Sunday, December 21, 2008

လွယ်အိတ်ကလေး လွယ်ကာ လွတ်လွတ်လပ်လပ် လမ်းလျှောက်ထွက်ခြင်း




လွယ်အိတ် ဟု ဆိုလိုက်လျှင် ငယ်ငယ် ကျောင်းသားဘ၀က လွယ်ခဲ့သော ပြည်တွင်းဖြစ် လွယ်အိတ်ကလေးများကိုသာ မြင်ယောင်သွားပါမည်။

လွယ်အိတ်ကလေးသည် မြန်မာရနံ့ဖြင့် သင်းထုံနေသည်။ လွယ်အိတ်ကလေးသည် ထည့်စရာ ရိုးရိုးကလေး ဖြစ်သည်။ လှသည်။ ချစ်စရာဖြစ်သည်။ သို့သော် ခေတ်မဆန်ပါ။ မခန်းနားပါ။

လွယ်အိတ်ကလေးက ကျောကုန်းပေါ်မှာ ခွစီးပြီး မလိုက်ပါ ပါ။ လက်ဖျားကလေးမှာ လက်ဖျံပေါ်မှာ ပခုံးဖျားမှာ မခို့မရို့ တွယ်ချိတ်ကာ မလိုက်ပါ ပါ။ ပခုံးက ဖြစ်စေ စလွယ်သိုင်း အနေအထားဖြင့် ဖြစ်စေ ကိုယ့်ကိုယ်ခန္ဓာ နံဘေးမှ ထပ်တူကပ်ကာ ပိုင်ပိုင်နိုင်နိုင် လိုက်ပါလေ့ရှိသည်။

ကျောပိုးအိတ်တလုံးလို ဇစ်များ ခါးပတ်ကွင်းများ ဘေးအိတ် အတွင်းအိတ် အိတ်အပိုများ ဖြင့် လုပ်ငန်းစဉ် အစုံအလင် မပါဝင်ပါ။ ဇစ်လည်းမပါသလို သော့ခတ်မရသဖြင့် မလုံခြုံဟု ဆိုလိုက ဆိုနိုင်မည်။ အမျိုးသမီးသုံး စလင်းဘက်ကလေး တစ်လုံးလိုလည်း လှလှပပ နုနုရွရွ မဖြစ်ပါ။ ပွဲနေပွဲထိုင်အတွက် မသင့်လျော်ဟု ယူဆလေ့ရှိပါသည်။

လုံခြုံမှုသည် လွတ်လပ်မှု၏ အလျော်အစား ဖြစ်ခဲ့ပါသလား။ ခန်းနားမှုသည် လွတ်လပ်မှု၏ အပေးအယူ ဖြစ်ခဲ့ပါသလား။ ပန်းဆိုးတန်း အဟောင်းဆိုင်မှာ မွှေနှောက်ဝယ်ယူလိုက်သော စာအုပ်တစ်အုပ်ကို လွယ်အိတ်ကလေးထဲ အလွယ်တကူ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်စဉ် ပျော်ရွှင်ခဲ့ဖူးပါသည်။ လွယ်အိတ်ကလေးထဲ အသာထိုးထည့်ထားမိသော ထီးအသစ်တစ်ချောင်းကို ၄၅ ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက် ခံခဲ့ရဖူးစဉ် စိတ်ညစ်ခဲ့ဖူးပါသည်။ လွယ်အိတ်ကလေးတစ်လုံးကို လွယ်ကာ မင်္ဂလာအခန်းအနား ညစာစားပွဲတစ်ခုကို တက်ရောက်ခဲ့လျှင် ဘယ်လိုနေမလဲ။

ခေတ်ကာလ ပြောင်းသွားတော့ မြန်မာ ကျောင်းသားကလေးများသည် လွယ်အိတ်လွယ်လေ့ ရှိသေးရဲ့လား မသိပါ။ ထူထဲများပြားလာသော ကျောင်းစာအုပ်များကို ပိုအဆင်ပြေပြေ သယ်ပိုးနိုင်ရန် ကျောပိုးအိတ်သာ အသုံး ပိုတွင်ကျယ်လာနိုင်ပါသည်။ ကျေးလက်မှာတော့ ဈေးနှုန်းချိုသာသော ပြည်တွင်းဖြစ် လွယ်အိတ်ကလေးများကိုသာ အားထားရဦးမည် ထင်ပါသည်။ သည်လိုဆိုလျှင်တော့ လွယ်အိတ်ကလေးက ကျေးလက်စာသင်ခန်းတို့၏ သင်္ကေတ အဖြစ် ကျန်နေခဲ့ဦးမည်။

