ကြယ်ကြွေခြင်း
ကြယ်တွေကြွေပြန်ပြီ်..။
ကောင်းကင်ကညှစ်ချလိုက်တဲ့မျက်ရည်တွေဆိုလား
ပြိုကျတာမဟုတ်တဲ့ရွေ့လျားမှုမျိုး
ကွဲကြေသွားတာမဟုတ်တဲ့ကြွေလွင့်မှုမျိုး
ပုံသဏ္ဍာန်ပျက်ယွင်းသွားလားငါမသိ
အလုံးစုံပြိုကွဲသွားလားငါမသိ
အရောင်တွေမပါတဲ့အလင်းရဲ့ရိုက်ခတ်မှုသက်သက်နဲ့
လိုချင်ဆန္ဒမဟုတ်တဲ့မျှော်လင့်ချက်သက်သက်နဲ့
ကြယ်တွေကြွေတာစောင့်နေသူလေ.။
သူတို့မှာအသည်းနှလုံးမရှိတော့ဘူး
ပရော်ဖက်ရှင်နယ်အပြုံးလှလှနဲ့
သံတမန်ဆန်တဲ့လှိုက်လှဲမှုတွေပဲရှိမယ်
ညဟာညမဟုတ်လာချိန်မှာ
လအတုတစ်စင်းကိုသူတို့တင်လွှတ်လိုက်ကြ
တဖြည်းဖြည်းနဲ့ ငါဟာကြယ်တစ်ပွင့်ဖြစ်သွားရော
ငါဖြစ်ချင်တာကြယ်ဟုတ်ရဲ့လား
ပြီးတော့ငါဟာကြွေဦးမှာလား
ငါဟာအသစ်ပုံစံပြောင်းသွားမှာလား
ငါဟာရွေ့ယုံရွေ့သွားမှာလား
ကြယ်တွေမှန်မှန်ကြွေနေဆဲ..။ ။
ပန်ဒိုရာ
၂၁ နိုဝင်ဘာ ၂၀၀၆
Monday, July 30, 2007
ကြယ်ကြွေခြင်း
Sunday, July 29, 2007
Singapore National Day Parade Preview
သြဂုတ်လ ၉ ရက်နေ့မှာ ကျရောက်မယ့် စင်္ကာပူနိုင်ငံအမျိုးသားနေ့ရဲ့ အစမ်းလေ့ကျင့်ပွဲကို ဇူလိုင် ၂၈ (စနေနေ့) ကသွားခဲ့စဉ် ရိုက်ခဲ့သော ဓာတ်ပုံများဖြစ်ပါတယ်။
NDP@Marina Bay 2007
Marina Bay မှာဖြစ်ပါတယ်။
(မီးပန်းဖောက်နေတဲ့အချိန်မှာ ကင်မရာ ဘက်ထရီ ကုန်သွားပါတယ်။ အောက်ဆုံးပုံကတော့ သူတို့ကမ်းတဲ့ စာအုပ်ထဲကပုံကို ပြန်ရိုက်ထားတာပါ။)
Copyright Pandora 2007
Friday, July 27, 2007
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
စင်ပေါ်ရောက်တိုင်း
နှလုံးသားလေးမှမထောက်
သေတ္တာမှောက်လိုမှောက်
စင်အောက်ကလူတွေငိုက်နေတုန်း
ဖြောင့်ကွယ်ကွယ်ဖို့ ကြိုးစားဦးပေါ့
အဲဒီ ဗလာဇာတ်မှာ
အပြော အဆို အငိုတွေကြား
ဆယ့်နှစ်ကြိုးပျောက်သွားတယ်
ပွဲသိမ်းရင်တော့ အိမ်ပြန်ရမှာပဲ
လူနာဆောင်(၉၆) ကုတင်အမှတ်(၁၂၀)
သနပ်ခါးလေးလူးတဲ့ပြီး
ကမာရွတ်မှတ်တိုင်မှာ စနေနေ့ည ၉ နာရီ ဆက်ဆက်စောင့်ပါ မနှင်းဆီ။
ပန်ဒိုရာ
Monday, July 23, 2007
နံနက်ခင်းနှင့်စကားပြောခြင်း
နံနက်ခင်းနှင့်စကားပြောခြင်း
နှိုးစက်နာရီက ဆက်ကာဆက်ကာ မြည်သည်။ မပိတ်မချင်း မြည်သည်။ စူးစူးရှရှ အသံကုန်မြည်သည်။ သူ့ကိုမုန်းနေသလား ဘာလား ဂရုစိုက်ဟန်မပြု။ ပေးထားသော တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်သည်။ နှိုးစက်ကို ကိုင်ပေါက်မလို လုပ်ပြီးမှ ဆောင့်ရုံသာ ဆောင့်ချလိုက်ပါသည်။ ဒီလိုနိုးထခြင်းလောက် ဆိုလျှင် တော့ တနေ့တာ ရာသီဥတုမဆိုးလှဟု ဘာသာသတ်မှတ်လိုက်သည်။ နှိုးစက်တစ်လုံး ပြတင်းပေါက်အပြင် ရောက်သွားသည့် နေ့တွေ ရှိဖူးသည်။ ရေချိုးကန်ထဲ နှစ်မြှုပ်ခံရသည့်နေ့တွေတောင် ရှိကောင်းရှိဖူးမည်။ သမိုင်းသည် တစ်ပတ်ပြည့်ပြည့် မလည်ခင် မတူညီသော နေ့သစ်များကို ကြိုးစားမွေးဖွားနေသည်။
ပုဂံကျောက်စာတွေထဲမှာတော့ စည်ငြင်းဖြင့် နိုးထသော စည်းစိမ်ကို ခံစားရလို၏ ဟု အလှူရှင် တစ်ယောက်က ဆုတောင်းခဲ့တာ ဖတ်ဖူးသည်။ တစ်နေ့တာ၏ နိုးထခြင်းဟာ သည်လောက် အရေးပါသလား။ နိုးထပုံနိုးထနည်းကတော့ မတူနိုင်ကြ။ ညမှာ နောက်ကျမှ အိပ်ရာဝင်သူသည် စောစောမထနိုင်။ တကယ်တော့ (ကိုယ်နဲ့နှိုင်းရလျှင်) လူ အတော်များများသည် စောစောမထလို ဟုထင်မိသည်။ အိပ်ခြင်းက ခေတ္တသေခြင်းဟု တင်စားကြမည် ဆိုလျှင် မြန်မြန် ပြန်မရှင်လိုကြဘူးလား။ ဒါပေမယ့် အသေးစားသေခြင်းကပင် ပျော်မွေ့စရာ ကောင်းနေတော့ ခက်သည်။ ဂျွန်ကိစ် (John Keats) ကတော့ သက်တောင့်သက်သာ သေခြင်းနှင့် တ၀က်တပျက် ချစ်ကျွမ်းဝင်မိပေါ့ ဟုရေးခဲ့သည်။
စိတ်ညစ်လျှင် အိပ်တတ်သည်။ ဘာမှမသိခြင်းဖြင့် လောကကြီးက ထွက်ပြေးနိုင်အောင် ကြိုးစားသည်။ လောကအစစ်ကထွက်ပြေးဖို့ လောကအတုတစ်ခုမှာ သွားနေအောင် ကြိုးစားနေပြန်သည်။ တဖြည်းဖြည်းနဲ့ ကမ္ဘာတုက ကမ္ဘာစစ်ထဲကလို သံယောဇဉ်၊ တာဝန်၊ ငြင်းခုန်မှု၊ အသိအမှတ်ပြုမှု ဆိုတာတွေနဲ့ လိမ်ယှက်လာတော့ ကမ္ဘာအားလုံးကထွက်ပြေးဖို့ ထပ်ကြိုးစားရင်း ကမ္ဘာပျောက်မလို ဖြစ်သွားခဲ့သည်။ နံနက်ခင်းတစ်ခုကတော့ အချိန်တန်လျှင်ရောက်ရောက် လာသည်ပင်။
