Sunday, June 15, 2008

မြေအုတ်များ ကျောက်အုတ်များ နှင့် သွေးစက်နီနီ

သည်ညမှာ သမီးက ကျွန်တော့ကို စကားတွေ အများကြီး ထူးထူးခြားခြား ပြောလေသည်။

စတွေ့ခါစက သမီးသည် ကျွန်တော့မျက်နှာကို စေ့စေ့မကြည့်။ ဖေဖေ ဟု နှုတ်မှခေါ်ရန် အချိန်တော်တော်ကြာအထိ တွန့်ဆုတ်သော သမီးသည် စကားကို နာမ်စားမဲ့ ပြောခဲ့သည်။ လေယာဉ်ပေါ်က ဆင်းလာလာချင်းတွင် သမီးသည် ဆယ်စုနှစ်တခုစာ ခွဲခွာခဲ့ရသော အဖေကို ရုပ်ရှင်တွေ ဗီဒီယိုတွေမှာ ရိုက်ပြသလို ဖေဖေ ဟုခေါ်ကာ အတင်း ပြေးမဖက်ခဲ့ပါ။ “ဒီမှာ သမီး ဖေဖေလေ” ဟု တယောက်ယောက်က ပြောသောအခါ “ဟုတ်ကဲ့ သမီးသိပါတယ် ဓာတ်ပုံတွေ ထဲမှာ မြင်ဖူးတာပဲ” ဟု အသံတိုးတိုးဖြင့် ခေါင်းငုံ့ကာ ဆိုခဲ့လေသည်။

သမီးရောက်ချိန်တွင် သည်ဒေသရှိ သစ်ပင်များသည် နီဝါရောင်သစ်ရွက်များဖြင့် ဖုံးလွှမ်းလျက်။ သမီးက သစ်ရွက်တွေကို တအံ့တသြ လိုက် ကြည့်သည်။ အနားညီညာသော ရွက်ကြွေ တချို့ကို တယုတယ ကောက်ကာ သူ့စာကြည့်စားပွဲပေါ်တင်ပြီး အစီအရီ ထပ်ထားသည်။ အဲဒီ ဗီဇကလေးကတော့ သူ့မေမေဆီက မဟုတ်မှန်း ကျွန်တော် ကောင်းကောင်း သိပါသည်။ တချိန်က စွယ်တော်ရွက်ကလေးများ ကံ့ကော် ပွင့်ဖတ်ခြောက်ကလေးများကို စာအုပ်ထဲညှပ်ကာ သူ့မေမေကို မကြာခဏ ပေးခဲ့သော ဆယ်ကျော်သက်အရွယ် လူငယ်လေး တစ်ယောက်သည် ကျွန်တော်ကိုယ်တိုင် ဖြစ်သည်။

သမီးမွေးစက ကလေးနီတာရဲလေးကို ကြည့်ကာ ချစ်တာလား မချစ်တာလား မဝေခွဲတတ်။ ချီလည်းမချီတတ်။ ရှက်ရွံ့သလိုလို။ စိတ်ရှုပ်ထွေးမိသလိုလို။ ကျွန်တော် ကိုယ်တိုင်ကလည်း အသက် ၂၀ ကျော်သာ ရှိခဲ့သည် မဟုတ်ပါလား။ ထိုအသက်၂၀ကျော် လူငယ်လေးသည် အရွယ်နှင့် မလိုက်အောင် တက်ကြွခေါင်းမာခဲ့သည်။ တာဝန်တွေ မနိုင်မနင်း ယူခဲ့သည်။ စကားကြီး စကားကျယ်တွေ ပြောပြီး စွန့်စားမှုတွေ လုပ်ခဲ့သည်။ နောက်ဆုံး ပေးဆပ်လိုက် ရသည်ကတော့ နာကျင်မှုများဖြင့် လေးဖက်လေးတန် အပိတ်ခံခဲ့ရသော လူငယ်ဘ၀ နှင့် လေအတိုက်မှာ လွင့်သွားသော သစ်ရွက်ကြွေလို မိခင်ပင်စည်မှ ကွာကျခဲ့ရခြင်း ပင် ဖြစ်သည်။

“အကြာကြီးထားခဲ့လို့ သမီးက ဖေဖေ့ကို စိတ်ဆိုးနေလား” ဟု ကျွန်တော်က မေးလိုက်သောအခါ “ဟင်.. လူများတွေ အတွက် အရေးကြီးတာတွေကို လုပ်နေတာပဲ ဘာလို့စိတ်ဆိုးရမှာလဲ” ဟု မျက်လုံးကလေး လှန်ကြည့်ကာ ပြန်ဖြေပါသည်။ သမီး တကယ်ပဲ ဆိုလိုသလား။ ရွဲ့စောင်း ပြောလိုက်လေသလား။ တယောက်ယောက်က တခုခု ပြောလိုက်တိုင်းမှာ မသင်္ကာစိတ်ဖြင့် စောကြောတတ်မှုကို ဆယ်စုနှစ် နှစ်ခု၏ ခါးသီးမှုများက သင်ပေးခဲ့သဖြင့် အကျင့်ပါနေခဲ့ပြီ။ နားမလည်နိုင်သလို မော့ကြည့်နေသော သမီး၏ မျက်လုံးဝိုင်းကလေးများမှာ အပြစ်ကင်းစင်သော အရိပ်အယောင်ကို ဖတ်လိုက်ရသောအခါ ကျွန်တော် ရင်အေးသွားခဲ့ပါသည်။

