဗျာဆရာတွေ ရှိလာဖို့ ဘာကြောင့် လိုအပ်ရမှာလဲ။ မြန်မာအမျိုးသမီးတွေ ကဗျာမရေးတော့ ဘာဖြစ်သလဲ၊ ကဗျာကောင်းကောင်းတွေ မရေးတော့ရော ဘာဖြစ်သလဲ။” ဆိုတာတွေပါ။ လိုအပ်ခြင်း မလိုအပ်ခြင်း မည်သို့ပင်ဖြစ်စေကာမူ အခြေအနေတစ်ခုကို အရှိအတိုင်း လက်ခံမြင်နိုင်ကြဖို့တော့ အရေးကြီးပါတယ်။ ဒါမှလည်း ဒီအခြေအနေကနေ ပိုမိုတိုးတက် ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

ဒီအခြေအနေကိုလည်း ပြဿနာ ဒါမှမဟုတ် အားနည်းချက်လို့ အပြစ်ဆိုတာမျိုးတွေထက် အခွင့်အရေး တစ်ခုလို့ မှတ်ယူကြမယ်ဆိုရင် ဘယ်သူမှ လက်မခံနိုင်စရာ မရှိဘူးလို့ ယူဆပါတယ်။ ဆိုလိုတာကတော့ အမျိုးသမီးကဗျာဆရာတွေ ပိုများလာဖို့၊ ကဗျာနဲ့ပတ်သက်တာတွေကို ပိုပြီးနှီးနှောဖလှယ်ကြဖို့၊ အခုထက်ပိုပြီး အားကောင်းမောင်းသန်တဲ့ ကဗျာတွေ ရေးဖြစ်ဖို့ အခွင့်အရေးတွေ အများကြီး ကျန်ပါသေးတယ်။ အဲဒီ အခွင့်အရေးတွေကို အကောင်အထည်ဖော်ဖို့ကတော့ ကဗျာရေးဖို့ကြိုးစားနေတဲ့ ကျွန်မပန်ဒိုရာ အပါအဝင် အမျိုးသမီးကဗျာဆရာတွေ ကိုယ်တိုင်ရဲ့ အားထုတ်မှု လိုအပ်သလို၊ အမျိုးသား ကဗျာဆရာတွေရော ပတ်သက်နှီးနွယ်နေတဲ့ လူ့အဖွဲ့အစည်းကပါ မိမိတို့သက်ဆိုင်တဲ့ ကဏ္ဍကိုယ်စီကနေ အပြုသဘောနဲ့ အားပေး ဆောင်ရွက်ကြပြီး မလိုလားအပ်တဲ့ အကန့်အသတ် အဟန့်အတားတွေကို ပယ်ဖျက်နိုင်ကြဖို့လိုပါတယ်။

ယနေ့ခေတ်မှာ ကမ္ဘာဆန်လာမှုနဲ့အတူ ဗဟုသုတတွေ၊ နိုင်ငံတကာကွန်ယက်တွေ၊ လွတ်လပ်မှု၊ လင်းပွင့်မှုတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ယူဆောင်လာတဲ့ “အင်တာနက်”ရဲ့ အခန်းကဏ္ဍကိုလည်း ချန်လှပ်မထားသင့်ပါဘူး။ အွန်လိုင်းကဗျာတွေထဲက ဥပမာ pemskool တို့လို ဆယ်ကျော်သက် အသက်နှစ်ဆယ်ကျော် လူငယ်ကလေးတွေဟာ ကိုယ့်လမ်းကိုယ်ထွင်ပြီး ပင်မရေစီးထဲကနေ မီဒီယာအားဖြင့်ရော အရေးအသားအားဖြင့်ပါ ခွဲထွက်လာတဲ့ ကဗျာတွေကို ရေးသားနေကြပါတယ်။ ကောင်းဖို့အတွက်ဖြစ်စေ ဆိုးဖို့အတွက်ဖြစ်စေ မျိုးဆက်သစ်တွေရဲ့ ယဉ်ကျေးမှုတွေ တန်ဖိုးတွေ ပြောင်းလာတာကိုလည်း ကဗျာတွေထဲမှာ မြင်နေရပါတယ်။ အဲဒီအထဲမှာ အမျိုးသမီးငယ်တွေရဲ့ ထူးခြားတဲ့ အရေးအသားတွေကိုလည်း တွေ့မြင်နေရတာဟာ မြန်မာအမျိုးသမီးကဗျာ အနာဂတ်အတွက် အပြောင်းအလဲ သို့မဟုတ် အသစ်တစ်ခုကို ထိုးဖောက်လာဖို့ မျှော်လင့်ချက်တစ်ခု ဖြစ်ပါတယ်။

ဒီစာတမ်းကို နိဂုံးမချုပ်ခင် ဖေ့စ်ဘွတ်ခ်မှာ ရှာတွေ့ခဲ့တဲ့ကဗျာတွေထဲက လူငယ်အမျိုးသမီးကဗျာဆရာတစ်ဦးရဲ့ ချွန်မြနေတဲ့ ကဗျာစာကြောင်းတချို့ကို မိတ်ဆက်ပေးချင်ပါတယ်။

“ကြုံဖူးကြမယ် ထင်ပါတယ်
ကျေနပ်တဲ့အခါ …..
အကြောပေါင်း တစ်သိန်းခြောက်သောင်း စိမ့်ဝင်
အပြုံးလက်လက်တွေ လျှာပေါ်တက်လာတယ်

တဒိတ်ဒိတ်သွေးတွေက
တဒုတ်ဒုတ် ရင်ကို ရှိက်ဆွဲ
ဘူတာရုံအောက်မှာ အီလက်ထရို နဲ့
လမ်း လျှောက်သင်ပြီ

ပေါင်မုန့်ကို မလိုင်ဖြစ်ဖြစ်အုပ်ပြီး
အာခံတွင်းထဲငုံ
နာကျင်သောချစ်ခြင်းများ၏ ကျောက်တိုင်
ကိုယ်ထဲကပိုးမွှားတွေ တသားထဲ ပူးကပ်
သစ်ပင်တပင် အမြစ်တွယ်ခြင်း

sex ကို ညစ်တယ်လို့  ထင်တဲ့သူတွေ
လက်သည်းဝှက်သောကျားတွေ
မြင်နေရတယ်
ကိုယ့်ခန္ဓာကို ပြန်ကြည့်
မင်းတို့ငါတို့ဟာ ချက်တော်ကို လက်တော်နဲ့သပ်ရုံ မှာ
ရင့်မှည့်လာခဲ့သောသစ်သီးတွေလား”

“လူဖြစ်ခဲ့သော လူပျိုများအတွက် ဂုဏ်ပြုမှတ်တမ်း” ဆိုတဲ့ကဗျာထဲက စာကြောင်းအချို့ ဖြစ်ပါတယ်။ ရေးဖွဲ့သူ အမျိုးသမီးကဗျာဆရာ မွန်းသူအိမ် ဟာ ဆယ်ကျော်သက်အရွယ်သာ ရှိသေးပါတယ်။
နိဂုံးချုပ်အနေနဲ့ အနာဂတ် မြန်မာကဗျာလောက ဖွံ့ဖြိုးတိုးတက်ရေးမှာ အမျိုးသမီးကဗျာဆရာတွေရဲ့ အခန်းကဏ္ဍဟာ ယခုထက်ပိုပြီး တစ်တပ်တစ်အား ဖြစ်လာစေဖို့ ဆန္ဒပြုလိုက်ပါတယ်။ မြန်မာကဗျာဆရာများအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစွာနဲ့ ကဗျာကိစ္စအဝဝကို ဆက်လက် အားထုတ်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်။

ရည်ညွှန်း/ကိုးကားစာရင်း

- http://www.poetryfoundation.org
- http://en.wikipedia.org/wiki/Category:Pulitzer_Prize_for_Poetry_winners
- http://en.wikipedia.org/wiki/Pulitzer_Prize_for_Poetry
- http://www.pakistan.web.pk/threads/list-of-poets-winners-of-the-nobel-prize-in-literature.452/
- http://www.amazon.com/Heinemann-Book-African-Womens-Poetry/dp/product-description/0435906801
- http://books.google.com/books/about/Japanese_women_poets.html?id=BO8sJ4TYpaUC
- http://mclc.osu.edu/rc/pubs/reviews/zhu.htm
- http://www.poets.org/viewmedia.php/prmMID/5690
- Are Women Unrepresented in the Small Press http://greatamericanpoetryshow.com/articles-and-essays/are-women-unrepresented-in-the-small-press/
- Poetry Magazines and Women Poets www.humanities.uchicago.edu/orgs/review/CR_532_Kotin_Baird.pdf
- Women Get Published and Reviewed Less Than Men in Big Magazines, Say Red-and-Blue Pie Charts http://thehairpin.com/2011/02/women-get-published-and-reviewed-less-than-men-in-big-magazines-say-red-and-blue-pie-charts
- ငြိမ်းဝေ၊ ၂၀၀၉၊ အထက်တန်း မြန်မာကဗျာလက်ရွေးစင် ပြဌာန်းချက်ကို ဖြည့်စွက်အကြံပြုခြင်း စာတမ်း





(မှတ်ချက်။ ။ အချိန်နဲ့ resource မလုံလောက်မှုကြောင့် ဒီစာတမ်းငယ်ကို academic paper မဟုတ်တဲ့ အက်ဆေးတစ်ခုအဖြစ်ပဲ တင်သွင်းခဲ့တာပါ။)

Expand..

