Sunday, December 14, 2008

အရိုး

ဆရာနှင်းခါးမိုး ရေးထားတဲ့ အရိုးစုဆိုတဲ့ ကဗျာလေးကို ဖတ်ရတဲ့အခါ မနှစ်က ရေးပြီး မေ့နေတဲ့ ကဗျာလေးတစ်ပုဒ်ကို သတိရမိပါတယ်။ နည်းနည်းပြန်ပြင်ဦးမယ် ဆိုပြီး ဘလော့ဂ်မှာ မတင်ဖြစ်လိုက်ဘူး။ ဒါနဲ့ ဆရာ့ကို ပြကြည့်လိုက်တော့ ဘလော့ဂ်မှာ တင်လိုက်ပါလား လို့ တိုက်တွန်းတာနဲ့ တင်လိုက်ပါတယ်။ တူတော့မတူဘူး။ ဒါပေမယ့် အရိုးကို အခြေခံ တွေးမိပုံလေးတွေ တိုက်ဆိုင်တာကို တွေ့ရလို့ ၀မ်းသာမိပါသေးတယ်။




အရိုး

အရိုးဆိုတာ ခန္ဓာကိုယ်ကို ထူထူထောင်ထောင်ဖြစ်အောင်
ကြပ်မတ်ထားတဲ့ ဘောင် ဖြစ်တယ်
အရိုးပျော့ရောဂါ မဖြစ်အောင်
ဆေးဝါးတွေနဲ့ ငယ်ငယ်ကတည်းက ကာကွယ်ရတယ်။

ဧ၀ အတွက်တော့
အာဒံဟာ နံရိုးတစ်ချောင်းစာ ရင်းနှီးခဲ့ရတယ်။

အရိုးဆိုတာ ကျိုးအက်မိရင် အသည်းခိုက်စေတယ်
အချုပ်တန်းဆရာဖေကတော့
တွေးမိတိုင်းအရိုးနာသည် လို့ပြောခဲ့တယ်။

အသားလိုလို့ အရိုးတောင်းသူတွေကိုတော့
လူရိုးဆိုတာ သင်္ချိုင်းကုန်းမှာပဲရှိတယ်လို့ ပြောကြတယ်။

အရိုးဆိုတာ ခွေးစာလို့လည်းသတ်မှတ်ကြတယ်
ဆင်းရဲသားတွေ အတွက်တော့
ဈေးပေါင်ကျိုးချိန်မှာ မရဲတရဲဝယ်ရတဲ့
အချိုဓာတ်ကို ရယူဖို့တစ်ခုတည်းသော ပရိုတိန်း ဖြစ်မယ်
သူတို့အတွက်တော့ အမဲရိုးက ဟင်းအိုးကို အားနာမနေနိုင်ဘူး။

တချို့လူတွေအတွက်တော့
အရိုးနဲ့နီးတဲ့အသားကမှ ပိုချိုတယ် ဆိုပြီး
အရိုးထိရောက်အောင် အသားတွေတစတစ နွှာစားကြတယ်
ပြီးတော့ ရိုးတွင်းခြင်ဆီတောင်မကျန်
ခံတွင်းတွေ့လို့
အရိုးကိုက်ကြတယ်။


ပန်ဒိုရာ
၎ ဇူလိုင် ၂၀၀၇



34 comments:

ဗေဒါရီ said...

ကဗျာလေး လာဖတ်သွားပါတယ်။
ဈေးပွဲချိန်ဆိုတာ ... ဈေးကွဲချိန်ကိုပြောတာလားဟင်။
အသုံးချင်း တူတူပဲလား။ မသိလို့ပါ။

Moe Cho Thinn said...

အရိုး အရင်း ကိုက်သူများအကြောင်း တွေးမိသွားတယ်။

သစ်နက်ဆူး said...

တစ်ချို့ ခွေးစိတ်ပေါက်နေတဲ့လူတွေကတော့
အရိုးလေးဘဲကိုက်ရ ကိုက်ရဆိုပြီး
ပြည်သူကိုတောင် ပြန်ကိုက်နေကြတယ်ပန်ဒိုရေ...။

ATN said...

အရိုးဆွေး... ဆိုတာကိုလည်း စဉ်းစား မိသွားပါသဗျာ...

Anonymous said...

အရိုးကိုက်သူများလို့ ပြောရမလား? အရိုးကြိုက်သူလို့ ဆိုဆို ...ဘာပဲဖြစ်ဖြစ် ကန့်လန့်တိုက်တယ်ပဲ မှတ်မှတ်... ဒေါင်လိုက်ကျနေတဲ့ အရိုးတွေထဲမှာ ကန့်လန့်ရှိတဲ့ Rib ကိုမှ ဈေးကြီးကြီးပေး ဝယ်စားနေမိတော့တယ်။

Yaw Han Aung said...

အရိုးပေါ် အရွက်မဖုံးစေရဆိုတာလည်း
ရှိသေးတယ်။

Anonymous said...

မပန်ရေ အရိုးလာကိုက်သွားတယ်။

MANORHARY said...

ရိုးမြေကျကော အပါဘူးလားဟင်..း)

ဆောင်းယွန်းလ said...

ဒိုးလုံးကလည်း”အရူးထိအောင်ရူး”လို့ဆိုသွားသေးတယ်
မပန်ရေ...
ခင်မင်လျက်...

Anonymous said...

အစ်မ


ရိုးရိုးသားသား.....
အရိုးတွေပဲဖြစ်ဖြစ် ရောင့်ရဲတင်းတိမ် နိုင်တဲ့စိတ်..???..

အိန္ဒြာ

(လင့်ခ် ပေးထားတဲ့အတွက်ကျေးဇူးပါ..နော်)

Unknown said...

ကျွန်တော်တို့ပြည်သူတွေကတော့ အရိုးပေါ်အရည်တင်နေပါပြီဗျာ

တစ်ချို့ကလည်း အရိုးကွဲအောင်ရိုက်မှာ အသဲစွဲအောင်
ကြိုက်တယ်ဆိုပဲနော့

M.Y. said...

အညာဆောင်းက အရိုးခိုက်အောင်အေးးတယ်
ဒိုးလုံး က အရိုးထိအောင်ရူးခဲ့တယ်
စိုးလွင်လွင်က ကောင်မလေး နဲ့  ရိုးမြေကျ လို့ ပြောခဲ့တာပဲ

အြရိုးက ဟိုသတ္တ၀ါ အစာဆိုတော့ နောက်တစ်ခါမြေနီကုန်းကအရှာဘီ ကြက်ရိုးသုပ် နဲ့  နံရိုးကင် အမြည်းလေးစားမိရင် ပန်ဒိုရာ့  အရိုးကဗျာ လေးရွတ်ရတော့မယ်ထင်တယ်။

မီယာ said...

လူမှာအမျိုး ကြက်မှာအရိုး လည်းရှိသေးတယ်

M.Y. said...

သေခါနီးမှအရိုးတွန်သူများကြောင့် ဒုက္ခရောက်သူများလဲရှိသေး၏။

ကိုရင်နော်ခင်လေးငယ် said...

ပေပေရန်.. ပန်ပန်ရေ..

အဆီကိုစား အသားကိုမြိုလို့ ခြဆီကိုစုပ်ုအရိုးပါမကျန် တစ်ကိုယ်လုံး ဖြိုပြီးတာတောင်..
မတင်းတိမ်နိုင်ကြသေးတဲ့.. လောဘသားတွေ
အတွက် ရင်လေးလွန်းတယ်...

ခင်တဲ့
ကိုရင်၊ ခင်လေး၊ ကလေးလေး

Anonymous said...

အရိုးကဗျာကို ကြိုက်သည် နှစ်သက်သည် တစိမ့်စိမ့်ပြန်ဖတ်သည်

ကိုအောင် said...

အန်တီပန်ရယ့် အရိုးကို လူမသိအောင် ခိုးသွားတယ်
ဗျို့။

ကိုပေါ said...

Do you have any skeleton in your closet? :-)

khin oo may said...

http://sueyint.blogspot.com/2008/12/blog-post_14.html

မေငြိမ်း said...

သရော်စာရေးလို့ရပီဟေ့.. ဒေါ်ပန်ရေ...

Kaung Kin Ko said...

အရိုး တစ်ယောက်က အရိုးအကြောင်းလာဖတ်သွားတယ်ဗျို့ ။ ကဗျာလေး မိုက်တယ်။

ခေါင်ခေါင် said...

