Sunday, July 8, 2007

ဇူလိုင်အိပ်မက်

ဇူလိုင်အိပ်မက်

ထမင်းလုံး တစ္ဆေ ခြောက်သလို ညက အိမ်မက်မက်ခဲ့သည်…

အိပ်မက်ထဲ မှာ ဖေဖေရယ် ကိုယ်ရယ် အဲဒီကို ရောက်နေကြသည်.. ကောင်းကင်ကမှိုင်းလို့.. မိုးက ရွာချလိုက်တော့မလို…

ပျော်လာမှာပါ သမီးရယ်…

အို..ဖေဖေက ကိုယ့်ကို ဘာကြောင့်နှစ်သိမ့်နေရတာလဲ.. စဉ်းစားတော့ ခေါင်းထဲက ဘာမှ ထွက်မလာ..

ကိုယ်ကတော့ ဖေဖေ့ကို မေးခွန်းတွေသာ မေးနေမိသည် ဆိုပဲ…



ဘွဲ့နှင်းသဘင် အဆောက်အဦမျက်နှာစာ မည်းမည်းကြီး ဒီအတိုင်းထားတာ ဆေးသုတ်ရင် အရေးအခင်း ဖြစ်တတ်လို့ဆို..ဟုတ်လား ဖေဖေ..

ဖေဖေက ပြုံးရုံသာပြုံးသည်.. ဘာမှမဖြေ..

ဖေဖေတို့တုန်းက ..

လွမ်းလွမ်းဆွေးဆွေး ပြောသည်..

အာစီ လို့ခေါ်တဲ့ အပန်းဖြေရိပ်သာ မျက်နှာစာ ကတော့ အရင်က ဒီလို ချွန်ချွန်ပုံ ဘယ်ဟုတ်လိမ့်မလဲ... အမိုး ခုံးခုံးလေး..

ဖေဖေတို့ ထုတ်တဲ့ ကဗျာစာအုပ် တစ်အုပ်ကိုသတိရတယ်.. ပန်းလှတော..လေ.. ပန်းလှတောက လူမိုက်ကလေးများတဲ့... ဆရာဗဂျီအောင်စိုး ဆွဲပေးတဲ့ မျက်နှာဖုံး သရုပ်ဖော်ပုံကလေးနဲ့ပေါ့...



ပင်းယဆောင်မှာလေ …

အကြောင်းအရာနောက်တစ်ခုကိုပြောင်းသွားပြန်သည်။

ဆရာအောင်ပြည့်က တကယ့်အနုပညာသမား.. စာရေးတာတင်ဘယ်ကမလဲ.. သမီးတို့ အခုဝတ်ဝတ်နေတဲ့ လက်ရေးပါတိတ် ဆိုတာ သူ့ဘယ်မီမလဲ.. ပြောင်ဖျဉ်စပေါ်မှာ ပန်းချီကိုဆွဲတာ .. မှတ်မိသေးတယ်.. ပန်းခက်ပန်းနွယ်လေးတွေနဲ့ လုံချည်ဆင်လေးပေါ့.. စာအုပ် မျက်နှာဖုံးတွေ ဆိုတာလည်း အများကြီးဆွဲခဲ့တာ..



ဦးချစ်ဆိုင်က အရင် ဒီနေရာမှာ မဟုတ်ဘူး ..

ဆိုင်ကလေးတစ်ဆိုင်ကို လက်ညိုးညွှန်ပြပြန်သည်..
……..
……..
……..

တောင်ငူဆောင် ... မြန်စာဂုဏ်.. ဆရာဦးဖိုးကျော်မြင့် .. ဆရာဦးအေးမောင်ကြီး.. တပ်ဦး…

……..
……..

ရုတ်တရက် လေပြင်းတစ်ချက်အတိုက်မှာ ဖေဖေဆက်တိုက်ပြောနေသော စကားသံတွေ ပျောက်သွားသည်…



လမ်းဖြောင့်ဖြောင့်ကြီး ကနေ အပြင်ကိုပြန်ထွက်.. အပြင်လမ်းမကြီးအတိုင်း လျှောက်တော့.. နောက်ထပ် ခြံဝင်းတစ်ခုထဲ ရောက်လာသည်… တန်းလျားလိုလို သစ်သားအဆောက်အဦ ကြီးများ ပေါ်လာသည်..