Friday, March 9, 2012

ဖြစ့်လေ့ဖြစ်ထဖြစ်စဉ်


ဖြစ်လေ့ဖြစ်ထဖြစ်စဉ်

လူ့အဖွဲ့အစည်း တံခါးအိုကြီးတွေက တကျွီကျွီအီ..လို့
ဆတ်သွားဖူးရုံကလေးကတော့ ဆူးတွေပြွမ်းနေတယ်
ဒိုးဒိုးဒိတ်ဒိတ် ခုတ်မောင်းနေတဲ့ ကောက်ရိုးလှည်းအင်ဂျင်ကို
သင် ဘယ်အရာနဲ့ ငြှိမ်းသတ်မှာတုန်း

ခုနှစ်လွှာအထပ်ထပ်တွေကို ပစ်မှတ်ချိန်ရင်း ပယ်ချ
လက်ဝဲလက်ယာ အစွန်းနှစ်ပါးရဲ့ တိုက်ရိုက်ရောင်းချခြင်းကို ပယ်ချ
Pareto ရဲ့ အဖြစ်နိုင်ဆုံးပွိုင့်အထိ မရောက်မချင်း ပယ်ချ
ရောက်ရှိခြင်းကို ပယ်ချနိုင်ရင် ပြုဖွယ်ကိစ္စပြီးပါပြီ

သို့ပေမယ့်လည်း
ဆံခြည်မျှင်သွေးကြောတွေ တစ်ချောင်းချင်းက
သိမထားတဲ့ အသိစိတ်ဟာ ဟစ်ကြွေးတောင်းဆိုနေလိုက်တာ
စိုစွတ်နေတဲ့ စိတ်ဆန္ဒများလည်း ဦးထိပ်ဖျားကနေ ခြေဖဝါးအထိ

ပန်ဒိုရာ
၉-၁၇.၇.၂၀၁၁

Expand..

Wednesday, February 29, 2012

ပန်ဒိုရာကလုံး



ပန်ဒိုရာကလုံး

ပန်ဒိုရာကလုံး ပေါ်လာသတဲ့
ဘာတုန်း ကလုံး ဆိုတာ
ပန်ဒိုရာ အော်ဒီကလုံး ရေမွှေးအသစ်လား
ဆင်တူယိုးမှား ကြားသူက ကြား
ပန်ဒိုရာက အလုံးကြီးလား ပုံသဏ္ဌာန်ပြောင်းသွား
ပန်ဒိုရာ လုံးလုံးသာ ဖြစ်နေသတဲ့ သူ့ချည်းပဲလား
ပန်ဒိုရာကို ဝန်လုံးတွေ ပိနေသလိုလို
ပန်ဒိုရာ အလုံ ပိတ်ထားခံရသလိုလို
ပန်ဒိုရာ အလုံဘက်မှာ နေသလိုလို
ကောလဟလတွေ ထွက်လိုထွက်
ပန်ဒိုရာ ငတုံးလား ပန်ဒိုရာ ကတုံး တုံးလိုက်တာလား
လေသံဖမ်းပြီး ဘလိုင်းကြီး ဝင်ထည့်သူထည့်
မဟုတ်သေးဘူး မဟုတ်ပါဘူး
ကျွန်မ ပန်ဒိုရာ ကလုံးပါ
ကျွန်မဟာ တရားဝင်ထုတ်လုပ်ထားတဲ့ ပန်ဒိုရာကလုံးပါ
မိတ္တူမဟုတ် ပုံတူမျိုးပွားလည်းမဟုတ်တဲ့ ကလုံးစစ်စစ်ပါ
ကျွန်မကို မူရင်းနဲ့ အချိန်မရွေး တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်
ကျွန်မမှာ လက်တွေ့ကျတဲ့ လတ်တလော မှတ်ဥာဏ်ပဲရှိတယ်
ကလေးဘဝရဲ့ ခြောက်ပြစ်ကင်း အတိတ်တွေ ပါမလာဘူး
ကျွန်မဟာ တန်ဖိုးမြင့် အစားထိုးတန်ဆာပလာတို့ရဲ့ အစုအဝေးမျှသာ
လူလုပ်နာမ်နဲ့ ရှင်သန်နေတဲ့ ရုပ်သက်သက် - ဘဝ မပါဘူး
ကျွန်မဟာ ကံ၊စိတ်၊ဥတု၊အာဟာရနဲ့ တိုက်ရိုက်အချိုးကျချင်မှ ကျမယ်
ဇာတိစက်ဝိုင်းမှာ အငိုက်ဖမ်းဝင်လာတဲ့ လောက်လန်းလေးတစ်ကောင်ဟာ ကျွန်မပေါ့
ကျွန်မရဲ့ ဖြစ်တည်မှုကို ဘုရားတွေက ဘယ်လိုများ ဟောခဲ့ပါလိမ့်
လူသားဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ ကျွန်မရဲ့ ခေါင်းစဉ်ခွဲဟာ ဘယ်အဆင့်မှာလဲ
ဗေဒင်ဆရာတွေရဲ့ တွက်ချက်မှုက ကျွန်မအတွက် ကျိုးကြောင်းဆီလျော်ပါဦးမလား
ကျွန်မရဲ့ ရုပ်ရည်ရူပကာ၊ ခန္ဓာကိုယ်အချိုးအစား၊ အကျင့်စရိုက်၊ အရည်အသွေးဟာ မူလရဲ့ဗီဇ
ကျွန်မရဲ့ ခံစားမှု၊ ရပ်တည်ချက်၊ အတွေးအခေါ်၊ အယူဝါဒတွေကတော့ အကျုံးမဝင်ရင်နေပါစေ
ကျွန်မရဲ့ ရှင်သန်မှုဟာ ကျွန်မ မပါတဲ့ သူတို့အသိုင်းအဝိုင်းအတွက်
ကျွန်မဟာ ပုဂ္ဂလိကမဟုတ်ဘူး အများဆိုင်နာမ် - အများအတွက်တစ်ယောက်
ကျွန်မရဲ့ ပေါင်းစပ်ပါဝင်မှုဟာ တစ်ခုမက - သုံးမျိုးစပ်တစ်ခါသုံးကော်ဖီမစ်လိုမျိုး
ကျွန်မဟာ လူသားမျိုးနွယ်ပြုခြင်းဖြစ်စဉ်ရဲ့ နောက်ဆုံးပေါ် အောင်မြင်မှုတစ်ရပ်
အခုလို ဗျူဟာတကျ စနစ်တကျ ကြိုတင်ကြံစည်ခြင်းရဲ့ အရေးပါမှုဟာ
ဗီဇစိတ်လှုံ့ဆော်မှုထက် မြန်နှုန်းမြင့် စွမ်းဆောင်ရည် သာလွန်မှာပါ
မခုန်လှုပ်တတ်တဲ့ နှလုံးနဲ့ မယိမ်းယိုင်တတ်တဲ့ အူခွေတွေနဲ့
အနာဂတ်ကမ္ဘာမှာ တွက်ခြေကိုက်မယ့် အများသူငါအကျိုးစီးပွားအတွက်
ရောဂါဘယတို့ရဲ့ ကုထုံးအတွက် အမြင့်မားဆုံး ကုန်ထုတ်လုပ်မှုအတွက်
လူ့သဘာဝရဲ့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ
လက်ဝါးကြီးအုပ်မှုတွေ တကိုယ်ကောင်းဆန်မှုတွေ ပပျောက်ကင်းစင်သွားဖို့အတွက်
ကလုံးတို့ရဲ့လောကဟာ အပြီးအပိုင်အစားထိုး ကြီးစိုးသွားသည် အထိ
အတတ်နိုင်ဆုံး ယုံကြည်လိုက်စေချင်ပါသေးတယ်
ကလုံးကလည်း ကလုံးစစ်စစ် အစစ်ကလည်း အစစ်စစ်စစ်
အရာရာဟာ သူ့ရှုထောင့်ကသူကြည့်ရင် အမှန်တွေ အစစ်တွေချည်းပါပဲ
ပန်ဒိုရာကလုံး စည်းရုံးရေးဆင်းသွားတယ်
ပြုံးပြသွားတယ် လက်ကလေးဝှေ့ယမ်းသွားတယ်
သူ့လက်ချောင်းတွေထိပ်ဖျားကို လှမ်းထိခွင့်တောင် ရလိုက်ကြတယ်
မအဝှာရဲ့ သမီးကလေးကို ပါးလေးတောင် ဆွဲနမ်းသွားတယ်
ပန်းစည်းတွေ ပန်းကုံးတွေ ဗီနိုင်းစာတမ်းတွေ စက္ကူအပိုင်းအစတွေ
ကင်မရာမီးတွေ ခရာတွတ်သံတွေ ကားစက်နှိုးသံတွေ ဘီးလှိမ့်ရာတွေ
ပွက်လောရိုက်ကျန်ခဲ့တဲ့ ပြောစရာဆိုစရာတွေ
ဘာတွေဆက်ဖြစ်ဦးမလဲ မဆိုနိုင်ဘူး
မူလလက်ဟောင်းပန်ဒိုရာ ဆိုသူကတော့ အသာငြိမ်နေလေရဲ့
ဒီအဆင်နဲ့ ဒီအဆင် ဆိုတော့လည်း ခြေမြင်နေကြတာများလား


