ခုတလော ၀တ္ထုအသစ် ရေးဖို့ကြိုးစားပေမယ့် ထွက်မလာပါ။ ရေးဖြစ်ခဲ့တဲ့ တစ်ပုဒ်တော့ လောကအလှကို ပေးလိုက်ပါတယ်။ အခုတော့ စာဖတ်စရာတွေ ရှိလာပြန်တယ်။ ဒါကြောင့် ဒီအတောအတွင်းမှာ အဟောင်းတချို့ကို ပြန်တင်ပေးပါမယ်။
မနှစ်က ဂျူလိုင်မှာ ထွက်ခဲ့တဲ့ သံလွင်အိပ်မက်မှာ ဖော်ပြထားတဲ့ တတိယအနား ဆိုတဲ့ ၀တ္ထုတစ်ပုဒ်ကို ဘလော့ဂ်မှာ ပြန်တင်လိုက်ပါတယ်။ ဖတ်ဖူးသူများ နောက်တစ်ခေါက် ပြန်ဖတ်ပေါ့နော်။ မဖတ်ရသေးသူတွေ အတွက်တော့ အသစ်ပေါ့။
----------
တတိယအနား
အဲသည် အပြိုင်မျဉ်းနှစ်ကြောင်းကို သူ ငေးစိုက် ကြည့်နေသည်မှာ အတော်ကြာပြီ။ လွန်ခဲ့သော တနာရီခန့်က ထိုမျဉ်းနှစ်ကြောင်းကြားတွင် တစုံတရာသည် ရုတ်တရက် လွင့်စင်ကြေမွ သွားခဲ့သည်။ ထိုတနာရီမတိုင်ကတော့ ထိုတစုံတရာသည် သက်ရှိအနေဖြင့် သူလိုငါလို အများအကြားတွင် လှုပ်ရှားသွားလာ နေထိုင်ခဲ့မည်။ အခုတော့..။
“လုပ်ချင်ရင်လည်း သည်လိုနေရာမှာမှ ဒါမျိုး လုပ်ရသတဲ့လား။ အိပ်ဆေးသောက် ပိုးသတ်ဆေးသောက်။ ငြိမ်ငြိမ်သက်သက်နဲ့ နည်းလမ်းတွေမှ အများကြီး။ အခုတော့ လူအများ အထိတ်တလန့်ဖြစ်ရတယ်။”
“အေးလေ.။ ရုံးသွား နောက်ကျပြီ။”
“ဒီက လေဆိပ်သွားမလို့။ ခရီးစဉ် နောက်ကျတော့မှာပဲ။”
“အို… ဖြစ်မှဖြစ်ရလေ..။ သူ့ခမျာ ဘာတွေများ ဒီလောက်စိတ်ညစ်နေပါလိမ့်။”
“သတ္တ၀ါအများ ကျန်းမာချမ်းသာကြပါစေ။ ဘုရားသခင် စောင့်ရှောက်ပါစေ။”
“သွားပြီ။ ကြည့်မိသွားတယ်။ ကြောက်စရာကြီး။ ဒီနေ့တော့ အစားအသောက် ပျက်ပါပြီ။”
“ဒီနိုင်ငံလေးမှာ ဒါမျိုးတွေ သိပ်ခေတ်စားတယ်နော်။ ဟိုတလောကလည်း အရှေ့ဘက်က ဘူတာမှာ တယောက်။”
“အဲဒါ လူစားတာဖြစ်နိုင်တယ်။ တနှစ်တယောက်တော့ အနည်းလေးပဲ။”
ရဲတွေ သတင်းသမားတွေ တစတစ ရှင်းပြီ။ အာမေဋိတ်သံများ ကြောက်လန့်တကြား အော်ဟစ်သံများ တီးတိုးဝေဖန်သံများ တဖြည်းဖြည်း ပါးလျပြီ။ ကျွတ်… ငါနဲ့မဆိုင်တဲ့ အရာတခုကို ဘာလို့ အချိန်ကုန်ခံပြီး ဒီလောက်တောင် ငေးနေမိသလဲ။ ဘူတာရုံကို သူ ကျောခိုင်းထွက်လာတော့ အသံများက ဝေးကာကျန်ခဲ့သည်။
……….