လွယ်အိတ်ကလေးက မြန်မာကဗျာဆရာ စာရေးဆရာတို့၏ သင်္ကေတလည်း ဖြစ်ခဲ့လေသည်။ သူတို့အတွက်တော့ အသက်အရွယ် မလို။ အချိန်ကာလ မလို။ နေရာဒေသ မလို။ လွယ်အိတ်ဖောင်းဖောင်းကြီး လွယ်ထားသော မုတ်ဆိတ်ကျိုးကျဲ ညှင်းသိုးသိုးနှင့် ဆရာများကို ဒါမှ ကဗျာဆရာ စာရေးဆရာ စတိုင်အစစ်ကွ ဟု သဘောတကျ ငေးမောခဲ့ဖူးသည်။

မသုံးဖြစ်တာ ကြာပြီဖြစ်သော လွယ်အိတ်ကလေးတစ်လုံးကို လှည့်ကြည့်မိစဉ် ကိုယ့်ကို သည်လို အမှတ်မထင် နှုတ်ခွန်းဆက်လိုက်ပါသည်။

“ပြောလေ.. သူငယ်ချင်း….”

ဒီအသုံးအနှုန်းကလေးက ကိုယ့်ကို တုန့်ခနဲ ဖြစ်သွားစေခဲ့သည်။ စာအုပ်ကလေးတွေ ထည့်ဖို့လောက်သာ ရည်ရွယ်ခဲ့သော သူငယ်ချင်း။ အဆီးအတားမရှိ ပိတ်နှောင်မှုမရှိ အလွယ်တကူ ထုတ်ယူနိုင် ပြန်ထည့်သွင်းနိုင်သော သူငယ်ချင်း။ ဘေးမှသာ အသာ လိုက်ပါခဲ့သော သူငယ်ချင်း။ သူ့ကို အသုံး မလိုအပ်ချိန်တွင် တိုင်မှာ ချိတ်ထားခဲ့သည်ကို ကိစ္စမရှိသော သူငယ်ချင်း။ သူငယ်ချင်းတစ်ဦးကို ခန်းနားကြီးကျယ်သော ရည်ရွယ်ချက်များဖြင့် ဘယ်တုန်းကမှ ဖွဲ့စည်းမထားခဲ့ပါ။

မိုးတွင်းမှာ ထီးမပါပဲ အပြင်ထွက်မိသည့် ကာလတွေ လူတိုင်း ကြုံဖူးပါမည်။ မိုးဖွဲဖွဲလေးတွေ ရွာလာတော့ အမိုးအကာရှိရာ အပြေးအလွှား လိုက်ရှာစဉ် လွယ်အိတ်ကလေးကို အမှတ်မထင် ခေါင်းပေါ်အုပ်မိုးကာ အကာအကွယ်ယူမိမည်။ မိုးတွေတအား သည်းလာပြန်တော့ လွယ်အိတ်ကလေးကို မစိုစေချင်လို့လား၊ အထဲမှာ ထည့်ထားသော စာအုပ်တွေကို ကာကွယ်လိုသည်လား သေသေချာချာ မစဉ်းစား မဝေခွဲမိစဉ်မှာပဲ ရင်ခွင်ထဲမှာ တင်းကျပ် ပိုက်ပွေ့ ထားမိဖူးမည်။

လွယ်အိတ်ကလေးတစ်လုံးကို တိုင်မှာ ချိတ်ထားခဲ့တာ ကြာပြီ။ သတိတရ ဖြုတ်ယူ ကြည့်လိုက်စဉ်တွင် လွတ်လပ်ခြင်း… ပေါ့ပါးခြင်း… ရိုးသားခြင်း… အဆောင်အယောင်ကင်းခြင်း… ကျောင်းသားဘ၀… ကဗျာ… စာအုပ်များ… အငွေ့အသက်လေးများ မျက်ဝန်းမှာ ပြန်လည်ခိုတွဲ ဝေ့၀ဲလာခဲ့သည်။

သာယာသော နေ့တစ်နေ့တွင် သူငယ်ချင်းကလေးကို ဘေးမှာလွယ်ကာ လွတ်လွတ်လပ်လပ် လမ်းလျှောက် ထွက်လိုက်ချင်ပါသေးသည်။


ပန်ဒိုရာ



35 comments:

ရွာသားလေးဝိုင်တီယူ said...

