ပြာစင်နေသော မိုးသားနောက်ခံမှာ တိမ်ဖြူဖြူ နုနုလေးတွေက အုပ်ဖွဲ့ကာ တငြိမ့်ငြိမ့် တလှုပ်လှုပ်။ သူတို့ကို မှန်သားပြင်မှဖြတ်ကာ ငုံ့မိုးကြည့်ရင်း ကျေကျေနပ်နပ် ပြုံးမိသည်။ ချစ်စရာ ကောင်းလိုက်တာ။ ဂွမ်းစလေးတွေနဲ့ မတူဘူးလားဟင်။ ဒီနေ့မှ ရာသီဥတုကလည်း အထူးကို သာယာနေတော့တာ။ အင်းလေ..။ မိုးမှောင်တွေ ကင်းစင်လို့ ကြည်လင်တဲ့ အချိန်ကို ရောက်ခဲ့ပြီ ဆိုတော့လည်း….။
ကြည့်စမ်း။ လေထုထဲမှာ ပိုင်ပိုင်နိုင်နိုင် မြင်နေရတာ.. အဖြူ.. အပြာ….။ အဖြူဆိုတာ သန့်ရှင်းဖြူစင်မှု..။ အပြာဆိုတာ ငြိမ်းချမ်းခြင်း…။ အဲသည်လို လူတိုင်း နားလည်ပြီးသား သမားရိုးကျ အဓိပ္ပာယ်တွေကိုပဲ ပြန်လည်တွေ့ရှိဖို့ဆိုတာ တချို့တွေ အတွက်တော့ ဆယ်စုနှစ်ပေါင်း များစွာ ဖြတ်သန်းခဲ့ရသည်ပဲ။
ကိုယ်က ပြုံးလိုက်ပြန်သည်။ ကိုယ်က ပြုံးပြီးရင်း ပြုံးနေတော့သည်။ မြေပြင်က တဖြည်းဖြည်း နီးလာပြီ။ ရင်ထဲမှာ တလှပ်လှပ် တဒုတ်ဒုတ် ခုန်လာတဲ့ ခံစားမှုဟာ လေယာဉ်ကြီး နိမ့်ဆင်းလာတာကြောင့် သက်သက် ဟုတ်ပါရဲ့လား။ ဒီတခါ ပျံသန်းလာရသည့် ခရီးက ခါတိုင်းနှင့် မတူလေ။ ဒါက အိမ်အပြန်ခရီး။ အိမ်.. အိမ် ဆိုသည့်အရာကို အပြီးအပိုင် ပြန်လာခဲ့သည့် ခရီး။
ထွက်ခွာလာခဲ့ကြသည့် နေရာ၊ ရောက်လာကြသည့် အချိန် တွေက ကွဲပြားကြမည်။ ကိုယ့်ထက် စောသူတွေ ရှိမည်။ ကိုယ့်ထက် နောက်ကျသူတွေလည်း ရှိမည်။ ဘယ်လိုဖြစ်ဖြစ် ဒီနေ့အဖို့တော့ ကိုယ်တို့ အားလုံး ရောက်ကြတဲ့အခါ အိမ်တွေကို တန်းမသွားပဲ ဒီနေရာကနေ အားလုံးကို စုဆုံကြဖို့ပါပဲ။
“အားလုံးကို အမိမြေက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါ၏။”
ရွှေရောင်လက်နေသော ဆိုင်းဘုတ် တစ်ခုက နေခြည်အောက်မှာ ၀င်းနေသည်။ ဆိုင်းဘုတ်တွေ စာတန်းတွေ လမ်းဘေး ၀ဲယာမှာ ဟိုယခင်က တွေ့ခဲ့ ဖတ်ခဲ့ဖူးသည်။ အခု ဒီစာတန်းကတော့ အမှန်တကယ်ကို အဓိပ္ပါယ် အများကြီး ပြည့်ဝနေပြီလေ။
လေပြည်က ကိုယ့်ပါးပြင်ပေါ် ဖြတ်တိုက်လာသည်။ ဖုန်မှုန့်တွေ နည်းနည်းပါးပါး ပါကောင်းပါဦးမည်။ ဘယ်လိုဖြစ်ဖြစ်လေ။ အဲဒီ အမိမြေအစစ်က ဖြတ်တိုက်လာတဲ့ လေပြည်အေးဟာ အားလုံးဆီ တူညီစွာ ရောက်လာနိုင်ဖို့ ကိုယ်တို့ကြားမှာ ခြားထားခဲ့တဲ့ တံတိုင်းကြီးတွေ ပြိုပျက်ခဲ့ပြီတဲ့။
ကိုယ်တို့ တွေ့ကြရတော့မည်။ ၀မ်းသာကြမှာပါနော်။ .. နေသာမှ ပြန်လာမယ် မပြောပါနဲ့။ ခင်ဗျားတို့လာမှ နေသာရမှာပါ .. တဲ့။ အသံတစ်ခုကို ဖြတ်ခနဲ ကြားယောင်မိသည်။ နေသာမှ ပြန်လာတာ မဟုတ်ပါဘူးကွယ်။ တိမ်မိုက်တွေ ဖုံးနေတဲ့ နေလုံးကြီးကို တူးဖော်ဖို့အတွက် အချိန်တွေ ယူခဲ့ရပါတယ်။
“အရီးရေ အခုမှပဲ တစ်ယောက်နဲ့ တစ်ယောက် မြင်ဖူးတော့တယ်။”
ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်း အားပါးတရ လေသံဖြင့် အစ်မကြီးတစ်ယောက်က ပြောရင်း ပြေးဖက်လာမှာလား။
“ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်တို့ အားလုံးမှာ တူညီတဲ့ နှလုံးသားတွေ ရှိတယ်။ အဲဒါကို မိုးပေါ်က လှိုင်းတွေကြားမှာ အနုပညာနဲ့ ၀တ်မှုန်ကူးခဲ့ကြတယ်”
ယူနီဖောင်းဝတ်ထားသည့် လူငယ်လေး တစ်ယောက်က ဒီလိုပြောလာလိမ့်မည်လား။
“ဖြစ်နိုင်ရင်ပေါ့လေ။ မသေခင်မှာ တွေ့ဖူးခဲ့ချင်သူတွေ များများစားစားတော့ မရှိပါဘူး။ အခုမှပဲ..”
တွေ့ချင်သူ တဦးဦးက ဒီ့ထက်ပိုပြီး စကားမဆက်နိုင်တော့ပဲ ဆို့နင့်နေမှာလား။
“လမ်းပေါ်မှာ လူအုပ်ကြီး ဖြတ်သွားတော့ ခဏ ဆိုပြီး အိမ်ပေါ်က ဆင်းလာလိုက်တာပါ။ အမေက ညနေ ထမင်းစား စောင့်နေမယ် မြန်မြန်ပြန်လာ လို့တောင် လှမ်းအော် လိုက်သေးတယ်။ ခဏဆိုပြီး ထွက်လာခဲ့တဲ့ ကျွန်တော် နောက်ဆုံးတော့ ပြန်ရောက်ခဲ့ပြီလေ..။ အမေကတော့…”
တယောက်ယောက်က ဒီလို ကြေကြေကွဲကွဲ ဇာတ်ကြောင်းပြန်နေမှာလား။
“ဟေ့.. ဘာတွေ စိတ်မကောင်း ဖြစ်နေကြသလဲ။ အခုတွေ့ကြပြီပဲ။ နေ့လည်ကျ မြို့ထဲမှာ ဒိန်ချဉ်သွားသောက်ကြရအောင်။ အဲဒီဆိုင် မထိုင်ရတာ အနှစ် ၂၀ကျော် ကြာပြီ။ ဟားဟား..”
