Sunday, February 17, 2008

အားကိုး

ငယ်ငယ်က မောင်နှမတွေ အတူတူကစားကြရင်း အချိန်နည်းနည်း ကြာလာလျှင် ဆူညံဆူညံ အငြင်းအခုန် ဖြစ်လာတတ်သည်။ အဲသည်လို အခါမျိုးမှာ သူ့ထက်ငါ အပြိုင်အဆိုင် “မေမေရေ ဖေဖေရေ ဒီမှာ သားကို သမီးကိုလေ ဘယ်သူက ဘာလုပ်နေတယ်” စသည်ဖြင့် တိုင်ရသည်ကိုက အရသာ။ ကြာတော့ မေမေက နားငြီးလာပြီး “တော်ကြစမ်းပါဟယ် နားပူလိုက်တာ” ဟုဟန့်သည်။ ဖေဖေက “သြော် ကလေးတွေ နေကြပါစေ” ဟု မေမေ့ကိုဟန့်။ အဲသည်လို ပြဿနာ ရှာပြီးတော့မှ အားလုံး တဟီးဟီး။ အခုလည်း လူကြီးဖြစ်လာသည်အထိ မောင်နှမတွေ စုမိလျှင် အသံသေးအသံကြောင်ဖြင့် လုပ်ကြံကာ အပြိုင်အော်တိုင်ရင်း မေမေ့ကို နားမခံနိုင်အောင် စကြသည်။ ဖေဖေကတော့ သဘောတွေ ကျလို့။

တိုင်သည် ဆိုသည်က အားကိုးခြင်း တစ်မျိုးပေပဲ။ တိုင်သည် သို့မဟုတ် တိုင်ကြားသည် ဆိုသည့်စကားက တိုင်တည်သည် ဆိုသည်ထက်ကို ပိုသည်။ တိုင်တည်ခြင်း ဟူသော အသိပေးရုံ ဖွင့်ဟပြောရုံ သက်သက် မဟုတ်။ အရေးယူမှု တစ်ခုခုကို မျှော်လင့်သည့်သဘော။ တိုင်ကြားမှုကို လက်ခံရသော ပုဂ္ဂိုလ်ကလည်း လုပ်ပိုင်ခွင့် အာဏာ အတိုင်းအတာ တစ်ခုခု ရှိလို့သာဖြစ်မည်။ နို့မို့ဆိုလျှင် ဘာလုပ်ဖို့ တိုင်နေမှာလဲ။

လူတို့နေ့စဉ် ပုဂ္ဂလိက အဆင့်တွင်လည်း အားကိုးနှင့် ပတ်သက်သည့် အခြား ဥပမာများစွာ။ မိန်းကလေးတွေ အိမ်ထောင်ပြုတာ အားကိုးချင်လို့ ဆိုသောစကားရှိသည်။ အတော်များများ အတွက် မှန်ကန်ပါသည်။ ယောင်္ကျားသားများကလည်း အားကိုးခံချင်သည် မဟုတ်ပါလား။ သို့သော် အားကိုးဟူသော စကားလုံးနောက်ဝယ် တာဝန် ဆိုသည်က တွဲပါလာသည်။ အလုပ် ဆိုသည်က တွဲပါလာသည်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တကယ်အားကိုးလောက်ဖွယ် ဖြစ်မဖြစ်က အရေးကြီးသည်။

အားကိုးသည် စစ်ကူခေါ်ခြင်း အနေအထားလည်း ဖြစ်နိုင်သည်။ လူနှစ်ယောက်ကြားမှာ ပြဿနာတစ်ခု ဖြစ်ပြီဆိုပါတော့။ နှစ်ဦးစလုံး ပြေလည်မည့် နည်းလမ်းဖြင့် သူတို့အချင်းချင်း ဘယ်လိုမှ ညှိနှိုင်းမရတော့ဘူး ဆိုလျှင် အားနည်းသူက တတိယလူကို အားကိုးရှာမည်။ အားကြီးသူကတော့ သူအားသာနေလျှင် အနိုင်သာဆက်ယူမည်။ မပြေလည်ချင်သော အားကြီးသူသည် တတိယလူ ပါလာသည်ကို ကြိုက်လာစရာ အကြောင်းမရှိ။ အဖေကျော် ဦးရီးတော်မလွမ်းနှင့် ဟုပြောကောင်းပြောမည်။ သို့သော် တတိယလူ(များ) ကလည်း ဘယ်လောက် အားကိုးလောက်ပါသလဲ။