ပန်ဒိုရာ
၂၁.၂.၂၀၁၂


Expand..

Wednesday, February 22, 2012

ယနေ့သတင်းခေါင်းစဉ်များ

ယနေ့သတင်းခေါင်းစဉ်များ

ပိဿာလေးဟာ ရွယ်ရင်းရွယ်ရင်း ဘေးကို ခြေပစ်လက်ပစ်ကျသွားပါပြီ
အဆီလျှော့စားခြင်း ဓလေ့စရိုက်မှာ စားရမှာလည်း အဆီတဝင်းဝင်းနဲ့
ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒမှာ ပစ်ရမှာလည်း သဲတရှပ်ရှပ်နဲ့
လေကုန်မခံနိုင်တဲ့အခါ အပျော်ဆိုတာရယ် ငွေကုန်ခံနိုင်ရင် အကောင်းဆုံးပေါ့
ရုပ်/သံလှိုင်းများ အသံသက်သက်လှိုင်းများ အရုပ်ပြသက်သက်လှိုင်းများ
ဆူနာမီလို ပြန့်ကား တန်ခိုးထွားလာကြလေတယ်
မုသားခုံမင်သူများရဲ့ သစ်သားနှာခေါင်းကြောင့်
လွှာတွန့်တောင်တန်းများရဲ့ ပထဝီအနေအထား စဉ်းစားစရာဖြစ်လာတယ်
ဘယ်တော့မှ မကြီးပြင်းချင်သူတွေဟာ
ပီတာပင်ရဲ့ ဘယ်တော့မှ ဆိုတဲ့ကျွန်းကနေ ဘယ်တော့မှ ပြန်မလာကြတော့ပါ
နယ်မြေလုတိုက်ပွဲများနဲ့ နိုင်ငံတကာ နယ်နိမိတ်စည်း အနေအထားဟာ
ဂျာနယ်တစ်ဖက် ကွမ်းယာတစ်ဖက် ရေမှုတ်တစ်ဖက် မီးစတစ်ဖက် ကိုင်စွဲရင်း
ခပ်ကျဲကျဲ ပစ်ခတ်နေကြတုန်းပါ
ဦးဆောင်သူများလည်း ပုထုဇဉ်မို့ လိုက်ပါသူများလည်း ပုထုဇဉ်မို့
ဥက္ကဌဟာလည်း သဘာပတိဟာလည်း အတွင်းရေးမှူးဟာလည်း အဖွဲ့သူ/သားများဟာလည်း
လူသားများဖြစ်သည့်အတွက် အမှားပါနိုင်သည့်အခါ စိတ်မကောင်းမဖြစ်ခြင်းနဲ့
တာဝန်ကို ဖြောင့်မတ်တည်ကြည်စွာ စိတ်ရှည်သည်းခံ၍ ဆင်ခြင်တုံတရားဖြင့် ဆောင်ရွက်ခြင်းနဲ့
မသိနားမလည်၍ ဆိုလျှင် သဘောထားကြီးစွာ ခွင့်လွှတ်ခြင်းနဲ့
ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေနဲ့ ကြားနေသူတွေနဲ့
သဘောတူပါသလား သဘောမတူသူရှိပါသလား (သုံးကြိမ်စီ) နဲ့
ယဉ်ကျေးမှုတွေ ထိန်းသိမ်းဖို့ ယိမ်းကရင်း ယတြာခြေကာ ယဇ်ပူဇော်ခြင်းနဲ့
စီးပွားရေး တဖန်ပြန်လည် ဦးမော့လာတဲ့အခါ
အရင်းကျမ်းတောင် အရမ်းကျဉ်းသွားခဲ့ပါပြီ
မကြာမီရက်ပိုင်းအတွင်း နားနားပြီးတော့ ထူးခြားလာပါဦးမယ်

နက်ကတိုင် ကိုယ်စီဝတ်ဆင်ထားတဲ့ လူကြီးလူကောင်းများ
နက်ကတိုင်ပါတီကို တန်းစီ ချီတက်ကြတဲ့အခါ


ပန်ဒိုရာ
၂၀-၂၁.၂.၂၀၁၂

Expand..

Tuesday, January 24, 2012

ခဲဝါ



ခဲဝါ

ကောင်မလေးဟာ စိတ်တွေလှုပ်ရှားပြီး အိပ်ရာက စောစောနိုးလာခဲ့တယ်။ တစ်ခါမှ မိဘနဲ့ခွဲပြီး ညအိပ်ညနေ အပြင်မသွားဖူးခဲ့သူပါ။ သူအလည်သွားမယ့် သူငယ်ချင်းနာမည်က မာမာချိုတဲ့။ မာမာချို ရဲ့အမေ ဒေါ်အပြုံးနဲ့ သူ့အမေနဲ့က ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပါ။ ဒီတော့ သူ့အမေက မြို့လေးရဲ့ တစ်ဘက်ကမ်းမှာရှိတဲ့ မာမာချိုတို့ရွာကို ကျောင်းပိတ်ရက်မှာ နှစ်ညအိပ် သွားလည်ဖို့ စိတ်ချလက်ချ ထည့်လိုက်တာ။

အဲဒီမြို့လေးကိုပြောင်းလာတော့မှ စပြီး ကျောင်းနေတဲ့ သူ့အတွက် မာမာချိုက ပထမဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ပါ။ သူက မူကြိုကျောင်းလည်း မတက်ဖူးဘူး။ အမေ့ကျောင်းမှာပဲ သူငယ်တန်းစာတွေကို စောစောစီးစီး ကြေခဲ့ပြီးပြီ။ သူငယ်တန်းကို ပထမဆုံးတက်တဲ့နေ့က ဆရာမက ဝလုံးတွေကို ကျောက်သင်ပုန်းနဲ့အပြည့် ရေးခိုင်းခဲ့လို့ ငိုခဲ့ရသေးတယ်။ မာမာချိုတို့ ရွာကို သွားလည်တဲ့နှစ်က သူဟာ တတိယတန်းတက်နေပြီ။ အဲဒီမနက်က အမေက နေ့လည်စာကို စောစောစားပြီးမှ သွားရမယ်လို့ ပြောလာတယ်။ ငါးကြော်ဆီဆမ်းထားတဲ့ ထမင်းပူပူနွေးနွေးနဲ့ ငါးကြော်တုံးကို အမေက ဖဲ့ပြီးခွံ့ကျွေးတာကို တစ်ပန်းကန် ကုန်အောင်မစားနိုင်ဘူး။ မာမာချိုက ပြောပြထားတယ်၊ သူတို့ရွာမှာ ရှိတဲ့ လယ်ကွင်းတွေ၊ သီးနှံစိုက်ခင်းတွေ၊ ပန်းခင်းတွေ၊ ကျွဲတွေနွားတွေ၊ ပြီးတော့ ညညဆို ရောက်လာတတ်တဲ့ ခဲဝါတွေ အကြောင်း။ ခဲဝါ ဆိုတာဘာကောင်လဲ လို့ မေးတော့ ခွေးလို အကောင်လေးတွေ၊ အုပ်စုဖွဲ့ပြီး နေတတ်တယ် တဲ့။ ညတွေဆို ဝှား..ဝှား..လို့ အော်ပြီး တောအုပ်ဘက်က ဆင်းလာတတ်တယ်တဲ့။ သူက ခဲဝါဆိုတာကို တစ်ခါမှမကြားဖူးတော့ ခဲဝါတွေကို စိတ်ဝင်စားနေမိတယ်။