အေးဗျာ ကျနော်လည်း လွယ်အိတ်ချစ်တယ်ဗျ။ ကျနော့်ကချင်လွယ်အိတ်လေးရယ် နာမည်ထိုးထားတဲ့လွယ်အိတ်အစိမ်းလေးရယ် ကျနော်ကြိုက်တဲ့ လွယ်အိတ်အဖြူရောင်လေးရယ် ဒီနေ့တော့လွမ်းသွားပြီဗျာ...

khin oo may said...

တို့လဲလွမ်းတယ်။

khin oo may said...

ရေးတတ်လိုက်တာ။လွမ်းစရာကောင်းလိုက်တာ။

khin oo may said...

ကချင်လွယ်အိတ်ကလေ်းလှလိုက်တာ။

Kay said...

ပန့် လွယ်အိတ်လေးကတော့.. . ငွေမောင်းသံလေးတွေနဲ့မို့.. သွက်သွက်လက်လက် ကလေး.. အသံပေးနေမှာပေါ့။ အနဲဆုံး..အဲဒီ ပြတင်းပေါက်က..လေတပွေ့ တိုးဝင်လာတိုင်း..ခမ်းစည်း စ နဲ့အတူ..အသံချွင်လေး တစ လောက်..ပေးရင်း..သူရှိကြောင်း..သတိပေးနေမယ်ထင်တယ်။

mirror said...

အစ်မရေ..ငယ်ငယ်တုန်းကဆို လုံချည်ကိုခြေမျက်စိတယဥ့်တိုက်ဝတ်၊ကချင်လွယ်အိတ်လေးကို လက်ကဆွဲပြီး ပဲထုတ်ခဲ့တာလေးတွေ ပြေးသတိရမိတယ်။ညီမ့ အစ်မလဲ လွမ်းနေတယ်ထင်ပါ့။
:))

မောင်မျိုး said...

ဒေါ်လေးရေ့ လွယ်အိတ်ကလေးကိုသနားရင်း လှလိုက်တဲ့ အရေးဖွဲ့လေးကို ပါးစပ်ဟောင်းလောင်းဖြစ်ရတဲ့အထိပဲ ဒါကျနော်တို့ လုံးဝမတွေးမိ ပစ်ပယ်ထားမိ မေ့ချင်ယောင်ဆောင်ထားမိတဲ့ အပယ်ခံလေးရဲ့ ဘ၀ပဲ သူကသက်မဲ့မို့တော်သေးတယ် သက်ရှိသာဆို...............................။

ခေါင်ခေါင် said...

အရမ်းလွမ်းသွားတယ် မမပန်ရယ်..
ငယ်ငယ်က ကချင်လွယ်အိတ်လေးကို ထုံးပြီးလွယ်ခဲ့တာ သတိရတယ်.. ငယ်ငယ်တုန်းကပါ.. နောက်တော့လုံးဝ လွယ်အိတ်ဆိုတာ လှည့်ကိုမကြည့်ဖြစ်ခဲ့တော့တာ..
တစ်ကယ်လွမ်းသွားတယ်

openmind said...

ဒီမှာတော့ လွယ်အိတ်မလွယ်ကြတော့ဘူးဗျ
တခြားအိတ်လွယ်ကြတာကတော့ အစုံပါပဲ
ကလေးတွေကတော့ ကျောပိုးအိပ်အကြီးကြီးတွေ
ခါးညွှတ်အောင် သယ်ပြီး ကျောင်းသွားကြတာပဲ
လူတွေရဲ့လွယ်အိတ်ဆိုတာက သရေပေါ်မှာ အရိုးခေါင်းတွေ၊ ဒီဇိုင်းခပ်ရဲရဲ ပုံတွေလေ
လွယ်အိတ်ရောင်းတဲ့သူတွေတော့ ရှိနေပါသေးတယ်
ဗိုလ်ချုပ်ဈေးမှာ အများဆုံးပေါ့...
ရောင်းသူသည် ၀ယ်သူရှိရာသွား လေ့ရှိတယ် ဆိုတဲ့ စကားအရဆိုရင်တော့
လွယ်အိတ်ဓလေ့ကွယ်ပျောက်တော့မှာလားလို့ ထင်စရာ၊
နယ်တွေမှာတော့ လွယ်အိတ်လွယ်တဲ့ လူတွေအများကြီးရှိနေသေးတာ ကောင်းကွက်တစ်ခုထင်ပါရဲ့ နော်

လွိုင်လင် said...