တယောက်ယောက်က ဒီလို ပေါ့ပေါ့ပါးပါး ပြောလာလေမည်လား။
“အမယ်.. အပြင်မှာတော့ စကားပြောတာ ခင်ဗျား ကျနော် နဲ့ မပြောတော့ဘူးလား”
ဒီလို မေးလာလျှင်တော့ ကိုယ်က ရုပ်တည်နှင့် ပြုံးလို့သာ နေလိုက်ဦးမည်။
“ယူက တကယ်တွေ့တော့ ထင်တာထက် ပိုငယ်သားပဲ။ စာထဲမှာ အသက် ၅၀ ကျော် လေသံနဲ့ ရေးနေတာ။ ဟိဟိ..”
လူမှုရေးပါးနပ်ပြီး ပျော်တတ်သည့် သူငယ်ချင်း တစ်ဦးက ဒီလို စနောက်လာလျှင်တော့ ရှက်ချင်ယောင် ဆောင်လိုက်ဦးမည်။
“ကျွန်တော်တို့ မဂ္ဂဇင်း ထုတ်ကြမယ်နော်။ ဒီမှာ အားလုံး အဆင်သင့်ဖြစ်နေပြီ။ အစ်မတို့ အစ်ကိုတို့ ရောက်ဖို့ မျှော်နေတာ သိလား”
အလုပ်ကို ချက်ချင်းလုပ်ဖို့ စိုင်းပြင်းနေသော လူငယ်လေး တစ်စုလည်း ရှိကောင်းရှိမည်။ ဒီလို တက်တက်ကြွကြွ ပြောလာသူကိုတော့ အားလုံးက တွန်းထိုးဝိုင်းတိုက်ကာ ဟေ့ကောင် ဖြည်းဖြည်း လုပ်ပါကွ။ ခုမှ ခရီးရောက်မဆိုက်ကြီး ဟု အော်ချင် အော်ကြဦးမည်။
“အစ်မက တကယ်ပဲ နေနိုင်တယ်။ တစ်ကျွန်းထဲ နေတာများ တစ်ခါမှ အတွေ့မခံဘူး။ အခုမှပဲ သူများတွေနဲ့ အတူတူ ဆုံရတော့တယ်။”
ဒီလို စကားနာ ထိုးလာသူ တစ်ယောက်ယောက် ရှိလာလျှင်တော့ ကိုယ်က ချော့မော့ ရပါဦးမည်။
“ဟေး.. နေ့တိုင်း အစောကြီး အိပ်ရာထပြီး ရုံးကို တန်းပြေးစရာ မလိုတော့ဘူး။ မနက်ဖြန် မနက်စာကို မုန့်ဟင်းခါးစားရင်ကောင်းမလား။ ပဲပလာတာ စားရင်ကောင်းမလား။ ဒါမှမဟုတ် နန်းကြီးသုပ်..။ အုန်းနို့ခေါက်ဆွဲ…”
အစားပုပ်သူ တစ်ယောက်က ဒီလို ပြောလာလျှင်တော့ အားလုံးက ၀ိုင်းရယ်ကြမည် ထင်သည်။
ကြည့်စမ်းပါကွယ်။ နေမင်းကြီးကလည်း ပြုံးလို့။ ကောင်းကင်ကြီးက ကြည်လင်လို့။ ငှက်တွေ ကျီကျီကျာကျာ တေးဆိုလို့။ လေပြည်က သာသာတိုက်ခတ်လို့။ ကိုယ်တို့အားလုံး ရယ်မောလို့။ မျက်ရည်တွေ ကျခဲ့လျှင်တောင် ၀မ်းသာလို့ပဲ ဖြစ်တော့မည်လေ။ ဟိုးရှေ့မှာ ကြမ်းတမ်းနေဦးမည့် လမ်းပျပျကိုတော့ တွဲဆက်ထားတဲ့ လက်တွေနဲ့ ပြန်လည်တည်ဆောက် အတူလျှောက်ကြရဦးမည်ပေါ့။
အကြောက်တရားရဲ့ အားပြိုင်မှုတွေ ပြိုကွဲသွားတဲ့အခါ…..
အနိုင်ကျင့်မှုတွေ၊ မတရားမှုတွေ၊ မရိုးသားမှုတွေ၊ မသင်္ကာမှုတွေ၊ အမုန်းတွေ၊ အာဃာတတွေ အားလုံး ပါးလျသွားကြတဲ့ အခါ…..
ကွေကွင်းနေတဲ့ ချစ်သူတွေကြားက သောကတွေ၊ မိခင်တို့ရဲ့ မျက်ရည်ပေါက် ကြီးငယ်တွေ လွင့်စင်ခမ်းခြောက် သွားတဲ့အခါ…..