ထမင်းစားပြီးတဲ့အချိန်မှာ မာမာချိုရယ် မိမိနိုင်ရယ် ခင်နှင်းဝေရယ် မာမာချို့အမေ ဒေါ်အပြုံးရယ်က အိမ်ရှေ့ကနေ လာခေါ်ကြတယ်။ မိမိနိုင်နဲ့ ခင်နှင်းဝေကလည်း မာမာချိုတို့ရွာကပါပဲ။ သူနဲ့ တစ်တန်းတည်းသား သူငယ်ချင်းတွေပဲ။ မိမိနိုင်က အသားညိုညို မျက်နှာဖောင်းဖောင်းနဲ့ ဝတုတ်လေး။ ခင်နှင်းဝေကတော့ ပိန်ပိန်လေး အသားလတ်တယ်။ မာမာချိုကတော့ သူတို့ထဲမှာ အဖြူဆုံးနဲ့ အရပ်အရှည်ဆုံး။ ကောင်မလေးကတော့ အတန်းထဲမှာ အသေးကွေးဆုံး ဖြစ်နေတယ်။ မာမာချို့ မိဘတွေက မြို့လေးထဲမှာလည်း ကိုယ်ပိုင်အိမ်ရှိတော့ မာမာချို ကျောင်းတက်တဲ့အခါ မြို့ကပဲ တက်တယ်။ မိမိနိုင်နဲ့ ခင်နှင်းဝေတို့ကတော့ နေ့တိုင်း မနက်စောစောထပြီး ရွာကနေ ကျောင်းကိုလာရတယ်။ သူတို့မှာ စက်ဘီးလည်း မရှိကြပါဘူး။ အဲဒီတုန်းက ပန်းကမ္ဘာစက်ဘီးတို့ဘာတို့ ဆိုတာ အတော်ပိုက်ဆံတတ်နိုင်တဲ့ သူဌေးတွေမှ ဝယ်စီးနိုင်တာ။ ရွာအနီးအနားက ကျောင်းသားတွေဟာ မြို့ကလေးမှာ ကျောင်းတက်ဖို့ ဒီလိုပဲ ကုန်းကြောင်း လျှောက်လာကြရတယ်။

ရွာလေးနာမည်က ညောင်ကုန်း တဲ့။ အဲဒီရွာကို သွားဖို့ဆိုရင် မြို့လေးရဲ့ အဓိက သင်္ဘောဆိပ်ဖြစ်တဲ့ ချောင်းရှိရာကို သွားရတယ်။ ချောင်းပေါ်ကို ဖြတ်ထိုးထားတဲ့ တံတားရှည်ရှည်ကလေးကို ဖြတ်ပြီးရင် ဟိုဘက်ကမ်းကိုရောက်ပြီ။ အဲဒီကနေ နောက်ထပ် တစ်နာရီကျော် လမ်းလျှောက်သွားတဲ့အခါ ညောင်ကုန်းကိုရောက်မယ်။ တစ်နာရီကျော်ကျော် မြေလမ်းလေးတွေ ကန်သင်းဘောင်တွေကို ဖြတ်ပြီး ခြေကျင်လျှောက်ရတာဟာ တကယ်ဆို သူ့အတွက် ပင်ပန်းစရာခရီးပေါ့။ ဒါပေမယ့်လည်း သူ့သူငယ်ချင်းတွေက သရဲခြောက်တတ်တယ်ဆိုတဲ့ ရေကန်ကြီးအကြောင်းတို့၊ ထုံးဖြူဖြူဘုရားလေးနားက ဥစ္စာစောင့်သိုက်အကြောင်းတို့ မငြီးငွေ့အောင် စိတ်ဝင်စားစရာ ဇာတ်လမ်းတွေကို တဖောင်ဖောင် ပြောသွားကြတယ်။

လမ်းတလျှောက်မှာ လယ်ကွင်းတွေ အများကြီးရယ်။ တမျှော်တခေါ် စပါးပင်စိမ်းစိမ်းတွေပေါ်က ဖြတ်တိုက်လာတဲ့လေဟာ နေပူကျဲကျဲအောက်မှာပေမယ့် အေးစိမ့်နေတယ်။ ရွာနဲ့နီးလာတော့ စိုက်ပျိုးခင်းတွေ ပိုတွေ့လာရတယ်။ တစ်ဘက်တည်းကို တူတူညီညီလှည့်ပြီး ပွင့်နေကြတဲ့ နေကြာပွင့်ဝါဝါတွေ၊ နှမ်းပင် မြေပဲပင်တွေ၊ တွန့်လိမ်တွယ်တက်နေတဲ့ ဗူးစင်တွေ၊ ချဉ်ပေါင်ခင်းတွေလည်းပါရဲ့။ အမျိုးအမည်မသိတဲ့ တခြားစိုက်ခင်းတွေလည်းရှိတယ်။ အဲဒီမှာ အဆုပ်ကြီးပန်းတွေ အများကြီးပွင့်နေတာကို တွေ့ခဲ့ရတာ။ အဆုပ်ကြီးပန်းတွေ လှလိုက်တာလေ။ တချို့က နီရောင်သန်းတယ်၊ တချို့ကလိမ္မော်၊ အများစုက ဝါဝါထိန်တယ်။ အဲဒီပန်းက ဂန္ဓမာပန်းဆန်ဆန် ပွင့်ဖတ်တွေအများကြီးနဲ့ အဆုပ်လိုက်ပွင့်လို့ အဆုပ်ကြီးပန်းလို့ ခေါ်တာထင်ပါတယ်။ အနံ့မွှေးပုံက စူးဝါးလွန်းတယ်။ အဲဒီပန်းရဲ့ ပွင့်ဖတ်တွေကို တစ်ဖတ်စီခြွေပြီးတော့ ပွင့်ဖတ်အရင်းက အနက်ရောင်အဆံလေးတွေကို ဖောက်ပြီး တစ်ဖတ်နဲ့တစ်ဖတ် ချိတ်ဆက်လိုက်ရင် ပန်းကုံးလေးသီလို့ ရတယ်။ သူတို့က ကျောင်းမှာ တစ်ယောက်ယောက်က အဲဒီပန်းတွေ ယူလာတဲ့အခါတိုင်း ပန်းကုံးလုပ်ပြီး ဆော့ရတာကို သိပ်ကြိုက်ကြတယ်။ လမ်းမှာ ပန်းတွေကို နိုင်သလောက် ခူးသွားကြတယ်။

ကောင်မလေးက အစားအသောက် ကြေး(ဂျီး)များတယ်။ အိမ်ထမင်းအိမ်ဟင်းကလွဲလို့ သူများအိမ်မှာ လက်ရာပြောင်းရင် မစားနိုင်ဘူး။ မာမာချိုတို့အိမ်က ညစာမှာတော့ ဟင်းတွေထဲမှာ သူမစားဖူးတဲ့ အာလူးလိုလို ပိန်းဥလိုလိုနဲ့ ချိုတိုတို ဟင်းတစ်မျိုးပါတယ်။ အဲဒါ ဘာလဲလို့မေးတော့ မျောက်ဥ လို့ပြောလို့ သူ့မှာ အတွေးခေါင်လိုက်ရသေးတယ်။ ပျစ်ပျစ်ခဲခဲ နို့တမျိုးကိုလည်း သောက်ရတယ်။ သိပ်အရသာရှိတယ်။ ကျွဲနို့လို့ပြောတယ်။ ခြံဝင်းကျယ်ကျယ်ထဲက အိမ်ဘေးမှာတော့ နွားတင်းကုပ်တွေ ကျွဲတင်းကုတ်တွေ ရှိတယ်။ သူက တိရစ္ဆာန်တွေကို ကြောက်တတ်တယ်။ တိရိစ္ဆာန်တွေက သူ့ကို ရန်မူမှာ သိပ်စိုးရိမ်တတ်တယ်။ ကျွဲနွှားမပြောနဲ့ ချစ်စရာ ခွေးကလေး ကြောင်ကလေးတွေကိုတောင်မှ မထိမတို့ရဲဘဲ တွန့်ဆုတ်နေတတ်တယ်။

