Tuesday, March 25, 2008

ပြည်သူတို့အတွက် ကဗျာဆရာရဲ့ တေးသံ

ပီ ဘီ ရှယ်လီ ရဲ့ ကဗျာတစ်ပုဒ်ကို ရှေ့မှာ မိတ်ဆက်ပေးခဲ့ဖူး ပါတယ်။ ရိုမန်တစ်ဇင်ခေတ်လို့ ခေါ်ကြတဲ့ ခေတ်ထဲက ကဗျာဆရာတစ်ဦး ဖြစ်တဲ့ ရှယ်လီဟာ နိုင်ငံချစ်စိတ် ပြင်းထန်သူတစ်ဦး အဖြစ်လည်း ထင်ရှားခဲ့တယ်။ သိင်္ဂါရ ရသ မြောက်တဲ့ ကဗျာတွေ အများကြီး ရေးခဲ့သလို နိုင်ငံရေးအမြင်နဲ့ ခေတ်ကို ထင်ဟပ်တဲ့ ကဗျာတွေလည်း ရေးခဲ့တယ်။ အရင်တခါက ဖော်ပြခဲ့တဲ့ England in 1819 ကဗျာမှာဆိုရင် အဲသည်အချိန်က အင်္ဂလန်ရဲ့ အုပ်ချုပ်ရေး စနစ်ဆိုး နဲ့ မင်းဆိုးမင်းညစ်တွေ အကြောင်းကို ကွင်းကွင်းကွက်ကွက် သရုပ်ဖော်ထားခဲ့သလို သူ့ရဲ့နာမည်ကျော် Ode to the West Wind မှာဆိုရင်လည်း ခေတ်ပြောင်း စနစ်ပြောင်းလာဖို့အတွက် မျှော်ရည်ပြီး အားမာန်အပြည့်နဲ့ ရေးဖွဲ့ထားခဲ့တယ်။

အခုမျှဝေချင်တဲ့ ကဗျာကတော့ အင်္ဂလန်ပြည်သူများအတွက် တေး လို့ အမည်ရတဲ့ ကဗျာ ဖြစ်ပါတယ်။ ဒီကဗျာက သူရေးခဲ့တဲ့ တခြားတော်လှန်ရေး ကဗျာတွေနဲ့မတူပဲ ထူးခြားတယ်။ ဆန့်ကျင်ဘက် အတွေးအမြင်တွေ အရေးအသားတွေနဲ့ ထင်တာထက် ပိုမို ရှုပ်ထွေးနေတယ် လို့ သုံးသပ်ကြပါတယ်။ မူရင်းကဗျာကို ဖတ်ကြည့်ပါ။


“Song—To the Men of England”
By Percy Bysshe Shelley

Men of England, wherefore plough
For the lords who lay ye low?
Wherefore weave with toil and care
The rich robes your tyrants wear?

Wherefore feed and clothe and save,
From the cradle to the grave,
Those ungrateful drones who would
Drain your sweat -nay, drink your blood?

Wherefore, Bees of England, forge
Many a weapon, chain, and scourge,
That these stingless drones may spoil
The forced produce of your toil?

Have ye leisure, comfort, calm,
Shelter, food, love's gentle balm?
Or what is it ye buy so dear
With your pain and with your fear?

The seed ye sow another reaps;
The wealth ye find another keeps;
The robes ye weave another wears;
The arms ye forge another bears.

Sow seed, -but let no tyrant reap;
Find wealth, -let no imposter heap;
Weave robes, -let not the idle wear;
Forge arms, in your defence to bear.

Shrink to your cellars, holes, and cells;
In halls ye deck another dwells.
Why shake the chains ye wrought? Ye see
The steel ye tempered glance on ye.

With plough and spade and hoe and loom,
Trace your grave, and build your tomb,
And weave your winding-sheet, till fair
England be your sepulchre!

