စိတ်ပင်လယ် စာတန်း ထဲက အက်ဆေးတစ်ပုဒ် တင်လိုက်ပါတယ်။ ဆရာတွေရဲ့ နုစဉ်ကာလက လက်ရာလေးတွေပေါ့။ ရှေ့မှာလည်း ပြောခဲ့တဲ့အတိုင်း ပိုင်ဆိုင်သူထံက ခွင့်ပြုချက် ရယူတာမျိုးတော့ မလုပ်နိုင်ခဲ့ပါ။ (ကိုယ်သိသလောက်) ဒီစာအုပ်က ရှားပါးပြီး နောက်တကြိမ် ပြန်ထုတ်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူးလို့ ယူဆတဲ့အတွက် ပျောက်ပျက်မသွားအောင်နဲ့ မြန်မာစာပေ မြတ်နိုးသူတွေ ဖတ်ရှုလို့ရအောင် အက်ဆေး တချို့ကို ဒီဘလော့ဂ်မှာ အခါအားလျော်စွာ တင်ပေးဖို့ ဆုံးဖြတ်ထားတာပါ။ မူပိုင်ခွင့် ပိုင်ဆိုင်သူက ကန့်ကွက်လာရင် အချိန်မရွေး ပြန်ဖြုတ်ပေးပါမယ်။ နောက်ထပ် အခြားနေရာမှာ ကူးယူဖော်ပြဖို့ ခွင့်ပြုနိုင်ခွင့်တော့ ပန်ဒိုရာမှာ မရှိပါ။
စာအုပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်း ဆရာမောင်ထွန်းလူရဲ့ အထ္ထုပတ္တိ အကျဉ်းလေးပါ ရေးပေးလိုက်တယ်။ စာလုံးပေါင်းတွေကတော့ မူရင်းအတိုင်းပါ။
မောင်ထွန်းလူ
၁၉၆၆ တွင် မြန်မာစာ ၀ိဇ္ဇာဘွဲ့ ရခဲ့သည်။ ယခုပညာ ဆက်လက်သင်ကြားဆဲ ကျောင်းသား တဦးဖြစ်သည်။ စာပေလေ့လာခြင်းကို ၀ါသနာ အထုံဖြစ်သည့်အလျောက် ရံဖန်ရံခါ ကဗျာ၊ စာညွန့်၊ ၀တ္ထုများ ရေးသားနေသူဖြစ်သည်။
ပြောမဆုံးပေါင်
အင်းဝခေတ် စာဆိုအကျော် ရှင်အဂ္ဂသမာဓိက နေမိဘုံခန်းတွင် ဗီရဏီနတ်သမီး၏ စကားသံကို `ငယ်သံတွတ်တွတ်´ ဟုဖွဲ့သည်။ မိန်းကလေးတို့သည် ငယ်မူငယ်ရာ ငယ်သံကလေးဖြင့် တွတ်တီးတွတ်တာ ပြောတတ်ကြသည်။ နှစ်လို့ဖွယ်၊ မြတ်နိုးစဖွယ်ကလေးပင် ဖြစ်၏ဟု မိန့်ခဲ့သည်။
ကျွန်တော့်အတွက်မူ ထိုငယ်သံတွတ်တွတ်သည်ပင် နားမချမ်းသာစရာ။ ကျွတ်စီကျွတ်စီနိုင်လှ၏။ မုန်းစရာဖြစ်နေ၏။ စိတ်ပျက်ဖွယ်ဖြစ်နေ၏။ သူတို့အသံကို ကြားရလျှင် ခေါင်းရှုပ်ရသည်။ ဦးနှောက် မူးဝေလာသည်။ စိတ်နောက်ကျိလာသည်။ ကျွန်တော် ထင်ပါသည်။ ကမ္ဘာပေါ်တွင် စကား အလွန်ပြောနိုင်သော သတ္တ၀ါတို့ကို ပြပါဆိုလျှင် အနှီမာတုဂါမများကိုသာ ပြရပေလိမ့်မည်။
