Thursday, June 12, 2008

စည်း

ခြေသံဖြတ်ဖြတ်
ဆတ်ဆတ်ကြားရင်
ငိုချင်ရယ်ချင်စိတ်နဲ့
တထိတ်ထိတ်ညနေခင်းတွေ…။

သည်ဒန်းကိုစီးလို့
သည်လမ်းကစောင့်နေတုန်းလေ
ဆိတ်ဖလူးပန်းတွေပျံဝဲ
မိုးဖွဲဖွဲကြား
ခိုတွဲနေတဲ့ အရိပ်မှုန်ဝေ...။

ဆံနွယ်ဖားလျား
ဝတ်ရုံလွင့်ပါးပါးမှာ
သနပ်ခါးနံ့တွေသင်းလို့
တေးချင်းသီပျောင်း
စောင်းသံညင်းညင်း
မျက်တောင်စင်းလုလု...။

မိုးမှောင်ခြိမ့်ခြိမ့်
သိမ့်ကနဲအလှုပ်မှာ
အို.. အမိန့်တော်သံရယ်
သည်ကြိုးကို ဖြတ်
အသက်နှင်းအပ်ရင်
လိပ်ပြာချင်းထပ်စေမတဲ့…။

ဝိညာဉ်ဖြူစ
မနုတ်ရက်လို့
လွှတ်ချလိုက်ပြီ
ကျိန်စာဒါဏ်သင့်
လောင်မီးဆင့်ပစေ
သည်သိုက်နန်းကို
မလှမ်းလိုက်ပါနဲ့ကွယ်
ဘ၀ခြားလို့
ထားခဲ့တယ်…။


ပန်ဒိုရာ



12 comments:

M.Y. said...

ဆွတ်ပျံ့ ၊ ထိတ်လန့် ၊ သန္တ၊ ရသ တွေရောယှက်ထားတဲ့သိုက်နန်းကို မြန်းဖို့  ကြံတဲ့သံယောဇဉ်ဖွဲ့ ကဗျာလေးတစ်ပုဒ်…
လပြည့် ည သန်းခေါင်ယံ လေအဝှေ့ မှာ သနပ်ခါးနံ့  လတ်လတ်ဆတ်ဆတ်ကြီးရလိုက်မိတဲ့အထိ ကဗျာအဖွဲ့ ကအသက်ဝင်နေတယ်..
ဆိုတော့…..
(ကျောတော့နည်းနည်းချမ်းသွားဒယ်..) 

အက္ခရ said...

“ညမဖတ်ရ”ဆိုတာ ဒါမျိုးလားဗျ…။

တေးမွန် (ah nai) said...

သနပ်ခါးနံ့ သင်းသင်းနဲ့ 
ဝတ်ရုံပါးပါးနဲ့ 

စောင်းသံညင်းညင်း
မျက်တောင်စင်းလုလု..
ဆိတ်ဖလူးပန်းတွေပျံဝဲ

ကျိန်စာဒါဏ်သင့်
လောင်မီးဆင့်ပစေ..

ပြေးဖက်ပလိုက်မှာ... ကိုမောင်ရင်တို့ . ကိုနတ်တို့ လို ကြောက်မနေဘူး။ :D
ကျွန်တော်က သနားတက်တယ်။ :)

နတ်ဆိုး

Anonymous said...

ဝိညာဉ်ဖြူစ
မနုတ်ရက်လို့
လွှတ်ချလိုက်ပြီ
ကျိန်စာဒါဏ်သင့်
လောင်မီးဆင့်ပစေ
သည်သိုက်နန်းကို
မလှမ်းလိုက်ပါနဲ့ကွယ်
ဘ၀ခြားလို့
ထားခဲ့တယ်…။

နောက်ဆုံးအပိုဒ်လေးက ပိုပြီးခံစားရစေတယ် ဒို့အမက ဒါမျိုးတွေလဲရေးတတ်တာပဲ (နိုဝင်ဘာ)

သက်ဝေ said...

တစ်ခေါက်ဖတ်ပြီး အားမရလို့  နှစ်ခေါက် သုံးခေါက် ထပ်ဖတ်ကြည့်မိတယ်။
ထူးခြားတဲ့ စကားလုံး အသုံးအနှုန်းလေးတွေနဲ့ လှပတဲ့ ကဗျာလေးတစ်ပုဒ်ပါ...။

မောင်မျိုး said...

ဖတ်နေတာ ၃ ခေါက်ရှိပြီး ကဗျာကကောင်းလွန်းတော့ မှတ်ချက်ရေးဖို့  ရှိန်သွားတယ်း) ကောင်းတယ်လို့ ပြောတက်တော့တယ် ။

pandora said...

ဘော်ဒါများ အရင်ဆုံး လာအားပေးသွားကြသကိုး.. ဟင်းဟင်း။။
ဟိုကောင်ငေး နတ်ဆိုး ညည်းတော့ ဒီပုံနဲ့ ခက်သေးတယ် ဂုတ်ချိုးခံရတော့မှာပဲ..။

နိုဝင်ဘာ သက်ဝေ မောင်မျိုး တိုက်ဆိုင်တာရှိလို့ နှစ်သက်တယ် ထင်ပါရဲ့နော်။ ကျေးဇူးပါ။

Ko Paw said...

သြော်....အစက ကဝေ ထင်နေတာ၊ အခုတော့လည်း သိုက်နန်းရှင်ဖြစ်နေတော့သကိုး။ ဖတ်ရတာ ကျောထဲက စိမ့်တဲ့ ကဗျာတပုဒ်ပါဘဲ။

chaos said...

ဝိညာဉ်ဖြူစ
မနုတ်ရက်လို့
လွှတ်ချလိုက်ပြီ
ကျိန်စာဒါဏ်သင့်
လောင်မီးဆင့်ပစေ
သည်သိုက်နန်းကို
မလှမ်းလိုက်ပါနဲ့ကွယ်
ဘ၀ခြားလို့
ထားခဲ့တယ်…။
ဒီနောက်ဆုံးအဖွဲ့လေးကို ကြိုက်တယ်
ဖတ်ပြီးတစ်မျိုးလေးခံစားရတယ်

ပီတိ said...

မှော်ဆရာပန်ဒိုရာ ရဲ့ မှော်ကဗျာတစ်ပုဒ် ...

ညိမ်းညို said...

မကြီးပန်ရေ တအားဖတ်ကောင်းတယ်။ ကြည်အေးကဗျာတွေလိုပဲ။ သူများတွေနဲ့နှိုင်းတာမဟုတ်ဘူးနော် စိတ်မဆိုးနဲ့ဗျ :)
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :)

Anonymous said...

I like this poem.