ခြံဝင်းကျယ်ကြီးထဲကို လျှောက်သွားပြီး အလေ့ကျ ပေါက်နေတဲ့ ပန်းလှလှတွေ ဘာမှန်းမသိတဲ့ သစ်သီးတွေကို လျှောက်ခူးကြတယ်။ ကောက်ရိုးပုံကို အိမ်ဆောက်ထားတာကို တအံ့တသြ ငေးကြည့်မိသေးတယ်။ အိမ်ထဲကို ဝင်ကြည့်တော့ သူနဲ့ရွယ်တူလောက် ကောင်လေးတစ်ယောက် အိပ်နေတာကို တွေ့လိုက်တယ်။ ကောင်လေးကို မြင်ဖူးသလိုလိုနဲ့ လက်စသတ်တော့ သူတို့အတန်းထဲက ကျောင်းသားတစ်ယောက် ဖြစ်နေပြန်တယ်။ နာမည်တော့ မေ့သွားခဲ့ပြီ။ ညဦးပိုင်းမှာတော့ သူ့သူငယ်ချင်းတွေရော သူတို့ရဲ့ ညီအစ်ကိုမောင်နှမ ဝမ်းကွဲတွေရော ကလေးတွေအများကြီးပဲ။ မာမာချိုတို့အိမ်မှာ ခြင်ထောင်တွေ တန်းစီပြီး စုအိပ်ကြတယ်။ သူက စာအုပ်တွေဖတ်တာ ဝါသနာပါတယ်ဆိုတာ သိထားတော့ ပုံပြင်အသစ်တစ်ပုဒ် ပြောပြပါလို့ ၀ိုင်းပူဆာကြတယ်။ တခြားကလေးတွေ မသိနိုင်တဲ့ ပုံပြင် ဘာပြောရင်ကောင်းမလဲ စဉ်းစားတယ်။ သူက အဲဒီအချိန်မှာ ဝတ္ထုစာအုပ်တွေ လျှောက်ဖတ်နေပြီလေ။ ဒီတော့ မကြာခင်က ဖတ်ထားတဲ့ သိုင်းဝတ္ထု ဇာတ်လမ်းတွဲရဲ့ ပထမပိုင်းကို ပြန်ပြောပြလိုက်တယ်။ ကလေးတွေ ပါးစပ် အဟောင်းသားနဲ့ နားထောင်ကြတယ်။ တရုတ်နာမည်တွေကို တအံ့တသြ ရယ်မောကြတယ်။ ဇာတ်လမ်းက ဘာဆက်ဖြစ်မလဲ သိချင်နေကြတော့တယ်။

သူဟာ ခဲဝါတွေလာမှာကို သိချင်ဇောနဲ့ တော်တော်နဲ့ အိပ်မပျော်သေးဘူး။ အဝေးက တဝှားဝှား အော်သံတွေကိုတော့ ခပ်သဲ့သဲ့ ကြားနေရတယ်။ ခဲဝါတွေ မလာသေးဘူးလားလို့ မာမာချိုကိုမေးတော့ မာမာချိုက အဲဒီလို မမေးကောင်းဘူး တဲ့။ သူတို့ မလာတာ ပိုကောင်းတယ် သူတို့က ကျွဲတွေနွားတွေကို ဝင်ဆွဲပြီး ကိုက်စားတတ်တယ် လို့ပြန်ပြောတယ်။ ခဲဝါတွေကိုလည်း မြင်ချင် ကျွဲတွေနွားတွေကို အန္တရာယ်ပြုမှာကိုလည်း စိုးရိမ်မိတာနဲ့ သူက ဘယ်လို ဆုတောင်းရမှန်းမသိ ဖြစ်နေခဲ့တယ်။ ဘယ်အချိန် အိပ်ပျော်သွားသလဲ မသိဘူး၊ ဆူဆူညံညံ အသံတွေကြားပြီး မီးတွေလင်းလာတော့ သူလန့်နိုးသွားတယ်။ ခြံဝင်းတစ်ဝင်းလုံးမှာ လူကြီးတွေ နိုးနေကြပြီ။ မာမာချိုရဲ့ အဖေက တုတ်ရှည်တစ်ချောင်းကို ကိုင်လို့။ ခဲဝါတွေ ခြံနားကို ရောက်လာလို့ မီးတွေထွန်းထားတာတဲ့။ အခုတော့ ပြန်ပြေးသွားကြပြီတဲ့။ ခဲဝါတွေက မီးကိုကြောက်ကြတယ်။ သားရိုင်းတိရစ္ဆာန်တွေဟာ မီးအလင်းကို ရင်မဆိုင်ရဲဘူး။

ဆောင်းညအေးအေးမှာ သူက သူငယ်ချင်းတွေ နွေးထွေးဝန်းရံပြီး နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားခဲ့ပါတယ်။ ခဲဝါတွေကို သူက မျက်ဝါးထင်ထင် မတွေ့မြင်ဖူးလိုက်ဘူး။ လူတစ်ယောက်ရဲ့ ဘဝမှာ ခဲဝါတွေနဲ့ တွေ့ဖူးခြင်း မတွေ့ဖူးခြင်းက တကယ်တော့လည်း ဒီလောက် အရေးပါတာမှ မဟုတ်ဘဲ။ အဲဒီတုန်းကတော့ နောက်တနေ့ နိုးလာတဲ့အခါ သူ မကျေမနပ် ဖြစ်ခဲ့ကောင်း ဖြစ်ခဲ့နိုင်တယ်။ နောက်တော့လည်း မေ့သွားမှာပဲ။ နောင်အနှစ် နှစ်ဆယ် သုံးဆယ်လောက် ကြာတော့မှ ခဲဝါတွေကို သူက ပြန်သတိရချင်လည်း ရနေဦးမှာပေါ့။ ခဲဝါတွေလို အဝေးတောတန်းတနေရာကနေ အူသံပေးတတ်တာတွေ၊ အုပ်စုဖွဲ့ပြီး အနိုင်ယူတတ် တာတွေကိုလည်း အသက်ကြီးလာတဲ့အခါ ကြုံရင်ကြုံရဦးမှာပဲ။ အဲဒီအခါမှာလည်း ခဲဝါတွေထက် သူတွေ့ကြုံခဲ့တဲ့ တောပန်းလေးတွေ တောလမ်းလေးတွေရယ် အတူတူပျော်ရွှင်ခဲ့ပြီး ပြန်မတွေ့ဖြစ်တော့တဲ့ ကလေးဘဝက သူငယ်ချင်းတွေရယ်ကို သူ့အာရုံထဲမှာ ပိုပြီး မြင်ယောင်နေတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။

ပန်ဒိုရာ
၁၇.၁၁.၂၀၁၁-၂၄.၁.၂၀၁၂

Expand..

Monday, January 9, 2012

happy new year 2012




၂၀၁၂ ဆိုတာ ရောက်လာခဲ့ပါပြီ။ နှစ်တစ်နှစ်ရဲ့ အစမှာ လုပ်ဖြစ်တဲ့ အလုပ်တစ်ခုဟာ တစ်နှစ်လုံး ဆက်လုပ်နေရတတ်တယ်လို့ အယူသည်းရကြေးဆိုရင်ဖြင့် ပန်ဒိုရာဟာ တစ်နှစ်လုံး ခရီးတွေ သွားနေရမလား မသိပါဘူး။ နှစ်သစ်ညကို မြန်မာပြည်အထက်ပိုင်း တစ်နေရာမှာ ကုန်လွန်စေခဲ့ပါတယ်။ ခရီးမသွားခင် နှစ်တိုင်းတင်နေကျဖြစ်တဲ့ နယူးရီးယားနှုတ်ခွန်းဆက် ပုံကလေးတစ်ပုံ ဆွဲပြီး တင်မလို့ ကြိုးစားသေးတယ်။ အချိန်မရလိုက်ဘူး။ အခုမှပဲ ပုံလေး ဆွဲဖြစ်ပါတယ်။ ပျော်ရွှင်ကြပါစေ။

Expand..