“ဒီအဖြစ်မျိုးတွေ ကြားရတာ များလှပြီ။ ဘ၀ကို ဘာလို့ သည်လို အဆုံးသတ်ချင်ရတာလဲကွာ။”
အိမ်ရောက်တော့ အခန်းဖော် သူငယ်ချင်းကို ပြောပြဖြစ်သည်။
“နာကျင်မှုတွေကို နာကျင်မှုတခုနဲ့ အဆုံးသတ်လိုက်တာ။”
သူငယ်ချင်းက မီးပူတိုက်နေရာမှ လှည့်မကြည့်ပဲ ပြောသည်။
“ဟုတ်ပြီလေ။ အဆုံးသတ်ရင်လည်း တခြားနည်းလမ်းတွေ အများကြီးရှိတာပဲ။ ဒီလောက်တောင်မှ နာနာကျင်ကျင် လုပ်ရသလား။”
“နာကျင်မှုဟာ ခံစားမှုတမျိုးပဲ။ အဲဒါကိုလည်း လူတွေက သာယာနိုင်ကြတယ်။ တခါတလေကျတော့ ကျေနပ်မှုကို အဲသည်မှာ ရှာနိုင်တယ် လို့ငါထင်တယ်။ ”
သူ နားမလည်ပါ။
“အဲဒါတော့ ငါမသိဘူး။ တခုတော့ရှိတယ်။ ငါကတော့ အဲသည်လိုနည်းလမ်းနဲ့ အဆုံးသတ်ဖြစ်မှာ မဟုတ်တော့ဘူး။ အခု ဒါမျိုးတွေကို တွေ့မိတယ်။ မကောင်းဘူးလို့ မြင်တယ်။ ပြောပြမိတယ်။ ငါတော့မလုပ်ဘူး။”
“ဒါက တပ်အပ်မပြောနိုင်ဘူး။”
သူငယ်ချင်းက ပြုံးပြီး သူ့ဘက် လှည့်ကာ ပြောလာသည်။
“ဘယ်လို”
“မင်း Basic Instinct ကြည့်ဖူးတယ် မဟုတ်လား။”
သူ မျက်ခုံးပင့်သွားသည်။ ဘာဆိုင်လို့လဲ။
“ ဟေ့ လျှောက်မတွေးနဲ့။ ဒီလိုပါ။ ငါပြောချင်တာ အဲဒီ ဇာတ်လမ်းမှာ မင်းသမီး စာရေးဆရာမက သူ့ဝတ္တုထဲမှာ ဘယ်လိုပုံစံနဲ့ လူသတ်မယ်ဆိုတဲ့ ဇာတ်ကွက်တွေကို ထည့်ရေးထားတယ်။ သူကိုယ်တိုင် လူသိရှင်ကြား ရေးခဲ့တဲ့အတွက် အပြင်မှာ ဒီလိုပုံစံနဲ့ပဲ သူက လူသတ်နိုင်မလားဆိုတာ မဖြစ်နိုင်တော့ဘူးလို့ အငြင်းပွားစရာ ဖြစ်တယ်။ သူက အဲဒါကို အလီဘိုင်ပြပြီး လှည့်စားလိုက်တာ။ တကယ်ကျတော့ အဲဒီအတိုင်း တကယ် လိုက်လုပ်ခဲ့တာပဲ။”
“ဒီတော့”
“ဆိုလိုတာက လူ့စိတ်က တမျိုးကွ။ တမင်ဖြစ်စေ အမှတ်တမြဲ့ဖစ်စေ မင်းကိုယ်တိုင် ဖြစ်ရပ်တခုခုကို တဖွဖွ ပြောခဲ့ဖူးလို့ တကယ့်တကယ်ကျတော့ တချိန်မှာ အဲဒါကို မလုပ်တော့ဘူးလို့ တပ်အပ် မဆိုနိုင်ဘူး။”
သူ ငိုင်တွေသွားသည်။ ဘာပြန်ပြောရမှန်း မသိ။
“လုပ်မယ် လို့လည်း တပ်အပ် မဆိုနိုင်ပါဘူးကွာ။”
သူငယ်ချင်းက သူ့ပခုံးကို နှစ်သိမ့်သလို တချက်ပုတ်ကာ ဆက်ပြောပြီး အ၀တ်တထပ်ကြီးကို မကာ အခန်းထဲဝင်သွားသည်။
ရင်ထဲမှာ ဟာတာတာနှင့် ကျန်ခဲ့သည်။ ဟာ.. ဆိုးလိုက်တာ..။ ဒီကောင် တော်တော်ကြောင်တာပဲ။ သူ စိတ်ထဲက တိတ်တိတ် ကျိန်ဆဲလိုက်သည်။ “စိတ်ထဲက…” ဟုတ်သည်။ စိတ်ထဲက။ ဒါက သူ့ရဲ့ထုံးစံ။ သူက စိတ်ထဲမှာပဲ အရာများစွာကို မျိုချထားတတ်သူ။
……….