ဒီကဗျာကို ခြုံငုံပြီး တစ်ချက်ဖတ်လိုက်ရင် ဒါဟာ အင်္ဂလန်က လုပ်သားပြည်သူတွေကို တော်လှန်ရေးအတွက် အားပေးထားတဲ့ ကဗျာလို့ ယေဘုယျ ကောက်ချက် ချနိုင်မယ်ဖြစ်တယ်။ ဒါပေမယ့် တကယ့်တကယ်ကျတော့ သူပြောချင်တာတွေက သည့်ထက် ပိုရှုပ်ထွေးလေးနက် နေတယ်လို့ ဝေဖန်သုံးသပ်ကြပါတယ်။ သူ့ရဲ့ ဘာသာစကားသုံးစွဲမှုနဲ့ လေသံဟာ ရိုးရိုးမဟုတ်ပဲ အလှည့်အပတ်တွေနဲ့ အဆုံးသတ်ထားတယ်လို့ အာရုံခံစားနိုင်သတဲ့။

အင်္ဂလန်ပြည်သူတို့ …
ဘာကြောင့်များ
သင်တို့ကို နှိပ်ကွပ်ထားတဲ့ အရှင်သခင်တို့အတွက်

သင်တို့ထွန်ယက်စိုက်ပျိုးနေကြတာလဲ
အာဏာရှင်တွေ ၀တ်ဆင်မယ့် ကြီးကျယ်ခန်းနားတဲ့ ၀တ်ရုံတော်တွေအတွက်
ဘာကြောင့်များ သင်တို့ လုပ်အားနဲ့ အသေအချာ ရက်ကန်းတွေ ရက်လုပ်နေကြတာလဲ

… ဆိုတဲ့ မေးခွန်းတွေနဲ့ ကဗျာကို စတင်ဖွင့်လှစ်လိုက်ပါတယ်။

ဘာကြောင့်များ
မွေးရာမှသည် သေသည်အထိ
သင်တို့ကို ချွေးချောင်းစီးစေပြီး သင်တို့ရဲ့ သွေးတွေကို သောက်သုံးနေတဲ့
ကျေးဇူးတရား မသိတတ်တဲ့ ပျားထီးလိုကောင်တွေကို
ကျွေးထား ဆင်ထား ကယ်မ, ထားကြတာလဲ..

လုပ်သားပြည်သူတွေကို ဂုတ်သွေးစုပ်နေတဲ့ အရှင်သခင်တွေကို ရှယ်လီက ပျားထီးနဲ့ တင်စားလိုက်ပါတယ်။ ဒီနေရာမှာ ပျားထီး (drone) ဆိုတာကတော့ ပျားအုံတစ်အုံမှာ အလုပ်မလုပ်ပဲ နေတဲ့ ပျားအထီးတွေကို ဆိုလိုပါတယ်။ ပျားထီးတွေက လုပ်သားပျားတွေ ရှာကျွေးတာကို စားရတယ်။ ပျင်းရိတဲ့ပျားလို့လည်း ဆိုလိုနေတယ်။ တဖက်မှာတော့ တုပ်နိုင်တဲ့ အစွယ် (ပျားမှာရှိသင့်တဲ့ အရည်အချင်း) မရှိတာကိုလည်း ဆိုလိုနေတယ်။ လူဆိုရင်တော့ လူလိုစဉ်းစား ဆင်ခြင်တတ်တဲ့ ဦးဏှောက်မရှိတာမျိုး ထင်ပါရဲ့။

ရှယ်လီက အာဏာရှင်တွေကို အသုံးမကျတဲ့ ပျားထီးနဲ့ ခိုင်းနှိုင်းပြီး သရော် လှောင်ပြောင်လိုက်တယ်။ ချက်ချင်းပဲ နောက်က ၀ါကျမှာကျတော့ သင်တို့ရဲ့သွေးတွေကို သောက်သုံးနေတယ် လို့ ဆက်ပြောလိုက်တယ်။ အသုံးမကျတဲ့ အရာတွေလို့ ပြောပြီးမှ အဲသည် အသုံးမကျတဲ့ အရာတွေက အင်အားကြီး ခြယ်လှယ်နိုင်နေရတာကို ဟြေထားတာဟာ အမြင်နှစ်ခု ဖြစ်ရပ်နှစ်ခုရဲ့ ဆန့်ကျင် အားပြိုင်မှုကို ထင်ထင်ရှားရှား ဖော်ပြနေပါတယ်။ အသုံးမကျတဲ့ အကောင်တွေက ကိုယ့်ကို နိုင်စားနေတယ်လို့ တကယ် ဖြစ်နေတဲ့ အဖြစ်ကို ထုတ်ဖော်ပြောလိုက်ပြီး မခံချင်စရာ လှုံ့ဆော်လိုက်တာလည်း ဖြစ်တယ်။