မမပန်.. အရိုးကဗျာလေးက မိုက်လိုက်တာ..
တော်လိုက်တာ.. အရမ်းပဲ

တန်ခူး said...

ဒီကဗျာလေးရေးဖြစ်ဖို့  တွေးမိတဲ့ အတွေးလေးကို ကြိုက်တယ်…
ရေးတတ်လွန်းတဲ့ အရေးလေးကိုလဲ ကြိုက်တယ်…
အရိုးကွဲအောင်ကို ကြိုက်သွားတာ…

လင်းဒီပ said...

အရိုးအကြောင်းတွေက အစ်မရေးလိုက်မှပဲ တွေးစ၇ာတွေရပြီး..ကွန့်မတ်မှာလည်း အရိုးနှင့် ပတ်သက်သမျှတွေ တစ်ပုံကြီး တွေ့၇တယ်ဗျာ..
အစ်မ အရိုးကို သုသေသန စလိုက်တာ အများကြီး ပါလာတယ်..ပျော်စရာကြီး..
အော် အရိုး.. အရိုး..

ခင်မင်းဇော် said...

ဟိုနေ့တွေက ကောမန့်ပေးမရဘူး ပန်ပန်၊
အရိုးကြိုက်တာ ကိုက်တာကတော့ အမ်းးးး
တမျိုးတစားတည်း ရှိတာပဲ လို့ သိထားတာပဲလေ....

Anonymous said...

"ဓါတ်မှန်ရိုက်မယ် အူတွေ ပြုံး ပြုံး နေကြ.. ချပ်.. ပုံထွက်လာတာ အရိုးများသာ...။" အဲ့သလိုနဲ့ အရိုးက တမူးသာ ဆိုတဲ့စကား ပေါ်ထွက်လာသတဲ့... :D
(.)

Anonymous said...

ချိနဲ့နဲ့ အရိုးလေး က ဒေါ်လေးရဲ့ အရိုးကဗျာကို ဖတ်သွားတယ်း)

khin oo may said...

ပန်ပန်.
တို့မွေးနေ့December 16။။ပန်ပန်ကို စောင့်နေတယ်/ မနေနိင်လို့လာခေါ်တယ်။

tututha said...

ဒိုးလုံးကတော့ အရိုးထိအောင် ရူး ဆိုပဲ ညီမပန်ရေ။ အရိုးစွဲအောင် ကောင်းတဲ့ ကဗျာလေးပါ။ အစ်မကတော့ ကဗျာရေးတဲ့ သူတွေကို အားကျရင်း အရိုးရင့်လာပြီ .. ခုထိကို မရေးနိုင်သေးဘူး :)

khin oo may said...

ကျေးဇူး။့ have a nice day!

ကလိုစေးထူး said...

ကဗျာဆရာတော့ ဘယ်လို စရေးလိုက်တယ် မသိဘူး၊ ဖတ်သူတွေရဲ့ အတွေးတွေက ပိုလန်းနေတယ်။ :D အဲဒီလို ပြောလို့ ကဗျာက မလန်းဘူးလို့ ပြောတယ်တော့ မထင်လိုက်နဲ့။ ထိမှထိ...၊ မိုက်မှမိုက်ပဲဗျို့။

Anonymous said...

ကဗျာလေးဖတ်ပြီးတော့
အရိုးကျေကျေ အရည်ခန်းခန်း ဆိုတာ သတိရလိုက်တယ်။
တစ်ခါတစ်ခါတော့လည်း လမ်းက ရှည်လွန်းတဲ့အခါ အရိုးမကျေ အရည်မခန်းခင် ခြောက်သွေ့ကြွပ်ဆတ်သွားတတ်သလားဆိုတာလည်း ပါရဲ့။

အမြဲအားပေးလျက်
အေးချမ်းသူ

Mhu Darye said...

မရောက်ဖြစ်တာကြာလို့ လာဖတ်ရင်း အရိုးလေးကို ခိုက်သွားတယ်။ မိုက်သွားတယ်။ ကိုက်လည်း ကိုက်သွားတယ်။ ကြိုက်တယ်လို့...။
^-^

thurakyaw said...

အရိုးကွဲအောင် ရိုက်မှ အသည်းကွဲအောင် စွဲ- ဆိုလားပဲ။