သည်နိုင်ငံလေးကို သူ ရောက်နေတာ ဆယ်စုနှစ် တခုနီးပါး ကြာလှပြီ။ သည်အတောအတွင်း သူ မျိုချထားခဲ့ရတာတွေ အတော်များလှပြီ။ သူ့ရဲ့ ဘ၀ကြီးတခုလုံးထဲမှာ ထည့်သွင်း မျိုချထားရသည့် ဘ၀သေးသေးလေးတွေ များစွာရှိသည်။ ဒါတွေကို မျိုချဖို့အတွက် ၀ါသနာများ၊ အပန်းဖြေခရီးများ၊ ပျော်ပွဲရွှင်ပွဲများ၊ မိသားစုဘ၀၊ နွေးထွေးသော ညစာ၊ အိပ်ရေးဝခြင်း၊ ဟိုငေးသည်ငေးအချိန်များ စတာတွေကို သူထွေးထုတ်ခဲ့ရသည်။
သူ့စိတ်ကိုယ်တိုင်ကိုလည်း သူမျိုချ လို့ တခုခုဆုံးဖြတ်သည့် နေရာတိုင်းမှာ ကိုယ်ကလွဲ၍ ကျန်အရာများကို ထည့်တွက်ရန် ကျင့်သားရခဲ့တာ ကြာပြီ။ သည်အဆင်ကို ၀တ်လျှင် သူများအမြင်မှာ ကြည့်ကောင်းမယ် ထင်ရဲ့။ သည်ဘွဲ့ကိုယူလျှင်ဖြင့် အလုပ်အကိုင် အဆင်ပြေနိုင်ရဲ့ ။ သည်မိန်းမ ကိုယူရင်ဖြင့် မိဘများ စိတ်တိုင်းကျနိုင်ရဲ့။ ဒီနိုင်ငံကို လာအလုပ်လုပ်လျှင် သူတို့တွေအတွက် အဆင်ပြေနိုင်ရဲ့ စသည်...။
သူရခဲ့တဲ့ ဆုတံဆိပ်တွေ ဂုဏ်ထူးဆောင် လက်မှတ်တွေ အောင်မြင်မှုဟု ခေါ်ကြသော အရာတွေတိုင်းရဲ့ နောက်ကွယ်မှာ ဘယ်သူမှ မသိတဲ့ ချွေးစက်အေးအေးတွေ ပုန်းအောင်းနေခဲ့သည်။
သူ့ရဲ့ ပထမဆုံး အတွေ့အကြုံတခုကို မှတ်မိနေသေးသည်။ အဲသည် အချိန်က ငါးနှစ်သားလောက်သာ ရှိသေးသည်။ ကလေးကဗျာတွေ အတော်များများကို အလွတ်ရသော သူ့ကို ရည်မှန်းချက်ကြီးသော အမေက စင်ပေါ်တွင် တက်ကာ ကဗျာရွတ်ဆို သရုပ်ဖော်ပြိုင်ပွဲ ၀င်စေချင်သည်။ သူ ကြောက်လန့်ရင်ခုန်စွာ ငြင်းဆန်ခဲ့။ သား.. ကြောက်တယ် မေမေ..။ ဟဲ့.. ဘာငိုမဲ့မဲ့  ဖြစ်နေတာလဲ။ အဖြစ်မရှိဘူးလား။ အိမ်မှာ ဒီလောက်ကျင့်ထားတာပဲ။ တက်လိုက်တက်လိုက်။ သွား.. သွားတော့။ လူတွေရဲ့ လက်ခုပ်သံက သူ့ရင်ကို ပိုခုန်စေသည်။ စင်အောက်က လူတွေ အများကြီးကို စင်မြင့်ပေါ်ကနေ တယောက်တည်း ကြည့်ရင်း မီးရောင်အောက်မှာ မျက်လုံးတွေေ၀၀ါးလာခဲ့သည်။ မလုပ်ချင်သော သို့သော် လုပ်ရမည်ဖြစ်သော အလုပ်တခုကို သူဘာတွေ လုပ်ခဲ့သလဲ။ ဆုတံဆိပ်တခုက သူ့ရင်ဘတ်ထဲ ပစ်ကျသည်။ အမေက ပျော်ရွှင်လို့။ ဂုဏ်ယူလို့။ သူ့လက်ဖ၀ါးတွေက အေးစက် ဖျော့တော့လို့။