သမီးသည် ရောက်လာလာချင်းတွင် ကျွန်တော်တည်ခင်းသော ဥရောပညစာကို မျက်မှောင်ကုတ်ကာ စေ့စေ့ကြည့်သည်။ ခဏငြိမ်သက်နေပြီးမှ မပြောမဆိုနှင့် မီးဖိုခန်းထဲကို ၀င်သွားကာ ဟိုရှာသည်ရှာ ရှာသည်။ ခေါက်ဆွဲခြောက်တချို့ ကြက်ဥတချို့နှင့် ၀က်အူချောင်းများကို တွေ့သောအခါ သွက်လက်စွာ လှုပ်ရှားပါတော့သည်။ အခုမှ ရောက်သော သမီးသည် မီးဖိုပစ္စည်းများ အစားအသောက်များ အားလုံးကို သူ့အိမ်သူ့ယာတွင် စီမံနေသကဲ့သို့ မတွန့်မဆုတ်။ ကျွန်တော့်ကို ခွင့်လည်းမတောင်း။ ဟုတ်တော့လည်း ဟုတ်သည်လေ။ ဒါက သူ့အဖေအရင်း၏ အိမ်ပေပဲ။ ကျွန်တော့်ကို သတိတရ ပြန်လှည့်ကြည့်ပြီး မေးသည်မှာ “နှစ်ယောက်စာ လုပ်လိုက်ရမှာလားဟင်” ဟူသည့် စကားတခွန်းသာ ဖြစ်သည်။ ကျွန်တော်က “ရတယ် ကိုယ့်အတွက် မလုပ်နဲ့တော့” ဟု ပြောရုံမှအပ တအံ့တသြ ငေးမောကြည့်ရုံသာ တတ်နိုင်သည်။

ကျွန်တော့်ကိုများ စိတ်ဆိုးနေရော့သလားဟု စောစောကရှေ့မှာ ပြောခဲ့သော မေးခွန်းကို ကျွန်တော်က မေးခဲ့ပါသည်။ သမီးသည် စိတ်ဆိုးစိတ်ကောက်ဟန် မပြ။ သူကိုယ်တိုင် ကြော်ထားသော ခေါက်ဆွဲကြော်ကိုသာ တည်ငြိမ်စွာဖြင့် ဆက်စားနေခဲ့သည်။ တကယ်တော့ အဲဒီအချိန်ကတည်းက တခုခုကို ကျွန်တော်ရိပ်မိခဲ့ဖို့ ကောင်းပါသည်။


……………..


ကျွန်တော်တို့ သားအဖ၏ ဆောင်းဦးပေါက်ရက်များသည် ထူးထူးခြားခြား မရှိခဲ့ပါ။ သမီးသည် သူတက်ရသော ကျောင်းသို့ ကျွန်တော့်ကို တရက်သာ လိုက်ပို့ခိုင်းသည်။ အမိမြေ၏ အစိုးရကျောင်းမှာပင် သင်ကြားထားခဲ့သော သမီး၏ အင်္ဂလိပ်စာသည် သာမန် အနေအထားလောက်သာ ရှိသော်လည်း ကျွန်တော် ပူပန်နေသကဲ့သို့ ဆက်သွယ်မှုအတွက် အခက်အခဲလည်း သိပ်ရှိပုံမပေါ်ပါ။ တပတ်ခန့် အကြာတွင် သူနှင့်ရွယ်တူ အဖြူမကလေး တစ်ယောက်ကို အိမ်ကို ခေါ်လာသည်။ သူ့အခန်းထဲတွင် တတွတ်တွတ် စကားပြောကြသည်။ တလခန့်အကြာတွင် သမီးသည် စုပေါင်းစာကျက်ခြင်း အားကစားလုပ်ခြင်း စသည်ဖြင့် သူငယ်ချင်းများနှင့် အချိန်ပုံမှန် လည်ပတ်နေပြီ။ ရေစိမ်းမြေစိမ်းတွင် အဖေ့မျက်နှာ တရွာထင်ကာ နေရတော့မည် ဟူသော ကျွန်တော့် အတွေးများ တက်တက်စင်အောင် လွဲမှားခဲ့ပါသည်။

သည့်နောက်တော့ ကျွန်တော်လည်း ပုံမှန်အလုပ်များဖြင့် ခေါင်းမဖော်နိုင် ဖြစ်ခဲ့ပါသည်။ တခါတခါတော့ တွေ့ဆုံပွဲများ အစည်းအဝေးများသို့ သမီးကို ခေါ်သွားဖြစ်ပါသည်။ ဖြူသွယ်ကာ ချစ်စရာကောင်းသလောက် ချက်ချက်ချာချာ ပြောဆိုတတ်သော သမီးသည် ကျွန်တော့်မိတ်ဆွေများကြားတွင် နှစ်လိုဖွယ် အိုအေစစ်ကလေး ဖြစ်သည်။ မိတ်ဆွေများက သူ့ကို ဦး…..ရဲ့သမီးလေး ဟု နာမ်စားသုံးနှုန်းကာ ပြောမိလျှင်တော့ သမီးနာမည် …. ပါ ဟု ချက်ချင်း တုန့်ပြန်လေ့ရှိသည်ကို ကျွန်တော် သတိထားမိခဲ့ပါသည်။

တည ကျွန်တော် ဧည့်ခန်းမှာ တီဗွီကြည့်နေစဉ် သမီးက ကျွန်တော့်ကို ချဉ်းကပ်လာသည်။
“ဖေဖေ” သမီး၏ ခေါ်သံသည် ကျွန်တော့်နားဝယ် ဆန်းနေသည်။
“သမီး ဖျားနေလား မသိဘူး။”
အား.. သေတော့မှာပဲ။ တအိမ်လုံးမှာ နှစ်ယောက်ပဲရှိတာကို နောက်တယောက်က နေမကောင်းမှန်း ကျွန်တော် ဘာလို့ မသိခဲ့ရသလဲ။ သမီး နဖူးလေးကို ပျာပျာသလဲ စမ်းကြည့်လိုက်တော့ ခပ်နွေးနွေး အငွေ့ကို တွေ့ရသည်။

