Wednesday, July 4, 2007

ညီအစ်ကို မသိတသိ

ညီအစ်ကို မသိတသိ

ဆယ်စုနှစ် တစ်ခု ကောင်းကောင်းကျော်ပြီ
ငယ်ငယ်က တောင်ကုန်းလေးကိုကျွန်တော် ပြန်ရောက်ခဲ့တယ်
ကျွန်တော်ရယ် အစ်ကိုရယ်
ဒီတောင်ကုန်းပေါ်က ခဏခဏ လှိမ့်ချခဲ့တယ်
ကျွန်တော်က ကုန်းလိပ်တွေ ဖြူကောင်တွေ သင်းခွေချပ်တွေကို သဘောကျတယ်
အဲဒီအချိန်ကတော့ အစ်ကိုက ကျွန်တော့်ရဲ့ အခွံမာမာပေါ့
တောင်ကုန်းပေါ်က လှိမ့်ချလိုက်တိုင်း
အသည်းအေး သွားစေတဲ့ ရင်ခုန်မှုတွေကို
နာကျင်မှုတွေ ညစ်ပတ်ပေကျံမှုတွေနဲ့ လဲခဲ့တယ်
အိမ်ပြန်ရောက်တော့ ထမင်းစားစောင့်နေတဲ့အမေ
အစ်ကို့ကိုပဲ ရိုက်တော့
ကျွန်တော်က စာအုပ်တစ်အုပ် အမြန်ဆွဲကိုင်လိုက်တာပဲ
ဒီလိုနဲ့
အစ်ကိုဟာ ကျွန်တော့ အခွံပဲ ဆက်ဖြစ်လာတော့
အစ်ကိုက ကျွန်တော့်ကို ထောက်ပံ့
ကျွန်တော်က ကျွန်တော့် အတ္တတွေကို ထောက်ပံ့
ကျွန်တော့် အတ္တတွေက
ကမ္ဘာမြေကြီးရဲ့ အနာဂတ်ဆိုတာအတွက် မရေမရာ ထောက်ပံ့
ကမ္ဘာမြေကြီးရဲ့ လက်ဆောင် မြေတွေ ရေတွေ သစ်ပင်တွေ ကတော့
အစ်ကို့စီးပွားရေးကို လက်တွေ့ကျကျ ထောက်ပံ့လေရဲ့
ဆယ်စုနှစ်ကျော်ကြာတော့
ကျွန်တော့်ကို ပွေ့ဖက်လိုက်တဲ့ အစ်ကို့လက်တွေဟာ
နိုင်ငံတကာမှာ ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်ဖူးတဲ့ လက်ပေါင်းများစွာထက်
ကြမ်းရှလို့နေတယ်
အဲဒီညနေက လေတွေလည်း တဟူးဟူးတိုက်လို့
ထမင်းစားစောင့်နေမယ့် အမေလည်း မရှိတော့ဘူးဆိုတော့
တောင်ကုန်းပေါ်မှာ ညီအစ်ကိုနှစ်ယောက် အကြာကြီး ထိုင်ခဲ့ကြတယ်
ဝတ်ကောင်းစားလှ အခွံပျော့ပျော့တွေအောက်က ကျွန်တော်
တောင်ကုန်းပေါ်က လှိမ့်မချဖြစ်ခဲ့ဘူး။

ပန်ဒိုရာ

6 comments:

Andy Myint said...

ကျွန်တော် ကျောင်း အေးအေးဆေးဆေး တက်နေချိန်မှာ အစ်ကိုက အိမ်စီးပွားရေးမှာ ၀ိုင်းလုပ်နေခဲ့ပါတယ်။ သူ့ကြောင့် ကိုယ်က အဆင်ပြေသွားပေမယ့် သူကတော့ ဒုံရင်းပါပဲ။ အစ်ကို့ဆီ ဒီစာလေးပို့လိုက်ပါမယ်။

ponyate.mhan said...

ဘာပြောရမှန်း တောင်မသိတော့ လို့ ဘာမှ မပြောတော့ ဘူး။

May Nyane said...

ပန်...
ဘာသာပြန်မှတ်ပြီး ဖတ်နေတာ..
တွေးစရာတွေ အများကြီး..
ခံစားစရာတွေ တထွေးကြီး..
အမ နှစ်ခေါက်ဖတ်ခဲ့ပါတယ်။

pandora said...

ကိုအန်ဒီ > ဒီလိုပဲ တိုက်ဆိုင်တတ်ပါတယ်
ပုံရိပ် > မပြောလည်း သိပါပြီ. အဟဲ
ဆရာမ > ဘာသာပြန်မဟုတ်. ပင်ကိုယ်ရေးပါ အဟဲ. အသုံးအနှုန်းတွေ ထောင့်နေလို့ထင်တယ်.. တွေးစရာတွေ ရတယ် ဆိုလို့ ၀မ်းသာပါတယ်..

မိုးညို said...

မပန်ရေ ... ညီအစ်ကိုမသိတသိ ကို လာလာဖတ်တာ ခဏခဏပဲဗျ ..အသစ်တွေလာဖတ်ရင်းလည်း ထပ်ထပ်ဖတ်ဖြစ်တယ် ...
မသိတသိနဲ့ ဖတ်ရင်း ..ဖတ်ရင်းနဲ့ သိသလိုလို .. မသိသလိုလို ... အဲဒီလိုနဲ့ပဲ ' ဖတ် ' ချာလည်နေတာဗျ ... အဲဒီအရသာကလည်း တမျိုးဗျနော် ... ကျေးဇူးဗျာ ... အသံမပေးခဲ့ပေမဲ့
အမြဲလာဖတ်နေပါတယ် ...
ကျနော့်အတွက်တော့ အသက်ကြီးလာလေ ... အခွံတွေ ပျော့လာလေ ... လိမ့်မချဖြစ်တဲ့ တောင်ကုန်းတွေလည်း မြင့် မြင့်လာလေ ပဲဗျာ ...

pandora said...

ကိုမိုးညို.. ဒီကဗျာကို ခံစားတဲ့လူ တစ်ယောက် ရှိသေးတယ် ဆိုလို့ ၀မ်းသာမိပါတယ်