ကျွန်တော်တော့ ငယ်ငယ်က မွှေးပွလွယ်အိတ်တွေ အမွှေးလိုက်နှုတ်တာ၊ အချင်းချင်း လွယ်အိတ်အမြီးတွေ ချည်ပေးကြတာ၊ ပီကေ နဲ့ ကပ်တာတွေ ပြန်သတိရမိတယ်။ ဟီးဟီး။

သက်ဝေ said...

လွယ်အိတ်လေးကို ထွေးပွေ့ ကာ
ရင်မှာ စိတ်ကြည်နူးလိုက်တာ...
အကြင်နာရဆုံး မင်းကလေးရဲ့  စေတနာ...

ချစ်စရာ လွယ်အိတ်ကလေး...
ပိုင်ရှင်စစ်ရဲ့  လက်ထဲမှာ တသက်လုံး မခွဲမခွာ ရှိနေပါစေ...

choco thazin said...

အစ်မေရေ

သဇင်လည်း လွယ်အိတ်ကို သိပ်ချစ်တာ
၆ တန်းတုန်းက အစ်ကိုအကြီးဆုံး ဝယ်ပေးတဲ့
ကြံတိုင်းအောင် တံဆိပ် အဖြူအမည်းကြားထားတဲ့
လွယ်အိတ်လေး အခုထိ ဗီရိုထဲသိမ်းထားတုန်းပဲ

MANORHARY said...

အမလည်းလွယ်အိတ်သိပ်ချစ်တာ၊မာစတာပြီးတဲ့ထိလွယ်
အိတ်ပဲလွယ်ခဲ့တယ်။အမတို့ခေတ်မှာတောင်အဲဒီအချိန်က
ကျူတာပေါက်စတွေမာစတာတန်းတွေကလွယ်အိတ်ကို
လွယ်စရာလို့မထင်ကြတော့ဘူးလေ....
ခု..သားတို့ခေတ်ဆိုပိုဆိုးတာပေါ့..သားတို့ ကျောင်းမှာ
ဆိုလွယ်အိတ်ကိုသူတို့မမြင်ဘူးကြဘူး။ သားကအစ....
သူ့အမေသိမ်းထားတဲ့သိုးမွေးလွယ်အိတ်ဖြူဖြူလေးကို
ဘာလုပ်တာလဲလို့မေးတာလေ....
လွယ်အိတ်ကလေးလွယ်ပြီးအရင်လိုအဓိပတိပေါ်ပြန်
လျှောက်ချင်လာပြီ..စီစဉ်ပေးပေတော့....း(

မီယာ said...

လွယ်အိတ်ကို ပုံစံအမျိုးမျိုးနဲ့ ခေတ်အလိုက် ပြောင်းလွယ်ကြသေးတယ်။ ကျော်သူက ကြိုးထုံးပြီးလွယ်တယ်။ ခါးပိုက်နှိုက်ရန်က မလုံခြုံပေမယ့် ကိုယ့်အတွက်တော့ လွယ်အိတ်လေးကို လက်နဲ့ဆုပ်ထားရရင် အားရှိသလိုပဲ။

ဗေဒါရီ said...

လွယ်အိတ်လေးအကြောင်းဖွဲ့ထားတာ သိပ်လှတာပဲ။ ဒီစာလေးဖတ်ပြီး ငယ်ငယ်တုန်းက လွယ်ခဲ့တဲ့ လွယ်အိတ်ကလေးတွေကို သတိရသွားတယ်။
ကျွန်မလည်း လွယ်အိတ်ကလေးတွေကို ချစ်တယ်။
ကျောင်းတက်ခဲ့တဲ့ သက်တမ်းတလျှောက် လွယ်အိတ်လေးတွေကိုပဲ မြတ်မြတ်နိုးနိုးလွယ်ခဲ့တာ။ လွတ်လပ်ပေမဲ့ မလုံခြုံတာတော့ အမှန်ပဲ။ ကျွန်မလည်း လွယ်အိတ်ထဲက ပိုက်ဆံအိတ်ခါးပိုက်နှိုက်ခံရဖူးတယ်။

Craton said...

မူလတန်းဘ၀ကိုတောင် ပြန်လွမ်းမိပြီး(

ကိုဂစ်တာ said...