ရွေးချယ်စရာမရှိလို့ ဆွံ့အနေခဲ့ကြတဲ့ နှလုံးသားတွေ စကားပြောခွင့် ပွင့်လင်းသွားတဲ့အခါ…….။
ပန်ဒိုရာ
craton ,
mirror ,
မွန်
တို့က တက်ဂ်ထားလို့ ရေးထားတဲ့ စိတ်ကူးယဉ်အိပ်မက် ပါ။ ဖတ်မိတဲ့ ဘယ်သူမဆို စိတ်ကူး ဆက်ယဉ်နိုင်ကြပါတယ်။
Tuesday, December 30, 2008
တိမ်တွေကြားမှာ မှုန်းထားတဲ့ပန်းချီ
Monday, December 29, 2008
နာမည်
ဘာရယ်မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးပါ။ ဘောလုံးလေးတွေ ပုံကို ဘယ်သူရိုက်သလဲ ပန်ဒိုရီလား လို့ မေးကြလို့ပါ။ အချုပ်တန်းဆရာဖေရဲ့ ကဗျာလေးတစကို သတိရသွားတယ်။ (ရိုင်းသွားရင်တော့ ခွင့်လွှတ်ပါ။ ဆရာဖေ စတိုင်ကတော့ သိတဲ့အတိုင်းပေါ့)။ “စာကောင်းရင် မအေပေးတွေက စလေရေး ထင်ကြတယ်” တဲ့။ စာကောင်းရင် စလေဦးပုည ရေးတယ်လို့ပဲ လူတွေက ထင်ကြလို့ သူက မခံချိမခံသာ ဖြစ်သွားခဲ့တာ ရယ်စရာတော့ ကောင်းသား။ သူ့စာတပုဒ်ကို ဦးပုညရေးတယ်လို့ လူတွေထင်ခဲ့ကြလို့ ထင်ပါရဲ့။
ပန်ဒိုရီက တကယ်တော့ အနုပညာတွေဘာတွေ တခါမှ ပြောတာမဟုတ်ဘူး။ ၀ါသနာလည်း တခုမှ မပါပါဘူး။ ဒါပေမယ့် တခါတခါတော့ ကိုယ်လုပ်တာတွေကို ဘေးကနေ သူဝေဖန်ပြတာတို့ ဓာတ်ပုံလေးဘာလေး ရိုက်လိုက်တာတို့က မဆိုးဘူး။ (ကိုယ့်လူကိုယ် ချီးမွမ်းနေတယ် :P) ဟိုတခါ ဘန်နာ တွေအကြောင်း တင်တဲ့ပို့စ်မှာ ဦးပိန်တံတားမှာ ပန်ဒိုရီ ရိုက်တဲ့ပုံလေးကို လူတွေ သဘောကျကြပါတယ်။ အမြင်ထောင့်လေး ကောင်းတယ် ဘာညာပေါ့။ ဒါနဲ့ပဲ ဓာတ်ပုံကောင်းရင် သူရိုက်တယ်လို့ ထင်တာလားဟင်။ ဟဲဟဲ။ အခု ဒီပုံတွေကတော့ ပန်ဒိုရာ ရိုက်တာပါ။ နောက်တခါမှ နေရာအတူတူကို ကင်မရာ၂ လုံးနဲ့ တချိန်တည်း ရိုက်ပြီး ပန်ဒိုရီ ပန်ဒိုရာ ဓာတ်ပုံ ပြိုင်ပွဲကြီး လုပ်ဦးမယ်။
ဒါနဲ့ ဆက်စပ်ပြီး ဖေဖေ မကြာခဏ ပြောပြလေ့ရှိတဲ့ ဟာသ ပုံပြင်လေး တပုဒ် ကို သတိရသွားပါတယ်။ တိုက်ရိုက်တော့ မဆိုင်ပါဘူး။ ကြားဖူးပြီးသားလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် တနင်္လာနေ့ အပျင်းပြေ ပြောပြလိုက်ပါတယ်။
တခါက ရွာတရွာမှာ ဦးမောင်စိန် ဒေါ်မယ်လှ ဆိုပြီး ဇနီးမောင်နှံ ရှိကြသတဲ့။ ဦးမောင်စိန်က ခပ်အေးအေး ဒေါ်မယ်လှက ခပ်သွက်သွက် အပေါင်းအသင်းလည်း များ ဆိုပါတော့။ သူတို့ လင်မယားနှစ်ယောက် မှာ ဒေါ်မယ်လှကိုပဲ လူသိများကြတယ်။
အစကတော့ ဦးမောင်စိန်က ဘယ်လိုမှ သဘောမထားပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ အိမ်ကို လာမေးတာကအစ ဒါ ဒေါ်မယ်လှ အိမ်လား ဆိုတာမျိုး ဖိတ်စာတွေ ဘာတွေ ကမ်းလာတဲ့အခါ ဒေါ်မယ်လှ နှင့် ခင်ပွန်း ဆိုတာမျိုး ဖြစ်လာတော့ နည်းနည်း စိတ်တိုလာတယ်။
ဒါနဲ့ပဲ ဦးမောင်စိန်ကိုယ်တိုင် ဥိးစီးပြီး အိမ်မှာ ဈေးဆိုင်လေး တဆိုင် ထဖွင့်ပါတော့တယ်။ ဒါပေမယ့်လည်း လူတွေက ဒေါ်မယ်လှဆိုင် ဒေါ်မယ်လှဆိုင် လို့ခေါ်ပြီးတော့ပဲ လာဝယ်ကြသတဲ့။ ဒီလိုနဲ့ မဖြစ်သေးဘူးဆိုပြီး ရွာက ချောင်းကူးတံတားလေးကို ပြန်ပြင်ပြီး လင်မယားနှစ်ယောက် ကဗျည်းထိုးလိုက်တယ်။ လူတွေက ဒေါ်မယ်လှတံတား လို့ပဲ ခေါ်ကြသတဲ့။
ဦးမောင်စိန်လည်း ဘုန်းကြီးကျောင်းမှာ ဇရပ်တစ်ဆောင် ဆောက်ပြီး လှူပြန်သတဲ့။ လူတွေက ဒေါ်မယ်လှ ဇရပ် လို့ပဲ ခေါ်ကြပြန်ရော။ ရွာဦးမှာ ထုံးဖြူဖြူစေတီလေး တစ်ဆူ တည်ပြန်တယ်။ ဘုရားတကာ မောင်စိန်တော့ ဖြစ်မလာဘူး။ ဒေါ်မယ်လှဘုရား လို့ပဲ လူသိများပြန်ပါလေရော။
နောက်ဆုံးတော့ ကြံရာမရဖြစ်ပြီး ဘိန်းစားတော့သတဲ့။ ဒီတော့မှပဲ ဘိန်းစားမောင်စိန် မောင်စိန်ဘိန်းစားလို့ ကိုယ်ပိုင်နာမည်တစ်လုံး တွင်သွားပါရောတဲ့ကွယ်။
ရယ်မောနိုင်ကြပါစေ။
Saturday, December 27, 2008
ရေပြင်ပေါ်က အလုံးလေးတွေ
ဘလော့ဂ် ခဏ ပိတ်ထားတာ ပြန်ဖွင့်လိုက်ပါတယ်။ စာဖတ်သူများ အခက်အခဲ ဒါမှမဟုတ် စိတ်အနှောက်အယှက် ဖြစ်သွားခဲ့ရင် အနူးအညွတ် တောင်းပန်ပါတယ်။
မြစ်ကမ်းကို ရောက်ခဲ့တယ်။ အရွယ်မျိုးစုံ ရာဘာဘောလုံးဖြူဖြူတွေပေါ်မှာ ကိုယ်ရေးချင်တာ တခုခုရေးပြီးရင် ရေထဲမှာ ချပေးနေတယ်။ တချို့လည်း ၂၀၀၉ အတွက် ဆုတောင်းစာတွေ ရေးကြမှာပေါ့။ တချို့လည်း အမှတ်တရ ရေးချင်တာတွေ ရေးမှာပေါ့။ ပိုက်ဆံမပေးရပါဘူး။ FOC ပါ။ ပြီးရင် သူတို့က လှေတွေနဲ့ လိုက်ချပေးတယ်။ ဘောလုံးတွေ ငြိမ်နေအောင် ခဲဆွဲထားတယ်။ နောက်တော့လည်း ပြန်သိမ်း အသစ်ချ လုပ်မှာပေါ့။ ဘယ်နေ့အထိလည်းတော့ မသိဘူး။
သူများတွေ ရေးနေတာကို ကြည့်ပြီး ကိုယ်လည်း တစ်လုံးလောက် ရေးပြီး မြစ်ထဲချခိုင်းမလား စဉ်းစားသေးတယ်။ နောက်တော့ မရေးဖြစ်ခဲ့ဘူး။
တကယ်လို့ အခုလို မြစ်ပေါ်မှာ အသေချထားတာ မဟုတ်ပဲ မျှောလိုက်လို့ရတာ ဆိုရင် ပိုကောင်းမယ်နော်။ ဒါဆိုရင်တော့ အရှေ့တောင်အာရှ ကျွန်းကလေးကနေ တခုခု ရေးခြစ်လွှတ်လိုက်တဲ့ ပူဖောင်းလေး တစ်လုံးဟာ ဥရောပအနောက်ဖက် ကမ်းခြေ တနေရာလိုမျိုးတောင် ရောက်ချင်ရောက်သွားမယ်လို့ စိတ်ကူးယဉ်လို့ ရမှာပေါ့။ ဒါပေမယ့်လည်း ပူဖောင်းလေးပဲလေ။ ဒီလောက် အဝေးကြီးဆိုရင် လမ်းခုလတ်မှာ ပေါက်သွားမှာပေါ့။ စိတ်ကူးယဉ် ဆိုတာတွေလည်း ဒီလိုပဲ မဟုတ်ဘူးလား။
Thursday, December 25, 2008
Tuesday, December 23, 2008
စက်ဘီးကလေး (ဘာသာပြန်)
ပန်ဒိုရာ ရေးခဲ့တဲ့ စက်ဘီးကလေး ဆိုတဲ့ အက်ဆေးကို စုနိုင် က အင်္ဂလိပ်လို ဒီမှာ ဘာသာပြန်ထားပါတယ်။ ပထမတော့ မူလအရေးအသား ပျက်မှာစိုးလို့ ဆိုပြီး သူက တစ်ကြောင်းချင်း တိုက်ရိုက် ဘာသာပြန်ထားတယ်။ ဘာသာဗေဒ တံတိုင်းကြီးက ဟန့်တားနေတော့ သိပ်မလှသလို ဖြစ်နေတယ်။ ဒါနဲ့ အင်္ဂလိပ် ပိုဆန်လိုက်ပါ လို့ သူလိုအပ်မယ် ထင်သလို ဖြုတ် ပြင် ဖြည့် အထွန့်တက်ခွင့် (modify ကိုဆိုလိုသည်။ :P) ပေးလိုက်တယ်။ ခံစားကြည့်ပါဦး။
Sunday, December 21, 2008
လွယ်အိတ်ကလေး လွယ်ကာ လွတ်လွတ်လပ်လပ် လမ်းလျှောက်ထွက်ခြင်း
လွယ်အိတ် ဟု ဆိုလိုက်လျှင် ငယ်ငယ် ကျောင်းသားဘ၀က လွယ်ခဲ့သော ပြည်တွင်းဖြစ် လွယ်အိတ်ကလေးများကိုသာ မြင်ယောင်သွားပါမည်။
လွယ်အိတ်ကလေးသည် မြန်မာရနံ့ဖြင့် သင်းထုံနေသည်။ လွယ်အိတ်ကလေးသည် ထည့်စရာ ရိုးရိုးကလေး ဖြစ်သည်။ လှသည်။ ချစ်စရာဖြစ်သည်။ သို့သော် ခေတ်မဆန်ပါ။ မခန်းနားပါ။
လွယ်အိတ်ကလေးက ကျောကုန်းပေါ်မှာ ခွစီးပြီး မလိုက်ပါ ပါ။ လက်ဖျားကလေးမှာ လက်ဖျံပေါ်မှာ ပခုံးဖျားမှာ မခို့မရို့ တွယ်ချိတ်ကာ မလိုက်ပါ ပါ။ ပခုံးက ဖြစ်စေ စလွယ်သိုင်း အနေအထားဖြင့် ဖြစ်စေ ကိုယ့်ကိုယ်ခန္ဓာ နံဘေးမှ ထပ်တူကပ်ကာ ပိုင်ပိုင်နိုင်နိုင် လိုက်ပါလေ့ရှိသည်။
ကျောပိုးအိတ်တလုံးလို ဇစ်များ ခါးပတ်ကွင်းများ ဘေးအိတ် အတွင်းအိတ် အိတ်အပိုများ ဖြင့် လုပ်ငန်းစဉ် အစုံအလင် မပါဝင်ပါ။ ဇစ်လည်းမပါသလို သော့ခတ်မရသဖြင့် မလုံခြုံဟု ဆိုလိုက ဆိုနိုင်မည်။ အမျိုးသမီးသုံး စလင်းဘက်ကလေး တစ်လုံးလိုလည်း လှလှပပ နုနုရွရွ မဖြစ်ပါ။ ပွဲနေပွဲထိုင်အတွက် မသင့်လျော်ဟု ယူဆလေ့ရှိပါသည်။
လုံခြုံမှုသည် လွတ်လပ်မှု၏ အလျော်အစား ဖြစ်ခဲ့ပါသလား။ ခန်းနားမှုသည် လွတ်လပ်မှု၏ အပေးအယူ ဖြစ်ခဲ့ပါသလား။ ပန်းဆိုးတန်း အဟောင်းဆိုင်မှာ မွှေနှောက်ဝယ်ယူလိုက်သော စာအုပ်တစ်အုပ်ကို လွယ်အိတ်ကလေးထဲ အလွယ်တကူ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်စဉ် ပျော်ရွှင်ခဲ့ဖူးပါသည်။ လွယ်အိတ်ကလေးထဲ အသာထိုးထည့်ထားမိသော ထီးအသစ်တစ်ချောင်းကို ၄၅ ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက် ခံခဲ့ရဖူးစဉ် စိတ်ညစ်ခဲ့ဖူးပါသည်။ လွယ်အိတ်ကလေးတစ်လုံးကို လွယ်ကာ မင်္ဂလာအခန်းအနား ညစာစားပွဲတစ်ခုကို တက်ရောက်ခဲ့လျှင် ဘယ်လိုနေမလဲ။
ခေတ်ကာလ ပြောင်းသွားတော့ မြန်မာ ကျောင်းသားကလေးများသည် လွယ်အိတ်လွယ်လေ့ ရှိသေးရဲ့လား မသိပါ။ ထူထဲများပြားလာသော ကျောင်းစာအုပ်များကို ပိုအဆင်ပြေပြေ သယ်ပိုးနိုင်ရန် ကျောပိုးအိတ်သာ အသုံး ပိုတွင်ကျယ်လာနိုင်ပါသည်။ ကျေးလက်မှာတော့ ဈေးနှုန်းချိုသာသော ပြည်တွင်းဖြစ် လွယ်အိတ်ကလေးများကိုသာ အားထားရဦးမည် ထင်ပါသည်။ သည်လိုဆိုလျှင်တော့ လွယ်အိတ်ကလေးက ကျေးလက်စာသင်ခန်းတို့၏ သင်္ကေတ အဖြစ် ကျန်နေခဲ့ဦးမည်။
လွယ်အိတ်ကလေးက မြန်မာကဗျာဆရာ စာရေးဆရာတို့၏ သင်္ကေတလည်း ဖြစ်ခဲ့လေသည်။ သူတို့အတွက်တော့ အသက်အရွယ် မလို။ အချိန်ကာလ မလို။ နေရာဒေသ မလို။ လွယ်အိတ်ဖောင်းဖောင်းကြီး လွယ်ထားသော မုတ်ဆိတ်ကျိုးကျဲ ညှင်းသိုးသိုးနှင့် ဆရာများကို ဒါမှ ကဗျာဆရာ စာရေးဆရာ စတိုင်အစစ်ကွ ဟု သဘောတကျ ငေးမောခဲ့ဖူးသည်။
မသုံးဖြစ်တာ ကြာပြီဖြစ်သော လွယ်အိတ်ကလေးတစ်လုံးကို လှည့်ကြည့်မိစဉ် ကိုယ့်ကို သည်လို အမှတ်မထင် နှုတ်ခွန်းဆက်လိုက်ပါသည်။
“ပြောလေ.. သူငယ်ချင်း….”
ဒီအသုံးအနှုန်းကလေးက ကိုယ့်ကို တုန့်ခနဲ ဖြစ်သွားစေခဲ့သည်။ စာအုပ်ကလေးတွေ ထည့်ဖို့လောက်သာ ရည်ရွယ်ခဲ့သော သူငယ်ချင်း။ အဆီးအတားမရှိ ပိတ်နှောင်မှုမရှိ အလွယ်တကူ ထုတ်ယူနိုင် ပြန်ထည့်သွင်းနိုင်သော သူငယ်ချင်း။ ဘေးမှသာ အသာ လိုက်ပါခဲ့သော သူငယ်ချင်း။ သူ့ကို အသုံး မလိုအပ်ချိန်တွင် တိုင်မှာ ချိတ်ထားခဲ့သည်ကို ကိစ္စမရှိသော သူငယ်ချင်း။ သူငယ်ချင်းတစ်ဦးကို ခန်းနားကြီးကျယ်သော ရည်ရွယ်ချက်များဖြင့် ဘယ်တုန်းကမှ ဖွဲ့စည်းမထားခဲ့ပါ။
မိုးတွင်းမှာ ထီးမပါပဲ အပြင်ထွက်မိသည့် ကာလတွေ လူတိုင်း ကြုံဖူးပါမည်။ မိုးဖွဲဖွဲလေးတွေ ရွာလာတော့ အမိုးအကာရှိရာ အပြေးအလွှား လိုက်ရှာစဉ် လွယ်အိတ်ကလေးကို အမှတ်မထင် ခေါင်းပေါ်အုပ်မိုးကာ အကာအကွယ်ယူမိမည်။ မိုးတွေတအား သည်းလာပြန်တော့ လွယ်အိတ်ကလေးကို မစိုစေချင်လို့လား၊ အထဲမှာ ထည့်ထားသော စာအုပ်တွေကို ကာကွယ်လိုသည်လား သေသေချာချာ မစဉ်းစား မဝေခွဲမိစဉ်မှာပဲ ရင်ခွင်ထဲမှာ တင်းကျပ် ပိုက်ပွေ့ ထားမိဖူးမည်။
လွယ်အိတ်ကလေးတစ်လုံးကို တိုင်မှာ ချိတ်ထားခဲ့တာ ကြာပြီ။ သတိတရ ဖြုတ်ယူ ကြည့်လိုက်စဉ်တွင် လွတ်လပ်ခြင်း… ပေါ့ပါးခြင်း… ရိုးသားခြင်း… အဆောင်အယောင်ကင်းခြင်း… ကျောင်းသားဘ၀… ကဗျာ… စာအုပ်များ… အငွေ့အသက်လေးများ မျက်ဝန်းမှာ ပြန်လည်ခိုတွဲ ဝေ့၀ဲလာခဲ့သည်။
သာယာသော နေ့တစ်နေ့တွင် သူငယ်ချင်းကလေးကို ဘေးမှာလွယ်ကာ လွတ်လွတ်လပ်လပ် လမ်းလျှောက် ထွက်လိုက်ချင်ပါသေးသည်။
ပန်ဒိုရာ
Saturday, December 20, 2008
ဒဏ္ဍာရီဆောင်း
ဝေ့ရုံလေးဝေ့
ငွေ့ရုံလေးငွေ့
ဒီ.. တဆောင်းက
အဟောင်းတွေကို မြောက်ပြန်လေနဲ့ ရှိုက်သွင်းလာတယ်။
အချိန်များ သက္ကရာဇ်များ
ငါ့မြို့ငယ်လေးရှိရာ ပြန်လည်မောင်းနှင်သွားကြ
အဝေးပြေးလမ်းမပေါ်က ခရီးရှည်မှာ
အိပ်မက်တွေငိုက်စိုက်ချ
ကျောပိုးအိတ်တစ်လုံးအပြည့်စာ
သက်ပြင်းရှည်တွေကိုပဲသယ်ပိုးခဲ့ရတဲ့
အိမ်ပြန်ညတွေရဲ့ကောင်းကင်မှာ
တိမ်ခိုးပိတ်ဆို့ ထားတဲ့ ကြယ်တွေကို
တယောက်ယောက်က ကျိန်စာတိုက်ခဲ့လိမ့်မယ်။
ဆီးနှင်းတွေဖုံးနေတဲ့
ဟိုး…အဝေး က တောင်ကုန်းလေးပေါ်
နယ်မြေသစ်မှာ စိုက်မယ့်အလံကို
ငါ… ထမ်းပိုးရင်း
မြူတွေကိုမြေပြင်ပေါ်မှာချနင်းလိုက်တယ်
သစ်ရွက်ချွန်ချွန်တွေအဖျားက
တွဲလွဲခိုနေတဲ့နှင်းစက်တွေကို
လေရူးကလည်း လှုပ်ခါချပေးလိုက်တယ်
အဲဒီလမ်းခုလတ်မှာ
နှင်းပွင့်နန်းတော်ရဲ့ အဆောင်အယောင်ဝက
တပ်ခေါက် ပြန်ခဲ့ရတဲ့ဆောင်းဆိုရင်
နောက်တခါ ဘယ်တော့မှ ခြေဦးမလှည့်ဖြစ်တော့ဘူး။
ဆောင်းတွေ တစ်ခုပြီးတစ်ခုပြောင်းသွားတယ်…
ဟောင်းသွားတယ်..
ဟောင်းမသွားဘူး…
ဆောင်းကဟောင်းမသွားဘူး…
ဆောင်းတွေထပ်ထပ်ရောက်လာတယ်
ဆောင်းညရယ် လရောင်ရယ်
သူရဲကောင်းရယ် ပန်းတစ်ပွင့်ရယ်
ပေါင်းစပ်လိုက်တဲ့အခါ
ဒဏ္ဍာရီတွေ ဖြစ်ထွန်းတတ်တယ်။
ဆောင်းရယ် နှင်းရယ် ...
