Thursday, February 7, 2008

ဒိုင်ယာရီ

သည် ပြူတင်းပေါက်ကလေးမှာ သူ ရပ်နေတာ တော်တော်ကြာသွားခဲ့ပြီ။ အဲသည်က လှမ်းကြည့်လိုက်လျှင် မြက်ခင်းစိမ်း ပတ်ချာဝိုင်းနေသော ကလေးကစားကွင်းကလေး။ ကလေးတသိုက် ဒန်းစီးကြ လျှောစီးကြ အမြင့်က လက်လွှတ်ခုန်ချကြ။ အော်ဟစ်သံ တွေကိုတော့ သူ သဲ့သဲ့သာ ကြားရသည်။ သည့်ထက် ခပ်လှမ်းလှမ်းကို မျှော်ကြည့်လိုက်လျှင် ကတ္တရာ လမ်းမတစ်ခု။ အဲသည့်နောက်ကို ဆက်ကြည့်လျှင် အလွန်မြို့ပြဆန်သော မြို့ကလေးနှင့် မအပ်စပ်တော့သလို ဖြစ်နေသော မြင်ကွင်းတစ်ခုကို မြင်ရတော့မည်။ ထင်းရှုးပင် တချို့နှင့် အခြား အမျိုးအမည်မသိ အပင်ကြီးများ ထိုးထိုးထောင်ထောင်။ ခြုံနွယ်ပိတ်ပေါင်း ထူထူထပ်ထပ်။ ပြီးတော့ တောင်ကုန်းကလေး တစ်ခု။

သည်မြို့ကလေးမှာတော့ တော ဆိုသော အရာကို ဤပတ်ဝန်းကျင်ကလေးဖြင့်သာ အဓိပ္ပာယ်ဖွင့်ရသည်။ လူလုပ်ထားသော တောအုပ် ထူထူလေးနှင့် ဤတောင်ကုန်းကလေး ကိုသာ သဘာ၀၀န်းကျင်ဟု သဘောထားကာ တောင်တက်ကြ အပန်းဖြေကြပေါ့။ သူက တောင်ကုန်းကလေးကို ငေးကြည့်နေမိသည်။ အိမ်နှင့် သည်လောက် နီးပါလျှက် တောင်ကလေးကို သူတစ်ခါမှ တက်ရန် မကြိုးစားခဲ့။ သစ်ပင်တွေနားကို သူတစ်ခါမှ သွားရန် မကြိုးစားခဲ့။ သည်ပြူတင်းပေါက်က ရပ်ကြည့်ရင်း သူတွေးလေ့ရှိတာက တောင်ကုန်းလေးပေါ်က သစ်ပင်စိမ်းစိမ်းတွေ တနေ့နေ့ သူ့ဆီရွေ့လာမှာလား ဆိုတာပဲ ဖြစ်သည်။

ဝီလျံရှိတ်စပီးယား၏ မက်ကဘက် (Macbeth) ၀တ္တုထဲမှာ စုန်းမကြီးတွေက နိမိတ်ပေးခဲ့တာ သူဖတ်ခဲ့ဖူးသည်။ ရည်ရွယ်ချက်ကြီးသော မက်ကဘက်က သူ့ကို နိုင်သူ ပေါ်လာမှာလား စိုးရိမ်ခဲ့။ စုန်းမတွေ အပြောအရ သစ်တောကြီး ရွေ့မလာမချင်း သူဟာလုံခြုံတယ် ဆိုပဲ။ ဘယ်အမိဝမ်းထဲက မွေးလာတဲ့ကလေးမှ သူ့ကို အန္တရာယ် မပေးနိုင် ဆိုပဲ။ မက်ကဘက်က စိတ်အေးသွားပြီး သူ့ကိုနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဟု ဆိုကာ ရယ်ပွဲဖွဲ့ခဲ့။ သူလည်း ၀တ္တုဇာတ်ကြောင်းနဲ့အတူ စီးမျောခဲ့။ ဖြစ်လာမှာလား ဖြစ်မလာဘူးလား။ တကယ် သတိပေးချင်တာလား။ ပေါ့ဆ သွားစေချင်တာလား။ အချက်အလက်တစ်ခုကို တင်ပြပုံတင်ပြနည်းနဲ့ ခံယူပုံခံယူနည်းဟာ ဘယ်လောက် အရေးကြီးကြောင်းကို သူအခုအချိန်အထိ ကောင်းကောင်း နားမလည်နိုင်သေးဟု ထင်မိသည်။