သည်လိုနှင့် သူ့ကို တွန်းတွန်းပို့တင်လိုက်တဲ့ စင်မြင့်တွေ များများလာခဲ့သည်။ စင်အောက်မှာ လူများကတော့ သူ့ကို ငေးမောလျက်။ ပြာနှမ်းနေသော သူ့လက်တွေကို ဘယ်သူမှ မမြင်။ စေးထန်းထန်း ချွေးစက် တွေကို ဘယ်သူမှ မမြင်။
အတွေးတွေကို ခါယမ်းထုတ်ရင်း ဘေးနားက တယ်လီဖုန်းကို အလိုအလျောက် ကောက်ကိုင်လိုက်သည်။ တယ်လီဖုန်း ခေါ်ခတွေက သူ့နိုင်ငံအတွက်မှ ဘာလို့ ဈေးကြီးနေရတာလဲ။ ပြီးတော့ အိမ်နဲ့စကားပြောတိုင်း ဘာလို့ သူ့ဘက်ကပဲ စစ ခေါ်ပေးနေရတာလဲ။ တခါတလေ အိပ်ရာထဲမှာ မအီမသာ ဖျားနာတဲ့ ညမျိုးဆိုလျှင် မိုင်ပေါင်းများစွာက ဖြတ်သန်းလာမည့် တယ်လီဖုန်းသံတခုကို မဖြစ်နိုင်မှန်း သိပေမယ့်လည်း သူမျှော်မိသေးသည်။
သတိရလို့ ဆိုသော စကား နေကောင်းကြလားဟင် ဆိုသောစကား သူ့လည်ချောင်းဝက ထွက်မလာခင် တဖက်မှ စကားလုံးများ ဆက်တိုက် သူ့နားထဲ ဖြတ်စီးဆင်းသည်။ အတော်ပဲ ဖုန်းစောင့်နေတာ။ ဟိုနေ့က ပို့မယ် ပြောထားတဲ့ဟာ ဘယ်တော့ရောက်မှာလဲ။ ကုန်ဈေးနှုန်းတွေက အခုတလောတော်တော် ကြီးလာပြီ။ နောက်လကျရင် ပိုက်ဆံ နည်းနည်း ပိုပို့လိုက် သိလား။ အမေနဲ့ပြောဦး။ ရော့ရော့.. ဒီမှာ။ ပြောရဦးမယ်။ မင်းညီအငယ်ဆုံးက လာမယ့်လမှာ စာမေးပွဲပြီးမယ်။ အခုကတည်းက သူ့အတွက် အလုပ်ရှာထားလိုက်တော့။ သူလာရင်နေဖို့ အိမ်ရှာထားဦး။ ကလေးတွေကို ဒီနှစ် ကျောင်းပြောင်းမယ်။ ဒါမှ ဟိုရောက်ရင် စာလိုက်နိုင်မှာ။ အဲဒီကျောင်းမှာထားရင် ဒေါ်လာနဲ့…... တီ.. တီ။ ဖုန်းပြတ်သွားပြီ။
သူ ဖုန်းပြန်မခေါ်ဖြစ်တော့။ သူ့ကို သူတို့တွေက လိုအပ်ကြသတဲ့လား။ သူ့ကို လူတွေအများကြီးက တကယ် လိုအပ်လို့လား ဟု မကြာခဏ တွေးဖူးသည်။ သူကတော့ အမြဲ တခုခု လိုနေတဲ့ လူတစ်ယောက် ဖြစ်သတဲ့။ သူ့မန်နေဂျာက သူ့ဆရာတွေက သူ့မိသားစုက အားမလိုအားမရ မကြာခဏ ပြောဖူးသည်။