ဘာကြောင့်များ
အင်္ဂလန်ရဲ့ လုပ်သားပျားတို့
လက်နက်တွေ သံကြိုးတွေ ကြာပွတ်တွေ အများအပြား ထုတ်လုပ်နေကြသလဲ
အစွယ်မရှိတဲ့ ပျားထီးတွေက
သင်တို့ရဲ့ အတင်းအကြပ်လုပ်အားနဲ့ တည်ဆောက်ထားတဲ့
အကျိုးရလာဒ်တွေကို ဖျက်ဆီးပစ်မှာ

သည်နေရာမှာတော့ မျှော်လင့်ထားနိုင်တဲ့အတိုင်းပဲ အင်္ဂလန်ရဲ့ ပြည်သူတွေကို လုပ်သားပျား (bee) တွေနဲ့ ဆက်လက်တင်စားလိုက်ပါပြီ။ [မှတ်ချက်။ ။ တကယ့်ပျားအုံတစ်ခုကလို ပျားထီးတွေရဲ့ အသုံးကျတဲ့ အခန်းကဏ္ဍ အတိအကျထက် အလုပ်ကို ဘယ်သူလုပ်တယ် မလုပ်ဘူး တရားတယ် မတရားဘူး ဆိုတာကို ထင်ရှားဖို့ ရှယ်လီက ကဗျာထဲမှာ ပျားတွေရဲ့ဥပမာကို အဲသည်ရှုထောင့်ကသာ ယူသုံးစွဲထားတယ်လို့ မြင်မိပါတယ်။]

သက်တောင့်သက်သာအချိန်တွေ အေးဆေးငြိမ်သက်မှုတွေ
စားဝတ်နေရေးတွေ ချစ်ခြင်းရဲ့နူးညံ့မှုနဲ့ လိမ်းကျံဖို့ဆေးတွေ သင်တို့မှာရှိသလား
ဒါမှမဟုတ် သင်တို့ရဲ့ နာကျင်မှု ကြောက်ရွံ့မှုနဲ့ပေးဆပ်ပြီးတော့
တန်ဖိုးကြီးစွာ လဲလှယ်ဝယ်ယူနေရသလား..

ရှယ်လီက လူအများ ဘယ်လောက် နစ်နာနေတယ် ဆိုတာကို သည်စာပိုဒ်မှာ ထောက်ပြလိုက်ပါတယ်။ မေးခွန်းတွေရပ်သွားပြီး နောက်တစ်ပိုဒ်မှာတော့..

သင်တို့မျိုးစေ့ချပျိုးခဲ့တာကို သူများက ရိတ်သိမ်းနေ
သင်တို့ရှာခဲ့တဲ့ စည်းစိမ်ဥစ္စာကို သူများကသိမ်းပိုက်နေ
သင်တို့ရက်လုပ်တဲ့ ၀တ်ရုံကို သူများက၀တ်ဆင်နေ
သင်တို့ထုတ်တဲ့လက်နက်များ သူများက တပ်ဆင်သွား…

မတရားမှုတွေ ကြီးစိုးလို့ တကယ် ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို သည်နေရာမှာ လှစ်ပြလိုက်ပါတယ်။ ဆက်ပြီး ပြောတာကတော့ တကယ့်တကယ် ဖြစ်သင့်တာတွေပါ။

မျိုးစေ့ကိုချပါ၊ အာဏာရှင်ကိုတော့ မရိပ်သိမ်းခိုင်းမိစေနဲ
စီးပွားချမ်းသာကိုရှာပါ၊ လူလိမ်အချောင်သမားတွေဆီ စုပုံမသွားပါစေနဲ့
အ၀တ်အထည်တွေ ရက်လုပ်ပါ၊ လူပျင်းတွေ ၀တ်မသွားပါစေနဲ့
လက်နက်တွေထုတ်လုပ်ပါ၊ မိမိကိုယ်ကို ခုခံကာကွယ်ရေးအတွက်သာ..