ဘယ်တော့မှရိုးမသွားတဲ့ လွယ်ပါ။
ကချင်လွယ်အိတ်အသေးလေးတွေ ပေါ်လာတုန်းကလည်း အမြတ်တနိုးဝယ်ခဲ့ဖူးတယ်။ ကဗျာတွေလည်း အဲ့ဒီလွယ်အိတ်လေးထဲမှာ ပွယောင်းခဲ့ဖူးတယ်။

ငယ်ဘ၀ကိုပြန်လွမ်းးးးတယ်
အစ်မရေးတဲ့အက်ဆေးတိုင်း အလွန်လှတယ်။

ကလေးအတွေး said...

ကလေးဆို တက္ကသိုလ်တက်တုန်းကတောင် ကချင်လွယ်အိပ် အနီလေးနဲ့ မောင်းလေးတွေနဲ့ ... ကချင်လွယ်အိပ်ကိုပိုကြိုက်တယ် .. ပြီးတော့ လွယ်အိပ်လွယ်ပြီးကျောင်းတက်ရတာ ကျောင်းသားပိုဆန်တယ်

မိုးမောင်(happycloud) said...

ကျနော်ကတော့ ရှမ်းလွယ်အိတ် ပိုကြိုက်သဗျာ...
သူက ပိုကြီးတယ်လေ.. စာအုပ်အတော်များများဆန့်တယ်လေ.. ကလေးတုန်းကဆို လွယ်အိတ်ကို ကျောပိုးအိတ်လို လုပ်ပြီး မိုးရွာထဲပြေးရတဲ့ ဖီလင် အမှတ်ရတယ်

YoungGun said...

ရှေ့ကပို့စ်တွေတုန်းက ကွန်းမန့်မရေးဖြစ်ပေမယ့် လွတ်အိတ်လေးကျတော့ ရင်ထဲတစ်မျိုးလေးဖြစ်သွားလို့ ရေးမိတယ် အစ်မရေ။ ဘာလို့လဲ ဆိုတော့ ကျနော်လည်း လွတ်အိတ်လေးကို အခုထိ လွယ်နေတုန်းမို့ပါပဲ။

ရွှေဂျမ်း said...

တခြားအိတ်မျိုးစုံ ကိုင်ဖြစ်ပေမယ့် လွယ်အိတ်လေးတွေမှာ ကျောင်းသားဘ၀ရဲ့ အရိပ်အငွေ့တွေပါတာမှု ပိုလွမ်းစရာ ကောင်းပါတယ် အမရေ။ ခုတလောတောင် ကချင်လွယ်အိတ်လေး ပါမလာလို့ အိမ်ကို ပြန်မှာမလို့ စဉ်းစားနေမိတာ။ ခု ပိုလွမ်းသွားပြီ။

အောင်သာငယ် said...

အင်း.... လွယ်အိတ်ထဲကို... ထည့်ခဲ့ဖူးတဲ့... ဖက်ဖူးရောင် ဘ၀လေးတခုကို... ပြန်လွမ်းသွားတယ်...။
ခုတော့လည်း... ... ...

ပျူနိုင်ငံ said...

လွယ်အိတ်လေးကို လာခံစားပါတယ် အန်တီပန်ရေ။

ပုံရိပ် / Pon Yate said...

ပုံရိပ်လဲ လွယ်အိတ်လွယ်ကာ လမ်းလျှောက်ထွက်လိုက် ချင်ပါသေးသည်။

OWAY AUNG said...

ဘလော့အကယ်ဒမီပေးပွဲမှာ အကဲဖြတ်ဒိုင်တွေ ဘယ်သူဆိုတာ သိမှ ဖြစ်မှာ။နအဖအကယ်ဒမီပေးပွဲကဒိုင်လူဖြီးတွေရွေးတဲ့အကယ်ဒမီစာရင်းလို ပေါ်လစီဖြစ်မှာစိုးပါတယ်။
http://thebestofmyanmarblogs.blogspot.com/

OWAY AUNG said...

နစ်နေမန်း။ကိုထိုက်တို့ လို ရွှေဝါေ၇ာင်ကာလ ထင်၇ှားခဲ့တဲ့ ဘလော့ဂါတွေကို မဲစာရင်းထဲ ဘာလို့ မထည့်ခဲ့လဲ၊ဖြေရှင်းချက်ပေးပါ ဒိုင်များ ခင်ဗျာ။
http://thebestofmyanmarblogs.blogspot.com/

BLACK DREAM said...

ကျွန်တော့်အတွက်တော့ လွယ်အိတ်က ကျောပိုးအိတ်တွေထက် ပိုခန်းနားတယ်လို့ ခံစားရတယ်..။ အကြိုက်ဆုံးကတော့ ကချင်လွယ်အိတ် အနက်ရောင်လေးပဲ...။ ကျွန်တော် အထက်တန်းကျောင်းသား ဘ၀တစ်လျှောက်လုံး အဲ့ဒီ့ ပုံစံပဲ အမြဲသုံးခဲ့ဖူးတယ်...။ :)

layma said...