မနက်အိပ်ရာက နိုးလာလျှင် သူ့အတွက် လက်ဖက်ရည်ဆိုင် ထိုင်ချိန်မရှိ။ ရေဒီယို နားထောင်ချိန်မရှိ။ အိမ်သူအိမ်သားနှင့် စကားဝိုင်းဖွဲ့ချိန်မရှိ။ (အိမ်သူအိမ်သားလည်းမရှိ။) ရေချိုး အ၀တ်အစားလဲ။ ပြီးတော့ ဘတ်စ်ကားတစ်စီးပေါ်မှာ သူ့ရဲ့ လေးဆယ့်ငါးမိနစ်တာ ငိုက်မျည်းလူးလိမ့်တဲ့ ခရီးရှည်။ စက်ရုပ်ဆန်ဆန် မြို့ကလေးမှာ စက်ရုပ်ဆန်ဆန် ကူးခတ်နေတဲ့ တစ်နေ့တာ ဆိုတာ သူ့အတွက် ဘာများဆန်းလို့လဲ။ အလုပ်ကို ရောက်လျှင် သူ့ရဲ့ အနေအထိုင်မတတ်သော အတွင်းရေးမှုးမကလေးက သူ့ကို မင်္ဂလာ နံနက်ခင်းပါ ဟု လေသံပေါ့ပေါ့ကလေးဖြင့် ထိုင်ရာမထ နှုတ်ဆက်မည်။ သူကျင်လည်ခဲ့တဲ့ မွေးရပ်မြေက ရုံးတစ်ခုမှာလို လက်ထဲက ဖိုင်တွဲကို ခရီးဦးကြို လှမ်းယူသည်မရှိ။ ဆရာ ကော်ဖီလား လက်ဖက်ရည်လားဟင် ဟု ပျာပျာသလဲ သူ့ကို မေးရင်း ဂရုတစိုက် ပြင်ဆင်ပေးသည်မရှိ။ တကယ်တော့လည်း ဒါလောက်ကို သူ ၀မ်းနည်းမနေသင့်ပါလေ။ ယဉ်ကျေးမှုဆိုတာကတော့ ကွဲပြားမည် မဟုတ်လား။ ဒါပေမယ့် သူ့ဘေးတစ်ဘက်တစ်ချက် ရုံးခန်းတွေက သူနဲ့ရာထူးတူ သို့သော် သူတို့လူမျိုးတူများ အတွက်တော့ သူတို့တွေက အနည်းငယ် ပို အလေးထား ဂရုစိုက်လေ့ ရှိသလားဆိုသော အတွေးကိုတော့ သူ့ခေါင်းထဲ ၀င်လာတိုင်း ပြန်ထွေးထွေးထုတ်ရသည်။

အတွင်းရေးမှုးမကလေး ဒီနေ့ စကပ်က သိပ်တိုနေမှာလား။ အကျီက လည်ပင်း သိပ်ဟိုက်နေမှာလား။ ကျောပေး ထိုင်နေရင်း ခါးနေရာက တစ်မိုက်လောက် လွတ်နေမှာလား။ မသိမသာ လှမ်းကြည့်ရင်း ကော်ဖီတစ်ခွက်နှင့် သူမြည်းမည်။ ကောင်မလေးက သတိထားမိဟန် မတူ။ သတိထားမိတောင် ရှက်ကိုးရှက်ကန်း မရှိ။ ဂရုစိုက်ဟန် မတူ။ ခဏကြာတော့ သူလည်း ဒါတွေကို မေ့သွားမည်။ ဖိုင်တွဲပေါင်းများစွာနှင့် အလုပ်ရှုပ်။ ကောင်မလေးက သူ့ရဲ့တနေ့တာ ချိန်းဆိုချက်များ ကို အီးမေးလ်ပို့လိုက် ဖုန်းဆက်လိုက်နှင့် သတိပေးမည်။ ညနေ ခြောက်နာရီ ဒေါင်ခနဲ ထိုးလျှင် ဘာလုပ်စရာ ကျန်သေးလဲဟု သူ့ကိုလာမေးမည်။ သူက ထုံးစံအတိုင်း ခေါင်းခါပြလျှင် ဘိုင့်ဘိုင် ဆီးယူတူမောရိုး ဟု လေသံပေါ့ကလေးဖြင့် နှုတ်ဆက်ပြန်သွား။ ခဏကြာလျှင် သူလည်း ကိစ္စတွေ လက်စသတ်။ အိမ်သယ်သင့်တာသယ်။ တနေရာရာမှာ ညစာဝင်စားပြီး အိမ်ပြန်ရောက်။ အခုလို ပြူတင်းပေါက်နား ခဏတဖြုတ် ရပ်ကြည့်ပေါ့။