Saturday, December 24, 2011

လေးရာသီရုပ်မြင်သံကြားဇာတ်လမ်းတွဲများမှ


လေးရာသီရုပ်မြင်သံကြားဇာတ်လမ်းတွဲများမှ

အာရုံတစ်ခြမ်းကို နောက်တစ်ခြမ်းနဲ့ ဖမ်းလိမ်ချုပ်ထား
လွတ်မြောက်လိုစိတ်တွေတင်းတောင့် လွတ်ထွက် မသွားအောင်
ကျစ်ကျစ်ပါနေ သွေးကြောတွေထဲ တဖျဉ်းဖျဉ်း အသံတွေ တဟင်းဟင်း
ခြေလက်တွေဖြတ်တောက်လည်းအညှောင့်ပြန်ထွက် နံရိုးတွေတဖျစ်ဖျစ်ပြန်စေ့သွား ဆဲလ်တွေ

ရီဂျန်နရိတ် မဖြစ်နိုင်တော့အောင် ဦးခေါင်းတည့်တည့်ကို ချိန်ပြီးပစ်ထည့်လိုက်
မီးပွိုင့်တွေ တစ်ခုပြီးတစ်ခု ရှော့ခ်ရသွား လှေခါးမလိုဘဲ မိုးပျံတိုက်တွေကို လူလွန်သတ္တိနဲ့
ခုန်ချ ဘေးတိုက် တည့်တည့် ကန့်လန့် ဒေါင်လိုက် ဇောက်ထိုး ၃၆၀ဒီဂရီ
အကြီးအကျယ် ပေါက်ကွဲကာနီး တစ်စက္ကန့်အလိုမှ ဇာတ်လိုက်ဟာ သီသီကလေး

လွင့်စင်ထွက်သွား အားလုံးဆွံ့အကျန်ခဲ့မှ အရာရာ နေသားတကျ ဖွာလန်ကျဲစွာ
အင်နာဂျီပါးလွှာတဲ့ စကားလုံးပွယောင်းယောင်းတွေ တတ်နိုင်သမျှလေး ဒီတစ်ခါဖြင့်
တကယ့်ကို နောက်ဆုံး နူးညံ့တဲ့အသုံး မိခင်ဆန်ဆန် မောင်နှမဆန်ဆန် ချစ်သူဆန်ဆန်
တဒင်္ဂကလေး ဟိုမှာ ရိပ်ခနဲ လိုက်လာကြပြန်ပြီ ခေါင်းငုံ့ထား ပြန်လှည့်မကြည့်တမ်း

ပြေးပေတော့ မကြာခင် ဇာတ်သိမ်းပိုင်း အမှတ်စဉ်လေးဆယ် အတွဲတစ်ရာ့တစ်ဆယ် မှာ
စူပါအင်အားဖြည့် အင်ဂျက်ရှင်ကို သွေးကြောထဲ ဖောက်ခနဲ ဦးနှောက်ထဲ လက်ခနဲ
ဗီလိန်တွေလူကောင်းပြန်ဖြစ် ပြောင်းပြန်နိယာမနဲ့ အကူးအပြောင်းမှာ ဟက်ခနဲ
အရိုးတွေတရွှီရွှီတွန်လာကြ ဂူဂဲလ် ဖေ့စ်ဘွတ်ခ်များမှ တဆင့် ဗိုင်းရပ်စ်လို ပြန့်နှံ့စေတဲ့

ပါဝါတစ်ခုဟာ စုပ်ယူနေ သံလိုက်တုံးလိုဆွဲခေါ် အဲဒါဟာ မွတ်သိပ်မှုသက်သက်
စိတ္တဇကို စိတ်တစ်စက ပြန်ငြင်း ကြက်သီးမွေးညင်းတွေကို ခုတ်ပိုင်းချလိုက်
နောက်တစ်ခါ greater good အတွက် save the world ကျေးဇူးပြုပြီး
ကီးဘုတ်ပေါ်မှာ အဲဒီပတ်စဝါ့ဒ်ကို ရိုက်ထည့်နေမိတဲ့ လက်ချောင်းလေးတွေ ထိပ်ကို

ပင်အပ်တွေ တစ်ချောင်းချင်း တစ်ချောင်းချင်း တစ်ချောင်းချင်း … စိုက်-ထည့်-လိုက်
အဖြူရောင်မုသားများ လေထဲစိမ့်ထွက် အသက်ရှူသူတိုင်းအတွက် အန္တရာယ်အချက်ပေးသံ
ခေတ္တနားကြပါစို့ ခေတ္တရှောင်ရှားကြပါစို့ ခေတ္တထွက်ခွာကြပါစို့ ခေတ္တ ခေတ္တ
((အားးးးးး.. ဓာတ်လှေခါးထဲ ပိတ်မိနေလို့ ကယ်ကြပါဦး ဒုံး ဒုံး…))


ပန်ဒိုရာ
၂၄.၁၂.၂၀၁၁

Expand..