အနောက်နိုင်ငံ စာရေးဆရာတဦးက မိန်းမတွေကို `စကားအလွန်များသောပစ္စည်း´ ဟု တင်စားသည်။ မော်တော်ကားပေါ်တွင် သရက်သီးစင်းလုံးပြည့်တင်လျှင် အသံမမြည်။ စပါးစင်းလုံးပြည့် တင်လျှင်လည်း အသံမကြားရ။ သို့သော် ထိုကားတွင် မိန်းမတယောက်၊ နှစ်ယောက်သာ ပါလျှင်မူ တကားလုံးညံသောဟူ၏။ ဆူသောဟူ၏။ အကောင်သေးလျက် အသံကျယ်သည့်၊ ပုရစ်ကဲ့သို့ မျိုးပါတည်း။
တနှစ်က ကျွန်တော် တောင်ကြီးသို့ သွားဖြစ်ပါသည်။ အပြန်တွင်ကားဖြင့် သာစည်ထိဆင်း၏။ ကားပေါ်တွင် မိန်းမကြီးတယောက် ပါလေသည်။ သူသည် ကားထွက်စကတည်းက ကားမောင်းသူကို စကားမရှိ စကားရှာကာပြောလာသည်။ သူ့အကြောင်း၊ သူ့ယောက်ျားအကြောင်း၊ သူ့သားသမီးများအကြောင်း စုံတကာစေ့။ လမ်းကလည်း အကွေ့အကောက် အပြတ်အလပ်များသော အဆင်းလမ်း။ သတိနည်းနည်း ချွတ်လျှင် နံဘေးကချောက်ထဲသို့ ကျဖို့သာရှိသည်။ ချောက်တွေလည်း နက်ပါဘိ။ ကားမောင်းသမားခမျာ သူ့ကိုလည်း စကားဧည့်ခံ၊ ကားကိုလည်း သတိထား မောင်းနေရနှင့်၊ ချွေးသီးချွေးပေါက်များပင်ကျလာသည်။ သူ့ဒုက္ခက ကြီးလှပါဘိ။
ကြာတော့ ကျွန်တော့်မှာ ထိုမိန်းမအသံစာစာကို နားကြားပြင်းကတ်လာသည်။ အလိုလို မုန်းလာမိသည်။ ကားသမားအစား စိတ်တိုလာသည်။ စကားက အရေမရ၊ အဖတ်မရ၊ အဆက်ကလည်းမပြတ်။ သူ့စီးပွားရေးမို့လားမသိ၊ ကားသမားကတော့ စိတ်ရှည်သည်။ ကျွန်တော်သာဆိုလျှင် စိတ်တိုဒေါပွပြီး ကားပေါ်မှ ကန်ချမိကောင်း ကန်ချမိမလားမပြောတတ်။ ကွေ့တကွေ့တွင် ထိုမိန်းမကြီးကို စကားလှည့်ပြောခိုက် အောက်မှ တက်လာသော ကားတစင်းနှင့် တိုက်မိမလိုဖြစ်ပြီး ချောက်ထဲ ကျလုမတတ် ဖြစ်ခဲ့ရ၏။ သည်တော့မှ ထိုမိန်းမကြီးမှာ ခြေမကိုင်မ၊ိ လက်မကိုင်မိ၊ မျက်လုံးပြူး၊ မျက်ဆံပြူး၊ ကြောက်ဒူးများတုန်တော့သည်။ `ကံကြီးပေလို့သာ မသေ´ ဟုဆိုသည်။ ထိုအကြောင်းကိုလည်း ပြောမဆုံးပေါင် တောသုံးတောင် ချဲ့နေတော့သည်။
အကယ်၍ သာစည်တွင်မရပ်ဘဲ တကမ္ဘာလုံး ပတ်နေလျှင် တချိန်လုံးများ စကားပြောနေနိုင်မလားမဆိုနိုင်။ စကားပြောတိုင်းသာ ကားများ၊ စက်ဘီးများလို လေထိုးလေဖြည့်ရလျှင် ခက်ချိမ့်မည်။ လေထိုးခနှင့်ပင် မွဲရချိမ့်မည်။
သို့ကြောင့်ပင် မိန်းမများ စကားအနည်းဆုံးပြောလိုက်ရသောလသည် ဖေဖေါ်ဝါရီလ ဖြစ်သတည်းဟု ဟာသဖြစ်လာခဲ့ဟန်တူသည်။
မိန်းကလေးတို့ကို ပန်းပွင့်လှလှကလေးများနှင့် နှိုင်းနိုင်ပါသေးသည်။ ပန်းပွင့်ကလေးတို့ကမူ စကားမများတတ်ကြ၊ မိန်းမများကမူ စကားများသည်ဖြစ်၍ ပန်းပွင့်ထဲတွင် ပိတုံးဝင်နေသည်နှင့် တူပါတော့သည်။ တဒီဒီ၊ တ၀ီဝီ…။ နားငြီးစရာ။ အဘယ်မှာလျှင် ငယ်သံတွတ်တွတ်ဟု ဆိုနိုင်ပါမည်နည်း။
သူတို့သည် ကားစီးရင်းလည်း စကားများသည်။ ရထားစီးရင်းလည်း စကားပြောသည်။ ကျောင်းခန်းတွင်လည်း ကျွက်ကျွက်ညံ၏။ ဘုရားပေါ်တွင်လည်း သူတို့အသံ။ ဥပုသ်စရပ်၌လည်း ညံမစဲ။ ဈေးထဲသွားမလား အုတ်အုတ်ကျက်ကျက်။ သူတို့မှာ စကားသာ ပြောနေရလျှင် ထမင်းမေ့၊ ဟင်းမေ့၊ တလောကလုံးကိုမေ့သည်။ မိန်းကလေးနှစ်ယောက်သာရှိ။ လက်ပံပင် ဆက်ရက်ကျသထက် ဆိုးရော့မည်။ မိန်းကလေးသိုက် ကျားဝင်ကိုက်လျှင်လည်း သိမည်မဟုတ်ဟုဆိုရသော် ရကောင်းအံ့ ထင်သေး၏။
ကျွန်တော်တွင် အမနှစ်ယောက်ရှိပါသည်။ ကျွန်တော်တို့ သုံးယောက်မှာ ကိုယ့်ခရီးနှင့် ကိုယ်ဖြစ်၍ ညမှပြန်ဆုံမိကြသည်။ ပြန်လာလျှင် ကျွန်တော့်မှာ ရင်တထိတ်ထိတ်၊ ညအိပ်ရမှာကို ကြောက်မိသည်။ သူတို့သည် အိပ်ရာဝင်သည့်တိုင် စကားစမပြတ်တတ်။ ကြာတော့ ကျွန်တော့်မှာ နားမခံသာတော့။ မနက်မှထပြောကြရန် တောင်းပန်ယူရသည်။ သို့သော် အချည်းနှီး။ သူတို့ကမူ မီးခိုးမဆုံး မိုးမဆုံး။ တတွတ်တွတ် တွတ်ထိုးတုန်း။ ပြောမ၀၊ ဆိုမ၀။ အကြောင်းက မျိုးစုံလှသည်။ စီကာပတ်ကုံးလည်းပြောတတ်သည်။ နောက်ဆုံး နှစ်ယောက်ချင်း ပြောစကားကိုပင် အတိုင်အဖောက်၊ အချက်အကျကျ ပြန်ပြောတတ်၏။ သည်အရာတွင် သူတို့မှတ်ဥာဏ်ကောင်းလှ၏။ အားလုံးမမေ့။ ထိုဥာဏ်ကို အတတ်ပညာ တခုခုတွင် အသုံးချလိုက်က အဘယ်မျှ ကောင်းလေမည်နည်း။ အသိပညာရှင်ကြီးများ၊ အတတ်ပညာရှင်ကြီးများ ဖြစ်မည်မုချ။ သို့သော် ကျွန်တော့် အမကြီးသည် လေးတန်းကို အနိုင်နိုင်အောင်ခဲ့ရ၏။ အမငယ်က ဆယ်တန်းတွင် တဘုံးဘုံးကျကောင်းတုန်း။