ပြူတင်းပေါက်က ကြည့်နေရင်း သူ့အခန်းရှိရာ လှေခါးဘက်ကို တည့်တည့် လျှောက်လာသော သဏ္ဍာန်တစ်ခုကို တွေ့လိုက်ရသည်။ လက်ထဲမှာ တစ်ခုခုကို ကိုင်ထားသည်။ ဒါ.. သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက် ပေပဲ။ အဲသည်လူကတော့ သူ့အပေါ် တော်တော် သံယောဇဉ်ကြီးသည်။ သူ့ကို မကြာခဏ ဖုန်းဆက်။ လာလည်။ အပြင်မှာ ၀ိုင်းဖွဲ့ကြတိုင်းလည်း မပျက်မကွက်ခေါ်။ သူကသာ အဲသည်လူထံ တစ်ခါမှ မရောက်ဖြစ်။

တံခါးက လူခေါ်ခေါင်းလောင်းသံ မြည်လာတော့ သူ အသာ ဖွင့်ပေးလိုက်ပါသည်။

“ကဲ ဘယ်လိုလဲ။ ပိတ်ရက်မှာ ဘာတွေလုပ်မလို့လဲဗျ။”

သူ့ပခုံးကို ခပ်ဖွဖွ လှမ်းပုတ်ရင်း သူ့မိတ်ဆွေက ဆိုသည်။ တကယ်တော့ ပခုံးပုတ်တာကို သူသိပ်မုန်းပါသည်။ သို့သော်… ထားလိုက်ပါတော့လေ။

“သည်လိုပါပဲဗျာ။ စာရေးစာဖတ်။ ဟိုငေးဒီငေးပေါ့။”

“သိတယ်လေ။ ကျွန်တော်တို့တော့ ၀ိုင်းဖွဲ့ကြမလို့။ ထုံးစံအတိုင်း ခင်ဗျား မလိုက်ပြန်ဘူး မဟုတ်လား။ တစ်ယောက်တည်း ပျင်းနေမှာစိုးလို့ လက်ဆောင်ကလေးတစ်ခု ယူလာတယ်။ ရော့။”

မိတ်ဆွေက သူ့ကို လက်ထဲက အရာတစ်ခု လှမ်းပေးလိုက်သည်။ လှောင်ချိုင့်ကလေး တစ်ခုပေပဲ။ အထဲမှာ ယုန် ညိုညိုကလေး။ မျက်လုံးပြူးကလေးဖြင့် သူ့ကို ကြည့်နေသည်။ သူက ပြန်ကြည့်တော့ နောက်ကို ခြေတစ်လှမ်း ခုန်ဆုတ်သွားသယောင်။ သူအနည်းငယ် စိတ်ရှုပ်ထွေးစွာ ပြီးတော့ ရယ်ချင်စွာ ..