Thursday, December 22, 2011

ခရစ္စမတ်လက်ဆောင်



ခရစ္စမတ်လက်ဆောင်

ခရစ္စမတ်ဆိုတာ သူ့အတွက် ပျော်ရွှင်စရာ ပွဲတော်တစ်ခုဟု မစဉ်းစားတော့တာ ကြာပြီ။ ခရစ္စမတ်မှ မဟုတ်၊ နှစ်သစ်ကူးပွဲ၊ ပါတီပွဲတွေ၊ စင်မြင့်ဖျော်ဖြေပွဲတွေ မည်သည့်ပွဲသဘင်မျိုးကမှ သူ့ကို ပျော်ရွှင်မှု (အနည်းဆုံး စိတ်လှုပ်ရှားမှုလောက်ပင်) မပေးစွမ်းနိုင်တော့တာ ကြာခဲ့ပြီ။ သူထိုင်နေသည့် ခုံတန်းရှည်ပေါ်ကို နှင်းတွေ ဖြိုးဖြိုးဖျောက်ဖျောက် ကျနေစဉ် အိမ်အတော်များများ ရှေ့တွင်တော့ ထင်းရှုးပင်များကို ပြောင်ပြောင်လက်လက် ရောင်စုံဖဲပြားများ ခေါင်းလောင်းများဖြင့် ဆင်ယင်နေကြသည်။ အိမ်တွေထဲမှ ကလေးများ ဆူဆူညံညံ အော်ဟစ်ရယ်မောနေသံကို ကြားရတော့ သူ ပခုံးတွန့်မိသည်။ အခုလိုအချိန်မျိုးမှာ တစ်ယောက်ယောက်က ပေးမည့် ခရစ္စမတ်လက်ဆောင်ကို မျှော်လင့်ရင်ခုန်နေကြတာ ဖြစ်မှာပေါ့။ ငယ်ငယ်တုန်းကတော့ လိုချင်ခဲ့သော အရာတွေကို စန်တာကလော့ဟု ခေါ်သော ခရစ္စမတ်ဘိုးဘိုးက လက်ဆောင်ထုပ်ထဲ ထုပ်ပိုးသယ်လာမည်ဟု သူလည်း မျှော်လင့်ခဲ့ဖူးပါသည်။ အဲဒီအချိန်က သူလိုချင်သည့် အရာတွေကတော့ ရိုးစင်းခဲ့ပါသည်။ ရောင်စုံခဲတံဗူး၊ ဘောလုံး၊ ပလစ်စတစ် သေနတ် စတာတွေ။ တခါတလေကျတော့ သူ တောင့်တနေသည့် အရာတွေက လက်ဆောင်ထုပ်ထဲ ပါမလာပေမယ့်လည်း အခြား သူ နှစ်သက်နိုင်သော အရာတစ်ခု ပါလာတော့ ပျော်ရွှင်ခဲ့ရပါသေးသည်။ ဥပမာ သူတွေးမထားခဲ့သည့် ရုပ်စုံကာတွန်း စာအုပ်တစ်အုပ်ဖြစ်ဖြစ် ချိုချဉ်တစ်ထုပ်ဖြစ်ဖြစ် ရလာတဲ့အခါ..။ တခါတလေတော့ ကိုယ်လိုချင်တာ မဟုတ်သည့် အရာတစ်ခု ရလာတော့လည်း ပျော်နိုင်တာပဲ မဟုတ်လား။ ကိုယ်လိုချင်တာ မဟုတ်သည့် အရာကလည်း ကိုယ်မလိုချင်တဲ့အရာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ အဲဒီအရာဟာ ပိုကောင်းသည် မကောင်းဘူးကလည်း ပြောရခက်ပါသည်။ မည်သူက သတ်မှတ်သလဲ ဆိုသည်မှာ မူတည်နေတတ်သည်။ ဘာပဲဖြစ်ဖြစ် ငယ်ငယ်တုန်းကတော့ ပျော်ရွှင်စရာတွေက အတော်များခဲ့ပါသည်။ ရုပ်ရှင်ကြည့်ရတာလည်း ပျော်စရာ။ ပွဲဈေးမှာ မုန့်တွေ ၀ယ်စားရတာလည်းပျော်စရာ။ စာမေးပွဲတွေ အောင်တာလည်း ပျော်စရာ။ အဲဒီအထဲမှာ ကဗျာရွတ်ပြိုင်ပွဲတွေမှာ ပြိုင်ရတာလည်း ပျော်စရာတစ်ခု။ စင်မြင့်ပေါ်မှာ ဒူးကလေးထောက်လို့ လက်ဟန်အမူအရာဖြင့် ပါးစပ်ကလေးဟပြီး ကဗျာရွတ်နေသည့် အပြစ်ကင်းစင်သော ကလေးလေးတစ်ယောက်၏ ပုံရိပ်ဟာ ပျော်စရာပဲ။ အဲဒီလို ပျော်စရာ ကဗျာတွေကို အသက်ကြီးလာတဲ့အခါ ဘာဖြစ်လို့ မရွတ်နိုင်ကြတော့တာပါလိမ့်။ ငယ်ငယ်ကတော့ ဘာလိုချင်ခဲ့ ဘာလုပ်ချင်ခဲ့သလဲဆိုတာတွေ၊ ရခဲ့သလား မရခဲ့သလား ဆိုတာတွေဟာ သိပ်တော့အရေးမကြီးခဲ့ဘူး ထင်ပါသည်။ မရတော့လည်း မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး အစားထိုး တစ်ခု ရသွားတော့လည်း အလွယ်တကူ ပျော်ရွှင်တတ်သားပဲ မဟုတ်လား။ တကယ်တော့ သည်လို ပြောရတာလည်း သိပ်တော့ မတရားပါ။ ဒါက အခုအချိန်မှာ အရင်အချိန်ကို ပြန်တွေးတဲ့ အတွေးဖြစ်နေသည်။ အဲဒီတုန်းကလည်း အဲဒီအရွယ်အလျောက် အရေးကြီးကောင်း ကြီးခဲ့နိုင်ပါသည်။ သို့သော်လည်း အသက်ကြီးလာသည့်အခါ လူတို့၏ အလိုတွေက ပိုပြီး ရှုပ်ထွေးနေတတ်သည် မဟုတ်ပါလား။ လူကြီးတို့၏ မျှော်လင့်ချက်သည် ကိုယ်တိုင်တစ်ဦးတစ်ယောက် ထက်ပိုသော အခြားသူများနှင့် သက်ဆိုင်သည့် မျှော်လင့်ချက် ဖြစ်နေတတ်သည်။ သူ့ဆန္ဒက အခြားတစ်ယောက်ယောက်၏ ဆန္ဒနှင့် ပြောင်းပြန် အချိုးကျနေနိုင်မလား။ ဒါဟာ လွဲမှားနေသည့် ယုတ္တိဗေဒလည်း ဖြစ်နိုင်ပါသည်။ လူတွေဟာ နောက်ဆုံးတော့ တစ်ဦးချင်း တစ်ယောက်ချင်း မဟုတ်ဘူးလား ဘာလို့ တခြားသူတွေကို ထည့်စဉ်းစားနေရမှာလဲ ဆိုသည်မှာ ပဋိပက္ခဖြစ်စေသော စဉ်းစားမှုဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လိုချင်တာတွေဟာ အချိန်အခါ နေရာအလိုက် ပြောင်းပြောင်းလာတတ်သည် ဆိုလျှင်တော့ သူ့မျှော်လင့်ချက်တွေ ပြောင်းလဲလာဖို့ သူက မျှော်လင့်နေသေးသည်။ အခုအချိန်မှာ ခရစ္စမတ်က သူ့အတွက် အရေးမကြီးဘူးပဲ ထားပါတော့၊ သူလိုချင်သည့် တစ်ခုခုဟာ ခရစ္စမတ်မှာ လက်ဆောင်တစ်ခုအဖြစ် ကျိန်းသေ ရလာမည် ဆိုလျှင်တော့ နေ့တိုင်းကို သူက ခရစ္စမတ် ဖြစ်နေစေချင်ဦးမှာ။ ဒါဟာလည်း မည်သူကမှ အပြစ်မတင်သင့်သည့် သာမန်လူသားဆန်ဆန် လောဘတစ်မျိုး ဖြစ်ပါလိမ့်မည်ဟု သူက ချေပနေမိသေးသည်။ ကိုယ်လိုချင်သည့် အရာတစ်ခုကို ကိုယ်ပေးစေချင်သူ တစ်ယောက်က ပေးလာမှ ရချင်တာ ဆိုတာမျိုးကတော့ မခက်ပေဘူးလား။ ဘာကိုမှ လိုချင်ရကောင်းမှန်း မသိတော့အောင် စိတ်တွေ ကုန်ခန်းနေတာလည်း ဖြစ်နိုင်ပါသည်။ ဘာထည့်ထားမှန်းမသိသည့် ကံကြမ္မာကို စွန့်စွန့်စားစား ဖွင့်ဖောက်ဖို့တော့ သူ မကြိုးစားခဲ့ပါ။ သူ ဆက်ထွက်လာတော့ ဝတ်ထားသည့် ကုတ်အင်္ကျီပေါ်မှာ တင်နေသော နှင်းဖတ်တွေက တပါတည်း ခိုတွယ်လိုက်သွားသည်။ အနီရောင် ဖဲကြိုးဖြင့် စည်းနှောင်ပြီး လှလှပပ သပ်သပ်ရပ်ရပ် ထုပ်ပိုးထားသည့် အစိမ်းရောင် လက်ဆောင်ထုပ်ကလေးက သူ့ကိုငေးကြည့်ရင်း ခုံတန်းရှည်ပေါ်မှာ ကျန်ရစ်ခဲ့သည်။

ပန်ဒိုရာ
၂၂.၁၂.၂၀၁၁


(Rose ရေးခိုင်းထားတဲ့ tag post ကို ရေးလိုက်ပါတယ်။)

Expand..

Monday, December 19, 2011

ပညာရေးစနစ်တစ်ခု၏.....

ခိုင်စိုးလင်း စီစဉ်တဲ့ “ကျောင်းအကြောင်း” (all about school) ebook ထွက်ပါပြီ။ သရုပ်ဖော်ပုံတွေကို မလေးမေက ရေးဆွဲပါတယ်။ ပါဝင်ရေးသားသူတွေကတော့ ကိုကိုသက်၊ ကျော်ညိုသွေး၊ ကြည်သက်ဟန်၊ ခိုင်စိုးလင်း၊ ချစ်ကြည်အေး၊ ညီဇံလှ၊ ညိုမင်းခ၊ နေဦး၊ ပန်ဒိုရာ၊ မိုးလှိုင်ည၊ မှိုင်း ဆေး(၂)၊ Louise Jane Cher ၊ သက်ဝေ၊ ဟန်သစ်ငြိမ်၊ ဟယ်ရီလွင် နဲ့ သြမြိုင် တို့ ဖြစ်ပါတယ်။

အောက်က လင့်ခ်မှာ download ယူနိုင်ပါတယ်။ (connection နှေးလွန်းလို့ ကိုယ်တိုင်တော့ download မရသေးပါ။)
http://www.mediafire.com/?g8zfx92c7t1124o