နံနက်မရောက်ခင် အိပ်ပြီးစောင့်ရသည်။ အိပ်ပျော်ဖို့သက်သက်က တကယ်တော့ အဖော်မလို။ အိပ်ခြင်းနဲ့ အိပ်သူသာလိုသည်။ အိပ်သူရဲ့ နံဘေးမှာ အေးစက်နေသော နေရာလပ်တစ်ခု ရှိခဲ့လျှင်တော့ ကံဆိုးမှုဟု သတ်မှတ်မည်လား။ လွတ်လပ်မှုဟု ဖွင့်ဆိုမည်လား။ ခံယူသူ၏ ယေဘုယျ ခံယူချက်မှာ မူတည်မည်။ ထိုတစ်နေ့တာ အတွက် သူ့စိတ်ခံစားမှုအပေါ်မှာ မူတည်မည်။ စိတ်တွေ လေဟုန်စီးနေကြသူ လူတွေရဲ့ သတ်မှတ်ချက်ဆိုတာ သည်လောက်တော့ ကွဲပြားနိုင်မည်။
အက်ဆေးတွေရေးလျှင် လေသံက အေးစက်စက်နိုင်လွန်းတယ်။ အဆက်အစပ် ပြတ်တောက်လွန်းတယ်။ ၀ါကျတွေ တိုလွန်းတယ်။ ဝေါဟာရတွေ ရိုးလွန်းတယ်။ မိတ်ဆွေ တစ်ယောက်က ဒီလိုပြောဖူးသည်။ အင်္ဂလိပ်လိုတော့ indifferent ဖြစ်သည်လို့ သူက ထပ်ပြောပြန်သည်။ နွေးထွေးမှု၏ အရေးပါပုံသည် နံနက်ခင်းတစ်ခုတွင်တော့ သိသာလွန်းသည်။ မိုးရေပေါက်များ တစိမ့်စိမ့်ကျနေသော နံနက်ခင်းတစ်ခုမှာ သင်နိုးထဖူးပါသလား။ နှင်းငွေ့ပါသော မြောက်ပြန်လေတို့ တသုန်သုန်တိုက်နေသော နံနက်ခင်းတစ်ခုမှာ ဘယ်လိုခံစားရသလဲ။ အေးစိမ့်မှုများက မနိုးထချင်အောင် ဖြားယောင်းတတ်သည်မှာ ကြောက်စရာကောင်းသည်ဟု မထင်မိဘူးလား။
ညအိပ်ရာဝင်ခါနီး တစ်ယောက်ယောက်နှင့် စကားစမြည်ပြောဖြစ်လျှင် ကောင်းသောည ဖြစ်ပါစေ၊ အိပ်မက်လှလှ မက်ပါစေ စသဖြင့် အနောက်တိုင်းဆန်ဆန် နှုတ်ဆက်လေ့ရှိသည်။ သည့်အပြင် အိပ်ပြီးလျှင်လည်း နောက်တစ်နေ့ နိုးထနိုင်ပါစေ ဟု ကိုယ်က နှုတ်ဆက်မိတတ်သည်။ နှုတ်ဆက်ခံရသူတွေ တွန့်သွားတတ်သည်။ ဖွဟဲ့ လို့လည်း ပြန်ပြောတတ်ကြသည်။ နားမလည်ပါ။ နံနက်ခင်းတစ်ခုမှာ နိုးဖြစ်အောင် နိုးထဖို့ တကယ်တော့ လူတိုင်း အလိုရှိပါသည်။
လူဖြစ်ရတာ ကြာလာလေလေ၊ ကိုယ်ပြောခဲ့တာတွေကို ပြန်မကြိုက်လေလေ၊ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျလေလေ။ အရာရာ စိတ်ဝင်စားပြီး ဘာမှ ပိုင်ပိုင်နိုင်နိုင်မရှိတာကို မကြိုက်။ ၀င်မစွက်လည်း ရတဲ့ကိစ္စ တွေကို ရှုထောင့်တမျိုးက ကျယ်ကျယ်လောင်လောင် သွားဆွေးနွေးမိတာကိုမကြိုက်။ (သတ္တလောကကြီးက မင်းမရှိလည်း ဖြစ်နေတာပါပဲကွာ။) ကိုယ့်ရဲ့အရေးပါမှုဟာ အရေးမပါမှန်း သိလျက်နဲ့ အရေးလုပ်နေမိတာကို မကြိုက်။ ကွန်ပြူတာထဲက ဖိုင်တွေလို Delete ဖျက်လို့ရလျှင် ဖျက်လိုက်ချင်သည်။ Reboot လုပ်လို့ရလျှင် လုပ်လိုက်ချင်သည်။
ကွန်ပြူတာ သိပ်အသုံးမတွင်ကျယ်ခင် လွန်ခဲ့သော ဆယ်နှစ်ကျော်ကတော့ ဘ၀ဆိုတာ စာအုပ်တစ်အုပ်ဆိုလျှင် ကောင်းမှာပဲဟု တစ်ယောက်ယောက်ကို ပြောဖူးသည်။ ဒါဆိုလျှင် ဇာတ်သိမ်းပိုင်းကို သိချင်တော့ ကျော်ဖတ်မည်။ ဖတ်ချင်တဲ့ စာမျက်နှာတွေကို ထပ်ခါထပ်ခါ ဖတ်နေမည်။ မကြိုက်တဲ့ စာမျက်နှာတွေကိုတော့ ဆုတ်ဖြဲပစ်လိုက်မှာပေါ့ဟု တွေးဖူးသည်။ အခုတော့ စာအုပ်တစ်အုပ်ဖြစ်ခဲ့လျှင်လည်း ဆုတ်ဖြဲရလွန်းလို့ တော်တော်ပါးနေသည့် စာအုပ်တစ်အုပ် ဖြစ်နေလောက်ပြီ။ အစက ပြန်လှန်ဖတ်ချင်တဲ့ စိတ်ရော ရှိသေးရဲ့လား။
တကယ်တော့ နိုးထချင်နေသေးသည်။ နံနက်ခင်းက မနွေးထွေးလည်း ရှိပါစေတော့။ မိုးတွေသည်းသည်း ရွာချင်လည်းရွာပါစေတော့။ မြူတွေနဲ့ ပိတ်ချင်လည်း ပိတ်နေပါစေတော့။ အလိုအလျောက် နိုးထတာ မဟုတ်ပဲ ဖိအားတစ်ခုကြောင့်  ဖြစ်ချင်လည်း ဖြစ်ပါစေတော့။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ နံနက်ခင်းတစ်ခုမှာ နိုးထချင်နေသေးသည်။
သာယာသောနေ့များတွင် အရှေ့ဘက်ယွန်းယွန်းမှ နှုတ်ဆက်ထွက်လာသော နီဖျော့ဖျော့ နေလုံးကြီး၏ လှလှပပ မြင်ကွင်းကို အမြဲတမ်းသတိထား ဖမ်းဆုပ်မိဖို့ မဖြစ်နိုင်တာကတော့ မဆန်းဘူးထင်ပါသည်။
ပန်ဒိုရာ
Monday, July 16, 2007
ငါ့စွန်လေး
ငါ့စွန်လေး
ငါမသွားနိုင်တဲ့ကောင်းကင်ကို
ငါနဲ့ ကြိုးတစ်မျှင်စာပဲခြားတဲ့
ငါ့စွန်လေးရောက်သွားတာ
ပျော်စရာကြီး…
လေကြောင်းအလိုက် ရစ်လုံးကို ကွေ့ဝိုက်
မှန်စာတိုက်ထားတဲ့ကြိုးနဲ့