“အာ.. ဘာလုပ်ရမှာလဲဗျ။ ကျွေးရမွေးရ အလုပ်ရှုပ် ပါဘိသနဲ့။”

“ဟုတ်တယ်လေ။ ဒါမှ ခင်ဗျား လုပ်စရာတစ်ခု ရမှာပေါ့။ ဒီအတိုင်း တစ်ယောက်တည်း နေနေရင် ခင်ဗျား ကြာရင် မလွယ်ဘူး။”

စကားအနည်းငယ် ပြောပြီး မိတ်ဆွေက နှုတ်ဆက်ပြန်သွားပါသည်။

သူက ယုန်ကလေးကို စေ့စေ့ကြည့်လိုက်သည်။ ကဲ.. အလုပ်ရှုပ်ဦးတော့မှာပေါ့။ မိတ်ဆွေ ထားခဲ့သော ကန်စွန်းရွက် အနည်းငယ်ကို ချကျွေးလိုက်တော့ ယုန်ကလေးက တမြုံ့မြုံ့ ၀ါးသည်။ သူ့ကို ရင်းနှီးလိုဟန် တစ်ချက်ကြည့်သည်။ သူက သူ့အခန်းကျဉ်း ကလေးကို လှည့်ပတ် ကြည့်လိုက်သည်။ ယုန်ကလေးကို လွှတ်ပေးထားရလျှင် ဘယ်လို နေမလဲ။ လျှောက်ပြီး အညစ်အကြေးစွန့်ဘာညာနှင့် သူသိမ်းဆည်း သန့်ရှင်းရ ပိုအလုပ် ရှုပ်ကောင်းရှုပ်မည်။ ညစ်ပတ်လျှင် ညစ်ပတ် မည်။ ယုန်ကလေးအတွက်တော့ ပိုလွတ်လပ်မည်ပေါ့။ သော့ခလောက်ကလေးကို သူဖွင့်လိုက်သည်။ ကဲ.. ကြိုက်ရာကို လျှောက်ပြေးပေတော့။

ဟိုသည် ပြေးနေသော ယုန်ကလေးကိုကြည့်ကာ သူ့စိတ်တွေက ယုန်ကလေးနှင့်အတူ ပြေးသည်။ သူ့မှာလည်း ယုန်မွေးလေးလို နူးညံ့ခဲ့သော အရေပြားတွေ၊ ဘောင်ခတ်ထားသော လောကကြီးကို အပြစ်မဲ့စွာ စူးစမ်းခဲ့သော မျက်လုံးပြူးဝိုင်းဝိုင်းလေးတွေ၊ ခုန်ဆွခုန်ဆွ ဖြစ်ခဲ့သော အိပ်မက်တွေ ရှိခဲ့မည်။ အခုတော့လည်း ဒါတွေအားလုံးဟာ….။

တအောင့်လောက်ကြာတော့ ခုတင်ပေါ်မှာ သူခဏလှဲမည် ပြင်သည်။ မီးပူ မတိုက်ရသေးသော အ၀တ်ပုံက သူ့ကျောအောက်မှာ ခိုးလိုးခုလု။ အ၀တ်များကို မကာ ဗီရိုထဲထည့်ရန် တံခါးကို ဖွင့်လိုက်သည်။ အ၀တ်ဗီရိုမှာ တစ်ခုခုက ညပ်နေသလို။ သူ အမှတ်မဲ့ အားနှင့် ဆွဲဖွင့်လိုက်သည်။ ခွပ်ခနဲ မြည်သွားသော အသံခပ်တိုးတိုး တစ်ခုနှင့်အတူ သူ နောက်ပြန်ယိုင်သွားတော့ ပျော့စိစိအရာကို တက်နင်းမိလိုက်သည်။

ဟာ.. သွားပြီ။ ဗီရိုတံခါးနှင့် နှာနုကို တည့်တည့်ရိုက်မိသွားသော ယုန်ကလေးက အသံပင် မထွက်နိုင်တော့။ ယုန်ကလေးက သူ့နောက်ကို လိုက်လာတာ သူမသိလိုက်။ ထိတ်ထိတ်ပျာပျာ စမ်းကြည့်လိုက်တော့ ယုန်ကလေး သေနေပြီ။