အတူတူ.. မဟုတ်ခဲ့တဲ့အခါ
သက်သက်ကလေး ခါးသတဲ့
မြူတွေ မသဲကွဲတဲ့ နှစ်ဟောင်းက ဆောင်းကိုမှ
မီးလင်းဖိုနံဘေးမှာထိုင်ရင်း
တညလုံးပြန်ဖွင့်ဖတ်မိသူပါ
ငါ့အတွေးတွေကတော့
အနွေးဓာတ်မလုံလောက်လို့
ပြာပြာအက်အက် ခိုက်ခိုက်တုန်တယ်
ဒီလိုနဲ့…
ပတ်သက်ခဲ့ဖူးတဲ့ဆောင်းတွေ
ဒဏ္ဍာရီထဲက ငါ့ဆောင်းတွေကို
နေခြည်ကူမလာခင်ပဲ စာမျက်နှာ ပိတ်ချလိုက်ခဲ့တယ်။
ပန်ဒိုရာ
Thursday, December 18, 2008
ခရစ်စမတ်လက်ဆောင်
ဒီရက်ပိုင်း တကယ်ကို အလုပ်များပါတယ်။ အင်တာနက်လည်း သိပ်မ၀င်ဖြစ်ပါဘူး။ ပို့စ်ကျဲပြီး ပျောက်နေတဲ့ ကြားထဲက စာလာဖတ်သူ မှတ်ချက်ရေးသူတွေ အားလုံးကို အားလည်းနာ ကျေးဇူးလည်း အများကြီးတင်ပါတယ်။ paint ထဲမှာ mouse နဲ့ ဆွဲဖြစ်တဲ့ clipart ပုံလေးတချို့ကို အားလုံးအတွက် လက်ဆောင်ပေးလိုက်ပါတယ်။ ပရော်ဖက်ရှင်နယ်တော့ မဟုတ်ဘူးပေါ့နော်။ ကြိုက်တဲ့နေရာမှာ ကြိုက်သလို ဖြတ်ညှတ်ကတ် သုံးစွဲနိုင်ပါတယ်။
ပန်ဒိုရာ
(အချို့ပုံများ ဒီက မှီငြမ်းဆွဲသည်။ http://holidays.kaboose.com/xmas-clip1.html)
Sunday, December 14, 2008
အရိုး
ဆရာနှင်းခါးမိုး ရေးထားတဲ့ အရိုးစုဆိုတဲ့ ကဗျာလေးကို ဖတ်ရတဲ့အခါ မနှစ်က ရေးပြီး မေ့နေတဲ့ ကဗျာလေးတစ်ပုဒ်ကို သတိရမိပါတယ်။ နည်းနည်းပြန်ပြင်ဦးမယ် ဆိုပြီး ဘလော့ဂ်မှာ မတင်ဖြစ်လိုက်ဘူး။ ဒါနဲ့ ဆရာ့ကို ပြကြည့်လိုက်တော့ ဘလော့ဂ်မှာ တင်လိုက်ပါလား လို့ တိုက်တွန်းတာနဲ့ တင်လိုက်ပါတယ်။ တူတော့မတူဘူး။ ဒါပေမယ့် အရိုးကို အခြေခံ တွေးမိပုံလေးတွေ တိုက်ဆိုင်တာကို တွေ့ရလို့ ၀မ်းသာမိပါသေးတယ်။
အရိုး
အရိုးဆိုတာ ခန္ဓာကိုယ်ကို ထူထူထောင်ထောင်ဖြစ်အောင်
ကြပ်မတ်ထားတဲ့ ဘောင် ဖြစ်တယ်
အရိုးပျော့ရောဂါ မဖြစ်အောင်
ဆေးဝါးတွေနဲ့ ငယ်ငယ်ကတည်းက ကာကွယ်ရတယ်။
ဧ၀ အတွက်တော့
အာဒံဟာ နံရိုးတစ်ချောင်းစာ ရင်းနှီးခဲ့ရတယ်။
အရိုးဆိုတာ ကျိုးအက်မိရင် အသည်းခိုက်စေတယ်
အချုပ်တန်းဆရာဖေကတော့
တွေးမိတိုင်းအရိုးနာသည် လို့ပြောခဲ့တယ်။
အသားလိုလို့ အရိုးတောင်းသူတွေကိုတော့
လူရိုးဆိုတာ သင်္ချိုင်းကုန်းမှာပဲရှိတယ်လို့ ပြောကြတယ်။
အရိုးဆိုတာ ခွေးစာလို့လည်းသတ်မှတ်ကြတယ်
ဆင်းရဲသားတွေ အတွက်တော့
ဈေးပေါင်ကျိုးချိန်မှာ မရဲတရဲဝယ်ရတဲ့
အချိုဓာတ်ကို ရယူဖို့တစ်ခုတည်းသော ပရိုတိန်း ဖြစ်မယ်
သူတို့အတွက်တော့ အမဲရိုးက ဟင်းအိုးကို အားနာမနေနိုင်ဘူး။
တချို့လူတွေအတွက်တော့
အရိုးနဲ့နီးတဲ့အသားကမှ ပိုချိုတယ် ဆိုပြီး
အရိုးထိရောက်အောင် အသားတွေတစတစ နွှာစားကြတယ်
ပြီးတော့ ရိုးတွင်းခြင်ဆီတောင်မကျန်
ခံတွင်းတွေ့လို့
အရိုးကိုက်ကြတယ်။
ပန်ဒိုရာ
၎ ဇူလိုင် ၂၀၀၇
Saturday, December 13, 2008
ဘလော့ဂါများအတွက် ကော်ပီရိုက် နှင့် နောက်ဆက်တွဲများ
အခုတလော မိသားစုကိစ္စလေးတွေနဲ့ အလုပ်များနေလို့ အင်တာနက် သိပ်မ၀င်ဖြစ်ခဲ့ပါဘူး။ တခါတလေတော့ ရင်းနှီးရာဘလော့ဂ်တွေကို လိုက်ဖတ်ဖြစ်ပါတယ်။ ရှေ့တစ်ပတ်လောက်မှ စာပြန်ရေးမယ်လို့ စဉ်းစားထားပြီး IP နဲ့ပတ်သက်တဲ့ ဗဟုသုတ ပို့စ်တွေကိုလည်း ဒီလောက်ဆို တော်သင့်ပြီ လို့ စိတ်ကူးပေမယ့် ရေးစရာက ပေါ်လာပါတယ်။
ပထမဆုံးကတော့ အမည်မသိသူတစ်ဦး မှတ်ချက်ရေးပြီး လာပေးသွားတဲ့ သတင်းပါ။ အဲဒါကတော့ ၂၀၀၇ ဧပြီ ၃၀ က ပန်ဒိုရာ ရေးခဲ့တဲ့ ချက်ခြင်းအနုပညာ ဆိုတဲ့ ပို့စ်ကို “မိုးတွေညိုတဲ့ မိုးချုပ်ညတို့ရဲ့ ဘ၀များ” ဆိုတဲ့ ဘလော့ဂ် ဒီနေရာမှာ credit မပေးပဲ တင်ထားတဲ့ ကိစ္စပါ။ သူဟာ ပန်ဒိုရာရဲ့ ဘလော့ဂ်ကနေ လာယူပြီး တင်လိုက်တာ ဖြစ်ချင်မှ ဖြစ်ပါမယ်။ forward email တခုခုကနေ ရပြီး ဘယ်သူမှန်းမသိလို့ ဒီလိုပဲ တင်လိုက်တာ ဖြစ်ကောင်းဖြစ်မယ်။ ဘယ်လိုဖြစ်ဖြစ်ပါ။ ဘာမှမပြောပဲ အဲဒီပို့စ်ကို တင်ထားတဲ့အတွက် သူရေးတယ်လို့ ထင်စရာ ဖြစ်နေပါတယ်။ ရှင်းလင်းပေးစေလိုပါတယ်။ သတင်းပေးသူကို ကျေးဇူးတင်ပါတယ်။