မကြာမီက ရုပ်ရှင်တစ်ကား ကြည့်မိသည်။ Hotel Rwanda ။ ၂၀၀၄ ခုနှစ်က ထုတ်သော ကားဖြစ်သည်။ ရ၀မ်ဒါ နိုင်ငံတွင် ၁၉၉၄ က ဖြစ်ခဲ့သော လူမျိုးတုံး သတ်ဖြတ်မှုကြီး၏ ဖြစ်ရပ်မှန်ကို အခြေခံကာ ရိုက်ကူးထားခြင်း ဖြစ်သည်။ ဤအဖြစ်အပျက် အကြောင်းကို လိုက်ဖတ်ဖူးခဲ့ documentary များကို ကြည့်ဖူးခဲ့ ခံစားဖူးခဲ့သော်လည်း ဤရုပ်ရှင်ကို မကြည့်ဖြစ်ခဲ့။


အဓိကဇာတ်လိုက်က ဟိုတယ်မန်နေဂျာ Paul Rusesabagina အဖြစ်သရုပ်ဆောင်သော မင်းသား Don Cheadle ဖြစ်သည်။ ရ၀မ်ဒါရှိ ဟူတူလူမျိုးများက တွတ်ဆီ လူမျိုးများကို မျိုးတုံး လိုက်လံ သတ်ဖြတ်နေစဉ် ဟိုတယ် တစ်ခုထဲသို့ ခိုလှုံလာသော တွတ်ဆီ လူမျိုး တစ်ထောင်ကျော်ကို ဟိုတယ်မန်နေဂျာက ဦးဆောင်ကာ အသက်ရှင်အောင် ကယ်သွားနိုင်သော ဇာတ်လမ်းဖြစ်သည်။ စီဒီချပ်ပေါ်တွင် သည်လိုရေးထားသည်။

A true story of a man who fought impossible odds to save everyone he could and created a place where hope survived.

When a country descended into madness and the world turned its back, one man had to make a choice

When the world closed its eyes, he opened his arms.

ဇတ်လမ်းထဲမှာ မှတ်သားစရာ စကားတချို့မှာ -

မန်နေဂျာနှင့် သတင်းဓာတ်ပုံသမားတို့ ပြောကြပုံ။
Paul Rusesabagina: I am glad that you have shot this footage and that the world will see it. It is the only way we have a chance that people might intervene.
Jack: Yeah and if no one intervenes, is it still a good thing to show?
Paul Rusesabagina: How can they not intervene when they witness such atrocities?
Jack: I think if people see this footage they'll say, "oh my God that's horrible," and then go on eating their dinners.
[pause]
Jack: What the hell do I know?


မန်နေဂျာက ခိုလှုံနေသူများကိုပြောခြင်းဖြစ်သည်။
Paul Rusesabagina: There will be no rescue, no intervention for us. We can only save ourselves. Many of you know influential people abroad, you must call these people. You must tell them what will happen to us... say goodbye. But when you say goodbye, say it as if you are reaching through the phone and holding their hand. Let them know that if they let go of that hand, you will die. We must shame them into sending help.