ကဲ ပစ္စည်းတွေ ဒီမှာချ..

ခေါင်းထဲလင်းခနဲ.. အခုမှ အားလုံးကို သတိရသွားသည်.. ကျောင်း ကျောင်း တက်ရမတဲ့..

ဟင် ဒီအဆောင်ဟောင်း မည်းမည်းကြီးတွေမှာ နေရမှာလား..

ဖေဖေက ရယ်သည်.. အဲဒါ ရှေးဦးတည်ထောင် ကျောင်းညီနောင် လို့ခေါ်တယ်လေ.. ပြည်နဲ့ တကောင်းဆောင်ပေါ့.. နောက်နှစ်တွေတော့ ဟိုဘက်ရောက်မှာပေါ့..

ဟင့်အင်း.. ဘာပဲဖြစ်ဖြစ်.. သမီးတက်ချင်တာ ဒီကျောင်းမဟုတ်ဘူး.. မတက်ဘူး .. ကျောင်းမတက်တော့ဘူး..

ကံ့ကော်ပန်းတွေက လှပါတယ်သမီးရယ်..

မိုးစက်တွေ တဖွဲဖွဲကျစပြုလာသည်..

ဟင့်အင်း.. ဟင့်အင်း.. မိုးရေထဲ မှာ တစ်ယောက်တည်း ပြေးထွက်လာခဲ့သည်.. မတက်ဘူး.. မတက်ဘူး.. ကျောင်းမတက်တော့ဘူး….



ညီမလေးတို့လည်း ဒီကျောင်းကြီးမှာ တက်ချင်လိုက်တာ..

သစ်ပုတ်ပင်အိုကြီးနောက်က ထွက်လာသော အသံက တိုးတိုး ပျော့ပျော့ လေး ပေမယ့် ဗုံးကွဲသလို နားစည်မှာ တုန်ခါသွားစေသည်.. ခြေလှမ်းများ တန့်သွားသည်..

အို.. အင်္ကျီဖြူ လုံချည်ပြာလေးနဲ့ ညီမလေး .. ညီမလေး မျက်နှာက ညိုးငယ်လိုက်တာနော်.. ဘာလို့လဲ.. ညီမလေး နောက်ကိုကြည့်လိုက်တော့..

အို အကျီဖြူလေးတွေ များစွာ …များစွာ.. လက်ကလေးများပိုက်ကာ.. သူတို့မျက်လုံးလေးတွေ စိမ်းလိုက်ကြတာ.. စိမ်းနေလိုက်ကြတာနော်..

ဟိုမှာ ဖေဖေ.. ပြန်ပေါ်လာပြန်သည်…
ဖေဖေ က ကဗျာတစ်စကို တိုးတိုးညည်းသည်…

မရောက်ခဲ့ကြာ မလာခဲ့ဖြစ်
ဆယ်စုနှစ်လွန် တ၀က်ကျွံခဲ့
သာလွန်တင့်စွာ မြကျွန်းသာသို့
ခုခါတစ်ခေါက် ငါပြန်ရောက်ချိန်
နေရောင်မှိန်ပြီ
ပြန်ချိန်ပင်လျှင်နီးပါပေါ့…

ပြောနေရင်း ဖေဖေ ပျောက်သွားပြန်သည်.. ဖေဖေရေ ဖေဖေ.. ဘယ်ရောက်သွားလဲ..
ကောင်းကင်ကြီးက ပိုမှိုင်းလာသည်။ ဘာမှ မမြင်ရသလောက်ပဲ.. ကြောက်စိတ်ဝင်လာသည်..