ဒီကိစ္စတွေဟာ မြန်မာ ဘလော့ဂ်ဝန်းကျင်မှာ ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါတွေကို ရှေ့မှာလည်း ပြောခဲ့ပြီးပါပြီ။ ဘယ်သူမဆို ကိုယ့်ဖန်တီးမှု မဟုတ်တာကို ပိုင်ရှင်ဆီက ခွင့်ပြုချက်မရဘဲ (သို့မဟုတ် creative common license အောက်ကနေ ခွင့်ပြုထားတာ မဟုတ်ဘဲ) ဆိုရင် ကိုယ့်ဘလော့ဂ်မှာ လုံးဝမတင်တာ အရှင်းဆုံးပါပဲ။ ဒီလိုမှ မဟုတ်ရင်လည်း ဘယ်သူဖန်တီးတယ် ဆိုတာ ဖော်ပြပြီး မူရင်းလင့်ခ်ကိုပါ ပေးထားပြီး တင်သင့်ပါတယ်။ ဒီလိုမဟုတ်လို့ ဝေမျှချင်လွန်းပြီး ဘယ်သူရေးမှန်းလည်း မသိခဲ့ရင် ပို့စ်တင်လိုက်တဲ့အခါမှာ အနည်းဆုံးတော့ ကိုယ်ရေးတာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ၀န်ခံထားသင့်ပါတယ်။
ဒီနေရာမှာ လင့်ခ် ပေးတာနဲ့ ပတ်သက်လို့ တွေးမိတာတခုရှိပါတယ်။ တကယ်လို့ နိုင်ငံခြား website တခုခုက ပုံကို ယူသုံးမိခဲ့ရင် ကိုယ်က သူ့ပုံကို ကိုယ်ဖန်တီးတာပါလို့ ပြောမထားပေမယ့်လည်း သူကမြင်သွားပြီး မြန်မာလို ကိုယ်ရေးတာတွေကိုလည်း ဖတ်မရတဲ့အခါ အထင်လွဲ နိုင်ပါတယ်။ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ကိုယ်က သူ့ပုံအောက်မှာ သူ့ website လိပ်စာ အင်္ဂလိပ်လိုရေးထားတာဖြစ်ဖြစ် click လုပ်လို့ရတဲ့ လင့်ခ် ပေးထားတာဖြစ်ဖြစ်ဆိုရင်တော့ ဒါ သူ့ဆီကလို့ ပြောထားတာပဲလို့ အနည်းဆုံး သဘောပေါက်သွားနိုင်ပါတယ်။ ပန်ဒိုရာက ကြံဖန်ပြီး သိပ်တွေးလွန်းနေတာလည်း ဖြစ်နိုင်ပါတယ်။ အသုံးဝင်မယ်ဆိုရင် ဒီအကြံကို လက်ခံနိုင်ပါတယ်။
တလက်စတည်း လူတွေကြားမှာ မှားယွင်းထင်နေတတ်တာလေးတွေကို ဆက်ပြောချင်ပါတယ်။ အဲဒါကတော့ ဘာသာပြန်စာတွေ ကိစ္စပါ။ ပင်ကိုယ်ရေးမဟုတ်ပဲ ဘာသာပြန်ထားတာဆိုရင် “ဒါကဘာသာပြန်ကြီးပဲ ဘာသာပြန်သူကို credit ပေးစရာမလိုဘူး” လို့ ပေါ့ပေါ့တန်တန် သဘောထားတတ်ကြပါတယ်။ တကယ်တော့ ဘာသာပြန်သူအနေနဲ့ အတိုင်းအတာ တစ်ခုအထိ အားထုတ်ခဲ့ရပါတယ်။ ဘာသာပြန်ထားတဲ့ စာဟာ သူ့ရဲ့ အားထုတ်ဖန်တီးမှု ဖြစ်ပါတယ်။ ဘာသာပြန်သူက ဘယ်က ဘာသာပြန်ထားပါတယ် လို့ ပြောပြီးရင် သူ့စာကို ထပ်ပြီး ဖြန့်ဝေသူ အနေနဲ့ကလည်း ဒီစာဟာ ဘယ်သူု ဘာသာပြန်ထားတာပါ။ ဘယ် website က ရခဲ့တာပါ လို့ credit ပေးရမှာပါ။ ထပ်ပြောရရင် ဘာသာပြန်ထားတဲ့စာ ဘယ်လောက် တိုတို ရှည်ရှည် လွယ်လွယ် ခက်ခက် ပြန်ဖြန့်ဝေခဲ့ရင် ဘာသာပြန်သူကို credit ပေးသင့်ပါတယ်။
ဆက်လက်ပြီး စာဖတ်သူတွေကိုလည်း အကူအညီ တောင်းချင်ပါတယ်။ အဲဒါကတော့ အခုလို ရှုပ်ထွေးမှုတွေကို ကူညီဖြေရှင်းပေးစေဖို့ပါ။ တကယ်လို့ ရေးသူမသိ မူလလင့်ခ်မသိတဲ့ မြန်မာ post တခုကို forward email ကနေ ရလာခဲ့ရင် ကိုယ့်ကို ပို့တဲ့လူကို “ဖတ်စရာ ဝေမျှပေးလို့ ကျေးဇူးတင်ကြောင်း၊ ဒါပေမယ့် စာရေးသူနဲ့ မူရင်းလင့်ခ်ကို သိလိုကြောင်း၊ နောက်တခါဆိုရင် ထည့်ပေးစေလိုကြောင်း။ တကယ်လို့ အခုစာပို့သူဟာ စတင်ပြီး ဖြန့်ဝေသူ မဟုတ်ခဲ့ရင် သူ့ကိုပို့ခဲ့တဲ့လူကို ဒီအကြောင်း ဆက်ပြောစေလိုကြောင်း၊” ။ အဲဒီလို email လေးတွေ အဆင့်ဆင့် ပြန်ပို့ပြီး သတိပေးခဲ့မယ်ဆိုရင် စာရေးသူကို credit ပေးတဲ့ အလေ့အထလေး အင်တာနက် သုံးစွဲသူ မြန်မာတွေကြားမှာ ထွန်းကားလာမယ်လို့ မျှော်လင့်မိပါတယ်။
မြန်မာတွေကြားမှာ နောက်ထပ် မှားယွင်းထင်မြင်တတ်တာ တစ်ခုကို ဆက်ပြောပါရစေဦး။ မနိုင်းနိုင်းစနေ ရဲ့ ဘလော့ဂ်မှာ ရေးထားတဲ့ပို့စ် အောက်က မှတ်ချက်တစ်ခုလို ထင်မြင်ချက်မျိုးပါ။ “မြန်မာနိုင်ငံမှာ ကော်ပီရိုက်မရှိဘူး…” ဆိုတာပါ။ အဲဒီအယူအဆဟာ မှန်ကန်တယ်လို့ မထင်ပါ။ မြန်မာနိုင်ငံမှာ ကော်ပီရိုက် ရှိပါတယ်။ ကော်ပီရိုက်ကို အတိုင်းအတာတစ်ခု အထိ လေးစားဖို့ လိုပါတယ်။ ပန်ဒိုရာရဲ့ ရှေ့က ပို့စ်တွေမှာလည်း ပြောခဲ့ပြီးပါပြီ။
