Tuesday, June 3, 2008

ဟတ္ထိ

မိဘတွေကျေးဇူးနဲ့ ၁၉၆၀/၇၀ ခေတ်များက မဂ္ဂဇင်းတွေ ဖတ်ခဲ့ရပါတယ်။ အဲဒီ မဂ္ဂဇင်းတွေမှာပါတဲ့ ၀တ္တုတိုကောင်းတချို့ကို အခုအထိ အမှတ်ရနေတတ်ပါတယ်။ အဲဒီအထဲကမှ ဟတ္ထိ လို့ အမည်ရတဲ့ ဘာသာပြန် ၀တ္တုတိုလေး တစ်ပုဒ်ကို အခုတလော ဘာရယ်မဟုတ် သွားသတိရနေမိပါတယ်။ ဟတ္ထိဆိုတာ ပါဠိဘာသာနဲ့ ဆင် လို့ခေါ်တယ်လို့ သိထားပါတယ်။ အမှတ်သညာက မကောင်းတဲ့အတွက်ကြောင့် အဲဒီဝတ္တုကို ဘာသာပြန်ထားတဲ့ စာရေးဆရာဟာ ဆရာမောင်ထင်လား ဆရာ တက္ကသိုလ်ထင်ကြီးလား ဆိုတာလည်း ဝေေ၀၀ါးဝါး ဖြစ်နေပါတယ်။ (ထင်တော့ ထင်ပဲ)။ သို့သော် မျှဝေချင်တဲ့အတွက် ပြန်ရေးလိုက်ပါတယ်။ ကိုယ်ပိုင်ဇာတ်လမ်း မဟုတ်ပါ။ တချိန်က ဖတ်ဖူးတဲ့ ဇာတ်လမ်း ကျောရိုးကို ပြန်မြင်ယောင်ပြီး မှတ်မိသလောက် စိတ်ကူးပြီး ပြန်ရေးထားတယ်ဆိုတာကို ထပ်မံ ပြောလိုပါတယ်။ ဝေမျှခံစားလို၍ ဖြစ်ပါတယ်။



ဟတ္ထိ

တိရိစ္ဆာန်ရုံ အမှုထမ်းနှစ်ဦး အဖို့ ဤကနေ့ လုပ်ရသော အလုပ်မှာကား ခါတိုင်းနှင့် မတူပါပေ။

မနက်ဖြန်တွင် ကျောင်းတစ်ကျောင်းမှ လေ့လာရေးခရီး လာမည်။ ဆင် ကိုလည်း လာကြည့်မည်။ အဆင်သင့်ဖြစ်ပါစေ ဟု အုပ်ချုပ်ရေးမှုးက တချက်လွှတ် မိန့်မှာထားသည်။ ဒါဟာ အထက်ကလာသော အမိန့်ဖြစ်သည်။ စောဒက မတက်ရဲ။ အုပ်ချုပ်ရေးမှုး မျက်နှာမပျက်ပဲ ညွှန်ကြားချက် ပေးနိုင်ပုံ ထောက်လျှင် အကြံအစည် တခုခုတော့ ရှိရမည်။

ညနေခင်းတွင် အထက်ဖော်ပြပါ အမှုထမ်းနှစ်ဦးထံသို့ လေမထိုးရသေးသော ရာဘာရုပ်တစ်ရုပ် ရောက်လာသည်။ အဖြစ်အပျက်များကို မရိပ်မိသေးဘူး ဆိုပါက ၀န်ထမ်းနှစ်ဦး၏ အောက်ပါ အချီအချ စကားများမှ သိရှိနိုင်ပါသည်။

“ငါတို့ အုပ်ချုပ်ရေးမှုးကလည်းကွာ။ မရှိဘူးဆိုလဲ မရှိဘူးလို့ပဲ ညွှန်ကြားရေးမှုးကို ပြန်ပြောလိုက်တာ မဟုတ်ဘူး။ တို့တိရိစ္ဆာန်ရုံမှာ ဆင်မရှိတာ ကြာမှပဲ။”

“မဟုတ်ဘူးကွ။ ဟိုတလောကမှ အထက်ကို ပို့လိုက်တဲ့ လပတ် အစီရင်ခံစာထဲမှာ ဆင်ရှိကြောင်း။ တိရိစ္ဆာန်အားလုံး အမျိုးစုံလင်စွာ ကျန်းမာချမ်းသာစွာ ရှိကြောင်း တင်ပြပြီးသွားပြီ ဆိုပဲ။”

“ခက်တယ်။ နောက်ဆုံးတော့ တို့ဆီကိုပဲ ၀န်ပိုက ရောက်လာပြီ။ တကယ်ဆို ဒါဟာ ငါတို့အတွက် သတ်မှတ်ထားတဲ့ တာဝန်ရဲ့ ပြင်ပမှာဖြစ်နေပြီ”

“စကားများမနေနဲ့ မှုတ်သာမှုတ်..။”

“…….”
“…….”

ညသန်းခေါင်ကျော်ပြီ။ ရာဘာဆင်ရုပ်၏ တ၀က်ပင် မပြည့်သေး။

“အား….. ညောင်းလိုက်တာ။”

“ဘယ်လိုလုပ်မလဲ။ ဆင်မှုတ်ဖို့အတွက် တညလုံး အိုဗာတိုင်ဆင်းနေရတယ် ဆိုရင် အိမ်ကမိန်းမကလည်း ဘယ်လိုမှ ယုံမှာမဟုတ်ဘူး။”

ဝန်ထမ်းတယောက်က မျက်လုံးကို ဟိုဟိုဒီဒီကစားသည်။ ဖျော်ဖြေရေး ဆက်ရှင် မိုးပျံပူဖောင်း အရောင်းဌာနမှ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ပုံးကို သွားတွေ့သည်။

ဤသို့ဖြင့် လေတ၀က် ဓာတ်ငွေ့တ၀က်ဖြင့် ဆင် ပြုလုပ်ခြင်း အမှုကိစ္စ ပြီးစီးသွားပြီ။

“ဟဲဟဲ..။ အကြံကောင်းတော့လည်း လွယ်လွယ်လေးပဲ။ ကဲ အိမ်ပြန်လို့ရပြီ။”

“နေဦး။ ဆင်ကို အစာတွေဘာတွေ လာကျွေးနေရင် ဟိုဟာဒီဟာလုပ်ခိုင်းနေရင် ဘယ်လိုလုပ်မလဲ။”

“ဒါများကွာ။ ဒီလိုလုပ်။”

-----

မနက်မိုးလင်း တိရိစ္ဆာန်ရုံ ဖွင့်ချိန်တွင် ဆရာမက ဦးဆောင်ကာ တူညီဝတ်စုံဖြင့် ကျောင်းသားကလေးများ တန်းစီ ၀င်လာကြ၏။

နားရွက်ဖားလျား ကြီးမားသော ကိုယ်ခန္ဓာဖြင့် ဆင်သည် ဣနြေ္ဒရစွာ ရပ်နေ၏။ ဆင်ရှေ့တွင် “ဆင်။ အလွန်ပျင်းသော ဆင်ဖြစ်သည်။ ရွေ့လျားမှု နည်းသည်” ဟု စာလုံးကြီးကြီးဖြင့် ရေးထားသည်ကို ဖတ်ရသည်။

ကလေးတယောက်က စိတ်လှုပ်ရှားသော အသံကလေးဖြင့် “မိုမိုရေ” ဟု ခပ်အုပ်အုပ် ခေါ်ကြည့်သည်။ ဆင်ကမထူးပါ။

“ဆင်ဆိုတာ ကုန်းသတ္တ၀ါတွေထဲမှာ အကြီးမားဆုံးဖြစ်တယ်။”

ဆရာမက စတင်ရှင်းပြလေသည်။ ကလေးများသည် မှတ်စုစာအုပ်ကလေးများ ထုတ်ကာ လိုက်မှတ်ကြသည်။

“ဆင်ဟာ သူ့ရဲ့အင်အားနဲ့ သစ်ကိုင်းတွေကို ချိုးတယ်။ တောကိုတိုးတယ်။”

ကလေးတို့သည် မှတ်စုလိုက်မှတ်ရင်း ဆင်ကို လေးစားခြင်း ကြီးစွာဖြင့် ကြည့်နေကြ၏။ ထိုစဉ် လေပွေသည် တိရိစ္ဆာန်ရုံကို ဖြတ်သန်း တိုက်ခက်လာ၏။ ဆင်သည် အနည်းငယ် လှုပ်ခါသွားသည်။

“အလေးအပင်တွေကို ချီမနိုင်တယ်။ သစ်တုံးတွေကို သယ်ဆောင်နိုင်တဲ့အတွက် သစ်ထုတ်လုပ်ရေးစခန်းတွေမှာ ဆင်ကို သုံးလေ့ရှိတယ်။”

လေပွေက ပိုပြင်းလာသည်။ ဆင်သည် တုန်တုန်ရီရီ ဖြစ်လာ၏။

“အရွယ်ရောက်တဲ့ ဆင်ရဲ့ ကိုယ်အလေးချိန်ဟာ ပျမ်းမျှအားဖြင့် ဆိုရင် ပေါင်တသောင်းလောက် လေးလံတယ်။”