အနားမှာ ဘယ်သူမှ မရှိတော့.. ဘယ်ရောက်သွားကြသလဲ.. ဖေဖေရေ.. ညီမလေးရေ.. အော်ဖို့ကြိုးစားလည်း အသံကထွက်မလာ…

အို မြေကွက်လပ်တစ်ခု…

အဲဒီနေရာက ဘာလို့ ကွက်လပ်ဖြစ်နေရတာလဲဟင် …

ကိုယ်တိုင်မေးလိုက်တာပေမယ့် အသံတွေအများကြီး ပဲ့တင်ထပ်သွားသည်…

အဲဒီနေရာက ဘာလို့ ကွက်လပ်ဖြစ်နေရတာလဲဟင် ))))))))
အဲဒီနေရာက ဘာလို့ ကွက်လပ်ဖြစ်နေရတာလဲဟင် ))))))))
အဲဒီနေရာက ဘာလို့ ကွက်လပ်ဖြစ်နေရတာလဲဟင် ))))))))

ဟားဟား ဟားဟား.. ရယ်သံလှိုင်းတွေ ပဲ့တင်ထပ်လာသည်.. ကောင်းကင်ကြီးက ညိုရာမှမှိုင်း မှိုင်းရာမှ နီ.. အို .. မုန်တိုင်းကျမယ့် ပင်လယ်ပြင်ပေါ်က ကောင်းကင် နီကျင်ကျင်ကြီးလို..

ဟုတ်တယ် မုန်တိုင်းကျတော့မယ်.. မုန်တိုင်း…

နားနှစ်ဖက်ကို ပိတ်ကာ မျက်စေ့စုံမှိတ်လိုက်သည်..

တဖြည်းဖြည်း ပြန်ဖွင့်လိုက်တော့ မြင်ကွင်းကို ကန်ရေပြင်တစ်ခု ရောက်လာပြန်သည်.. လှိုင်းများ ဆူပွက်နေသည်.. အငွေ့များ တထောင်းထောင်းထနေသည်..

အဲဒီမှာ.. ၀ိညာဉ်တွေ ခိုအောင်းနေတယ်…

ဘယ်သူပြောလိုက်တာလဲဟင်… အဝေးက အသံသဲ့သဲ့ တစ်ခု… အသံတွေက လုံးထွေးကာ ထူထပ်လာသည်.. ဘာသံတွေလဲ…

အား ကြောက်လိုက်တာ.... လူစုလူဝေးနဲ့ သံပြိုင်အော်သံတွေ တဖြည်းဖြည်း နီးလာသည်… မီးခိုးလုံးတွေလို မည်းမည်းလုံးတွေ တရိပ်ရိပ်တက်လာသည်..

ဟေး ဘာလုပ်နေတာလဲ..

နဖူးမှာ အနီရောင်ပတ်ထားသော လူတစ်ယောက်က လှမ်းအော်သွားသည်..

ထွက်ပြေးဖို့လား.. လိုက်သွားဖို့လား.. ခြေလှမ်းများကို ရွှေ့မရ.. ချွေးစေးများပြန်ကာ အသက်ရှုကျပ်လာသည်..

ဖြုန်းဆို တိတ်ဆိတ်သွားပြန်သည်… အားလုံး မှောင်အတိကျသွားသည်.. အမှောင်ထဲမှာ .. အမှောင်…

ဟင်.. ဘာသံတွေလဲ..

စူးစူးဝါးဝါး အော်သံတွေ ညည်းညူသံတွေ အမှောင်ထဲမှာ သဲ့သဲ့ ကြားနေရသည်..



အမှောင်ထဲမှာ မျက်စိကျင့်သားရလာတော့ အရိပ်တစ်ခုကို သွားမြင်သည်။

ဘယ်သူလဲ.. ဘယ်သူလဲဟင်…

မတ်မတ်ရပ်နေသော အဆောက်အဦကြီးတစ်ခု ရှေ့မှာ ဒူးထောက်ထိုင်နေသူတစ်ယောက်..

ကျွန်တော် ပြန်မလာနိုင်တော့ဘူး ဂျပ်ဆင်ရေ .. ကျွန်တော့်ကို ခွင့်လွှတ်ပါ..

သူက ကိုယ့်ကို မြင်သွားသည်..

ကျွန်တော့်ချစ်သူကို တွေ့ရင်ဒါလေး ပေးပေးပါနော်..