သမီးသည် ကျွန်တော် ဖျော်တိုက်သော ကော်ဖီနှင့် ဆေးကို ငြိမ်ငြိမ် သောက်နေရင်းမှ “မေမေ့ကို သတိရတယ်” ဟု ဆိုလေသည်။ ကျွန်တော် တဒင်္ဂမျှ ငြိမ်သက်သွားခဲ့သည်။

ရောက်ကတည်းက ဘာမှ မဖြစ်သလို နေနေခဲ့သော သမီးသည် သူ့မေမေကို လွမ်းဆွတ်ကြောင်း ဘာလို့ ပြောမပြခဲ့သလဲ။ ကျွန်တော်ကရော ဘာလို့ နွေးထွေးတဲ့ နှစ်သိမ့်မှုကို မပေးဖြစ်ခဲ့တာလဲ။ အဲသည်နေ့က ပထမဆုံးအကြိမ် သမီးခေါင်းကလေးကို ပွတ်သပ်ကာ ချော့မော့ဖြစ်သည်။ ပိုးသားလိုနူးညံ့သော သမီးဆံပင်လေးများက သူ့မေမေရဲ့ အမွေဖြစ်သည်။ အဲဒီဆံပင်လေးများ အောက်က ခေါင်းမာမာကလေး ကတော့ ကျွန်တော့အမွေများ ဖြစ်နေရော့မလားဟု စိုးရိမ်သွားမိပါသည်။ အဲသည်ညက ကောင်းကင်မှောင်မှောင်ဝယ် မေမေ ဟူသော ကြယ်တပွင့်ကို ကျွန်တော်တို့ သားအဖ အတူတူ ရှာဖွေကြည့်ခဲ့ကြသည်။

ထိုအချိန်ကစလို့ကျွန်တော်တို့နှစ်ဦးကြား အပြန်အလှန် ချည်နှောင်မှု ပိုမိုခိုင်မာ လာသည်ဟု ဆိုရမည်။ အိမ်မလှမ်းမကမ်းရှိ ထင်းရူးတောအုပ်ကလေးတွင် သားအဖနှစ်ယောက် ညနေတိုင်း လမ်းလျှောက်တတ်ခဲ့ပြီ။ ကျွန်တော်၏ သွေးထွက်သံယို ချီတက်ပွဲများ၊ နံရံလေးဘက်မှ အိမ်မက်ဆိုးများ၊ ငှက်ဖျားတက် ခရီးကြမ်းများ၊ ဗုံသံလွှမ်းသော ပွဲတော်ညများ နှင့် တက်ခဲ့ရသော ကျောင်းတော်မှ စာအုပ်ထူထူများ အကြောင်းသည် သမီးအတွက် အိပ်ရာဝင် ပုံပြင်တို့ ဖြစ်ခဲ့ပြီ။ သမီးကတော့ ဆောင်းညတို့၏ ပိန်းပိတ်နေသော ကောင်းကင်တွင် ကျွန်တော်တဦးတည်းအတွက် လင်းပေးသည့် လရောင်ဖြစ်ခဲ့ပါသည်။

“တကယ်တော့ သမီးက အိမ်ပြန်ချင်တာ။”

တောအုပ်ကလေးမှ လမ်းလျှောက်ပြီး အပြန် တနေ့ သမီးက သည်လို ပြောလာပါသည်။

ကျွန်တော်က “အင်းလေ အခု အိမ်ကိုပဲ တန်းပြန်မှာပဲ။ ပြီးတော့ ညစာစားကြတာပေါ့” ဟု ခပ်ပေါ့ပေါ့ ပြောလိုက်ပါသည်။

“မဟုတ်ဘူး ဒါကိုပြောတာ မဟုတ်ဘူးလေ။” ကျွန်တော့်ကို ဖြတ်ခနဲ လှည့်ကြည့်လိုက်ပြီးမှ သူ့ဖာသာ ရေရွတ်ပါသည်။

“ဖေဖေမသိပါဘူး။ ဒီအချိန် သမီးတို့ဆီမှာဆို သီတင်းကျွတ်ပြီလေ။”

“ဖေဖေမသိပါဘူး” ဟူသော စကားက ကျွန်တော့်နား၀၀ယ် ဗုံးသံကဲ့သို့ မြည်ဟီးသည်။ ဖေဖေ ဘာလို့ မသိရမှာလဲ။ ကျွန်တော် ဘာလို့ မသိရမှာလဲ။ ကျွန်တော် မွေးဖွားကြီးပြင်းခဲ့ရာ နေရာမှ ရာသီပွဲတခုအကြောင်း ကျွန်တော်က ဘာလို့ မသိရမှာလဲ။ သမီး တကယ့်တကယ် ဆိုလိုလိုက်သော“အိမ်” ဆိုသည့်အရာကိုလည်း ကျွန်တော်က ဘာလို့ မသိရမှာလဲ။ သမီးနှင့် ကျွန်တော်ကြား ဝေးကွာနေသည်မှာ အချိန်ဆိုသည့် သတ်မှတ်ချက် တခု မက ဖြစ်ခဲ့ပြီလား။ သမီး ပြောပြောနေတတ်သည့် “သမီးတို့ဆီမှာ” “သမီးတို့ဆီမှာ” ဆိုသော အသုံးအနှုန်းတွင် ကျွန်တော့်ကိုရော ထည့်သွင်းပါဝင်ရဲ့လား။ သမီးတို့ဆီသည် ကျွန်တော်တို့ဆီ နှင့် အတူတူပင် မဟုတ်ဘူးလား။ ကျွန်တော်က .. အင်း.. ကျွန်တော်တို့က သီးသန့် လူတန်းစားတမျိုး ဟုများ သမီးက ထင်မြင်နေလေရော့သလား။ ကျွန်တော်တို့သည် ပင်လယ်ကို ဖြတ်သန်းရင်း ရေကြည်ချိုကို ဆုံးရှုံးရသူများ ဖြစ်နေခဲ့ပြီလား။ ကျွန်တော် အတွေးခေါင်ခေါင်နှင့် ယောက်ယက်ခတ် တွေးရင်း ၀မ်းနည်းသွားခဲ့ပါသည်။ အဲသည်ညနေ အိမ်အပြန်လမ်းက တိတ်ဆိတ်လွန်းလှသည်။


……………..