စောစောက မိတ်ဆွေ စရောက်လာတဲ့ အချိန်နဲ့ ပြန်တွက်လိုက်လျှင် သိပ်မကြာ။ တစ်နာရီလောက်သာ။ ကြည့်စမ်း။ တစ်နာရီအတွင်းမှာ အပြစ်မရှိတဲ့ တိရိစ္ဆာန်လေး တစ်ကောင် သူ့ပေါ့ဆမှုကြောင့် သေသွားခဲ့ပြီ။ ရုပ်ရှင်တွေထဲကလို Time Machine နှင့် ပြန် လည်ပတ်လို့ရလျှင် သူ ဆယ်မိနစ်စာလောက် ပြန်လှည့် လိုက်ချင်သည်။ ယုန်သေကောင်လေးကို အခန်းထောင့်ဆီ ယူလာပြီး ချကာ ခပ်ငိုင်ငိုင် ထိုင်ကြည့်နေမိသည်။

သူ ဘာလုပ်ရမလဲ။ မျက်စေ့က စားပွဲပေါ်က ဒိုင်ယာရီ စာအုပ်ကလေးဆီ ရောက်သွားသည်။ ဒိုင်ယာရီ စာအုပ်ကို ဖွင့်လိုက်သည်။ ရှေ့က စာမျက်နှာများကို တဖျတ်ဖျတ် လှန်လိုက်သည်။ ရုံးစီမံချက်များ။ ချိန်းဆိုထားသော ရက်စွဲများ။ အချိန်များ။ ရေးသားချက် အားလုံးက သူ့မျက်စိရှေ့မှာ အပြားလိုက် အဖတ်လိုက်။ သည်နေ့တော့ ရုပ်လုံးကြွမည့် အကြောင်းအရာ တစ်ခု သူမှတ်မှတ်ရရ ရေးရတော့မည်။
သူ ယုန်သေကလေးကို တစ်ချက်ကြည့်လိုက်ရင်း ဘောလ်ပဲန်ကို ကိုင်သည်။ “ သည်နေ့ ကို….. အိမ်ကို လာသည်။” ။ နိုး..နိုး မဟုတ်သေးဘူး။ သည်လူ လာတာက ဘာအရေးလဲ။ အဓိက ဇာတ်ကောင်က ယုန်ကလေးပေပဲ။ “ သည်နေ့ ယုန်ညိုကလေးတစ်ကောင် အိမ်ရောက်လာသည်။ လာပေးသူက ကို…. ဖြစ်သည်။” သူ့ စာကြောင်းအစကို သူကျေနပ်သွားသည်။ သည့်နောက် သူ့လက်က သွက်လက်စွာ.. စာကြောင်းများ တစ်ကြောင်းပြီး တစ်ကြောင်း..။

စာမျက်နှာ တစ်မျက်နှာ ပြည့်သွားတော့ သူရပ်လိုက်သည်။ အကြောင်းအရာ အားလုံး ပါသွားပြီ။ ယုန်ကလေးက သူ့ကို သနားစရာ ဘယ်လိုကြည့်ပုံ။ နောက်ဆုံး ယုန်ကလေး ပျော့စိစိ အသက်ထွက်သွားပုံ အထိ။ သူ တစ်ခေါက် အစအဆုံး ပြန်ဖတ်သည်။ သူ့စိတ် တစ်ပြင်လုံးက စာထဲမှာသာ။ ကြည့်စမ်း ဒီနေ့တော့ တစ်ခု ထူးခြားသွားပြီ။ အဓိပ္ပာယ် ပိုရှိသွားသလိုပေါ့။ ဒါမှ ဒိုင်ယာရီဆိုတာ…။ သူဖွဖွပြုံးကာ လေတစ်ချက် ချွန်လိုက်မိသည်။ ရွှီ…။