သင်ခန်းစာကတော့ သည်လိုရသည်။ ရုပ်ရှင်ကြည့်ပြီးမှ ဖတ်လျှင်တော့ ပိုနားလည်မည်။

  • မန်နေဂျာသည် ဟိုတယ် ပြင်ပတွင် မရေမတွက်နိုင်အောင် အသတ်ခံရသူများ ရှိမှန်း သိသည်။ သူလည်း စိတ်မကောင်းပါ။ သို့သော် ပြင်ပလူများကိုပါ သွားကယ်ချင်တာမျိုး မလုပ်။ သူကိုယ်တိုင်တွင် အန္တရာယ် ရှိမှန်းလည်း သိသည်။ မနိုင်ဝန်ကို မထမ်း။ သူ့ဟိုတယ်တွင် ခိုလှုံနေသူများကို အသတ်မခံရရန် သူတတ်နိုင်သလောက်ကို အကောင်းဆုံး လုပ်သွားသည်။
  • လိုအပ်သောအချိန်တွင် ပြောရေးဆိုခွင့် လုပ်ပိုင်ခွင့် အာဏာ (mandate) ကို ရသည့်နည်းဖြင့် ရဲရဲယူသည်။ ဟိုတယ် ၀န်ထမ်းများက သူ့ပြောစကား နားမထောင်သောအခါ ဌာနချုပ်မှ လိုအပ်သည့်စာကို ရအောင်ယူပြီး အားလုံးကို လိုက်နာရန် စီမံသည်။
  • ပထမပိုင်းက ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်များထံမှ လုံးလုံးလျားလျား အကူအညီ ရမလား ဟု အလွန် မျှော်လင့်မိသည်။ နောက်တော့ မကယ်နိုင်ကြောင်း ကုလသမဂ္ဂနှင့် သံရုံးဝန်ထမ်းများ လူဖြူများကိုသာ လာကယ်ထုတ်မည် ဆိုသည်ကို သိရသည်။ သူတို့ကို မကယ်နိုင်။ စိတ်ဓာတ်ကျစရာ အခြေအနေများ သဘောထားများကို သူလက်ခံလိုက်ရသည်။ သို့သော် ရပ်မနေ။ ထိရောက်သော အားကိုးရရန် နည်းလမ်းဆက်ရှာသည်။
  • ကိုယ့်အခြေအနေကို ကိုယ်သိသည်။ ရန်သူက အားကြီးလွန်းနေသည်။ လက်နက်လည်း ရှိသည်။ ခံတိုက်ရန် ဆိုသည်မျိုးက မဖြစ်နိုင်မှန်း နားလည်သည်။ သူ မကြိုးစားပါ။ သို့သော် ကြောက်လွန်းလို့ ဘာမှ မလုပ်တတ် မကိုင်တတ် ဖြစ်လောက်အောင်မျိုး သွေးပျက်ခြင်းလည်း မရှိ။
  • မိမိသိသော နိုင်ငံခြားမှ အားကိုးလောက်သည့် မိတ်ဆွေများကို လာကယ်အောင် ဖုန်းဆက်ရန်အတွက် လူများကို အကြံပေးသည်။ တာဝန် ခွဲဝေပေးသည်။ လူအများကို လွတ်မြောက်ရေး အတွက် ရုန်းကန်ကြစဉ်အတွင်း မိမိကိုယ်ပိုင် အသီးသီး လုပ်ဆောင်သည့် လုပ်ရပ် အနေဖြင့် စိတ်ဓာတ် (sense of ownership) သွင်းပေးသည်။ မျှော်လင့်ချက် သွင်းပေးသည်။
  • မိမိတွင်ရှိသော အရင်းအမြစ် (resources) များကို လွတ်မြောက်ရေးအတွက် ကောင်းကောင်း အသုံးချနိုင်သည်။ ဟိုတယ်ရှိ ဆက်သွယ်ရေး ပစ္စည်းများကို သုံးကာ ဆက်သွယ်သည်။ ရိက္ခာများ မပြတ်လတ်အောင် စီမံသည်။ ရဲကိုလာဘ်ထိုးရန် လိုသည့် ရွှေငွေ အရက် ရအောင်ရှာသည်။
  • လွတ်မြောက်ရေးအတွက် လတ်တလော အရေးကြီးလျှင် အရေးကြီးသလို ရဲ ကဲ့သို့ လူမျိုးကိုလည်း ပေါင်းသည်။ စိတ်တူသဘောတူ ဖြစ်နေ၍တော့မဟုတ်။ သိပ်လည်း ဖြစ်စရာ မလိုအပ်။ သူဘာလိုချင်သလဲ ဘာနှင့်လဲလှယ်လျှင် ကိုယ်လိုချင်တာ ရမလဲ။ သူ့အကျိုးစီးပွား ကိုယ့်အကျိုးစီးပွား (interest) ကို သဘောပေါက်သည်။
  • အရေးအကြီးဆုံးကတော့ ရှင်သန်လိုစိတ် နှင့် သည်လိုမှ နည်းလမ်းမရှာလျှင် ကျလာမည့် ကြီးမားသော အန္တရာယ်ကို ထင်ထင်ရှားရှား မြင်ခြင်း ဖြစ်သည်။ အန္တရာယ်ကို အန္တရာယ်ဟု မမြင်လျှင် လွတ်မြောက်စရာ မရှိ။ မြင်သော်လည်း ရှင်သန်လိုစိတ် လွတ်မြောက်လိုစိတ် မပြင်းထန်လျှင် ထိရောက်သော အားထုတ်မှု မလုပ်နိုင်။
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပါ ကိုယ့်ကိုယ်ကို အားကိုးပါ ဆိုသော စကားတွေရှိသည်။ မိတ်ဆွေကောင်းရှိလျှင် အရာများ ပြီးမြောက်သည် ဆိုသည်လည်းရှိသည်။ ကလျာဏမိတ္တ သံဝရ (စာလုံးပေါင်းမှားလျှင် ပြင်ပေးပါ။) ဟုဘုရားက ဟောခဲ့သည်ဟု မှတ်သားဖူးသည်။ ကိုယ်ပိုင်အားနှင့် သူများဘေးဘီက အား ဘယ်သည်က ပိုအရေးကြီးသလဲ။ Primary အားနှင့် Secondary အားဟု ခွဲတာလည်း ဖြစ်နိုင်သည်။ Primary က အတွင်းမှာဆိုလျှင် Secondary က အပြင်မှာဖြစ်မည်။ နှစ်ခုလုံးတော့ အရေးကြီးမည်။ ဘာကိုမှ ပစ်ချလို့မရ။ အပြင်အားကို အလေးမထားလျှင် အတွင်းက တာဝန်ပိုလာမည်။ စွန့်စားမှု ကြီးမားလာမည်။ အတွင်းအားကို အလေးမထားလျှင် အပြင်ကလည်း လျော့ရဲလာမည်။ လိုရာကို မရောက်နိုင်။