ဆင်သည် ဘယ်ယိမ်း ညာယိမ်းဖြစ်လာပြီး အားလုံး၏ မျက်စိရှေ့တွင်ပင် ကောင်းကင်သို့ ပျံတက်သွားတော့သည်။ အချိန်အတန်ကြာ လွင့်ဝဲနေပြီး သစ်ပင်ကြီးတပင်၏ သစ်ကိုင်းတွင် သွားငြိသည်။ ထို့နောက် ပွန်းပဲ့ပြီး ပေါက်သွားကာ ဓာတ်ငွေ့များကုန်သော် တနေရာသို့ ထိုးကျသွားလေသည်။

-----

နောက်ဆက်တွဲ…

ထိုလေ့လာရေးခရီးတွင် လိုက်ပါလာခဲ့ကြသော ကလေးများသည် ကြီးပြင်းလာကြသောအခါ လမ်းသရဲကလေးများ ဖြစ်သွားကြလေသည်။ သူတို့သည် စာသင်ခန်းမှ ခုံများကိုရိုက်ချိုးခြင်း ပြတင်းပေါက်မှန်များ ခွဲခြင်း စသည်တို့ကို ပြုလုပ်ကြသည်။

ထို့အပြင် သူတို့၏ ဘ၀တွင် ဆင် ဆိုသည်ကို လုံးဝ အယုံအကြည် မရှိကြတော့ပါ။

14 comments:

Anonymous said...

Bravo!
Those kids become those people.
Thank for sharing.

ညီညီ(သံလွင်) said...

It's really a fantastic story and I like the way it symbolizes with so much to think about the hidden meanings. Thanks for sharing.

တန်ခူး said...

အရမ်းကောင်းတဲ့ ဟတ္ထိပါ...ဝေမျှပေးတာကျေးဇူးပါပန်ရေ...

ရွှန်းမီ said...

ဟုတ်တယ်နော်..
သိပ်ကောင်းတဲ့ အကြောင်းအရာပဲ..
ဝေမျှတာ ကျေးဇူးပါ မပန်ဒိုရာ..

Anonymous said...

Thanks alot

un
believable

Ag Minn Su
@anony

စိုးထက် - Soe Htet ! said...

ဟတ္ထိ က Heart ထိတယ် ဗျာ ... :P

မေပျို said...

ဟတ္ထိ ကိုဖတ်သွားတယ်။ ကောင်းလိုက်တာ အမရေ။ အခုလို ဖော်ပြတာ ကျေးဇူး။

layma said...

လိမ်တာ လွယ်လို့ပါ...
အလွယ်တကူ ဖြေရှင်းတာ...
လစ်ရင် လစ်သလို..မလစ်ရင် မလစ်သလို လိမ်တာ အကျင့်ပါနေလို့ ဖြစ်မယ်...။

Heartmuseum said...

မှန်လိုက်လေဗျာ။ လိမ်တဲ့လူကြီးတွေကြောင့် လူငယ်တွေ လူလိမ် လူမိုက် ဖြစ်ကုန်တာ မဆန်းပါဗျာ။

Thet Oo said...

နောက်ဆက်တွဲ၏နောက်ဆက်တွဲ…
တိရိစ္ဆာန်ရုံ အုပ်ချုပ်ရေးမှုးသည် ညွှန်ကြားရေးမှုးဖြစ်လာကာ သူ့ကို အမိန့်ပေးသောအထက်အရာရှိသည် နိုင်ငံတော် ၀န်ကြီးချုပ် ဖြစ်လာသည်။
တိရိစ္ဆာန်ရုံဝန်ထမ်း နှစ်ဦးနှင့် ဆရာမတို့၏ သားသမီးများအရွယ်ရောက်လာသောအခါ အိမ်နီးချင်းတိုင်းပြည်များ၌ ရရာအလုပ်များကို သွားရောက်လုပ်ကိုင်ရင်း အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။

ကလိုစေးထူး said...

ဖတ်ရတာ တော်တော်အရသာရှိတာပဲ။

Mintasay said...

It's really, really a great fiction. The way he built the structure is unique and the conclusion is superb. It's too hard to catch those kind of sparkling ideas with our common mind. Great!

နှင်းပွင့်ဖြူလေး said...

ကောင်းလိုက်တာအစ်မရေ ခုလိုပေးဖတ်တဲ့အတွက် ကျေးဇူးအထူး

pandora said...

ဒီစာကို မူလ ရေးသူဟာ ဆရာထင်ကြီးလို့ မိတ်ဆွေတယောက်က ပြောလို့ သိရပါတယ်။ လာရောက်အားပေးကြသူများ အသေအချာ ခံစားနားလည်သွားကြသူများ ကျေးဇူးတင်ပါတယ်။