ရွှီ…။ အားးးးးးး… သူအလန့်တကြား ချက်ချင်း ထခုန်လိုက်သည်။ သေတော့မှာပဲ။ သူ့လေချွန်သံက သူ့နားထဲက ပြန်မထွက်။ ဘာကြောင့် သူက အခုမှ ပေါ့ပါး ပျော်ရွှင် နေခဲ့ရတာလဲ။ မိတ်ဆွေကို သတိရမိကာ အထပ်ထပ် ကျိန်ဆဲနေမိသည်။ ဟာ.. ဒါလည်း မဟုတ်သေးဘူးလေ။ မိတ်ဆွေက စေတနာကောင်းနဲ့ သူပျင်းနေမှာစိုးလို့ လာပေးခဲ့တာ မဟုတ်လား။ သူကသာ ပေါ့ဆစွာ…။ ယုန်ကလေး တစ်ကောင်ရဲ့အသက်…။ တကယ်လို့ ယုန်ကလေး မသေခဲ့ဘူး ဆိုရင်ရော.. ။ ဒါလည်း မဟုတ်သေးပြန်ဘူး။ သူ့ကြမ္မာနဲ့သူ ဖြစ်တတ်တာပဲလေ။ သူ တစ်ခုခုကို မကျေမနပ်စိတ်က ရင့်သထက် ရင့်လာသည်။ အမှားအယွင်းက ဘယ်မှာပါလိမ့်။ သူက အခုလို အားပါးတရ မှတ်တမ်းတင်လို့။ ယုန်ကလေး တစ်ကောင် ရောက်လာတယ် ပြီးတော့ သေသွားတယ်ဆိုတဲ့ ဖြစ်ရပ်တစ်ခုဟာ လူတစ်ဦးအတွက် တစ်နေ့တာ ဖျော်ဖြေမှုတစ်ခု ဖြစ်သွားခဲ့တာလား။ အဲဒါဆို သူက…။
ဒိုင်ယာရီ စာအုပ်ကလေးကို မြွေတစ်ကောင်လို ကြောက်လန့်ရွံရှာစွာ အလန့်တကြား အခန်းထောင့်သို့ ပစ်ပေါက်လိုက်သည်။ တုတ်တုတ်ပင် မလှုပ်သော ယုန်ကလေး အနားမှာ ဒိုင်ယာရီ စာအုပ်ကလေးလည်း အားပျော့စွာ ခွေလဲကျ....။

ပြီးပြီ….။ အားလုံးပြီးဆုံးသွားပြီ။ ရင်ထဲ တလှပ်လှပ် ဖြစ်လာသည်။ အခုတော့လည်း အားလုံး အရင်လို….။ ပြူတင်းပေါက် ရှိရာသို့ လျှောက်လာမိသည်။ ဟော ဟိုမှာ.. မှောင်ရီသန်းနေတဲ့ ကလေးကစားကွင်း။ ကတ္တရာလမ်းမ။ တောင်ကုန်းကလေး။ သစ်ပင်စိမ်းစိမ်း။ သစ်ပင်တွေ.. သစ်ပင်တွေ…. သူ့ဆီရွေ့လာဦးမှာလား။ ရွေ့လာဦးမှာလား။ ရွေ့.. လာ.. ဦး.. မှာ.. လား။ သူ့ရင်ထဲမှာ တင်းတင်းကျပ်ကျပ်။ ပြူတင်းပေါက်ဘောင်ကို လက်ထောက်ကာ မျက်နှာကို အုပ်ပြီး သူ လှိုက်လှိုက်လှဲလှဲ ငိုကြွေးလိုက်လေသည်။



ပန်ဒိုရာ

11 comments:

တန်ခူး said...
This comment has been removed by the author.
တန်ခူး said...

စက်ရုပ်ဆန်တဲ့ဘဝတွေမှာ emotionတွေဝင်လာတော့ ပျော်စရာလား။ ကြေကွဲစရာလား။ ယုန်ကလေးကို သနားတယ်။ အဲဒီလူကို သနားတယ်။ ဝတ္တုဆုံးတော့ မွန်းကျပ်ကျပ်နဲ့တောင်ကုန်းလေးပေါ်ပြေးမိတယ်။...စောင့်ရကျိုးနပ်ပါတယ်ပန်ဒိုရာ။

M.Y. said...

စိတ်ကိုချယ်မှုန်းထားတယ်..
သာမာန်လူသားတစ်ယောက် ရဲ့ အဇ္ဇျတ္တကိုလှမ်းမြင်လိုက်ရတယ်..စိတ်အလျဉ်ဝတ္တု လို ဆိုနိုင်မလား..အတွင်းစိတ်ကိုအလွှာလိုက်ပါးပါးလေးမြင်ခိုင်းထားတယ်..ယုန်ကလေးကိုတက်နင်းလိုက်တဲ့ အချိန်က..ဒီဝတ္တုမှာစာဖတ်သူ မျှော်လင့်မထားတဲ့ climax လို့ ဆိုချင်တယ်..Oh..No! လို့ အော်မိမတတ်ပါပဲ..