နောက်တစ်ပိုဒ်မှာတော့ လေသံကပြောင်းသွားတယ်။ အင်္ဂလန်ပြည်သူတွေအတွက် အနှုတ်လက္ခဏာ ဆောင်တဲ့ အသုံးအနှုန်းတွေ ထူးခြားစွာ အစပြုလာပါပြီ။

သင်တို့ရဲ အချုပ်လှောင်အိမ်တွေ တွင်းပေါက်တွေ အခန်းငယ်တွေ ကျုံ့လာစေ
သင်တို့ခြယ်သနေတဲ့ ခန်းမတွေမှာတော့ သူများက နေထိုင်နေ
သင်တို့သွန်းထုခဲ့တဲ့ သံကြိုးတွေကို ဘာလို့ လှုပ်ခါနေလဲ
သင်တို့သွန်းကြိုခဲ့တဲ့ သံမဏိတွေက သင်တို့အပေါ် ရောင်ပြန်လက်နေခဲ့...

ကဗျာရဲ့ နောက်ဆုံးပိုဒ်ကတော့ ပိုပြီး အံ့သြစရာ ဖြစ်သွားတယ်။ အရှိန်လည်း ပြင်းလာတယ်။ လေသံလည်း မာလာတယ်။ စကားလုံးသုံးစွဲပုံကအစ With plough and spade and hoe and loom, Trace your grave, and build your tomb, ဆိုတဲ့ စာကြောင်းလိုမျိုးမှာဆို အသံ တစ်သံတည်း ထွက်တဲ့ သံပြတ်စကားလုံးတွေ ဆက်တိုက် သုံးနှုံးသွားတယ်။

အားကုန်ဖျော့တော့သွားသည်အထိ
ပေါက်တူး ပေါက်ပြား တူရွင်း တွေနဲ့
ကိုယ့်ကျင်းကိုယ်တူး ကိုယ့်အုတ်ဂူကိုယ်ဆောက်ကြပေါ့
ရက်ကန်းစင်တွေနဲ့ ကိုယ့်မသာဝတ်စုံ ကိုယ်ရက်လုပ်လိုက်ပေါ့
အင်္ဂလန်ကလည်း သင်တို့ရဲ့သင်္ချိုင်းမြေ ဖြစ်လာတော့မပေါ့..။

ကဗျာက အဲသည်မှာပဲ ဆုံးသွားပါပြီ။ သည်အတိုင်း ကြည့်ရင်တော့ အင်္ဂလန်ပြည်သူတွေကို စော်ကားနေသလို ထင်ရတယ်။ ကျိန်ဆဲနေသလို ထင်ရတယ်။ မင်းတို့အားလုံး လဲသာ သေလိုက်ကြတော့ လို့ပြောနေသလိုပဲ။ တကယ်တော့ ရှယ်လီက “ဖြစ်နေတာ” တွေရယ် “ဖြစ်သင့်တာတွေ” ရယ် ပြောပြီးတဲ့နောက် “ဘာတွေ ဆက်ဖြစ်လာနိုင်တယ်” ဆိုတာကို ရေးဖွဲ့ခဲ့တာပါ။ မြုပ်ထားတဲ့ စကားတွေကတော့ အဲဒီ အနိဋ္ဌာရုံတွေ ဆက်ဖြစ်လာမယ် ဆိုတာဟာ “တကယ်လို့များ သည်အတိုင်း ဆက်ငြိမ်ခံသွားရင်” လို့ဆိုလိုတာပါပဲ။

တကယ်အသုံးမကျတဲ့ အစွယ်မဲ့ ပျားထီးလို ဖိနှိပ်သူတွေကို ကိုယ့်မှာ လုပ်အားရှိတဲ့ လုပ်သားပျားလို ဖိနှိပ်ခံရသူတွေက ဖိနှိပ်ခွင့် ဆက်ပေးနေရင် သည်လို ဖြစ်လာမယ်။ ကြောက်ရွံ့ပြီး ငြိမ်ကာ ကိုယ့်လုပ်အားတွေကို ခေါင်းပုံဖြတ်ချင်တိုင်း ဖြတ်ဖို့ ခံနေတာကိုက မတရားသူတွေ သက်ဆိုးရှည်ဖို့ ပံ့ပိုးပေးသလို ဖြစ်နေတယ်။ ကိုယ့်သေလမ်း ကိုယ်ဆက်သွားနေသလို ဖြစ်နေတယ်။ တော်လှန်ကြပါ ဆိုတာမျိုး ကဗျာက သမားရိုးကျ တည့်တိုးမပြောပဲ ဆက်ဖြစ်လာမယ့် ဆိုးကျိုးတွေကို မခံချင်စရာ ဒေါသထွက်စရာ ကြောက်စရာ ဖြစ်အောင် အဓိက အလေးပေး ခြယ်မှုန်းထားခဲ့တယ်။ ဖတ်ရသူအဖို့ မိမိစိတ်သဘောအရကို ချက်ချင်း တစ်ခုခု ထလုပ်ချင်စိတ် ပေါ်ပေါက်လာအောင် လှုံ့ဆော်တိုက်တွန်းခဲ့တယ်။

သည်လိုနဲ့ ကဗျာရေးတဲ့ လက်တစ်ချောင်းက အာဏာရှင်တွေ အနိုင်ကျင့်တာကို ဇာတ်မျောထဲမှာ ငုံ့ခံမနေဖို့ အရေးကြီးကြောင်း အကျိုးအကြောင်းပြကာ အနုပညာမြောက်တဲ့ ဖွဲ့နွဲ့မှုတွေနဲ့ ပြတ်ပြတ်သားသား ထောက်ပြသွားခဲ့ပါတယ်။



ပန်ဒိုရာ


(အတတ်နိုင်ဆုံး ကြိုးစားနားလည်ထားပါတယ်။ အဓိပ္ပာယ်ကောက်ယူပုံ အမှားအယွင်းများ သဘော မတိုက်ဆိုင်တာများ ရှိခဲ့ရင် မှတ်ချက်ရေး ထောက်ပြသွားဖို့ ကြိုဆိုပါတယ်။)


8 comments:

မေငြိမ်း said...

အင်းး တကယ်ပါပဲ... ကြည့်လိုက်ရင် ကဗျာဆရာက ရက်စက်လိုက်လေခြင်း.. ။ ဒါပေမဲ့ အခါများစွာမှာ အမှန်တရားက ရက်စက်ခါးသည်းစမြဲ..။

"အားကုန်ဖျော့တော့သွားသည်အထိ
ပေါက်တူး ပေါက်ပြား တူရွင်းတွေနဲ့
ကိုယ့်ကျင်းကိုယ်တူး ကိုယ့်အုတ်ဂူကိုယ်ဆောက်ကြပေါ့
ရက်ကန်းစင်တွေနဲ့ ကိုယ့်မသာဝတ်စုံ ကိုယ်ရက်လုပ်လိုက်ပေါ့
အင်္ဂလန်ကလည်း သင်တို့ရဲ့သင်္ချိုင်းမြေ ဖြစ်လာတော့မပေါ့..။"

ကဲ.. အဲဒီအပိုဒ်ကို ကြက်သီးထ သဘောကျမိတဲ့ ကိုယ်ကရော ရက်စက်နေပလား...။ မတတ်နိုင်ပါ..။
အခါများစွာမှာ အမှန်တရားဟာ ကြောက်စရာ ကောင်းတတ်မြဲပါ..။

ခင်မင်းဇော် said...

ဒါကဗျာ လက်နက်အစစ်ပေါ့ ပန်ပန်ရေ..
လူထုအတွက် တော်လှန်ကဗျာ ဆိုတာ အမှန်ရှိခဲ့ပါ့။

M.Y. said...

အဖိုး သခင်ကိုယ်တော်မှိုင်း ကိုသတိရမိစေတဲ့ကဗျာကလေးပ..

ကိုယ့်လူမျိုးချင်း အဖိနှိပ်ခံ၊ဂုပ်သွေးအစုပ်ခံနေရတဲ့ မလွတ်လပ်တဲ့ပြည်သူတွေဘ၀ကို မီးမောင်းထိုးပြနေတဲ့ တော်လှန်ကဗျာကောင်းကလေးပ။
“မျိုးစေ့ကိုချပါ၊ အာဏာရှင်ကိုတော့ မရိပ်သိမ်းခိုင်းမိစေနဲ “့ …လို့  `က’ နေရာမှာ `က’ို လို့ ဆိုရင် ကောင်းမလားလို့ (တတ်သလိုလိုနဲ့  အသေးအမွှားလေးကို ၀င်လျှာရှည် လိုက်ဦးမယ်)

မူရင်းအတွက်ရော ဘာသာ ပြန်အတွက်ပါအသိအမှတ်ပြုကျေးဇူးပါ။
ပန်ပန့်  ရဲ့ ဘာသာပြန်စကားလုံးများကလဲကျစ်လျစ်လှပပါပေတယ်။

pandora said...

အမမေငြိမ်းရေ ဟုတ်တယ် အမှန်တရားက ရှိနေ.. မြင်နေတာကို ပြောတဲ့လူကတော့ ပြောပြမှာပဲ
မခင်မင်းဇော် ရှိနေဆဲပဲမဟုတ်လားနော်..
ကိုမောင်ရင် အကြံပေးတာ ကျေးဇူး အဲလို ပြင်လိုက်ပြီဗျို့.။

တန်ခူး said...

ကဗျာရဲ့ ကြီးမြတ်လေးနက်မှုကြောင့် commentပေးရမှာတောင် လက်တွန့်သွားတယ်ပန်ရေ။ မူရင်းကဗျာဆရာရော၊ ဘာသာပြန်ကဗျာဆရာမနှစ်ဦးလုံးကို လေးစားလျှက်။

မျှားပြာ said...

ကျွန်တော်လည်း ရှယ်လီရဲ့ ကဗျာတွေကို သိပ်ကြိုက်တယ်ဗျ ..။

kay said...

ရှယ်လီ ရဲ့ မြေးလေး..ပန်ဒိုရာ ရေ..း)
Excellent !
ခက်တာက.. လုပ်သား ပျား တွေ ခမျာ.. သူတို့ဘာလုပ် နေ မှန်း..သူတို့ဖာသာ တောင် သိရဲ့လား..
ကြာညောင်းတဲ့ ခေတ်ကာလ တခု ( ပျားအုံနိုင်ငံရေး ) ထဲမှာ..ဒါကိုနားလည်မဲ့..လုပ်သားပျား တွေက..သိပ်နည်းပါ လိမ့်မယ်လေ..
အေး..ရှယ်လီ ကိုသိတဲ့..ပျားအုပ်တအုပ် လောက် ..ပျံသန်း ရောက်ရှိ ခွင့် ရမယ် ဆို ရင်တော့..ဒီပျားအုံ ထဲက.. အချောင်သမား ပျားယုတ် တွေကို ..မီးခိုးမှုတ် ..မောင်းထုတ် ခွင့် ရ နိုင် ပါ လိမ့်မယ်။

ဒါမှမဟုတ်လည်း.. ပျားအုံ တခု လုံး..အဖွတ် ခံ လိုက် ရ ရင်တော့..

ပျားရည် သောက် ရ တာပေါ့..း)

Anonymous said...

"If there is hope, wrote Winston, it lies in the proles.

[...]

But the proles, if only they could somehow become conscious of their own strength, would have no need to conspire. They needed only to rise up and shake themselves like a horse shaking off flies. If they chose they could blow the Party to pieces tomorrow morning. Surely sooner or later it must occur to them to do it? And yet-! "

- George Orwell's 1984
http://www.george-orwell.org/1984/6.html

IF THERE IS HOPE, IT LIES IN THE PROLES.