Monday, December 29, 2008

နာမည်

ဘာရယ်မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးပါ။ ဘောလုံးလေးတွေ ပုံကို ဘယ်သူရိုက်သလဲ ပန်ဒိုရီလား လို့ မေးကြလို့ပါ။ အချုပ်တန်းဆရာဖေရဲ့ ကဗျာလေးတစကို သတိရသွားတယ်။ (ရိုင်းသွားရင်တော့ ခွင့်လွှတ်ပါ။ ဆရာဖေ စတိုင်ကတော့ သိတဲ့အတိုင်းပေါ့)။ “စာကောင်းရင် မအေပေးတွေက စလေရေး ထင်ကြတယ်” တဲ့။ စာကောင်းရင် စလေဦးပုည ရေးတယ်လို့ပဲ လူတွေက ထင်ကြလို့ သူက မခံချိမခံသာ ဖြစ်သွားခဲ့တာ ရယ်စရာတော့ ကောင်းသား။ သူ့စာတပုဒ်ကို ဦးပုညရေးတယ်လို့ လူတွေထင်ခဲ့ကြလို့ ထင်ပါရဲ့။

ပန်ဒိုရီက တကယ်တော့ အနုပညာတွေဘာတွေ တခါမှ ပြောတာမဟုတ်ဘူး။ ၀ါသနာလည်း တခုမှ မပါပါဘူး။ ဒါပေမယ့် တခါတခါတော့ ကိုယ်လုပ်တာတွေကို ဘေးကနေ သူဝေဖန်ပြတာတို့ ဓာတ်ပုံလေးဘာလေး ရိုက်လိုက်တာတို့က မဆိုးဘူး။ (ကိုယ့်လူကိုယ် ချီးမွမ်းနေတယ် :P) ဟိုတခါ ဘန်နာ တွေအကြောင်း တင်တဲ့ပို့စ်မှာ ဦးပိန်တံတားမှာ ပန်ဒိုရီ ရိုက်တဲ့ပုံလေးကို လူတွေ သဘောကျကြပါတယ်။ အမြင်ထောင့်လေး ကောင်းတယ် ဘာညာပေါ့။ ဒါနဲ့ပဲ ဓာတ်ပုံကောင်းရင် သူရိုက်တယ်လို့ ထင်တာလားဟင်။ ဟဲဟဲ။ အခု ဒီပုံတွေကတော့ ပန်ဒိုရာ ရိုက်တာပါ။ နောက်တခါမှ နေရာအတူတူကို ကင်မရာ၂ လုံးနဲ့ တချိန်တည်း ရိုက်ပြီး ပန်ဒိုရီ ပန်ဒိုရာ ဓာတ်ပုံ ပြိုင်ပွဲကြီး လုပ်ဦးမယ်။

ဒါနဲ့ ဆက်စပ်ပြီး ဖေဖေ မကြာခဏ ပြောပြလေ့ရှိတဲ့ ဟာသ ပုံပြင်လေး တပုဒ် ကို သတိရသွားပါတယ်။ တိုက်ရိုက်တော့ မဆိုင်ပါဘူး။ ကြားဖူးပြီးသားလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် တနင်္လာနေ့ အပျင်းပြေ ပြောပြလိုက်ပါတယ်။

တခါက ရွာတရွာမှာ ဦးမောင်စိန် ဒေါ်မယ်လှ ဆိုပြီး ဇနီးမောင်နှံ ရှိကြသတဲ့။ ဦးမောင်စိန်က ခပ်အေးအေး ဒေါ်မယ်လှက ခပ်သွက်သွက် အပေါင်းအသင်းလည်း များ ဆိုပါတော့။ သူတို့ လင်မယားနှစ်ယောက် မှာ ဒေါ်မယ်လှကိုပဲ လူသိများကြတယ်။

အစကတော့ ဦးမောင်စိန်က ဘယ်လိုမှ သဘောမထားပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ အိမ်ကို လာမေးတာကအစ ဒါ ဒေါ်မယ်လှ အိမ်လား ဆိုတာမျိုး ဖိတ်စာတွေ ဘာတွေ ကမ်းလာတဲ့အခါ ဒေါ်မယ်လှ နှင့် ခင်ပွန်း ဆိုတာမျိုး ဖြစ်လာတော့ နည်းနည်း စိတ်တိုလာတယ်။

ဒါနဲ့ပဲ ဦးမောင်စိန်ကိုယ်တိုင် ဥိးစီးပြီး အိမ်မှာ ဈေးဆိုင်လေး တဆိုင် ထဖွင့်ပါတော့တယ်။ ဒါပေမယ့်လည်း လူတွေက ဒေါ်မယ်လှဆိုင် ဒေါ်မယ်လှဆိုင် လို့ခေါ်ပြီးတော့ပဲ လာဝယ်ကြသတဲ့။ ဒီလိုနဲ့ မဖြစ်သေးဘူးဆိုပြီး ရွာက ချောင်းကူးတံတားလေးကို ပြန်ပြင်ပြီး လင်မယားနှစ်ယောက် ကဗျည်းထိုးလိုက်တယ်။ လူတွေက ဒေါ်မယ်လှတံတား လို့ပဲ ခေါ်ကြသတဲ့။

ဦးမောင်စိန်လည်း ဘုန်းကြီးကျောင်းမှာ ဇရပ်တစ်ဆောင် ဆောက်ပြီး လှူပြန်သတဲ့။ လူတွေက ဒေါ်မယ်လှ ဇရပ် လို့ပဲ ခေါ်ကြပြန်ရော။ ရွာဦးမှာ ထုံးဖြူဖြူစေတီလေး တစ်ဆူ တည်ပြန်တယ်။ ဘုရားတကာ မောင်စိန်တော့ ဖြစ်မလာဘူး။ ဒေါ်မယ်လှဘုရား လို့ပဲ လူသိများပြန်ပါလေရော။

နောက်ဆုံးတော့ ကြံရာမရဖြစ်ပြီး ဘိန်းစားတော့သတဲ့။ ဒီတော့မှပဲ ဘိန်းစားမောင်စိန် မောင်စိန်ဘိန်းစားလို့ ကိုယ်ပိုင်နာမည်တစ်လုံး တွင်သွားပါရောတဲ့ကွယ်။

ရယ်မောနိုင်ကြပါစေ။


25 comments:

ရွှေဂျမ်း said...

လာဖတ်ပြီး ရီသွားပါတယ် မပန်ရေ။ ဘယ်သူရိုက်ရိုက် လှတယ်ဆို သဘောကျမိတာပါပဲ။ ခုဘန်နာလေးက ဘလော့ရဲ့ စာတန်းလေးနဲ့ လိုက်တာတော့ အမှန်ပဲ။း)

Anonymous said...

My sis! Thanks for sharing your feeling...

pandora said...

ရွှေဂျမ်းရေ ရီသွားလို့ ၀မ်းသာပါတယ်။ ရွာသားလေးရေ ဘာ ခံစားချက်မှ မဟုတ်ဘူးနော်။ သက်သက် ရယ်စရာ ရေးတာပါ။

Anonymous said...

သိဘူးလေ ပန်ဒိုရီက ရိုက်ချက်ကောင်းတော့ အဲ့လိုထင်လို့ မေးလိုက်တား) ဒေါ်လေး ရိုက်ချက်ဆိုတာ ခုမှသိတယ် ။ပြိုင်ပွဲကျမှ ဘယ်သူရိုက်ချက်ပိုလှလည်း ကြည့်တော့မယ် ။

Myo Kyaw Htun said...

ဆရာဖေရဲ့ နဘေနဲ့ ပြောတာကို သဘောကျတယ်။ ပြီးတော့ ပုံပြင်ကိုကောပေါ့။ ပုံပြင်ထဲကလို အသိထဲမှာ ရှိတယ်။ မဝိုင်းနဲ့ ဦးသက်ကြီး ဒါပေမယ့် မိန်းမက ပိုပြီး အပေါင်းအသင်းဆန့် သူ့လက်နဲ့သူ့ခြေဆိုတော့ ကိုဝိုင်း နဲ့ မသက်ကြီးလို့ ခေါ်တဲ့အဆင်ထိ ရောက်သွားတယ်။ ဟီး

Anonymous said...

ဘန်နာလေးလှလိုက်တာ......
အဲ...ဒီပို့စ် ဖတ်တော့သတိရတယ်။ အဝေးကသူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်မှာ လူကြုံရှိတုံး ကပျာကယာလက်ဖွဲ့လူကြုံပေးရတယ်။ သူ့ အမျိုးသားနာမည်လည်း မသိ၊ လှမ်းမေးချိန်မရတော့
"xxxxxxxxxx(သူငယ်ချင်းအမည်) နှင့် သူ၏ခင်ပွန်း အတွက်" ဆိုပြီးရေးပေးလိုက်တာ..... ခုထိ မိတ်ဆွေ မပျက်လို့ တော်ပါသေးရဲ့.....
sindanlar

pandora said...

မုဒိတာစိတ်လေးများ ထားပေးနိုင်ရင် အကောင်းသားပါ။
ပတ်ဝန်းကျင်ဆိုတာ ချီးမွမ်း(၇)ရက်၊ ကဲ့ရဲ့(၇)ရက်မို့
နားထောင်ယုံသက်သက်ပဲ ကောင်းပါတယ်။
နာမည်တစ်လုံးရဖို့ ကိုယ့်ကိုယ်ကို ဖျက်ဆီးတာတော့ မလုပ်သင့်တာ အမှန်ပါ။
သံဝေဂရစရာ ပို့စ်လေး အတွက် ကျေးဇူးပါ။
------
ကွန်မင့်အဖြစ် တင်ပေးနိုင်ရင် ကောင်းမှာပဲ
ကျော်ခွပြီးဘလောဂ့်ကိုရောက်ပေမယ့်
ဆီပုံးမှာလည်း မနှုတ်ဆက်နိုင်၊ ပို့စ်တွေမှာလည်း ကွန်မင့်မပေးနိုင်လို့
လက်မှိုင်ချရတာတွေ ခဏ၂ပါ။

Win Zaw
(sent by email)

ဆောင်းယွန်းလ said...

မပန်ရေ.ရေးဘဲရေးတတ်လွန်းတယ်..
ပုံပြင်လေးကိုဖတ်ပြီးသဘောကျတယ်.
ပြီးတော့သံဝေဂလည်းရတယ်ဗျ..
ခင်မင်လျက်....

ATN said...

ခုတော့ သိသွားပြီ ဘိန်းပဲ စားတော့မယ်...း)

Anonymous said...

နာမည်တွင်ချင်ရင် ဘိန်းစားပေါ့ အဲလိုလား :D

kay said...

ရီိလိုက်ရတာ။ ဒါနဲ့ ကြည့်လုပ်ဦးနော်။ အပေါ်မှာ ကိုအောင်သာငယ်တို့..နံမယ်ကြီးဖို့..နည်းလမ်းတွေ ရပြီဆိုပြီး..တကယ်လိုက်လုပ်နေအုံးမယ်။း)

သက်ဝေ said...

ဟုတ်ပါပြီ ပန်ပန်ရယ်...
တို့ လဲ နာမည်ကြီးချင်နေတာနဲ့  အတော်ပါဘဲ...
တို့ များက ပန်ပန်တို့ လို စာရေးလဲ မကောင်း...
နာမည်ကြီးစေတဲ့ ဟိုလို ခြေထောက် လှလှလေးကလဲ မရှိ... ဒီတော့.. ဘာညာမပြောနဲ့ ... ဘိန်းစားတာဘဲ ကောင်းပါတယ်... ဘိန်းစား သက်ဝေပေါ့... ဟဲဟဲ

ဒါနဲ့  ပန်ဒိုရီ ပန်ဒိုရာ ဓာတ်ပုံ ပြိုင်ပွဲကြီး ဘယ်တော့လုပ်မှာလဲ... ကြိုပြောနော်...

M.Y. said...

ဘိန်းစားမှဘိန်းစားမောင်စိန်တွင်တော့တယ်။ :D

ဘိန်းမစားပဲဦးမောင်စိန် သေခဲ့ရင်တော့မောင်စိန့် အုတ်ဂူ ပဲခေါ်ကြမလား။
မယ်လှယောကျာ်းအုတ်ဂူလို့ ဆိုဦးမလား။
ဘယ်ဟာဖြစ်နိုင်မယ်ထင်လဲ။ လူတွေကသေခြင်းတို့ အုတ်ဂူတို့ နဲ့ တွဲအခေါ်မခံချင်ကြဘူးလေ။ ဒုတိယဟာဆိုရင်တော့ ဒေါ်မယ်လှဘယ်လို တုန့် ပြန်မလဲ..
တွေးကြည့်တာပါ...

mgphonemyint said...

မပန်ရေ...အမှန်တော့ ဘိန်းဆိုတာ
မစားရဘူးဗျ..
ရှုရတာ.....း)

ကျနော်လဲ မောင်စိန်ပဲ လုပ်တော့မယ် ....။

Anonymous said...

ဟားဟားဟားဟား.. ကြိကြီ..:D
ရီရတယ်မပန်ကြီးရေ...။

Anonymous said...

I think your explanation about the banner/picture is a bit arrogant (Rude? Nahhh).

pandora said...

လာရယ်သွားသူများ ကျေးဇူးအထူး တင်ပါသည်။

Dear Anonymous> Ops! I did not mean that. I am in holiday mood today and just telling some jokes. Don't take it seriously. Anyway, thanks for your comment. I will be more mindful in future.

nu-san said...

အင်း..ထင်တယ်..ဓာတ်ပုံက ဒီလောက်ကောင်းနေတာ မပန်ရိုက်တာ ဖြစ်မယ်လို့.. :P

Anonymous said...

Thank you for your humble reply… I should had read it more optimistically. No harm intended…

ရွှန်းမီ said...

အယ်.. ဘိန်းတော့ မစားပါနဲ့ မပန်ရယ်.. ပေါင်မုန့် ကျွေးပါ့မယ်.. ;-)

မီယာ said...

ပုံပြင်လေးရော ဥပမာတွေကိုရော ဖတ်ပြီး ပြုံးသွားတယ်။ တခါတလေ အိမ်မှာလည်း ဖြစ်တတ်တယ်။ ဓါတ်ပုံ ပြိုင်ပွဲ အမြန်လုပ်ပါ။ မျှော်နေသည်။

စူး said...

မပန်ဘန်နာတွေက အမြဲလှနေတဲ့ဟာကို...

တခါတလေ အဲလိုအဖြစ်မျိုးလဲ ရှိတတ်တယ်နော်..
ပုံပြင်က ကြားဖူးပီးသားပေမဲ့ ဖတ်တိုင်းလည်းပြုံးမိပါတယ်

အမ ရဲ့လက်ရာ ပုံလေးတွေပဲကြည့်ချင်ပါ၏

Chaos said...

မပန်ရေ မရောက်ဖြစ်တာလဲ အတော်ကြာပေါ့။
ရောက်တုန်း ရီစရာနဲ့တိုးသွားတော့ လန်းသွားတယ်။
နေကောင်းနေလား အစ်မ

သစ်နက်ဆူး said...

ပန်ဒိုရေ...
စာရေးလဲကောင်း၊ဓါတ်ပုံပညာလဲတော်ပါတယ်...
ကျနော့်မှာဘဲ ပြသနာ...
အတွေးချော်တယ်ပြောချင်လဲ ပြောတော့ဗျာ...
မပန်ရဲ့ စာဖတ်ပြီးတော့..
ဆောက်လက်စ တံတားကြီးပေါ်မှာ ဘိန်းစားနေတဲ့
ဟိုအဘိုးကြီးမျက်ခွက်ကိုဘဲ မြင်နေတယ်ဗျ..။

ကျော်ညိုသွေး said...

မရယ်မောနိုင်ဘူး လည်ပင်းတစ်နေတယ်