တစ်ခုပဲ..(.တတ်ယောင်ကား ဆရာကြီးဝင်လုပ်လိုက်ဦးမယ်..ခွင့်လွှတ်တော့..)
(ယုန်ကလေး တစ်ကောင် ရောက်လာတယ် ပြီးတော့ သေသွားတယ်ဆိုတဲ့ ဖြစ်ရပ်တစ်ခုဟာ လူတစ်ဦးအတွက် တစ်နေ့တာ ဖျော်ဖြေမှုတစ်ခု ဖြစ်သွားခဲ့တာလား.).ဆိုတဲ့..နေရာအရောက်မှာ အပေါ် က ခံစားလိုက်ရတဲ့ tempo လေး နည်းနည်းများ..ထစ်သွားသလားလို့ .ဘာလို့ လဲဆိုတော့.ကျွန်တော်ကဒီ message ကိုအပေါ်ကဖြစ်သွားတဲ့ ဖြစ်စဉ်တစ်ခုလုံးမှာ အဲဒီအတိုင်းပဲ.ဘယ်သူမှဝင်ပြောစရာမလိုပဲ.ကိုယ့်ဟာကိုယ်ရလိုက်ပြီးပြီ..ဆက်မဖတ်ခင်မှာပဲ..အဲဒိးုင်ယာရီနဲ့  လူကိုအပြစ်တွေတင်မိနေပြီ….အဲလိုထပ်တူခံစားနေတုန်းမှာ..အဲဒီအဖွဲ့  ၀င်လာတော့..ဇာတ်ကောင်က..သူ ပြောချင်တာဝင်ရှင်းပြသလိုဖြစ်သွားသလားလို ဒီအတိုင်းလေးထားလိုက်ရင်ပိုလှသွားမယ်..ထင်..တယ်..ကျွန်တော်ကမပန်လောက်မရေးတတတ်ပါဘူး…ဒါပေမယ့်..သူ့ စိတ်ထဲကဖြစ်သွား..ပြောသွားတဲ့အတိုင်းရေးထားတဲ့အဖွဲ့ ဆိုရင်လဲ..တစ်မျိုးကောင်းနေမှာပါ…ကိုယ်ဆိုရင်လဲစိတ်ထဲ..အဲလိုဖြစ်လာနိုင်ကောင်းတာကိုး..

အချုပ်ဆိုရရင်တော့..အင်မတန်..ကျစ်လစ်..ပြီး..ဖွဲ့ စည်းပုံကောင်းတဲ့..ခေတ်အရေးအသားပါပဲ..ရက်စက်ခြင်း၊အတ္တ၊သိမ်မွေ့ ခြင်း၊စတာတွေရောယှက်ထားတဲ့သိစိတ်အလျဉ်ဝတ္တုကောင်းတစ်ပုဒ်လို့ ဆိုပါရစေ…

အော...ဒါနဲ့ (လက်ထဲမှာတစ်ခုခုကိုင်ထားသည် ) ဆိုတော့..နှစ်ကူးပိတ်ရက်အတွက် ဟိုပုလင်းများလားလို့ ..

Yaw Han Aung said...

လာဖတ်သွားပါတယ်။ လှပတဲ့ဝတ္ထုလေးတပုဒ်ပါပဲ။

Saung Yune La (aka) Way said...

ဒါပေမယ့် သူ့ဘေးတစ်ဘက်တစ်ချက် ရုံးခန်းတွေက သူနဲ့ရာထူးတူ သို့သော် သူတို့လူမျိုးတူများ အတွက်တော့ သူတို့တွေက အနည်းငယ် ပို အလေးထား ဂရုစိုက်လေ့ ရှိသလားဆိုသော အတွေးကိုတော့ သူ့ခေါင်းထဲ ၀င်လာတိုင်း ပြန်ထွေးထွေးထုတ်ရသည်။
ဒီဝတ္ထုတိုလေးကိုကြိုက်တယ်ဗျ.အထူးသဖြင့်အပေါ်အ
ပိုဒ်ကစာဖတ်သူနဲ့တော်တော်တူနေလို့
ပြီးတော့စာဖတ်သူကပုခုံးပုတ်ခံရတာကိုလည်းမကြိုက်ဘူး..တချို့နေရာတွေမှာတော်တော်လေးတူနေလို့
စာရေးသူကဇာတ်ကောင်ရဲ့အဇ္ဈတ္တကိုပီပြင်အောင်ဖောက်
ထွင်းပြနိုင်ပါတယ်
အမြဲအားပေးလျက်.......