“နိုင်ငံခြားသားဖြစ်ရုံနဲ့ နှိမ်ထားတာ မဟုတ်ပါဘူး။ မင်းရထားတဲ့ဘွဲ့နဲ့ အသက်အရွယ်နဲ့ တကယ်တော့ ဒီ့ထက်မြင့်တဲ့ ရာထူးကို ရသင့်တာ ငါတို့သိတယ်။ ဒါပေမယ့် မင်းက ဆက်သွယ်ရေးမှာ တခုခုလိုတယ်နော်။ မင်းကဘာလို့ စကားပြောနည်းရတာလဲ။ အမှားအယွင်းတွေနဲ့ ပြောရတာလဲ။ အင်္ဂလိပ်ဘာသာစကားမှာ အခက်အခဲရှိနေတာလား။ မင်းသိတဲ့အတိုင်း တို့အလုပ်သဘာဝက အများကြီး သွက်လက်ပြီး ပြောနိုင်ဆိုနိုင်ဖြစ်ဖို့ လိုတယ်။ သည်အလုပ်ကို ရတာကိုက မင်းအများကြီး ကံကောင်းနေပြီ။ ဒါကြောင့်မင်းရဲ့ ခံစားခွင့်တွေကတော့ သူများတွေထက်စာရင်…”
မဟုတ်သေးဘူး။ သူတခုခု ပြန်ပြောချင်ခဲ့သည်။ နှုတ်က ချက်ချင်း ထွက်မလာ။ ထွက်မလာတာလည်း ကောင်းသေးသည်။ ထွက်လာလျှင် ထုံးစံအတိုင်း အထစ်ထစ်အငေါ့ငေါ့ အမှားမှား အယွင်းယွင်း ဖြစ်ဦးမည်။ တခြားသူတွေ သွက်သွက်လက်လက် ငြင်းခုန် ဆွေးနွေးနေလျှင် ကြားဖြတ် ပြောချင်စိတ် ကုန်ခန်းတတ်တာ။ ပြောချင်တာတွေနဲ့ ပြောမိတာတွေနဲ့ ကွဲပြားသွားတတ်တာ…။ သူ့ကိုယ်သူလည်း နားမလည်တော့။ တကယ်တော့ သူပြောချင်သော စကားတွေကို သူက ဘယ်တုန်းက ပြောထွက်ခဲ့လို့လဲ။ နားထောင်ပေးမည့် လူတယောက်ရော သူ့မှာရှိပါရဲ့လား။
ခဲတံနှင့်စာရွက်ကို သူက ကောက်ကိုင်လိုက်ပြန်သည်။ စိတ်ရှုပ်ထွေးလာလျှင် မျဉ်းကြောင်းကလေးတွေကို သူရေးခြစ်လေ့ရှိသည်။ မျဉ်းဖြောင့်နှစ်ကြောင်းတည်းကို ဘောင်ခတ်ကြည့်ရန် အမျိုးမျိုး ကြိုးစားနေတတ်သေးသည်။
တကယ်က ပြင်ညီ ပုံသဏ္ဍာန်တခု ဖြစ်လာရန် ဘောင်ခတ်ဖို့ အနည်းဆုံး အနားဖြောင့် သုံးနားတော့ လိုမည်ပေါ့။ အဲဒါကို တြိဂံဟုခေါ်သည်။ တြိဂံဟာ အခိုင်မာဆုံး ဖွဲ့စည်းပုံ တခုလည်း ဖြစ်သတဲ့။ အဆောက်အဦ အမြင့်တွေကို တြိဂံအခြေခံတဲ့ ပုံသဏ္ဍာန်နဲ့ တည်ဆောက်ရင် အခိုင်ခန့်ဆုံး ဖြစ်သတဲ့။ သူက တြိဂံတွေကို အားကျတတ်သူ။ သူ တြိဂံတခု ဖြစ်နိုင်ဦးမှာလား။
တကယ်လို့ လူတယောက်ရဲ့ ဘ၀မှာ ပေးထားချက်ဟာ အနားဖြောင့်နှစ်ခုသာ ဆိုပါစို့။ ