Friday, March 21, 2008

နွေဦးပျောက်ဆုံးခြင်း

ဘလော့ဂ်တွေကို လည်ပတ်မိတော့ Spring လို့ခေါ်တဲ့ နွေဦးနဲ့ ပတ်သက်တဲ့ စာတွေ ကဗျာတွေ ဓာတ်ပုံလေးတွေကို တွေ့ရတယ်။ ရာသီဥတု လေးမျိုးရှိတဲ့ နိုင်ငံတွေမှာတော့ နွေဦးရာသီကိုက ရာသီတစ်ခုပေါ့။ ရာသီဥတု သုံးမျိုးရှိတဲ့ အမိမြေမှာတော့ နွေရဲ့အဦးကာလမို့ နွေဦးလို့ ခေါ်နိုင်တာပဲ။ ရာသီဥတုလို့ သတ်သတ်မှတ်မှတ် မရှိတဲ့ ဟောသည် နေရာကနေ ကိုယ်က သည်လို လွမ်းမိပါတယ်။


နွေဦးပျောက်ဆုံးခြင်း

တပေါင်းညှာကျင် လို့ ကဗျာဆန်ဆန်
ရာသီဖွဲ့ကလေး ငါလည်းဖွဲ့နွဲ့ချင်တာပေါ့
နှင်းခါးတွေ ပါးလျသွားတဲ့အကြောင်း
ပုရစ်ဖူးတွေ ဝေတဲ့အကြောင်း
ဥသြငှက်တွေ တွန်သံချိုတဲ့အကြောင်း
ရွက်ဝါတွေ လေမှာဝဲတော့မယ့်အကြောင်း…
နွေဦးရေ… လို့ အခါခါဟစ်ခေါ်လည်း
ပဲ့တင်သံတောင် ပြန်မကြားရဘူး
နွေဦးတွေက နေရာအနှံ့ကျဲပြန့်လို့နေ
အမေရိကကမ်းခြေတနေရာမှာ..
ဥရောပကုန်းတွင်းပိုင်းတခုမှာ..
အာရှအရှေ့ဘက်စွန်းစွန်းမှာ..
နွေဦးတွေ့နေသူတွေက ကိုယ်ပိုင်နွေဦးမှ မဟုတ်တာ.. တဲ့
အဝေးမြေက နွေအစစ်ကလည်း နွေမလှတာ ကြာမှပေါ့… တဲ့
ရာသီဥတုဆိုတာ ပြားချပ်နေတဲ့ ငါ့ကျွန်းကလေးမှာလည်း
နွေဦးဗလာနဲ့ လွမ်းစရာအတိ…
ငါတို့ နွေဦးကို ဘယ်သူ ခြွေခူးသွားခဲ့သလဲ။။


ပန်ဒိုရာ

ရွေးစရာ စကားလုံး မရှိတော့လို့ ကဗျာရဲ့ နောက်ဆုံး စာကြောင်းကလေးကို ဒီက ယူပါသည်။

8 comments:

wai lin tun said...