မပန်.. ယုံမလားတော့မသိဘူး..။ လေးမ ပုခုံးမှာ ဒီနေ့ ထိ လွယ်အိတ်ရှိနေသေးတယ်..။ လွယ်အိတ်နဲ့ တော်တော်ဆင်တဲ့ အိတ်ပေါ့..။ ပကာသနမပါဘူး..။ အဟန့် အတားမပါဘူး..။ ဟောင်းလောင်းပေါက်အိတ်ထဲက ပိုက်ဆံအိတ်လေးကို မကြာခဏ စမ်းရင်း...။ အိတ်တွေ ဖွင့်ပြတဲ့ tag game တုန်းက လေးမ အိတ်တင်ထားတယ်..။

ယောနသံစင်ရော် said...

လွယ်အိတ်လေးတွေကို အရင်တုန်းထဲက မြတ်မြတ်နိုးနိုးလည်းလွယ်ခဲ့ဖူးပါတယ်။ မပန်ဒိုရာ ရဲ့ အတွေးအရေးကြောင့်လွယ်အိတ်လေး ရဲ့ အရေးပါပုံတွေကို သတိပိုထားမိခဲ့ပြီ။ အမေပို့ထားတဲ့ကချင်လွယ်အိတ်လေးကို ဒီတခါ အပြင်ထွက်ရင်ထုတ်လွယ်လိုက်မယ်လို့စိတ်ကူးမိတယ်။ ဒီတခါတော့ နံဘေးနားမှာ အဖော်ကောင်း တယောက်အဖြစ်နဲ့သေသေချာချာ ဂရုထားပြီး လွယ်ဖြစ်တော့မယ်။

Eike lay said...

နောက်ကျောမှာ ကားယားခွပြီး လိုက်တဲ့ သူတွေထက်
ဘေးနားကနေ ရီးလေးခိုလိုက်တဲ့ သူ့ကို ပိုချစ်တယ်ဗျာ

wai said...

When i go back to my dorm this evening, I gonna find my old Ka chin bag in my luggage and I wanna use it tomorrow. Oh, I am so sorry, I am missing u now, my bag.

Ko Yoke Soe said...

ဘ၀မှာ ... ရှေ့ကသွားတဲ့ တုတ်ကောက်၊ နောက်က လိုက်တဲ့ ကျောပိုးအိတ်ထက်၊ ဘေးနားမှာ ထပ်ချပ်မကွာလိုက်တဲ့ လွယ်အိပ်လေးတစ်လုံးကို အခုထိ လွယ်လျက် ဘ၀ခရီးဆက်နေလျက်ပါ ........။

ဒူကဘာ said...

လွယ်အိတ်က မြန်မာရနံ့ထက် ရိုးရာ ကချင်ရနံ့ပို သင်းပျံ့မယ်လို့ ကချင်ကြီး ထင်ပါတယ် ပန်ဒိုရာစံ.. လွယ်အိတ် ကိုင်ဆွဲသူဆိုတာ တကယ်တော့ ဗမာသမိုင်းကို ကောင်းကောင်း ကိုင်လှုပ်ခဲ့သူ တွေဗျ။

pandora said...

ရေးသွားတဲ့ မှတ်ချက်တွေ အားလုံးက လွမ်းစရာ ပိုကောင်းနေပါတယ်။ လွယ်အိတ်ကလေးကို သတိရသွားတယ်ဆိုလို့ လွယ်အိတ်ကလေး ကိုယ်စား ၀မ်းသာပါတယ်။
ကိုဒူကဘာရေ ကချင်လွယ်အိတ်လေးဆိုရင် လူတိုင်း ချစ်ကြတယ် လို့ ယုံကြည်ပါတယ်။

လင်းဒီပ said...

အခုအချိန်ထိ
လွယ်အိတ်လေးက အမှတ်ရစရာ အကောင်းဆုံးနဲ့ ဟန်ဆောင်ပန်ဆောင်မရှိ ရိုးသားနေတုန်းပါဘဲ..
ကျွန်တော်တို့ကတော့ တော်ရာမှာ ထားထားလိုက်တာ ကြာပေါ့...
အသစ်အသစ်သော ဟန်ကြီးပန်ကြီး အိတ်တွေလွယ်လို့လေ