သည်မျှထိစကားပြောနိုင်သော မိန်းမများနှင့် ရှေးပဝေသဏီ ကျောက်ခေတ်မှ ယနေ့ထိ တိုင်သော ယောက်ျားကြီးများသည် မည်သို့များနေထိုင်လာခဲ့သနည်းဟု ကျွန်တော် စဉ်းစားနေမိပါသည်။ သည်းခံ နေထိုင်လာခဲ့သော ယောက်ျားကြီးများကိုလည်း ကျွန်တော် ချီးကျူးနေမိပါသည်။ သို့သော်…။
သို့သော်….. ကျွန်တော်တခုတော့ စိုးရိမ်ကြောက်မိနေပါသည်။ ထိုတခုမှာ ကျွန်တော်နှင့် တွေ့ချိန်တွင် ကျွန်တော့ချစ်သူ နှုတ်ဆိတ်နေမည်ကိုသာတည်း။
မောင်ထွန်းလူ
(စိတ်ပင်လယ်စာတန်း ၁၉၆၇ မှ)
ဆုံရပ် 1st Dec 2024
-
လူတွေကြားထဲ မသွားဖြစ်တာ
အထူးသဖြင့် ဘာပွဲမှ မသွားဖြစ်တာ
အတော်ကြာသွားတယ်။
ဒါပေမယ့် နှစ်ယောက်ထဲတော့ ထွက်ဖြစ်ပါတယ်။အကိုကြီးလိုက်ပို့လို့ အနီးအနား
ခရီ...
2 weeks ago
22 comments:
ချစ်သူနှုတ်ဆိတ်နေမှာကို ကြောက်သတဲ့လား...
အက်ဆေးလေးက ချစ်စရာကောင်းလိုက်တာ...
မျှဝေပေးတာ ကျေးဇူး...
ပန် ရေ
မဖတ်ဖူးသေးတဲ့ စာကောင်းပေကောင်းလေးတွေကို
ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါ..။
ဟင်း...
ပန်းကလေးတွေက စကားပြောတော့ သီချင်းလေးတွေလို နားထောင်တတ်ကျတယ်....
ပန်းပွင့်ကြီးတော့ စကားများများပြောတော့ ကျွန်တော်တို့ စိတ်ပျက်ကြတယ်..။
Thank you for sharing.
I had been read translation of Mg Tun Thu, like SHE, CITADEL and others.
I never read other his own articles.
Awaiting your sharing.
Bino
အဆုံးပိုင်းကို ရုတ်တရက်ကြီး သိမ်းလိုက်ပေမယ့်
အတော်လှတဲ့ ၀ါကျလေးတကြောင်းပါပဲနော်။
“ကျွန်တော့ချစ်သူ နှုတ်ဆိတ်နေမည်ကိုသာတည်း။”
ကျေးဇူးပဲမပန်ရေ.
ဖတ်လို့ကောင်းတယ်ဗျာ.
မပန်ရေ အသစ်အဆန်းလေးတွေ ဖတ်ရလို. တင်ပေးတာကျေးဇူးတင်ပါတယ်။ ဒါပေမယ့် စာရေးတဲ့သူကိုတော့ နဲနဲပြန်ပြောချင်ပါတယ်။ လူတိုင်းမှပါးစပ်ပါကြပါတယ်။ မိန်းမမှမဟုတ်ပါ ယောကျာ်းတော်တော်များများလဲ စကားများကြပါတယ်။နိုင်ငံခြားရောက်မှ ယောကျာ်းတော်တော်များများက စကားများရုံတင်မက၊ အတင်းလဲ အလွန်ပြောတတ်ကြောင်း လက်တွေ.သိရှိထားပါတယ်လို.။ ဘာဘဲဖြစ်ဖြစ် စာအသစ်လေးဖတ်ရလို. မပန်ကိုတော့ ကျေးဇူးအထူးတင်ပါတယ်။
ကိုယ်တွေ့ ဗျို့  ကိုယ်တွေ့  ။ စာကောင်းစာမွန်လေးတွေ ဖတ်ရတဲ့ အတွက် ကျေးဇူးပါ မပန် ။ :)
ပန်
လာဖတ်သွားတယ်
စာအုပ်တွေနဲ့ဝေးနေချိန်မှာကျေးဇူးတင်စရာသိပ်ကောင်း
ပါတယ်...တစ်ခါလောက်တော့ ယောကျာ်းတွေပြော
တဲ့ရေပက်မဝင်စကားဝိုင်းတွေအကြောင်းနဲ့ အသံသိပ်
မထွက်တတ်သောမိန်းမများအကြောင်းရေးချင်မိပါရဲ့
း)း)
နော်
နောက်ဆုံးစာကြောင်းလေး ကယ်သွားလို့ပေါ့..
နို့မို့ဆိုရင်တော့ ပြောမဆုံးပေါင်ပဲ..
အက်ဆေးလေး ကောင်းလိုက်တာ..
ဒူကြီးတို့ လဲ အိမ်ထောင်သက် ကြာတော့ ကုလားတိုက် ကျားမဝင်မဲ့ ရက်မျိုး ရှိခဲ့ရင်တောင် ကြောက်လာမိသေး... ဟတ်လား ပန်ဒိုရာစံ...သူလဲ ဂျူး ဆွဲလှုပ်ဖူးတဲ့ Essential ပဲလေ။
thks for sharing... yes...
very pretty sentencs is the last.
That's called (K.I.T)keep in talking.:-)).
Thanks for sharing.
နောက်ဆုံးအကြောင်းကျမှ ထိတော့တာပဲ။
သိုင်းကျူး တီပန်
တချို့မိန်းမတွေဆို စကားကို မပြောဘဲ စာနဲ့ဘဲ ရေးတာတွေရှိတယ်
စကားလုံးတွေထက် တယ်လီပသီ (စိတ်စွမ်းအင်) နဲ့ ဘဲ ဆက်သွယ်ချင်တဲ့ မိန်းမတွေလည်း အများကြီး
:D
I love this post. Thanks for sharing Ma Pan.
ဒီအက်ဆေးလေးလည်း ကြိုက်ပ .. အထူးသဖြင့် နောက်ဆုံးစာကြောင်းလေး။
-ညီမ-
Thanks for sharing
ပန်ဒို....
စာကောင်း၊လက်ရာကောင်းတွေဖတ်ခွင့်ရအောင်တင
်ပေးတဲ့ အတွက်..ကျေးဇူးတင်ပါတယ်ဗျာ...။
စာက ဖတ်ရတာ သိပ်သွက်တာဘဲ...အရေးအသားတွေက အတုယူစရာကောင်းတယ်...
သတိရနေပါတယ် ပန်ဒိုရေ...နော်နော့်ပုံအတွက်လဲ ကျေးဇူးပါ..
အေးဆေးစာရေးပါဦးမယ်။။
“သြော်” တစ်လုံးပဲ ပြောနိုင်တယ်။ စာကောင်းလေးတွေ မျှပေးတာ ကျေးဇူးပဲနော်။
ဖတ်လို့ ကောင်းတယ်ဗျာ။
ကျေးဇူးပါ။
ကျွန်တော်လည်း အဲဒီလိုဖြစ်နေပြီ အစ်မရေ.. အခုလတ်တလော ကျွန်တော့်အဖြစ်နဲ့တိုက်ဆိုင်နေလို့.. ကော်မန့်လေး ပြန်လာထည့်သွားတယ်.. ဝေးနေတဲ့ စာအဟောင်းတွေကို ပြန်ရှယ်ပေးတာလည်း ကျေးဇူးတင်ပါရစေ..
Post a Comment