အခုဆို အီစတာ အားလပ်ရက်။ မေတ္တာတရားအကြောင်း ဟောပြောမိလို့ လူတယောက် ကားစင်အတင်ခံခဲ့ရတဲ့နေ့ရက်တွေပေါ့။ သူ့ကိုချစ်တဲ့သူတွေအတွက် သူဟာ ပြန်လည်ရှင်သန်နိုးးထခဲ့တယ်။ အီစတာပြီးတာနဲ့ နွေဦးက ဆိုက်ရောက်လာ။ အားလုံး ပြန်လည်ရှင်သန်နိုးထကြတဲ့ နွေဦး။ အရင်တုန်းက တပေါင်းလ မတ်လပုံရိပ်တွေနဲ့ ကျနော်တို့သွေးတွေကို ပူနွေးစေခဲ့တဲ့ ရဲရဲနွေရဲ့ ရာသီဦး။ အခု ဥရောပမြေပေါ်မှာ ဆောင်းဦးတုန်းက အရွက်တွေအခြွေခံခဲ့ရ၊ အကိုင်းအလက်သက်သက်နဲ့ တဆောင်းလုံး အထီးကျန်သွေ့ခမ်းခဲ့ရတဲ့ သစ်ပင်တွေမှာ ပုရစ်ဖူးကလေးတွေ ပြူလှစ်လာပုံ မြင်ရတော့ ကံကြမ္မာပေါ် ကားစင်အတင်ခံခဲ့ရတဲ့ဘ၀တွေကို ဒီအချိန်မှာ ပြန်လည်ရှင်သန်နိုးထစေချင်မိတယ်။ ဘ၀ဆိုတာ အမြဲတမ်း အရွက်တွေကြွေနေတာ မဟုတ်ဘူးလေ။ ကျနော်တို့နွေဦး ဖူးတွေ့ဖို့ မဝေးတော့ပါ။

Thyda said...

အီကွေတာရာသီရဲ့လှပမှုတွေကိုရေးထားတဲ့ကဗျာတပုဒ်လောက်ဖတ်ချင်တယ်။တခေါက်အလည်ရောက်တုန်းကနေရာတိုင်းမှာစိမ်းစိမ်းစိုစိုရှိလို့သိပ်သဘောကျတာပဲ

Thyda said...

အီကွေတာရာသီရဲ့လှပမှုတွေကိုရေးထားတဲ့ကဗျာတပုဒ်လောက်ဖတ်ချင်တယ်။တခေါက်အလည်ရောက်တုန်းကနေရာတိုင်းမှာစိမ်းစိမ်းစိုစိုရှိလို့သိပ်သဘောကျတာပဲ

Pinkgold said...

အလဲ့
ပန်ပန်က နွေဦးပျောက်နေတယ် ဆိုပဲ
သြော် နွေဦးရောက်ပြီး နှင်းလည်း ပျောက်ပြီပဲ ကြားဖူးပါတယ်...
ဘန်နာ ပြောင်းလိုက်တာလား ပန်ပန်
မိုက်တယ်... မရောက်တာကြာလို့ သတိမထားမိဘူးတော့

သက်ဝေ said...

ဘန်နာ အသစ်လေးကိုတွေ့ တော့ ငယ်ငယ်က ဆိုခဲ့ဘူးတဲ့ "ကြာနီတစ်ပွင့် ဖြူတစ်ပွင့် တဲနဲ့  ပနံတင့်" ဆိုတဲ့ ကဗျာတစ်ပိုင်းတစ်စကို သတိရ...
ဒါပေမယ့် တဲကလေးကိုတော့ မတွေ့ ရ...။

pandora said...

ကိုဝေလင်း.. အဲဒီနေ့ကို စောင့်နေကြပါတယ်။ မှတ်ချက်အရှည်ကြီး သေသေချာချာရေးသွားလို့ ကျေးဇူးပါနော်။

Ma Thyda.. ဟုတ် .. ရေးကောင်း ရေးဖြစ်ပါလိမ့်မယ်.

ပင့်ဂိုးလ်.. သက်ဝေ မှတ်ချက်များအတွက် ကျေးဇူးပါ။

Anonymous said...


နွေဦးက ခံစားတတ်သူအတွက် ရင်ဘတ်နဲ့အပြည့် ခံစားစရာတွေ တစ်ပုံကြီး ဖြစ်စေတယ်။ မပန်ရဲ့ ရင်ထဲက ကဗျာလေးကလည်း နွေဦးနဲ့အတူ ရသပေါင်းစုံကို ခံစားလိုက်ရတယ်။
အေးချမ်းသူ

Anonymous said...

Great ma pan. How's a preety poem.
I also miss our spring in our home town......But I can't create like this master piece.. You r really great...