မည်သူမျှ မတွက်ချက်နိုင်ခဲ့သော အပြောင်းအလဲတို့ ပေါ်ပေါက်လာခဲ့သည်။ အမိမြေက လမ်းမတွေပေါ်မှာ ရွှေဝါရောင်တွေ စီးဆင်းခဲ့ပြီ။ အဖြစ်အပျက်များက မြန်ဆန်လွန်းလှသည်။ ပထမပိုင်းတွင် တက်ကြွမှုများ နှင့် မျှော်လင့်ချက်များ။ နောက်တော့ ကြေကွဲစရာ ခံပြင်းစရာ ရင်နာစရာများ။ ကျွန်တော်လည်း အစည်းအဝေးများ ခရီးတိုများနှင့် နေ့မအိပ် ညမအိပ် အလုပ်များချိန် သမီးကလည်း ကွန်ပြူတာရှေ့ဝယ် တချောက်ချောက်။ သည်ကြားထဲမှာ သမီးနှင့် ကျွန်တော် စကားကောင်းကောင်း မပြောဖြစ်တာ ဘယ်လောက်တောင် ကြာပြီလဲ။

ထို့နောက်ပိုင်းတွင် ကျွန်တော်တို့၏ သက်ပြင်းသံများသာ ပိုမိုရှည်လျားခဲ့ရသည်။ သမီး စာမေးပွဲအောင်ခြင်း သူသင်ယူချင်သော အထူးပြုဘာသာရပ်ကို ၀င်ခွင့်ရခြင်း စသည်တို့မှလွ္ဂဲ၍ ထူးထူးခြားခြား ပျော်ရွှင်စရာများ ကျွန်တော်တို့ကြားတွင် ရှိမလာခဲ့ပါ။ ကျွန်တော်က စာအုပ်များကြား အာရုံနှစ်ကာ ပိုအလုပ်များလာသလို သမီးကလည်း တယ်လီဖုန်းခေါ်ဆိုသံ ပိုများလာသည်။ သူနှစ်သက်သော ဟစ်ပ်ဟော့ပ်သီချင်းများ ပိုမို ဆူဆူညံညံ ဖွင့်လာသည်။ ကွန်ပြူတာရှေ့တွင် အချိန် ပိုကုန်လာတတ်သည်။

နေ့များ လများက တထစ်ထစ် ဖြတ်ကျော်လာသည်။ အံ့သြစရာ သို့သော် မနှစ်မြို့စရာ အဖြစ်တို့က သည်လောက်နှင့် ရပ်တန့်မနေခဲ့ပါလေ။ သမီးမွေးနေ့ မေလ ၂ ရက်နေ့အတွက် ညစာ ပြင်ဆင်နေသည့်အချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် ထိုအဖြစ်ဆိုးကြီးတခုကို ကြားလိုက်ရလေသည်။ ကျွန်တော်တို့ ကောင်းကောင်း ထမင်းမစားနိုင်ကြတော့။

သတင်းတို့က တနေ့ထက် တနေ့ ဆိုးဆိုးလာသည်။ ရာဂဏန်းမှသည် ထောင်ဂဏန်း နောက်တော့ သောင်းဂဏန်း သိန်းဂဏန်း။ သစ်ပင်ကြားမှာ မြစ်ထဲမှာ လယ်ကွင်းထဲမှာ အပျက်အစီးများ အော်ဟစ်ငိုယိုသံများ အတားအဆီးများ..။ မျှော်လင့်ချက်ရောင်ခြည်တို့ ရေးရေး ပေါ်လာသည်။ ပြန်လည် ပျက်သုဉ်းလုလု ဖြစ်ပြန်သည်။ ခေါင်းမာမှုများနှင့် အကြောက်တရားတို့၏ အနိုင်အရှုံး ကစားပွဲများကြားတွင် လူ့အသက်များ ဘ၀များကို ချခင်းကာ လောင်းကြေးထပ်ကြလေသည်။

ခုတလော အပြင်ကိုမထွက်ပဲ အိမ်ထဲတွင်သာနေကာ အပြီးသတ်ရမည့် စာတမ်းများကို ရေးနေခဲ့သည်။ နေ့လည်ခင်း ငြီးငွေ့လာချိန်တွင် ခဏနားကာ အိမ်ကို ရှင်းလင်းရင်း ဘဏ်ငွေသွင်း ဖြတ်ပိုင်းကလေးတခုကို သမီးအခန်းဝမှာ သွားတွေ့ပါသည်။ ဒါ သမီး၏ ဘဏ်စာရင်းပေပဲ။ ဂဏန်း ၅လုံးစာ ငွေကြေးပမာဏက ကျွန်တော့်ကို မျက်ခုံးပင့်သွားစေခဲ့သည်။

သမီး ဒီလောက်များတဲ့ ပိုက်ဆံတွေ ဘယ်ကရတာပါလိမ့်။

သမီးနေသော အခန်းကို ၀င်ရောက်စစ်ဆေးခြင်းမျိုး ကျွန်တော် ဘယ်တုန်းကမှ မလုပ်။ သမီးဆံပင်ကို ဆေးနီနီဆိုးတာ စကပ်တိုတိုဝတ်တာ သူငယ်ချင်းများနှင့် အပြင်ထွက်တာ စသည့် လူငယ်ဘာဝ အသေးစိတ်များကို ကျွန်တော်ဘယ်တုန်းကမှ မဟန့်တားခဲ့ပါ။ သို့သော် ဤမျှများပြားသော ငွေကြေးကို ကျွန်တော်လည်း မပေးခဲ့။ သမီးက အလုပ်လုပ်နေသူမဟုတ်။ ကျောင်းသူ တယောက်သာ။ ကျွန်တော်ပေးသော မုန့်ဖိုးကိုသာ သုံးစွဲနေရသူ။ ကျွန်တော် ဟိုတွေး သည်တွေးဖြင့် ပူလောင်စပြုလာသည်။ သမီး ဘာတွေ လျှောက်လုပ်နေပါလိမ့်။ ကျွန်တော်ဟာ အရွယ်ရောက်နေသော သမီးတစ်ယောက်ကို မည်သည့် အခြေအနေမျိုး ရောက်နေသည်ကိုမသိ မည်သို့ ဆုံးမထိန်းကျောင်း ရကောင်းမှန်းမသိအောင် အသုံးမကျသည့် ဖခင်တယောက် ဖြစ်နေပြီလား။

ညစာစားပွဲတွင် ကျွန်တော့်ပူပန်မှုများကို သမီးက ခပ်အေးအေးသာ တုံ့ပြန်ခဲ့ပါသည်။

“ဒါလား။ အလှူငွေတွေပါ။ သမီးတို့အဖွဲ့က ကောက်တာလေ။”

“သမီးတို့အဖွဲ့ဟုတ်လား။ ဘယ်သူတွေလဲ။ ဘာလုပ်ဖို့ကောက်တာလဲ။”

“အကူအညီပေးဖို့ပေါ့။ အခုကတော့ လောလောဆယ် လိုနေတဲ့ အကူအညီတွေကို အထဲကို ပေးဖို့လေ။ အဖွဲ့ကတော့ လူတွေ အများကြီးပါပဲ။ ဟိုမှာ ဒိုင်ခံလုပ်ပေးနေတဲ့ သမီးသူငယ်ချင်းတွေက အများစုပေါ့။ ဒီက သူငယ်ချင်းတွေလည်းပါတယ်။ တခြားနိုင်ငံကလည်း ပါတယ်။ စုမိတာကတော့ ကြာပြီပဲ။”

“ဘယ်ကတည်းကလဲ။”

“မနှစ်က စက်တင်ဘာလလောက် ကပါ။”

ကျွန်တော် သဘောပေါက်သွားခဲ့ပြီ။ ကျွန်တော်သည် သမီးကို သည်လိုကိစ္စမျိုးတွေတွင် ပါဝင်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့။ ကျွန်တော့် အိပ်ယာဝင်ပုံပြင်များ နားထောင်ခဲ့စဉ်ကလည်း လေးလေးစားစား စိတ်ဝင်စားမှုဖြင့် သမီးမျက်လုံးကလေးများ တောက်ပနေခဲ့သော်လည်း ထူးထူးခြားခြား တက်ကြွပါဝင်လိုမှုမျိုးကို သမီးက တခါမှမပြောပြဖူးခဲ့လေ။ အင်း.. ကျွန်တော်က မေးမကြည့်မိတာလည်း ပါမည်။

အဲသည်ညက သမီးက ကျွန်တော့်ကို စကားတွေ အကြာကြီး ပြောခဲ့သည်။ သမီးတို့၏ သူငယ်ချင်း လူငယ်ကလေးများ၊ သတင်းများ၊ ဘလော့ဂ်များ၊ ၀က်ဘ်ဆိုဒ်များ၊ ကူညီမှုများ၊ လှုပ်ရှားမှုများ။ သမီးနှင့် ကျွန်တော် စကားပြောခဲ့ဖူးသမျှထဲတွင် ဒီတခါ သူ့အသံကလေးက အကျယ်လောင်ဆုံး အတက်ကြွဆုံးဖြစ်သည်။ တကယ်တော့ ကျွန်တော် အပြီး မသတ်နိုင်ခဲ့သော လျှောက်မဆုံးနိုင်သေးသော လမ်းတခုတွင် သမီး၏ ခြေရာ သေးသေးလေးတွေလည်း ပါဝင်ခဲ့သတဲ့။ ကျွန်တော်က ၀မ်းသာရမည်လား။ စိတ်မကောင်း ဖြစ်ရမည်လား။ ဂုဏ်ယူရမည်လား။ စိတ်ပူရမည်လား။

မည်သို့ပင်ဖြစ်စေ သမီး၏ စကားများ အဆုံးတွင် “ဒါမှဖေ့ဖေ့သမီးကွ..” ဟု ကျွန်တော်က သူ့ခေါင်းကလေးကို ပုတ်ရင်း ရယ်မောကာ ပြောလိုက်ပါသည်။

သမီးက ပြုံးပါသည်။ ပြီးတော့ ကျွန်တော့်ကို ကြည့်သည်။ သည်မျက်နှာပေးက သူရောက်ရောက်ချင်းညက ဥရောပညစာကို မစားချင်၍ သူ့ဘာသာ ခေါက်ဆွဲကြော် ထကြော်စဉ် မျက်နှာမျိုး။ ကျောင်းကို နောက်နေ့ လိုက်ပို့စရာမလိုတော့ ဟု ပြောစဉ်က မျက်နှာမျိုး။ ဦး… ရဲ့သမီးလေး ဟု မိတ်ဆွေများက သူ့ကိုခေါ်စဉ် သမီးနာမည် … ပါဟု တမဟုတ်ချင်း တုန့်ပြန်ပြောသော မျက်နှာမျိုး။

“သမီးက ဖေ့ဖေ့ရဲ့ သမီးပါပဲ။ ဒါပေမယ့် သမီးက သမီးပဲလေ..။”

ဂျွန်အက်ဖ်ကနေဒီက ပြောခဲ့သည်။ “လူသားမျိုးနွယ်တွေက စစ်ကို အဆုံးသတ်ရမည်။ သို့မဟုတ်ပါက စစ်က လူသားမျိုးနွယ်ကို အဆုံးသတ်သွားလိမ့်မည်” တဲ့။ (Mankind must put an end to war, or war will put an end to mankind. ~John F. Kennedy, 1961) ကျွန်တော်တို့ကလည်း “မျိုးဆက်တွေက တိုက်ပွဲကို အဆုံးသတ်ရမည်။ သို့မဟုတ်ပါက တိုက်ပွဲတွေက မျိုးဆက်ကို အဆုံးသတ်သွားလိမ့်မည်” ဟု ပြောခဲ့သည်။ တိုက်ပွဲတွေက အဆုံးမသတ်သေးတာတော့ သေချာလှသည်။ မျိုးဆက်တဆက်၏ သီးကင်းကလေး တခုကတော့ ကျွန်တော့်ရှေ့တွင် တောက်ပစွာ ဖူးငုံနေလေသည်။

တကယ်တော့ သမီးသည် ကျွန်တော့်နောက်မှ တချိန်လုံး ထပ်ကြပ်မခွာ လိုက်ပါခဲ့သည်ပဲ။ သို့သော် ကျွန်တော့်လောင်းရိပ်တွင် မခိုခဲ့။ ကျွန်တော်ရှိခဲ့၍ သမီးရှိခဲ့သည်။ ကျွန်တော်တို့ရှိခဲ့၍ သမီးတို့ရှိခဲ့သည်။ ထိုတည်ရှိခဲ့မှု ကိုလည်း သမီးက သိသည်။ အသိအမှတ်လည်း ပြုသည်။ သို့သော် သမီးသည် သီးသန့် ဖြစ်တည်ခဲ့ပြီ။ ကျွန်တော်တို့က အတိတ်တို့ဖြင့် ဖိစီးလေးလံနေချိန်တွင် သမီးတို့က လျှင်မြန်စွာ လိုက်လျောညီထွေ ရွေ့လျားနေကြသည်။ ဒီတခါ ကျွန်တော်နားလည်အောင် ဖတ်ရမည့် စာအုပ်တအုပ်သည် သမီးပင်ဖြစ်လေသည်။



ပန်ဒိုရာ


30 comments:

စိုးထက် - Soe Htet ! said...

ဒီတခါ ကျွန်တော် နားလည်အောင် ဖတ်ရမည့် စာအုပ် တစ်အုပ် သည် သမီးပင် ဖြစ်လေသည်။

ကျွန်တော် သေချာ ဖတ်သွားပါတယ် ... သမီး မွေးထားတော့ ... :)

Andy Myint said...

ပီပြင်တယ်။ အသိထဲမှာများ မြန်မာပြည်မှာ ပြန်ထားပြီး နည်းနည်းကြီးမှ ပြန်ဆုံတဲ့ အဖေနဲ့ သမီး ရှိနေသလားပဲ။ ကျွန်တော်အသိ တစ်ယောက်လည်း အဲဒီလိုပဲ။ဓါတ်ပုံထဲမှာ မြင်ဖူးတယ်တို့.. ဖေဖေ မသိပါဘူးတို့ ... သမီးတို့ဆီမှာတို့.. အဲဒါမျိုးတွေ ကြားနေရတယ်။

Unknown said...

ဖတ်ရှူအားပေးသွားကြောင်း :)

Anonymous said...

အရမ်းကို ဖတ်ကောင်းတာပဲ ... တကယ်ကို ကောင်းတာ .. အရီးပန် ... သိပ်ကြိုက်တာပဲ ...။

ခင်မင်းဇော် said...

အားပါးပါး..
ပန်ဒိုရာ ဆိုတာ ဒါပဲ.....
သိပ်ကောင်းတယ်...

ATN said...

မျိုးဆက်တဆက်ပြီးတဆက် ဖတ်ရှုသွားရမယ့် စာအုပ်တအုပ်ပါဗျာ။ Excellent ပေးသွားပါတယ် မပန်။

နတ္ထိ said...

ကျွန်တော် နားလည်အောင် ဖတ်ခဲ့ဖူးသော ကျောင်းစာအုပ်တစ်အုပ်သည် သမီး မဖြစ်နိုင်ပါ။

wai lin tun said...

ဒီဇာတ်လမ်းမျိုးတွေ အပြင်မှာလည်း တကယ်ရှိချင် ရှိမှာဗျ နော့။ နားလည်အောင် ဖတ်ရမယ့်စာအုပ်တွေကလည်း တိုးတိုးလာတယ်ဗျာ..ဟူး..။

ငြိမ်းဝေ said...

မြေအုတ်များ ကျောက်အုတ်များနှင့် သွေးစက်နီနီ ၀တ္ထုကို ကျနော် အရမ်းနှစ်သက်ပါတယ် ... ။ ကျနော့်မှာ မကြာခဏ ဆက်သွယ်နေရတဲ့ သားတယောက်အတွက် ဖခင်တယောက်ရဲ့ သောကနဲ့အလွမ်းကို ဒီဝတ္ထုလေးက ပိုပြီး ခံစားရပါတယ် ...။ ကျေးဇူးတင်ပါတယ် ...။

ရွှေဂျမ်း said...

ရင်ထဲကနေ ခံစားပြီး ဖတ်သွားပါတယ် မပန်ရေ။ အရမ်းကောင်းတယ်လို့ ပြောချင်တာထက် ခံစားချက်တွေ ပိုများလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။

Anonymous said...

ကောင်းလိုက်တဲ့ ၀တ္ထုလေးဗျာ ဖတ်ရင်းနဲ့  အရှန်တောင်မသတ်နိုင်ဘူး သမီးလေးကို ကော အဖေ ကိုကော လေးစားတယ် ။ အရမ်းကောင်းတာပဲပြောတက်တော့တယ် ကျနော်ထင်တာ ဒေါ်လေး ဘာသာပြန် ပို့ စ်တင်ထားပေးတာလားလို့  အခုတော့ ကိုယ်တိုင်ရေးလေးကို ဂွဒ် :P ။

မေငြိမ်း said...

အင်းးး
အမကတော့ တာဝန်ယူမှုမဟုတ်တဲ့ ဗီဇစိတ်ကို မြင်လိုက်ရတယ်လို့ထင်တယ်.. သူ့အဖေရဲ့ဗီစိတ်.. ဒါမှမဟုတ် အဖိနှိပ်ခံပြီး ကြီးပြင်းခဲ့ရတဲ့ မျိုးဆက်သစ်တွေရဲ့ နဂို ဗီဇစိတ်.။ အဲဒီဗီဇစိတ်တွေကို အမတို့အရွယ်တွေ.. မိဘတွေက ပံ့ပိုးပေးရမှာပါလားလို့ ဒီဝတ္ထုလေး ဖတ်အပြီးမှာ တွေးမိသွားတယ်။

Anonymous said...

ပီပြင်တယ်း)

Anonymous said...

...“အကြာကြီးထားခဲ့လို့ သမီးက ဖေဖေ့ကို စိတ်ဆိုးနေလား” ဟု ကျွန်တော်က မေးလိုက်သောအခါ “ဟင်.. လူများတွေ အတွက် အရေးကြီးတာတွေကို လုပ်နေတာပဲ ဘာလို့စိတ်ဆိုးရမှာလဲ” ဟု မျက်လုံးကလေး လှန်ကြည့်ကာ ပြန်ဖြေပါသည်။ သမီး တကယ်ပဲ ဆိုလိုသလား။ ရွဲ့စောင်း ပြောလိုက်လေသလား။ တယောက်ယောက်က တခုခု ပြောလိုက်တိုင်းမှာ မသင်္ကာစိတ်ဖြင့် စောကြောတတ်မှုကို ဆယ်စုနှစ် နှစ်ခု၏ ခါးသီးမှုများက သင်ပေးခဲ့သဖြင့် အကျင့်ပါနေခဲ့ပြီ။...

ကိုယ့်တွေ့  ကြုံဘူးတဲ့အတိုင်း ပြောရမယ်ဆိုရင် ဆယ်စုနှစ် ၂ခုစာကွဲကွာနေတဲ့ သားအဖ နှစ်ယောက်အတွက် တကယ်တမ်း ပြန်တွေ့ တဲ့အခါမှာ သူစိမ်းသာသာပါပဲ။ ဖအေလုပ်တဲ့သူကလဲ သူ့ ကမ္ဘာနဲ့ သူ… သမီးလုပ်တဲ့သူကလဲ သူ့ ဘ၀နဲ့ သူ ဖြစ်သွားပါပြီ။ အတူတူနေပြန်နေဖို့  ( မိခင် မပါဘဲ) လုံးဝ မဖြစ်နိုင်ပါ။ ပုံမှန် တွေးခေါ်နိုင်စွမ်းရှိသော မိခင်ကလည်း သူမ၏ သမီးကို ထိုကဲ့သို့  အနှစ် ၂၀ကျော် ကွဲကွာနေသော ဖအေနှင့် အတူနေရန် ထည့်ပေးလိုက်မည် မဟုတ်ပါ။
ဒါပေမဲ့ .. အမ ရေးထားတာလေးကိုတော့ ကြိုက်တယ် … ဆက်လုပ်အမ.. အားပေးနေတယ် ..နောက်နေ့ မှ Gtalk မှာ ပြောမယ်။

အမ ကြောင့် Alligator ကိုသိသွားတဲ့သူ ;)

nu-san said...

စာထဲမှာ မျောသွားတယ် မပန်ရေ...

P.Ti said...

ညှို့အားကောင်းတဲ့ အရေအသား နဲ့ ခံစားရတဲ့ ဇာတ်လမ်းလေးကို မှော်ဆရာပန်ဒိုရာရေးဖွဲ့လိုက်တော့ တကယ်ပဲ စာထဲမှမျောသွားရပါတယ်...

ThinkingHoney said...

အခုမှပဲ အရမ်းနံမည်ကြီးနေတဲ့ ၀တ္ထုကို လာဖတ်ရတော့တယ် :D
အဖေနဲ့ပါတ်သက်ရင် နက်နက်နဲနဲခံစားရတယ်
ကျန်တဲ့စာတွေလိုက်ဖတ်လိုက်ဦးမယ်

လာလည်သွားလို့ကျေးဇူးပါ။

Moe Hlaing Nya said...

ကောင်းတယ် မမပန်…
ဝေဖန်ရေးဆရာတွေလိုတော့ ဘယ်လိုကောင်းတယ်
ဘယ်လိုမကောင်းဘူး မပြောတတ်ပါဘူး…
ကျွန်တော်တို့ လူမျိုးတွေရဲ့ ကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ်ပါ….။
အကြိမ်ကြိမ်ကျခဲ့တဲ့ မျက်ရည်သွေးချွေးတွေ….
အကြိမ်ကြိမ် ညံ့ခဲ့လို့ ဒီနေ့မှာ ခေါင်းမော်မကြည့်နိုင်လောက်အောင်
အညံ့ခံလိုက်ရပြီးလားလို့ ကျွန်တော် အကြိမ်ကြိမ်စဉ်းစားဖူးတယ်…
ဒါပေမယ့် … အဆိုးဆုံးကို ရင်မဆိုင်ပဲနဲ့တော့ …
အကောင်းဆုံး အနာဂတ်ကို မရနိုင်ဘူးလို့ကျွန်တော်ယုံကြည်တယ်…
ကျွန်တော်တို့ ကလေးငယ်တွေကို လမ်းမပေါ်မှာ ထပ်အသေမခံနိုင်ဘူးဆိုရင်
ကျွန်တော်တို့ကိုယ်တိုင် ဒီစနစ် ဒီခေတ်ကို ပြောင်းလဲပစ်မှ ရတော့မယ်…။

ညီညီ(သံလွင်) said...

သိပ်ကောင်းတဲ့ ၀တ္ထုတိုတစ်ပုဒ်ပါပဲ မပန်။ မြေအုတ်တွေ ပျက်စီးတဲ့အခါ ကျောက်အုတ်တွေနဲ့ အစားထိုးရမှာပေါ့လေ။ ကြောက်အုတ်တွေ မဖြစ်ကြဖို့ပဲ အရေးကြီးတာ မဟုတ်လား။ “အိမ်” ပြန်ရမယ့် အချိန်ကို အိမ်နဲ့ အဝေးကြီးမှာ ရောက်နေသူတိုင်း မျှော်လင့်တောင့်တမိကြမှာပါ။ ဘယ်လိုပဲ ယိုင်နဲ့ပျက်စီးနေပါစေ။ ကျွန်တော်တို့ အားလုံး အဝေးက “အိမ်” ကို ပြန်ပြင်ချင်စိတ် ရှိနေဖို့ပဲ လိုပါတယ်။

ညိမ်းညို said...

မကြီးပန်ရေ တအားကောင်းတာပဲဆိုတာထက်ကို ပိုမပြောတတ်တော့ဘူးဗျာ။ ဘာသာပြန်ထင်နေတာ ဖတ်လာလိုက်ရင်းနဲ့ မကြီးပန်ပင်ကိုယ်ရေးမှန်းလဲ သိလိုက်ရော တအားပျော်သွားတယ်ဗျာ။ သေသေချာချာ ခွဲခြမ်းစိတ်ဖြာပီး မပြောတတ်လို့ပါ။ ဒါပေမဲ့ ရှုထောင့်စုံအောင်ကို ကောင်းလှတယ်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :) :)

Chaos said...

အပြေးအလွှားလေး ကွန်မန့်ပေးမလားဆို
အထက်က အစ်ကိုအစ်မတွေ ပြောသွားတာနဲ့တင် ဘာဆက်ပြောရမှန်းမသိတော့ဘူး
သေချာတာကတော့ အတော့်ကိုဖတ်လို့ကောင်းတယ်
ဖတ်နေရင်းနဲ့ကို ကြက်သီးမွှေးညှင်းတွေထောင်လို့....

Ka Daung Nyin Thar said...

ကောင်းလွန်းလို့ ရင်ထဲ ထိလွန်းလို့ ပို့စ်နဲ့ တန်မယ့် ကွန်မန့်ကို ရေးဖို့ မိနစ်အတော်ကြာကြာ စဉ်းစားခဲ့ရတယ်။
ဒါပေမဲ့ ၀တ္ထုတိုထက် ကွန်မန့်က ပိုကောင်းသွားမှာစိုးလို့ မရေးဖြစ်တော့ပါဘူး။ :P

Thet Oo said...

မိုးမိုး(အင်းလျား)လို ကဝေတယောက် မွေးဖွားလိုက်လေပြီ။ ဇတ်လမ်းထဲက သားအဖဟာ ဘယ်သူတွေလည်း ဆိုတာ သိနေသလိုပဲ။ စာရေးသူ ကိုယ်တိုင် ဥရောပကို ရောက်ဖူးရင် ဇတ်လမ်းက ဒီထက်ပိုပြီး ပီပြင်မယ်။

Anonymous said...

သမီးတို့ဆီမှာဆိုသောစကားတွေရယ်..
တွဲသောလက်များကိုပုံဖော်ထားခြင်းရယ်..
ခံစားမှု၊အသိညဏ်၊တွေးခေါ်မှု...
အရာအားလုံကိုမျှအောင်ရေးထားတာ...
ပိုလို့မောရပါတယ်အစ်မရေ....

M.Y. said...

အနီးအဝေး၊ အတက်အကျ၊ အတွေးအဆ၊ ကျစ်ကျစ်လစ်လစ် အဖွဲ့ နဲ focus ပြတ်ပြတ်သားသား ..၀တ္ထုတိုဆန် စွာလှပနေတဲ့ ဝတ္ထုတိုပါပဲ..

ဒီလောက်ပါ ပဲ ၊ ဆက်ရေးရရင် ဒီ ကွန် မန့် က အပေါ်က ကဒေါင်းညင်သာ ကွန်မန့် ထက်ပိုကောင်းသွားမှာစိုးတယ်…

pandora said...

လာရောက်အားပေးသူများကို ကျေးဇူးတင်ပါတယ်။ ကွန်မန့်များအားလုံး ပို့စ်ထက် ကောင်းပါတယ် ဟဲဟဲ။

ကိုသက်ဦးပြောတာ မှန်တယ် အဲဒီအပိုင်းနဲ့ပတ်သက်လို့ ရေးမယ့်သာ ရေးရသာပါ confidence သိပ်ရှိတာမဟုတ်ဘူး။

ပုံရိပ် / Pon Yate said...

မပန်က တကယ့် စာရေးဆရာမပဲ။

EI CHAW said...

hi,
your story is so good that I can't stop tears from my eyes.
thanks for recognizing new generation!
thanks alot!
I am nothing now.
but I may be something because of ur story.

Anonymous said...

ဒီ ပိုစ့် လေးကို ဖတ်ပြီး အသိတရားလေးတစ်ခု ကို
ရသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ် မပန်..

Hmoo said...

ရေးတာ အရမ်းတော်ပါတယ်ဖတ်ရလို့၊ကျေးဇူးတင်ပါတယ်...