အယောင်ယောင်အမှားမှားဖြင့် လှမ်းယူလိုက်မိသည် ထင်သည်…

ဘောပင်လေးတစ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော.. သွေးသံရဲရဲ.. လက်ပြတ်တစ်ချောင်း…

((((အား..)))) လက်က လွှတ်ချလိုက်မိသည်..

ရင်ထဲဆာလောင်စွာ အိပ်ယာမှ ၀ုန်းခနဲ ထလိုက်သည်…

အိပ်မက်ကနိုးထလာတော့ နံနက် ၆ နာရီ ခွဲလုလု..။

ပန်ဒိုရာ

(ဓာတ်ပုံများကို ကိုပီတိ၏ခွင့်ပြုချက်ဖြင့် http://peti31-english.blogspot.com/ မှ ရယူထားပါသည်။)

12 comments:

တပြည်သူ အိမ့်ချမ်းမြေ့ said...

မခံစားနိုင်ဘူး မပန်

နေမိုး said...

မပန်ရေ....
ဒီတခါလည်း ဟိုဟာ ဒီဟာ လာရှာတာပါပဲ။ ဇူလိုင်အိပ်မက်ကိုတွေ့တော့ လက်ချည်းသက်သက်ပြန်မသွားစရာမလိုတော့ဘဲ ရေးထားခဲ့ချင်တာလေးတွေရှိလို့ စီဘောက်ထကြမပြောတော့ဘနြဲ့ ဒီမှချက်ဝိုင်းထဲဝင်လာတာပါ။ မပန်ရေးထားတဲ့ ဇူလိုင်ရက်တွေကိုလား ကျနော်မရောက်ဖူးတဲ့ ကျောင်းတော်အရပ်တခအတွကိုလား တချိန်ကမုန်တိုင်းထန်ခဲ့တဲ့ သမိုင်းသွေးစက်တွေအတွက် သွေးပန်းချီတချပ်လိုရေးချယ်ပြလိုက်တာလား ကျနော်ရေရေရာရာ ခွဲခြားလို့မရနိုင်ခဲ့ဘူး။ ဘာလို့လည်း ဆိုတော့ အားလုံးကရောတွေးပြီးတော့ နွယ်တပင်လို ကျနော့ရင်ကို ရစ်ချည်ဆွဲညှစ်သွားခဲ့လို့ပါပဲ။ ဖြစ်ရပ်မှန် ရှင်သန်နေဆဲသမိုင်း အာရုံမှတ်တမ်းတချို့နဲ့ ခံစားမှုစကားလုံးများကိုတွဲဆက်ရေးလိုက်တဲ့ ဒီ ဇူလိုင်အိပ်မက်အတွက် ဂုဏ်ယူပါတယ် မပန်။

နေမိုး

ခင်မင်းဇော် said...

မပန်ရဲ့ အိပ်မက်နဲ့အတူ လွင့်မျောသွားမိတယ်။
ကောင်းမှ ကောင်းပဲ မပန်ရေ။

May Nyane said...

ပန်..
တကယ်ပဲ ဘာမှကို ပြောစရာမရှိတော့ပါ။
ခံစားချက်တွေ ထပ်တူ..
မြင်ကွင်းတွေ ထပ်တူ..
နောက်ဆုံး အဖေချင်းကလဲ ခပ်ဆင်ဆင်တူ...
အဲဒီအခါ..
မပန် ပေးသမျှ.. အမအားလုံးရလိုက်ပါတယ်။

MELODYMAUNG said...

မပန်ရေ ပါးစပ်အဟောင်းသားဖတ်ရင်း ဇူလိုင်အိမ်မက်ထဲ နစ်မျောသွားတယ် တချက်တချက်မှာတော့ တွေးလို့ မမီလိုက်ဘူးဗျို

Kay said...

ဒါလဲကောင်းတာပဲ..အကုန်ခံစားယူလိုက်တယ်

PeTi said...