သူ့ဖြတ်ကိုယ့်ဖြတ် စီးချင်းထိုးရတာ
ပျော်စရာကြီး…
အလှစွန်တွေကိုတော့ ဘေးမဲ့ပေးထားတယ်
လေဘယ်လိုတိုက်တိုက် သူတို့ကိုမထိခိုက်ဖို့
ထိန်းချုပ်မှုအာဏာ ငါ့လက်ထဲမှာ
ပျော်စရာကြီး…
လွှတ်လို့ကောင်းနေတုန်း
ငါ့ကောင်းကင်မှာမှ
ဘာကြောင့် မိုးကရွာချရတာလဲ...။
ပန်ဒိုရာ
(နတ်ဆိုး၏ ငါ့စွန်လေးကော့သွားပြီ ကဗျာကို ခံစားဆွေးနွေးမိရင်း ဆက်လက်ရေးဖွဲ့မိပါသည်။)
ဒီကဗျာလေးနဲ့အတူ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။ အကြောင်းကြောင်းကြောင့် ခဏလောက် ဘလောက်ဗကေးရှင်း ယူလိုက်ပါဦးမယ်။ ဒီအတောအတွင်း ပို့စ်အသစ် တင်ခြင်း၊ ကွန်မန့်များ ပြန်ရေးခြင်း၊ ဆီပုံးများတွင် စာအပြန်အလှန် ရေးသားခြင်း၊ အခြား ဘလော့ဂ်များကို လည်ပတ်ခြင်း၊ ဂျီရိပ်ခိုခြင်းများကို မပြုလုပ်နိုင်ပါကြောင်း အကြောင်းကြားအပ်ပါတယ်။
စာလာဖတ်ကြသူများ စိတ်ဝင်စားရင် ရှေ့က မဖတ်ရသေးတဲ့ ပို့စ်တွေကိုပဲ လောလောဆယ်မှာ ပြန်ဖတ်ထားကြဖို့ တိုက်တွန်းချင်ပါတယ်။ အချိန်ရရင်တော့ အခုပန်ဒိုရာ ရေးထားသမျှအပေါ် အကောင်းအဆိုး အကြောင်းအကျိုး မှတ်ချက်ကလေးများလည်း ရေးထားနိုင်ကြပါတယ်။
သွားခါနီး ကြော်ငြာလေးများလည်း ၀င်ပါရစေ။ စာအရေးကောင်းတဲ့ အစ်ကိုကြီး ရဲမွန် တစ်ယောက် စိတ်ဝင်စားစရာ ပို့စ်အသစ်များနဲ့ ပြန်လည် လှုပ်ရှားနေပါကြောင်း ကြော်ငြာပေးလိုက်ပါတယ်။
အင်း……. ဗကေးရှင်း ခဏ ဆိုတော့ ဘယ်လောက်ကြာမှာလဲ။ မသိသေးဘူး။ တကယ်တော့လည်း လူ့ဘ၀ကြီး တစ်ခုလုံးကိုက ခဏပဲ မဟုတ်ပါလား။
…….
…….
…….
…….
…….
…….
…….
…….
…….
…….
…….
…….
…….
…….
…….
…….
…….
ဒီလိုပြောလို့ ပြန်မလာတော့ဘူး လို့လည်း တထစ်ချ မထင်ပါနဲ့။ ပန်ဒိုရာ ဆိုတာ တတ်နိုင်သမျှ လူတွေကို ၀မ်းနည်းအောင် လုပ်ချင်တဲ့သူ မဟုတ်ပါ။
ပန်ဒိုရာ
Sunday, July 15, 2007
Happy Birthday Gyit Gyit , Nya Lay & Demo!!!!
15 July 2007
ဂျစ်ဂျစ်ရဲ့ မွေးနေ့အတွက် ဒီပုံလေးနဲ့ပဲ အမှတ်တရ လက်ဆောင် ပေးလိုက်ပါတယ်။
လိပ်ပြာကြိုက်တဲ့ ညလေးအတွက်ကတော့ လိပ်ပြာလေးတစ်ကောင်နော်။
၁၂ ဇူလိုင်က ၂၃ နှစ်ပြည့်သွားတဲ့ ချစ်ရတဲ့ ဒီမိုကီတိုကြယ်ကြယ် လေးအတွက်လည်း ဆုတောင်း ထပ်မံ ဖြည့်စွက်လိုက်ရပါတယ်။ ဒီမိုနဲ့ ခင်မင်ခဲ့ကြရတာတော့ နှစ်နဲ့ချီ ကြာခဲ့ပါပြီ။ ဖိုရမ်တစ်ခုက အစပြုလို့ပေါ့။ ခုတော့ ဘလော့ဂ်ထဲအထိ လိုက်လာတာကိုး။ (ဒီမိုရေ လက်ဆောင်ကိုတော့ ဂျီထဲကနေ ပေးပြီးပြီနော်။ ကိတ်မုန့်လည်း စားပြီးပါပြီ။)
မွေးနေ့များမှသည်
စိတ်ချမ်းသာ ကိုယ်ကျန်းမာ
လိုရာဆုတွေပြည့်
အောင်မြင်မှုတွေ ခူးဆွတ်
ဟိုဟာဒီဟာ ဘာညာသာရကာများလည်း
ရတာလို လိုတာရ ပြည့်ဝပါစေကြောင်း
မေတ္တာဖြင့် နှုတ်ဆက် ဆုတောင်းလိုက်ရပါတယ်။
ပန်ဒိုရာ
Tuesday, July 10, 2007
ပုံပြင်ပါးပါးလေးတစ်ပုဒ်
ပုံပြင်ပါးပါးလေးတစ်ပုဒ်
ချစ်ခြင်းနဲ့ ချစ်ခြင်းမဟုတ်တာကြား
အလွှာပါးပါးလေးတစ်ချပ်ပဲရှိတယ်…
ဝိုးတ၀ါး အကြည်ရောင်အောက်မှာ
ဘာသာစကားတူမိသူနှစ်ယောက်
နားလည်မှုတွေကို မိန်းမူးခဲ့ကြတယ်…
အချိန်ရဲ့မြှောက်ထိုးပင့်ကော်နဲ့
စကားလုံးတွေရဲ့ဖြားယောင်းမှုမှာ
ရင်ခုန်သံတွေ အနက်ဖွင့်ခဲ့မိတယ်…
ရင့် မှည့် ချိန်တန်လို့
တစ်ယောက်က လက်ကမ်းလာတော့မှ
တစ်ယောက်က မလှမ်းနိုင် .. ခဲ့ပြီကွယ်…
အဲဒီလိုနဲ့
ကူး လူး သွယ် ယှက်
ဗဟိုချက်တူတဲ့ကြိုးလေးတွေကို
မြင်ပြင်းကတ်တဲ့ ကြမ္မာ*က
ပညတ်မာယာ နဲ့ ဖြတ်ချလိုက်ချိန်မှာ
သူတို့နှစ်ဦး ရင်ကွဲနာကျကြသတဲ့…။
ပန်ဒိုရာ
*“မြင်ပြင်းကတ်တဲ့ ကြမ္မာ” ဆိုသော အသုံးအနှုန်းကို ချစ်သူငယ်ချင်းတစ်ဦး၏ ကဗျာတစ်ပုဒ်မှ ယူသုံးမိပါသည်။
Sunday, July 8, 2007
ဇူလိုင်အိပ်မက်
ဇူလိုင်အိပ်မက်
ထမင်းလုံး တစ္ဆေ ခြောက်သလို ညက အိမ်မက်မက်ခဲ့သည်…
အိပ်မက်ထဲ မှာ ဖေဖေရယ် ကိုယ်ရယ် အဲဒီကို ရောက်နေကြသည်.. ကောင်းကင်ကမှိုင်းလို့.. မိုးက ရွာချလိုက်တော့မလို…
ပျော်လာမှာပါ သမီးရယ်…
အို..ဖေဖေက ကိုယ့်ကို ဘာကြောင့်နှစ်သိမ့်နေရတာလဲ.. စဉ်းစားတော့ ခေါင်းထဲက ဘာမှ ထွက်မလာ..
ကိုယ်ကတော့ ဖေဖေ့ကို မေးခွန်းတွေသာ မေးနေမိသည် ဆိုပဲ…
ဘွဲ့နှင်းသဘင် အဆောက်အဦမျက်နှာစာ မည်းမည်းကြီး ဒီအတိုင်းထားတာ ဆေးသုတ်ရင် အရေးအခင်း ဖြစ်တတ်လို့ဆို..ဟုတ်လား ဖေဖေ..
ဖေဖေက ပြုံးရုံသာပြုံးသည်.. ဘာမှမဖြေ..
ဖေဖေတို့တုန်းက ..
လွမ်းလွမ်းဆွေးဆွေး ပြောသည်..
အာစီ လို့ခေါ်တဲ့ အပန်းဖြေရိပ်သာ မျက်နှာစာ ကတော့ အရင်က ဒီလို ချွန်ချွန်ပုံ ဘယ်ဟုတ်လိမ့်မလဲ... အမိုး ခုံးခုံးလေး..
ဖေဖေတို့ ထုတ်တဲ့ ကဗျာစာအုပ် တစ်အုပ်ကိုသတိရတယ်.. ပန်းလှတော..လေ.. ပန်းလှတောက လူမိုက်ကလေးများတဲ့... ဆရာဗဂျီအောင်စိုး ဆွဲပေးတဲ့ မျက်နှာဖုံး သရုပ်ဖော်ပုံကလေးနဲ့ပေါ့...
ပင်းယဆောင်မှာလေ …
အကြောင်းအရာနောက်တစ်ခုကိုပြောင်းသွားပြန်သည်။
ဆရာအောင်ပြည့်က တကယ့်အနုပညာသမား.. စာရေးတာတင်ဘယ်ကမလဲ.. သမီးတို့ အခုဝတ်ဝတ်နေတဲ့ လက်ရေးပါတိတ် ဆိုတာ သူ့ဘယ်မီမလဲ.. ပြောင်ဖျဉ်စပေါ်မှာ ပန်းချီကိုဆွဲတာ .. မှတ်မိသေးတယ်.. ပန်းခက်ပန်းနွယ်လေးတွေနဲ့ လုံချည်ဆင်လေးပေါ့.. စာအုပ် မျက်နှာဖုံးတွေ ဆိုတာလည်း အများကြီးဆွဲခဲ့တာ..
ဦးချစ်ဆိုင်က အရင် ဒီနေရာမှာ မဟုတ်ဘူး ..
ဆိုင်ကလေးတစ်ဆိုင်ကို လက်ညိုးညွှန်ပြပြန်သည်..
……..
……..
……..
ိ
တောင်ငူဆောင် ... မြန်စာဂုဏ်.. ဆရာဦးဖိုးကျော်မြင့် .. ဆရာဦးအေးမောင်ကြီး.. တပ်ဦး…
……..
……..
ရုတ်တရက် လေပြင်းတစ်ချက်အတိုက်မှာ ဖေဖေဆက်တိုက်ပြောနေသော စကားသံတွေ ပျောက်သွားသည်…
လမ်းဖြောင့်ဖြောင့်ကြီး ကနေ အပြင်ကိုပြန်ထွက်.. အပြင်လမ်းမကြီးအတိုင်း လျှောက်တော့.. နောက်ထပ် ခြံဝင်းတစ်ခုထဲ ရောက်လာသည်… တန်းလျားလိုလို သစ်သားအဆောက်အဦ ကြီးများ ပေါ်လာသည်..
ကဲ ပစ္စည်းတွေ ဒီမှာချ..
ခေါင်းထဲလင်းခနဲ.. အခုမှ အားလုံးကို သတိရသွားသည်.. ကျောင်း ကျောင်း တက်ရမတဲ့..
ဟင် ဒီအဆောင်ဟောင်း မည်းမည်းကြီးတွေမှာ နေရမှာလား..
ဖေဖေက ရယ်သည်.. အဲဒါ ရှေးဦးတည်ထောင် ကျောင်းညီနောင် လို့ခေါ်တယ်လေ.. ပြည်နဲ့ တကောင်းဆောင်ပေါ့.. နောက်နှစ်တွေတော့ ဟိုဘက်ရောက်မှာပေါ့..
ဟင့်အင်း.. ဘာပဲဖြစ်ဖြစ်.. သမီးတက်ချင်တာ ဒီကျောင်းမဟုတ်ဘူး.. မတက်ဘူး .. ကျောင်းမတက်တော့ဘူး..
ကံ့ကော်ပန်းတွေက လှပါတယ်သမီးရယ်..
မိုးစက်တွေ တဖွဲဖွဲကျစပြုလာသည်..
ဟင့်အင်း.. ဟင့်အင်း.. မိုးရေထဲ မှာ တစ်ယောက်တည်း ပြေးထွက်လာခဲ့သည်.. မတက်ဘူး.. မတက်ဘူး.. ကျောင်းမတက်တော့ဘူး….
ညီမလေးတို့လည်း ဒီကျောင်းကြီးမှာ တက်ချင်လိုက်တာ..
သစ်ပုတ်ပင်အိုကြီးနောက်က ထွက်လာသော အသံက တိုးတိုး ပျော့ပျော့ လေး ပေမယ့် ဗုံးကွဲသလို နားစည်မှာ တုန်ခါသွားစေသည်.. ခြေလှမ်းများ တန့်သွားသည်..
အို.. အင်္ကျီဖြူ လုံချည်ပြာလေးနဲ့ ညီမလေး .. ညီမလေး မျက်နှာက ညိုးငယ်လိုက်တာနော်.. ဘာလို့လဲ.. ညီမလေး နောက်ကိုကြည့်လိုက်တော့..
အို အကျီဖြူလေးတွေ များစွာ …များစွာ.. လက်ကလေးများပိုက်ကာ.. သူတို့မျက်လုံးလေးတွေ စိမ်းလိုက်ကြတာ.. စိမ်းနေလိုက်ကြတာနော်..
ဟိုမှာ ဖေဖေ.. ပြန်ပေါ်လာပြန်သည်…
ဖေဖေ က ကဗျာတစ်စကို တိုးတိုးညည်းသည်…
မရောက်ခဲ့ကြာ မလာခဲ့ဖြစ်
ဆယ်စုနှစ်လွန် တ၀က်ကျွံခဲ့
သာလွန်တင့်စွာ မြကျွန်းသာသို့
ခုခါတစ်ခေါက် ငါပြန်ရောက်ချိန်
နေရောင်မှိန်ပြီ
ပြန်ချိန်ပင်လျှင်နီးပါပေါ့…
ပြောနေရင်း ဖေဖေ ပျောက်သွားပြန်သည်.. ဖေဖေရေ ဖေဖေ.. ဘယ်ရောက်သွားလဲ..
ကောင်းကင်ကြီးက ပိုမှိုင်းလာသည်။ ဘာမှ မမြင်ရသလောက်ပဲ.. ကြောက်စိတ်ဝင်လာသည်..
အနားမှာ ဘယ်သူမှ မရှိတော့.. ဘယ်ရောက်သွားကြသလဲ.. ဖေဖေရေ.. ညီမလေးရေ.. အော်ဖို့ကြိုးစားလည်း အသံကထွက်မလာ…
အို မြေကွက်လပ်တစ်ခု…
အဲဒီနေရာက ဘာလို့ ကွက်လပ်ဖြစ်နေရတာလဲဟင် …
ကိုယ်တိုင်မေးလိုက်တာပေမယ့် အသံတွေအများကြီး ပဲ့တင်ထပ်သွားသည်…
အဲဒီနေရာက ဘာလို့ ကွက်လပ်ဖြစ်နေရတာလဲဟင် ))))))))
အဲဒီနေရာက ဘာလို့ ကွက်လပ်ဖြစ်နေရတာလဲဟင် ))))))))
အဲဒီနေရာက ဘာလို့ ကွက်လပ်ဖြစ်နေရတာလဲဟင် ))))))))
ဟားဟား ဟားဟား.. ရယ်သံလှိုင်းတွေ ပဲ့တင်ထပ်လာသည်.. ကောင်းကင်ကြီးက ညိုရာမှမှိုင်း မှိုင်းရာမှ နီ.. အို .. မုန်တိုင်းကျမယ့် ပင်လယ်ပြင်ပေါ်က ကောင်းကင် နီကျင်ကျင်ကြီးလို..
ဟုတ်တယ် မုန်တိုင်းကျတော့မယ်.. မုန်တိုင်း…
နားနှစ်ဖက်ကို ပိတ်ကာ မျက်စေ့စုံမှိတ်လိုက်သည်..
တဖြည်းဖြည်း ပြန်ဖွင့်လိုက်တော့ မြင်ကွင်းကို ကန်ရေပြင်တစ်ခု ရောက်လာပြန်သည်.. လှိုင်းများ ဆူပွက်နေသည်.. အငွေ့များ တထောင်းထောင်းထနေသည်..
အဲဒီမှာ.. ၀ိညာဉ်တွေ ခိုအောင်းနေတယ်…
ဘယ်သူပြောလိုက်တာလဲဟင်… အဝေးက အသံသဲ့သဲ့ တစ်ခု… အသံတွေက လုံးထွေးကာ ထူထပ်လာသည်.. ဘာသံတွေလဲ…
အား ကြောက်လိုက်တာ.... လူစုလူဝေးနဲ့ သံပြိုင်အော်သံတွေ တဖြည်းဖြည်း နီးလာသည်… မီးခိုးလုံးတွေလို မည်းမည်းလုံးတွေ တရိပ်ရိပ်တက်လာသည်..
ဟေး ဘာလုပ်နေတာလဲ..
နဖူးမှာ အနီရောင်ပတ်ထားသော လူတစ်ယောက်က လှမ်းအော်သွားသည်..
ထွက်ပြေးဖို့လား.. လိုက်သွားဖို့လား.. ခြေလှမ်းများကို ရွှေ့မရ.. ချွေးစေးများပြန်ကာ အသက်ရှုကျပ်လာသည်..
ဖြုန်းဆို တိတ်ဆိတ်သွားပြန်သည်… အားလုံး မှောင်အတိကျသွားသည်.. အမှောင်ထဲမှာ .. အမှောင်…
ဟင်.. ဘာသံတွေလဲ..
စူးစူးဝါးဝါး အော်သံတွေ ညည်းညူသံတွေ အမှောင်ထဲမှာ သဲ့သဲ့ ကြားနေရသည်..
အမှောင်ထဲမှာ မျက်စိကျင့်သားရလာတော့ အရိပ်တစ်ခုကို သွားမြင်သည်။
ဘယ်သူလဲ.. ဘယ်သူလဲဟင်…
မတ်မတ်ရပ်နေသော အဆောက်အဦကြီးတစ်ခု ရှေ့မှာ ဒူးထောက်ထိုင်နေသူတစ်ယောက်..
ကျွန်တော် ပြန်မလာနိုင်တော့ဘူး ဂျပ်ဆင်ရေ .. ကျွန်တော့်ကို ခွင့်လွှတ်ပါ..
သူက ကိုယ့်ကို မြင်သွားသည်..
ကျွန်တော့်ချစ်သူကို တွေ့ရင်ဒါလေး ပေးပေးပါနော်..
အယောင်ယောင်အမှားမှားဖြင့် လှမ်းယူလိုက်မိသည် ထင်သည်…
ဘောပင်လေးတစ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော.. သွေးသံရဲရဲ.. လက်ပြတ်တစ်ချောင်း…
((((အား..)))) လက်က လွှတ်ချလိုက်မိသည်..
ရင်ထဲဆာလောင်စွာ အိပ်ယာမှ ၀ုန်းခနဲ ထလိုက်သည်…
အိပ်မက်ကနိုးထလာတော့ နံနက် ၆ နာရီ ခွဲလုလု..။
ပန်ဒိုရာ
(ဓာတ်ပုံများကို ကိုပီတိ၏ခွင့်ပြုချက်ဖြင့် http://peti31-english.blogspot.com/ မှ ရယူထားပါသည်။)
Friday, July 6, 2007
Education?
Education?
ဘ၀က သင်ပေးတာလား
ဘ၀ကို သင်ယူရမှာလား
သင်ယူခြင်းက ကျောင်းလား
ကျောင်းက ပညာရေးလား
ပညာရေးအတွက် ဘ၀နဲ့
ဘ၀အတွက် ပညာရေး
ပင့်ခ်ဖလွိုက်က ပြောတယ်
We don't need no education*
ညနေစာအတွက် မြောင်းထဲမှာ ငါးဖမ်းနေတဲ့
ကလေးတစ်ယောက်ကလည်း
အဲဒီလိုပဲပြောတယ်
အဲဒီကလေးကို စာသင်ခန်းထဲရောက်အောင် လိုက်ဖမ်းဖို့အတွက်
အသက်လေးဆယ် အရွယ်မှာ စီမံကိန်းမစခင်
စာသင်ခန်းထဲမှာ အနှစ်သုံးဆယ် အချိန်ယူမိတယ်။
ပန်ဒိုရာ
*From Pink Floyd's Another Brick in the Wall Part 2
(ဒီလို inspiration ရအောင် ဟိုနေ့က စကားပြောပေးခဲ့သော ဟိုအစ်ကိုကြီးကို ကျေးဇူးတင်ပါသည်။ )
Wednesday, July 4, 2007
ညီအစ်ကို မသိတသိ
ညီအစ်ကို မသိတသိ
ဆယ်စုနှစ် တစ်ခု ကောင်းကောင်းကျော်ပြီ
ငယ်ငယ်က တောင်ကုန်းလေးကိုကျွန်တော် ပြန်ရောက်ခဲ့တယ်
ကျွန်တော်ရယ် အစ်ကိုရယ်
ဒီတောင်ကုန်းပေါ်က ခဏခဏ လှိမ့်ချခဲ့တယ်
ကျွန်တော်က ကုန်းလိပ်တွေ ဖြူကောင်တွေ သင်းခွေချပ်တွေကို သဘောကျတယ်
အဲဒီအချိန်ကတော့ အစ်ကိုက ကျွန်တော့်ရဲ့ အခွံမာမာပေါ့
တောင်ကုန်းပေါ်က လှိမ့်ချလိုက်တိုင်း
အသည်းအေး သွားစေတဲ့ ရင်ခုန်မှုတွေကို
နာကျင်မှုတွေ ညစ်ပတ်ပေကျံမှုတွေနဲ့ လဲခဲ့တယ်
အိမ်ပြန်ရောက်တော့ ထမင်းစားစောင့်နေတဲ့အမေ
အစ်ကို့ကိုပဲ ရိုက်တော့
ကျွန်တော်က စာအုပ်တစ်အုပ် အမြန်ဆွဲကိုင်လိုက်တာပဲ
ဒီလိုနဲ့
အစ်ကိုဟာ ကျွန်တော့ အခွံပဲ ဆက်ဖြစ်လာတော့
အစ်ကိုက ကျွန်တော့်ကို ထောက်ပံ့
ကျွန်တော်က ကျွန်တော့် အတ္တတွေကို ထောက်ပံ့
ကျွန်တော့် အတ္တတွေက
ကမ္ဘာမြေကြီးရဲ့ အနာဂတ်ဆိုတာအတွက် မရေမရာ ထောက်ပံ့
ကမ္ဘာမြေကြီးရဲ့ လက်ဆောင် မြေတွေ ရေတွေ သစ်ပင်တွေ ကတော့
အစ်ကို့စီးပွားရေးကို လက်တွေ့ကျကျ ထောက်ပံ့လေရဲ့
ဆယ်စုနှစ်ကျော်ကြာတော့
ကျွန်တော့်ကို ပွေ့ဖက်လိုက်တဲ့ အစ်ကို့လက်တွေဟာ
နိုင်ငံတကာမှာ ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်ဖူးတဲ့ လက်ပေါင်းများစွာထက်
ကြမ်းရှလို့နေတယ်
အဲဒီညနေက လေတွေလည်း တဟူးဟူးတိုက်လို့
ထမင်းစားစောင့်နေမယ့် အမေလည်း မရှိတော့ဘူးဆိုတော့
တောင်ကုန်းပေါ်မှာ ညီအစ်ကိုနှစ်ယောက် အကြာကြီး ထိုင်ခဲ့ကြတယ်
ဝတ်ကောင်းစားလှ အခွံပျော့ပျော့တွေအောက်က ကျွန်တော်
တောင်ကုန်းပေါ်က လှိမ့်မချဖြစ်ခဲ့ဘူး။
ပန်ဒိုရာ
Sunday, July 1, 2007
Identity
Identity
မိုးစင်စင်လင်းသောအခါ နံနက်ခင်းဟု ခေါ်ကြသည်။
လမ်းကလေးက သာသာယာယာ။ အနင်းခံ အလျှောက်ခံသော အလုပ်ကိုလုပ်ကာ သွားလာသူတွေကို ပို့ဆောင်ပေးနေသည်။ ပန်းကလေးများက ပွင့်သောအလုပ်ကို လုပ်နေကြသည်။ လိပ်ပြာများ ပျားပိတုန်းများ လာနားလျှင်တော့ ၀တ်ရည်ပေးခြင်း ၀တ်မှုန်ကူးခြင်း အလုပ် တို့ကို လုပ်သည်။ လူများ နှင့် အခြားသက်ရှိသက်မဲ့ အရာဝတ္တုများသည် တခါတခါ ပြုလုပ်သူများ ဖြစ်၍ တခါတခါ ပြုလုပ်ခံရသူများဖြစ်ကြသည်။ သူတို့မှာ ကိုယ်ပိုင် သတ်သတ်မှတ်မှတ် လုပ်ငန်းဆောင်တာများ နယ်ပယ်များ ရှိကြသည်။ အားလုံး ဒီလိုပဲ ဖြစ်မည် ထင်သည်။ ဖြစ်ဖို့များပါသည်။
ပန်းခြံထဲမှ ခုံတန်းဟုခေါ်သော ထိုင်စရာနေရာတွင် ထိုင်နေမိသည်။ ဘေးနားမှာ လူတစ်ယောက် လာထိုင်သည်။
“ဟဲလို.. ဒီနေ့ ရာသီဥတု သာယာတယ်နော်။”
သူက စနှုတ်ဆက်သည်။
“ဟုတ်ကဲ့.. မနေ့ကတော့ မသာယာဘူး။”
အဲဒီလို ပြန်ပြောလိုက်မိသည် ထင်သည်။ ရာသီဥတုအကြောင်းဖြင့် စတင်ကာ စကားစမြည် ပြောကြခြင်းသည် လူယဉ်ကျေးတို့၏ အလုပ်ဟု ဆိုကြသည် မဟုတ်လား။ သို့သော် ကိုယ်ပြောလိုက်ပုံက မကောင်းမြင်ဘက်က ဖြစ်သွားနိုင်သည်။ ရိုင်းသည်ဟုပင် သတ်မှတ်ကောင်း သတ်မှတ်နိုင်သည်။ ကံကောင်းစွာ သူက သိပ်အလေးထားမိပုံမပေါ်။
“ဒီလိုလေ မနေ့က မကောင်းခဲ့တော့ ဒီနေ့ရာသီဥတု သာယာတာ ပိုပျော်စရာ ကောင်းမှာပေါ့။”
တစ်ခွန်းထပ်ပြောပြီးမှ ကိုယ့်စကားကို ကိုယ်ပြန်မကြိုက်။ သို့သော် သူ့မျက်လုံးများ ၀င်းလက်သွားသည်။
“ဟာ ဟုတ်တယ် သိပ်မှန်တဲ့ စကားပဲ။”
ဒီလူကြည့်ရသည်မှာ ယနေ့အဖို့အလိုလိုနေရင်း တက်ကြွပျော်ရွှင်နေပုံ ပေါက်သည်။ ကိုယ့်ဖက်ကို အနည်းငယ် စောင်းလှည့်ကာ အားပါးတရ ပြုံးပြလေသည်။
“အေးဗျာ ရာသီဥတုကောင်းလည်း ကြာကြာတော့ မထိုင်နိုင်ပါဘူး။ အလုပ်ကို သွားရဦးမယ်။ ခင်ဗျားရော။”
“မသွားရပါဘူး။”
ဒီနေ့ စနေနေ့မို့ ရုံးပိတ်သည် ဆိုတာကို ထည့်မပြောလိုက်မိ။
“သြော် သြော်.. ကျွန်တော်က ဒီပန်းခြံကနေ လှမ်းမြင်နေရတဲ့ ဟိုရုံးကြီးမှာ လုပ်တာလေ။ အင်ဂျင်နီယာပေါ့။ ခင်ဗျားက ဘာလုပ်သလဲ။”
“ဘလော့ဂ်ရေးတယ်။”
အဲ.. ခေါင်းထဲရှိတာကို လွှတ်ခနဲ ပြောလိုက်မိသည် ထင်သည်။
သူ ခဏတော့ အူကြောင်ကြောင်ဖြစ်သွားသလို ။
“ အဲ.. ခင်ဗျားက ရယ်စရာ ပြောတတ်တာပဲ.။”
သူကသဲ့သဲ့ရယ်သည်။ ကိုယ်က လိုက်မရယ်တော့ ခဏငြိမ်သွားပြန်သည်။
“ဒီခေတ်မှာ ဘလော့ဂ်ရေးတာတွေ တော်တော် ခေတ်စားတာကိုး။ ဘာအကြောင်းအရာတွေ ရေးသလဲ။”
“အစုံပါပဲ။ ကဗျာ၊ စကားပြေ၊ ပုံလေးဘာလေးလည်း နည်းနည်း ဆွဲကြည့်တယ်။”
“ဒီလိုလေ.. ကျွန်တော် ပြောတာက ဘာအကြောင်းအရာတွေလဲ. နည်းပညာလား. . အချစ်လား.. ဘ၀လား. နိုင်ငံရေး..ဘာသာရေး စသဖြင့်ပေါ့။”
“ဘာရယ်မဟုတ်ပါဘူး။ စိတ်ထဲ ရှိသလိုပါပဲ။”
“ဒါဆိုလည်း ရည်ရွယ်ချက် တစ်ခုခုတော့ ရှိမှာပေါ့။”
“မရှိပါဘူး။”
သူ့မျက်နှာမှာ စိတ်ပျက်မှုတွေ မထင်မရှားပေါ်လာသည်။ ဟုတ်ပါရဲ့ ဒီလိုဆို ဘလော့ဂ်ရေးခြင်းကို ဘာလို့များ စကားထဲ တခုတ်တရထည့်ပြောနေရသေးလဲ။ ဘုရားဘုရား.. လူတစ်ယောက်ရဲ့ သာယာကြည်နူးဖွယ် နံနက်ခင်းကို လုံးလုံးလျားလျား မဖျက်ဆီးမိခင် ထွက်ပြေးမှဖြစ်မည်။ ထိုင်ရာမှ ထလာမိသည်။ သွားတော့မယ်နော် ဟု နှုတ်ဆက်ခဲ့ဖို့ ထုံးစံအတိုင်း မေ့သွားပြန်ပြီ။ ဘာထင်ပြီး ကျန်ခဲ့မလဲတော့ မသိ။
~~~~~~~~~~~~~~~~~~~~
လက်ဖက်ရည်ဆိုင်တစ်ခုဆီ ရောက်လာပြီ။ အာဟာရ ဖြည့်ဖို့ အလုပ်ကို အခုမှ သတိရသည်။ မွန်းတည့်တော့မည်။
“ကော်ဖီတစ်ခွက်၊ ပေါက်ဆီတစ်လုံး ပေးပါ။”
“ဟေး ပန်ဒိုရာ”
မိတ်ဆွေ တစ်ဦးကို တွေ့လိုက်ရသည်။
“လာ.. ဒီဘက်စားပွဲကို လာ”
တချို့လူများသည် ဦးဆောင်ဦးရွက် လုပ်နိုင်ကြသည်။ ဒီတော့လည်း သူပြောသည့်အတိုင်း သွားလိုက်ရုံပေါ့။
“အဲဒါ ပန်ဒိုရာတဲ့။ သူက ဘလော့ဂါလေ”
သူ့ဘေးမှာ ထိုင်နေသူတွေကို လှည့်ပြောသည်။
“ဟုတ်လား.. ကျွန်မလည်း ဘလော့ဂ်ရေးတယ်”
“သား သိတယ်.. အစ်မ ဘလော့ဂ်ကို လာလာဖတ်တယ်ဗျ။”
“ကျွန်တော် ဘလော့ဂ်တွေ မဖတ်ဖူးဘူး။”
အသံသုံးမျိုးမှ ကွဲပြားခြားနားသော ကောက်ချက်သုံးမျိုးကို ကြားလိုက်ရသည်။
“ဒီအစ်မရေးတာတွေ သိပ်ဖတ်လို့ကောင်းတာ.. သားအမြဲဖတ်တယ်.. တွေ့ရတာ ၀မ်းသာလိုက်တာ”
သားဟု သူ့ကိုယ်သူပြောသော ကောင်လေးက ဆက်ပြောသည်။
ဘလော့ဂ်ရေးသည် ဟု ပြောခဲ့သော အမျိုးသမီးလေးက
“ဟုတ်လား ကျွန်မတော့ လာမကြည့်မိဘူး.. ဘလော့ဂ်လိပ်စာလေး ပေးပါဦး”
“http://pandora-and-pandora.blogspot.com ပါ”
“အင်.. တမျိုးပါလား.. ဘာလို့ pandora ကနှစ်လုံး ဖြစ်နေရတာလဲ”
“နောက်တစ်လုံးက back-up ပါ”
အားလုံး ရယ်လိုက်ကြသည်။ ရယ်စရာ ပြောမိသလား။ မျှော်လင့်ချက် တစ်ခုသာ ကျန်သော သေတ္တာတစ်လုံးသည် ဘယ်လောက် စွန့်စားမှုကြီးသလဲ ဆိုတာ သူတို့မသိကြ။
“ဒီအစ်မကလေ ကဗျာတွေလည်း အများကြီးရေးတယ်”
သား ဆိုသည့်ကောင်လေးက ပြောပြန်သည်။
မိတ်ဆွေကပါ ထောက်ခံသည်။
“သူက ကဗျာဆရာလေ ဟားဟား..”
ဘလော့ဂ်မဖတ်ဖူးဘူး ဆိုသူသည် ခေါင်းနည်းနည်း ထောင်သွားသည်။
“ဟာ ဟုတ်လား ဘယ်လိုင်းလဲဗျ.. ကဗျာတော့ ကျွန်တော်လည်း စိတ်ဝင်စားတယ်။ ကျွန်တော်ကတော့ ပို့စ်မော်ဒန်တွေရေးတယ်..မဂ္ဂဇင်းတွေ ပို့တယ်။”
“ကဗျာဆရာတော့ မဟုတ်ပါဘူး. ကဗျာရေးတဲ့အခါတော့ ကဗျာရေးသူ ဖြစ်သွားမှာပေါ့လေ။ လိုင်းရယ်လို့ သတ်မှတ်ပြီးမရေးပါဘူး။ ပြောရမယ် ဆိုရင်တော့ စိတ်ထဲပေါ်တာ ရေးတာပါပဲ။ တခါတခါလည်း ရိုးရာဖြစ်မယ်။ မော်ဒန်ဖြစ်ချင်လည်း ဖြစ်မယ်ပေါ့။”
“ဟာ. ဒါလည်းကောင်းတာပဲ.. inspiration အတိုင်းရေးတဲ့ အနုပညာပေါ့။”
ဘလော့ဂ် မဖတ်ဖူးသူသည် အကောင်းမြင်ဝါဒ ရှိသူဖြစ်နိုင်သည်။
“အဲ.. အနုပညာတော့လည်း မဟုတ်ပါဘူး.. ဟင်းချက်တာတို့ တခြား ဆောင်းပါးလေးတွေ ဘာတွေလည်း စိတ်ကူးတည့်ရာ ရေးတာပါပဲ.။”
“ဒါဆို ရောကျော်ပေါ့ ဟင်းဟင်း .. ကျွန်မကတော့ ကျွန်မ ဘလော့ဂ် လာဖတ်သူတွေ တစ်ခုခု ရသွားစေချင်တာပါပဲ။ အဲဒီလို စာတွေပဲရေးတယ်။”
ဖြတ်ပြောလိုက်သော အမျိုးသမီးလေး၏ လေသံကြောင့် မိတ်ဆွေနှင့် ဘလော့ဂ် မဖတ်ဖူးသူက အားနာသလို တချက်ကြည့်သည်။ သားဆိုသည့် ကောင်လေးကတော့ ခွီးခနဲ တစ်ချက်ရယ်သည်။ စားလက်စ ပေါက်ဆီကို ကော်ဖီဖြင့်အပြီးသတ် မျိုချကာ တစ်ခုခုပြောမည် ဟန်ပြင်တော့ အားလုံး အာရုံစိုက်လာကြသည်။
“ဟို.. မုန့်ဟင်းခါး တစ်ပွဲလောက် မှာမလို့ပါ..”
~~~~~~~~~~~~~~~~~~~~
“နာမည်က ပန်ဒိုရာနော်”
“ဟုတ်ကဲ့”
“ဘာ အဓိပ္ပာယ်လဲ..”
“မြန်မာလိုဆို အဓိပ္ပာယ်ယူလို့မရပါဘူး။ အင်္ဂလိပ်လိုပါ ။”
“ဟာ အင်္ဂလိပ်မှာလည်း ဒီနာမည်မကြားဖူးပါဘူး.. ပင်မလာတို့ ပင်ကီတို့ ပဲ ကြားဖူးတယ်။”
“ဂရိ ပုံပြင်ထဲက နာမည်တစ်ခု ဆိုပါတော့။”
ကာလ ဒေသ ပယောဂသည် ဂရိပုံပြင်တစ်ပုဒ်ကို အစအဆုံးပြောပြရန် မသင့်တော်ဟု ကိုယ့်ဘာသာ ဆုံးဖြတ်လိုက်သည်။
“အင်း..ထားပါတော့။ ဘာလုပ်လဲ။”
ဒီတစ်ခါတော့ ဘလော့ဂ်ရေးသည်ဟု အမှတ်မဲ့ မဖြေမိအောင် သတိထားမှ။
“ရုံးမှာပါ။”
“ရုံးတော့ ဟုတ်တာပေါ့။ ခင်ဗျားကို ဘာလဲလို့မေးတာ။”
ခင်ဗျားဘာလဲ တဲ့။ ဆတ်ခနဲ အိပ်ချင်ပြေသလို ဖြစ်သွားသည်။ သူက ဆက်ပြောသည်။
“ဒီလိုလေ စာရင်းကိုင်လား အင်ဂျင်နီယာလား ကျောင်းဆရာလား ကွန်ပျုတာပရိုဂရမ်မာလား ကျွန်တော်တို့လို ဆရာဝန်လား သူနာပြုလား စသည်ဖြင့်ပေါ့။”
အခုလောက် စိတ်ရှည်စွာ ရှင်းပြတာ အားနာဖို့တော့ ကောင်းလှသည်။ ဒါပေမယ့်…
“အင်း အဲဒါတွေ တစ်ခုမှ မဟုတ်ဘူး။ ဘာမှ မဟုတ်ဘူးဆိုရင်ရော။”
“အာ.. ဘာမှမဟုတ်လို့တော့ ရမလားဗျ။ လူဆိုတာ တစ်ခုခုတော့ ဟုတ်ကြတာပဲလေ။ ကျောင်းသား ဆိုလည်း ကျောင်းသားပေါ့။ ခင်ဗျားရုံးမှာ ဘာလုပ်ရတာလဲ။”
လူတိုင်းဟာ တစ်ခုခုတော့ ဟုတ်ကြသလား။ စိတ်ထဲမှာ သိပ်မသေချာစွာဖြင့် ဖြည်းဖြည်း ပြန်ဖြေမိသည်။
“အီးမေးလ်စစ်တယ်။ စာပြန်တယ်။ ဖုန်းလာရင်လည်း တချို့ကိစ္စတွေ ရှင်းပြရတယ်။ အစည်းအဝေးတက်တယ်။ စီမံချက်ဆွဲတယ်။ အထက်လူကြီးတွေကို ရီပို့တင်တယ်။ တချို့အလုပ်တွေကျတော့ သူများကို သင့်တော်သလိုခွဲပေးရတယ်။ အဲ သူတို့မှာ ပြဿနာတွေ တက်လာရင်တော့ ရှင်းပေးရတယ်။”
“ဒါဆို မန်နေဂျာပေါ့။”
သူက အနည်းငယ် စိတ်မရှည်စွာ စကားကိုဖြတ်လိုက်သည်။
“မဟုတ်ဘူး။ မန်နေဂျာလို့လည်း သူတို့မခေါ်ကြဘူး။”
ဆရာဝန် ခေါင်းတစ်ချက် ကုတ်လိုက်သည်။
“ကဲ..ကဲ .. ထားပါတော့.”
အလုပ်အကိုင် ဆိုသည့်နေရာမှာ ရုံးအလုပ် ဟု ရေးလိုက်တာ တွေ့လိုက်သည်။
“ကဲ ခင်ဗျား ခြေထောက်နာတာ ဘယ်တုန်းကစသလဲ ပြော..”
…………………
………………..
…………………
ဆေးခန်းမှ ပြန်ထွက်လာတော့ တော်တော်မှောင်နေပြီ။ ဓာတ်မီးတိုင်မှ မီးလုံးများသည် မီးလင်းသောအလုပ်ကိုလုပ်နေကြသည်။ လေသည် တိုက်သောအလုပ်ကို လုပ်နေသည်။ ပြေးလွှားနေသော ဘတ်စ်ကား တစ်စီးကို စောင့်ရန်အတွက် စောင့်ရမည့်နေရာဖြစ်သော မှတ်တိုင်မှာ ထိုင်စောင့်နေလိုက်သည်။ အိပ်ပြန်ရောက်လျှင် ညစာစားခြင်း နှင့် အိပ်ခြင်းအလုပ်ကို လုပ်ရမည်။
~~~~~~~~~~~~~~~~~~~~
မိုးစင်စင်လင်းသောအခါ နံနက်ခင်းဟုခေါ်ကြသည်။
တညလုံး မိုးရွာထားသဖြင့် လမ်းကလေးက စိုစွတ်နေသည်။ အနင်းခံ အလျှောက်ခံသော အလုပ်ကိုလုပ်ကာ သွားလာသူတွေကိုတော့ ပို့ဆောင်ပေးနေမြဲ။ ပန်းကလေးများက ပွင့်သောအလုပ်ကို လုပ်နေကြသည်။ လိပ်ပြာများ ပျားပိတုန်းများ လာနားလျှင်တော့ ၀တ်ရည်ပေးခြင်း ၀တ်မှုန်ကူးခြင်းအလုပ် တို့ကို လုပ်သည်။ လူများ နှင့် အခြား သက်ရှိသက်မဲ့ အရာဝတ္တုများသည် တခါတခါ ပြုလုပ်သူများ ဖြစ်၍ တခါတခါ ပြုလုပ်ခံရသူများ ဖြစ်ကြသည်။ သူတို့မှာ ကိုယ်ပိုင် သတ်သတ်မှတ်မှတ် လုပ်ငန်း ဆောင်တာများ နယ်ပယ်များ ရှိကြသည်။ အားလုံး ဒီလိုပဲ ဖြစ်မည် ထင်သည်။ ဖြစ်ဖို့ များပါသည်။
သတင်းစာတစ်စောင်ကို ဖတ်ပြီးသောအခါ မိုးရေစက်များမှ ကာကွယ်ရန် အခုလို ဖြန့်ခင်းထိုင်လို့လည်း ရပါသည်။ ပန်းခြံထဲမှ ခုံတန်းဟုခေါ်သော ထိုင်စရာနေရာတွင် သတင်းစာကိုခင်းကာ ထိုင်နေမိသည်။ အနားမှာ အရိပ်တစ်ခုကျလာသည်။ အမှတ်မထင် မော့ကြည့်လိုက်သည်။ အမျိုးသမီးတစ်ယောက်နှင့် မျက်လုံးချင်းဆုံမိသွားသည်။
“ဟိုင်း.. ဒီနေ့ ရာသီဥတုက စိုစွတ်နေတယ်နော်။”
သူမက စပြီးနှုတ်ဆက်လေသည်။
ပန်ဒိုရာ