pandora said...

မတန်ခူးရေ အတူနီးပါး ခံစားသိမြင်ပေးနိုင်တာ ကျေးဇူးတင်တယ်။ စောင့်ဖတ်တဲ့အတွက်လည်း ၀မ်းသာပါတယ်။
ကိုမောင်ရင် . အကြံပြုချက်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ သေသေချာချာ ဖတ်ပြီး သုံးသပ်သွားလို့လည်း ကျေးဇူးတင်ပါတယ်။
ကိုယောဟန်အောင်။ ကိုဆောင်းယွန်းလ။ အားလုံးကျေးဇူးပါ။

su wai said...

မမပန်…ဒိုင်ယာရီကို ဖတ်ပြီး ရင်ထဲမှာ တစ်မျိုးကြီးပဲ ခံစားလိုက်ရတယ်…ဘယ်လိုခံစားမှုမျိုးလဲ ဆိုတာတော့ ပြောမပြတတ်ဘူး…။ ယုန်ကလေးကို သနားတာလား…၀တ္ထုထဲက `သူ´ဆိုတဲ့ ဇာတ်ကောင်ရဲ့ အထီးကျန်ဘ၀ကို မွန်းကြပ်မိတာလား… ဒါမှမဟုတ် ယုန်လေးတစ်ကောင် သေသွားတာက လူတစ်ယောက်အတွက် ဒိုင်ယာရီထဲမှာ မှတ်တမ်းတင်စရာ ဖျော်ဖြေမှုတစ်ခုအဖြစ် ခဏတာ သဘောထားလိုက်တဲ့ လူ့အတ္တကို လျပ်တပြက် မြင်လိုက်ရတဲ့ အတွက်ကြောင့်လား…။ ဘာကြောင့်မှန်းမသိပေမယ့် တစ်ခုခု ရင်ထဲမှာ ကျန်သွားတာတော့ အမှန်ပါပဲ မမပန်ရေ…။

PeTi said...

ပန်ဒိုရာကတော့ လုပ်ချလိုက်ပြန်ပြီ။ ခံစားချက်ကို ပီပြင်အောင် ရေးဖွဲ့နိုင်သော အနုပညာအစွမ်းကို သေချာချပြထားသော ပို့စ်လေးပါပဲ။ မွန်းကျပ်ကျပ် မြို့ပြက လူလုပ် သဘာဝတွေနဲ့ မပျော်ဘူးနော်…

Nge Naing said...

လာဖတ်သွားပါတယ်။ ကောင်းလွန်းလို့ ဘယ်လိုမှတ်ချက်ပေးရမှန်းတောင် မသိဘူး။ ကျွန်မတော့ ဒီလိုစာမျိုးကို ဒီတသက် ရေးတတ်လိမ့်မယ်မထင်ဘူး။

အပြုံးပန်း said...

ဝတ္ထုလေးကို သိပ်သဘောကျမိပါတယ်၊
အရေးအဖွဲ့နဲ့ အတွေးကို ပြောတာပါ၊
ကိုယ်တိုင်လည်း အဲဒီလို ရေးတတ်ချင်တာ၊

Hmoo said...

ဖတ်ပြီးတာနဲ့တနေ့လုံး၊သွေးထဲလှဲ့နေတယ်
၊ကြိုက်တယ်၊ယုန်ကလေးလဲသတိရနေမိတာ၊....
မှတ်မှတ်ရရညနေမီးဖိုထဲအလုပ်ရှုတ်ချိန်အထိဘဲ....
Congratulation....Daw Pandora.... :)