ပန်ဒိုရာ ရေးသားတဲ့ “ပညာရေးစနစ်တစ်ခု၏ အစွန်းထွက်တန်ဖိုးများ၏ အရေးပါမှု၏ ကျေးဇူးခံကျေးဇူးစားများ၏ နောက်ဆက်တွဲ” ဆိုတဲ့ စာအသစ်တစ်ပုဒ်ရယ် “အသံမမြည်နိုင်တဲ့ ခေါင်းလောင်းကလေးတွေ” ဆိုတဲ့ ဝတ္ထုဟောင်းတစ်ပုဒ်ရယ်ကို ဖော်ပြထားပါတယ်။ download လုပ်ရတာ ခက်ခဲသူတွေ ဖတ်နိုင်ဖို့ စာအသစ်ကို ဒီမှာ ပြန်တင်လိုက်ပါတယ်။

--------------

ပညာရေးစနစ်တစ်ခု၏ အစွန်းထွက်တန်ဖိုးများ၏ အရေးပါမှု၏ ကျေးဇူးခံကျေးဇူးစားများ၏ နောက်ဆက်တွဲ

အခန်း(၁)
(အဲဒါ ကျောင်းပေါ့)
တက္ကစီဒရိုင်ဘာက မေးငေါ့ပြရင်းပြော။ ဓာတ်ပုံတွေ ဖြန်းခနဲ ရိုက်သံ။
(အဲဒီမှာ ကျောင်းဆောင်တွေရှိတယ်- စာသင်ဖို့၊ ဘော်ဒါဆောင်တွေရှိတယ်- ကျောင်းသားနေဖို့၊ ရေကန်တစ်ကန်ရှိတယ်- အပန်းဖြေဖို့၊ စာကြည့်တိုက်တစ်ခုရှိတယ်- စာအုပ်တွေထားဖို့၊ ဘွဲ့နှင်းသဘင်တစ်ခုရှိတယ်- ကျင်းပဖို့)
(ပညာရေးရော ဘယ်လောက်ရှိပါသလဲ)
ပြန်ဖြေသံ မကြားရ။
(…ပညာရေးနှင့်ကျောင်း၊ ကျောင်းနှင့်ပညာရေး၊ ကျောင်းမပါသောပညာရေး၊ ပညာရေးမပါသောကျောင်း…)
အတွေးများ လွတ်ထွက်ပြီး ၀ရုန်းသုန်းကား ဆူညံ။

အခန်း(၂)
ကတ္တားလာ၊ ကံလာ၊ ကြိယာလာ။ ကြားမှာ အတွဲအဆက်ပုဒ်များ လိုသလိုထည့်။ ဆရာက နမူနာပေး။ (ဥပမာ - မောင်လှသည် ဘောလုံးကို ကန်သည်)။ ၀ါကျများဖွဲ့ရန် ကျောင်းသားများကို ညွှန်ကြား။
(မောင်မြသည် ဘောလုံးကို ကန်သည်)
(မောင်ဘသည် ဘောလုံးကို ကန်သည်)
(နီနီသည် ဘောလုံးကို ကန်သည်)
(ဖြူဖြူသည် ဘောလုံးကို ကန်သည်)
(ကိုကိုသည် ဘောလုံးကို ကန်သည်)
(မမသည် ဘောလုံးကို ကန်သည်)
ကလေးများ တစ်ယောက်တစ်ပေါက် ဖြေသံ ဟိုနား ဒီနားက ထွက်လာ။ ဆရာက ခေါင်းညိတ်။
((၀တ်မှုန်ရွှေရည်သည် ဟန်ဘာဂါကို စားသည်))
(ဒါဘယ်သူပြောတာလဲ)
ဆရာ့အသံသည် မာန်ဖီနေ။ တစ်ခန်းလုံး ဟိန်းသွား။ ၀တ်မှုန်ရွှေရည်ကြောင့်လား၊ ဟန်ဘာဂါကြောင့်လား။ စားသည်ကြောင့်လား။ ကျောင်းသားများ မည်သူမျှ ပြန်မဖြေကြ။ တိတ်ဆိတ်နေ။ စာသင်ခန်း ပြူုတင်းပေါက်အပြင်တွင် တည်ရှိသော ဗာဒံပင်တစ်ပင်မှ သစ်ရွက်နီနီတစ်ရွက် ကြွေကျ မြေခ သေဟ။

အခန်း (၃)
ကြေမွနေသော ခေါင်းထဲမှ ပင့်ကူတစ်ကောင်၏ နားကျပ်တစ်စုံ ဆင်မယဉ်သာ လက်လှမ်းများဖြင့် ဒီဗွီဒီဖွင့်စက်တစ်လုံး ပလုပ်ပလောင်း ခရမ်းရင့်ရောင် သစ်ခွပန်းကို ရီမုကွန်ထရိုးဖြင့် ဒစ်ရှင်နရီ ကြည့်စရာမလိုဘဲ တယ်လီဖုန်း မြည်လာစဉ် စင်ကာပူတံဆိပ် Bee Cheng Hiang ၀က်သားပြား၏ နူးညံ့ပျောင်းမွှတ်မှုဟာ သွားရေယိုစရာ စတီးလ်ချိုင့်၏ အတွင်းရော အပြင်ပါ ညောင်းညာကိုက်ခဲနေသဖြင့် အ၀ါရောင် စက္ကူအိတ် ကျိုးပေါက်သွားလျှင်သွားချင်း ဒိုင်ယာရီနောက်ကွယ်မှ ဖြစ်တည်နေထိုင်မှု၏ အဓိပ္ပါယ်တွင် သက်ရောက်နှိုင်းယှဉ်ချက်များဖြင့် ဇီဝမျိုးစိတ်တို့ ပါဝင်ခွင့်မရသောအခါ တမ်းမက်မူးရီတိမ်းညွှတ်မိသူ အဖို့မှာတကား ကလီရှေးများဖြင့် အထူးထူးအပြားပြား တင်စားရွတ်ဆိုအပ်သော လမ်းဘေးလက်ဖက်ရည်ဆိုင် ယင်တလောင်းလောင်းအုံလျှက် ပစ္စတိုတစ်လက် ဖြောင်းခနဲအဖွင့် တစ်နေ့ရွှေ တစ်နေ့ငွေ ဆိုသလို ခရီးဆောင်အိတ် အနီရောင်လိုင်းကျားကြီးများထံသို့ တောအုပ်ဟာ တရွှီရွှီမြည် လိုင်းကျသွားနိုင်သည် ဆိုသော်လည်း ယနေ့အကြွေးမရောင်းသည့် တံခါးဟစိစိကို ရေအပြည့်ထည့်ထားသော ဇလားတစ်လုံး မျက်နှာသစ်ကန် အစပ်နားမှာ ပြက္ခဒိန်ရှေ့ချ စာစီစာရိုက် အချိန်တန်တော့လည်း နွားပိန်ကန်လာမှာပေါ့ကွာ။

အခန်း (၄)
ခန်းမထဲမှ လူအများသည် မိန့်ခွန်းကို စောင့်မျှော်လျက်။ မိန့်ခွန်း အစီအစဉ်သည် အသင့်ရေး မိန့်ခွန်းစာရွက်ကို စောင့်မျှော်လျက်။ မိန့်ခွန်းစာရွက်သည် သူ့ကိုကိုင်ဖတ်မည့် မိန့်ခွန်းခြွေသူကို စောင့်မျှော်လျက်။ မိန့်ခွန်းခြွေမည့်သူသည် မိုက်ကရိုဖုန်းကို စောင့်မျှော်လျက်။ မိုက်ကရိုဖုန်းသည် လျှပ်စစ်မီးကို စောင့်မျှော်လျက်။ လျှပ်စစ်မီးသည် စီမံကိန်းကို စောင့်မျှော်လျက်။ စီမံကိန်းသည် အသေးစိတ် ညွှန်ကြားချက်များကို စောင့်မျှော်လျက်။ အသေးစိတ် ညွှန်ကြားချက်များသည် ဆုံးဖြတ်ချက်ကို စောင့်မျှော်လျက်။ ဆုံးဖြတ်ချက်သည် အစည်းအဝေးကို စောင့်မျှော်လျက်။ အစည်းအဝေးသည် ခန်းမထဲမှ လူအများကို စောင့်မျှော်လျက်။ ခန်းမထဲမှ လူအများသည်…

အခန်း (၁-က)
(ရှင့်ဟာက ရိုးလွန်းတယ် ရှင့်ဟာက သိပ်ကိုရိုးလွန်းနေတယ်)
(ငါသင်ထားတာ ဒါအကုန်ပဲကွ)
စက္ကူအပိုင်းအစတစ်ဖဲ့ ကျကျနန ကျကွဲသွား။

ပန်ဒိုရာ
၂၁-၂၂.၁၀.၂၀၁၁

Expand..