ဇူလိုင်အိပ်မက် ကိုဖတ်ရတာ အိပ်မက်တကယ် မက်နေရသလိုပဲ … ၉၆ ဒီဇင်ဘာ ညတည မှာ မြေကွက်လပ်မှာဝင် ပြီး အလေးပြုခဲ့ဖူးတယ်။ ပန်ဒိုရာရဲ့ post ကိုဖတ်ရင် သတိရမိတော့ ရင်ထဲမှာလေ….

ပုထုဇဉ် said...

“အဲဒီနေရာက ဘာလို့ ကွက်လပ်ဖြစ်နေရတာလဲဟင် ))))))))”

ကွက်လပ်တွေ ကွက်လပ်တွေက အများမှ အများကြီးပါပဲ မပန်ရေ...

ဒီတခါကတော့ “ရင်ထဲက လာသောစာ” ပေါ့၊ ဟုတ်လား မပန်။

M.Y. said...

ရေးမယ့်ရေးတော့လဲ ကြည်အေး စာတွေ ပြန်သတိရအောင်အထိ ပါလား…
Dear Pan Pan,
WOW!
This is an impressionistic post including symbolisms representing the 7 July unforgettable images and memorable sensations!
Warm Regards
Mg Yin

Yan said...

အစအဆုံး ရင်တလှပ်လှပ်နဲ့ ဘာဆက်ဖြစ်မှာလဲဆိုတာ သိချင်စိတ်တွေ ပေါ်လာအောင် သရုပ်ဖော်ရေးသွားနိုင်တာ ချီးကျူးတယ်ဗျာ.
ပြောချင်တာကို တိုက်ရိုက်မဟုတ်ဘဲ မျက်စိထဲပေါ်လာအောင် ရေးသွားတာ ကိုယ့်အတွေးလေးတွေ ထပ်ထည့်မိပြီး ကြက်သီးတွေတောင်ထတယ်.

ဘာလို့ကွက်လပ်ဖြစ်နေရတာလဲ ဆိုတဲ့မေးခွန်းလေးနားမှာ ကျွန်တော့်ရင်ဘတ်ထဲထိ ပဲ့တင်သံတွေ ကူးစက်သွားခဲ့တယ် မပန်ရယ်..

သိပ်ကိုကောင်းမွန်တဲ့ အရေးအသားလေးပါပဲ.

Hail to the martyrs who were brutally, unhumanly and recklessly killed on 7th July!!!

NYI NYI said...

မြန်မာပြည်ကတော့ ဇူလိုင်အိပ်မက်ဆိုးတွေထဲက ခုထက်ထိ ရုန်းမထွက်နိုင်သေးဘူးဗျာ။ ခုလို မှတ်မှတ်ရရ ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ။

pandora said...

မလေး၊ ကိုနေမိုး၊ အစ်မကြီး ခင်၊ ဆရာမမေငြိမ်း၊ မယ်မောင်၊ မကေ၊ ပီတိ၊ ကိုပု၊ ကိုမောင်ရင်၊ မောင်ရန်၊ ညီညီ နဲ့ ဆီပုံးမှာ လာရေးသွားသူတွေ တိတ်တိတ် ဖတ်သွားသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ပန်ဒိုရာ ၇ဇူလိုင် အမှတ်တရ ရေးဖို့ အစကတော့ မရည်ရွယ်ခဲ့ပါဘူး။ ကိုမောင်ရင်နဲ့ မမေတို့ စာတွေဖတ်ပြီး ဖြုန်းစားဖြစ်လာတဲ့ အတွေးကို ချရေးလိုက်တာပါပဲ။ ဘာစကားလုံး အသစ်အဆန်းတွေ ၀ါကျတည်ဆောက်ပုံ လှလှပပတွေ မှ သုံးမထားပါဘူး။ အတွေးအခေါ်တွေလည်း ထည့်မထားပါဘူး။

တခါတလေကျတော့လည်း ရသမြောက်ခြင်းဟာ ရေးသူကြောင့်ထက် ဖတ်သူတွေကိုယ်တိုင်ရဲ့ ပင်ကိုယ်ခံစားမှုနဲ့ စာဖတ်ခြင်းအနုပညာကြောင့် ဖြစ်နိုင်ပါတယ်။