သည်တော့ အလွန်ရှုပ်ထွေးသော ဖြစ်စဉ်။ ထည့်တွက်ရတာတွေကလည်း များလှသည်။ တကယ့် လောက်လောက်လားလား အားကိုးတစ်ခု ရသည်ဆိုသည်က မလွယ်။ သည်စာကိုတောင် ရေးရင်းနှင့် လန့်လာမိသည်။ တရားဟောသလိုလို ဆရာလုပ်သလိုလိုများ ဖြစ်နေလေရော့သလား။ နိုင်ငံရေးတွေ ဘာတွေများ ဆန်နေရော့သလား။ သည်လောက်နှင့် ရပ်လျှင် ကောင်းမည်။ ဘယ်သူ့အားကိုးနှင့် ဒါမျိုးတွေ ရေးရဲနေသလဲ ဟုမေးလာလျှင် ကိုယ့်မှာက အဖြေမရှိ။


ပန်ဒိုရာ

7 comments:

M.Y. said...

ရ၀မ်ဒါဟော်တယ် ကြီးထဲမှာနေသူတွေကိုယ်အားကိုကိုးကြ၏။ ထိုသို့  ကိုယ့်အားကိုစနစ်တကျကိုးတတ်ရန် ၊အနစ်နာခံစွန့်  စား၊စည်းလုံးပေးသည့်အမျှော်အမြင်ရှိသောခေါင်းဆောင်တစ်ယောက်အဖြစ်မန်နေဂျာကိုသူတို ရ၏။ “There will be no rescue, no intervention for us. We can only save ourselves.” ဆိုသည့်စကားသည် ကုလသမဂ္ဂ ရဲ့ တကယ့်သရုပ်မှန်ကိုမီးမောင်းထိုးပြနေ၏။

လိုက်နာအတုယူဖွယ်များစွာပါနေသောကြောင့် အမြင်များဝေမျှပေးသော ပန်ဒိုရာကို ကျေးဇူးတင်၏။

“စကော့တလန် ရဲ့ နောက်ဆုံးဘုရင်” ဆိုတဲ့ ကားလေးရော မကြည့်ရသေးရင် ကြည့်စေချင်ပါသည်။ရေးမည်ဆိုရင်တော့နိုင်ငံရေးတွေဘာတွေများဆန်နေရော့သလားဟုဆိုလို့ ရတော့မည်မဟုတ်။ ဒီကားကတော့တိုက်ရိုက်ကြီး သွားတူနေပေလိမ့်မည်။

ဒီအားကိုးပို့ စ်ကို ပန်ဒိုရီ အားကိုးနဲ့ ရေးနေတယ်လို့ ပဲယူဆလိုက်ပါဒယ်။

ဂျစ်တူး - gyit_tu said...