မြန်မာနိုင်ငံမှာ ဥပဒေအားဖြင့်လည်း ကော်ပီရိုက် ရှိပါတယ်။ မြန်မာနိုင်ငံအတွက် ၁၉၁၁ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ကော်ပီရိုက် ဥပဒေဟာ ၁၉၁၄ ခုနှစ်ကတည်းက စပြီး အသက်ဝင်လာခဲ့ပါတယ်။ Intellectual Property နဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဘာဥပဒေတွေရှိသလဲ ဆိုတာကို အတိုချုပ်သိချင်ရင် WIPO website က ဒီလင့်ခ်မှာ သွားဖတ်ကြည့်လို့ရပါတယ်။ http://www.wipo.int/about-ip/en/ipworldwide/pdf/mm.pdf
နောက်ထပ် အကြောင်းရင်းတခုကတော့ ဥပဒေ ရှိရှိမရှိရှိ ကော်ပီရိုက်ဆိုတာ သဘောသဘာဝအားဖြင့်ကို ရှိပါတယ်။ ဖန်တီးတီထွင်လိုက်တဲ့ Intellectual Property ဉာဏပစ္စည်း ဆိုတာ တခြား အိမ်၊ မြေ၊ ရွှေ၊ ငွေ၊ ယာဉ် စတဲ့ပစ္စည်းတွေလို လူသားတွေရဲ့ ပိုင်ဆိုင်မှု တမျိုးပဲဖြစ်ပါတယ်။ တခြားပစ္စည်းတွေကို ပိုင်ရှင်မသိပဲယူရင်၊ အလွဲသုံးစားလုပ်ရင် အပြစ်ရှိသလိုပဲ ဉာဏပစ္စည်းကို ပိုင်ရှင်မသိပဲယူရင်၊ အလွဲသုံးစားလုပ်ရင် အပြစ်ရှိပါတယ်။ ဒါဟာ အခြေခံစာရိတ္တနဲ့ ဆိုင်ပါတယ်။ ဒီတော့ စာရွက်ပေါ်မှာ ရေးထားထားမထားထား ကိုယ့်အသိတရားနဲ့ လုပ်သင့်မလုပ်သင့်ဆိုတာ စဉ်းစားပြီး လုပ်ကြရင် ပိုမကောင်းပေဘူးလား။ အစိုးရက ပြစ်ဒဏ်တွေ ချမှတ်ပြဋ္ဌာန်းထားမှ ကြောက်ပြီး မချိုးဖောက်ဘူးဆိုတဲ့ အဆင့်မျိုးထက် ကိုယ့်အသိဉာဏ်ကို ကိုယ်တိုင် ပြဋ္ဌာန်းတာက ပိုကောင်းမယ် ထင်ပါတယ်။
ဒီနေရာမှာ enforcement နဲ့ပတ်သက်လို့လည်း ပြောစရာ ရှိပါတယ်။ ကော်ပီရိုက် ရှိမရှိဆိုတာ ရဲတွေက အတုတွေကို လိုက်ဖမ်းနေတာတို့ တရားရုံးမှာ အမှုဖြစ်မဖြစ်တို့နဲ့ အတိအကျ တိုင်းတာလို့ မရပါဘူး။ “ရဲ” ဆိုတာတွေက ဘာတွေကို ဦးစားပေး လုပ်နေတယ် ဆိုတာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဘယ်တူပါ့မလဲ။ နောက်ပြီးတော့ ကော်ပီရိုက်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်လာရင် တရားရုံးအထိ ရောက်ချင်မှ ရောက်ပါတယ်။ နိုင်ငံအများစုမှာ တော်ရုံအဆင့်ဆိုရင် ရုပ်ရှင် ဂီတ သဘင် စာပေ အစည်းအရုံးတွေကပဲ ဖျန်ဖြေတဲ့ နည်းလမ်းနဲ့ ဖြေရှင်းကြလေ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို အစည်းအရုံးတွေ ရှိပါတယ်။
နောက်ဆုံးအချက်ကတော့ မြန်မာနိုင်ငံမှာ ကော်ပီရိုက်နဲ့ ပတ်သက်လို့ ဘယ်လောက် အတိုင်းအတာအထိ လေးစားလိုက်နာသင့်လဲ ဆိုတာပါပဲ။ ပန်ဒိုရာလည်း ဥပဒေပညာရှင် မဟုတ်တဲ့အတွက် အကြံဉာဏ်ပေးဖို့ အရည်အချင်း မရှိပါဘူး။ အခုအချိန်မှာ မြန်မာတွေ ပြည်ပမှာ အများကြီး ရောက်နေကြပါတယ်။ မြန်မာစာ မြန်မာသီချင်း မြန်မာလက်ရာတွေကို ငတ်မွတ်နေကြတယ်။ ၀ယ်ချင်ပေမယ့် အလွယ်တကူ ၀ယ်မရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တချို့ သတင်း အချက်အလက်နဲ့ ပတ်သက်တာတွေ ကျတော့လည်း လူများများသိလေ ကောင်းလေ ဆိုတာမျိုး ဖြစ်နေတယ်။ တချို့ဖန်တီးမှုတွေ ကျတော့လည်း ကိုယ်က ဆင့်ပွားဖန်တီး ကြည့်ချင်တယ်။ ဒီတော့ ကိုယ်တခုခု မကူးယူခင် မတင်ပြခင် မဖြန့်ဝေခင်မှာ ကိုယ့်ဘာသာပဲ ကျိုးကြောင်းဆင်ခြင်ပြီး တရားမျှတတယ် ထင်တာ လုပ်သင့်တယ် ထင်တာကို လုပ်ကြဖို့ပါပဲ။ အဓိက ကတော့ ကိုယ့်လုပ်ရပ်ကြောင့် တဖက်သားကို ဘယ်လိုနည်းနဲ့မှ နစ်နာမသွားစေဖို့ပဲ မဟုတ်ပါလား။
ပန်ဒိုရာ
( အမှားပါခဲ့ရင် အပြုသဘောနဲ့ ပြင်ဆင်ဖြည့်စွက် အကြံပေးချက်များ အားလုံးကို ကြိုဆိုပါတယ်။
ကော်ပီရိုက်အကြောင်း ထပ်အသေးစိတ် သိချင်ရင် ဒီပို့စ်ကို ပြန်ဖတ်ပါ။ http://pandora-and-pandora.blogspot.com/2008/11/blog-post.html)