မပန် .. ဒီကားကိုကြည့်ဖူးတယ် ။ ဒီစာသားတွေကိုလည်း မှတ်၂ထင်၂ မှတ်မိနေတယ် ။ ဒီပို့စ်နဲ့အတူ ထပ်ခံစားသွားတယ် ။

ကိုမောင်ရင်ပြောသလို .. လိုက်နာအတုယူဖွယ်များက အချက်မိပါပေတယ်း)

စိုးထက် - Soe Htet ! said...

ကျွန်တော်က ရုပ်ရှင် သိပ်မကြည့်တော့ မသိပါဘူး ... ဒါပေမယ့် ဆိုလိုရင်း ကိုတော့ ခံစားလို့ ရပါတယ် ... ဖရုဿ ၀ါစာတွေ မလာပါစေနဲ့ လို့ ဆုတောင်း ပေးပါတယ် .. ကျွန်တော်တော့ နားလိုက်ပြီ ... မဆိုင်သူ အားလုံးကို အားနာလို့ မပိတ်သေးတာ :)

ပီတိ said...

ပန်ဒိုရာ ကိုယ့်အားကိုကိုးပြီး ရေးတယ်လို့ ခံစားပါတယ်။
ရုပ်ရှင်ကိုကြည့်ပြီး အဲဒီလိုလေး မြင်ပြီး ထုတ်နှုတ်ပြတာကို လေးစားပါတယ်။ ကောင်းတဲ့ အချက်လေးတွေပါ။ နိုင်ငံရေးဆိုတော့လည်း ကိုယ်ချစ်တဲ့နိုင်ငံရဲ့အရေးပေမို့ နိုင်ငံရေးပေါ့။

ုခွန်မြလှိုင် said...

မပန်ရေ ဟိုတယ် ရ၀မ်ဒါကို လှိုင်လဲ ၀ယ်သိမ်းထားတယ် အမှန်တရားနဲ့ တိုင်းပြည်ကို မြတ်နိုးစိတ် အားကိုးနဲ့ ရေးတယ် ထင်ပါတယ်

တန်ခူး said...

တန်ဖိုးရှိတဲ့ သင်ခန်းစာတွေကိုသယ်ဆောင်သွားပါတယ်။ ကိုယ်အများဆုံးပိုင်တယ်ထင်ရတာ(တကယ်တော့မပိုင်ပါ) ကိုယ့်ကိုယ်ကိုသာဖြစ်တာမို့ ကိုယ်သာလျှင်အားကိုးရာပေါ့ပန်ရယ်။

မေငြိမ်း said...

တကယ် စဉ်းစားစရာကောင်းတဲ့ ကိစ္စတွေ။ ကိုယ်ကြည့်တုန်းက မမြင်ခဲ့။ အဲဒီတုန်းက UN က လက်လွတ်စွန့်သွားတာကို စိတ်တိုခဲ့ဖူးတာပဲရှိတယ်။ ပီးတော့ လူမျိုးတူ ဘ၀တူတွေအချင်းချင်း သွေးကွဲတာကို စိတ်ထိခိုက်ခဲ့တယ်။ ခုတော့ တွေးစရာတွေ အများကြီး ပြန်ရ.. ။ အဲဒီအတွက်ကျေးဇူးးး။
စကားမစပ်.. အမှန်တရားအပေါ်အားကိုးနဲ့ ဒီပို့စ်ရေးတယ်ပဲ ထင်ပါတယ်၊
ဟဲဟဲ.. ပန်ဒိုရီကလည်း အမှန်တရား တခုပဲ ဟုတ်...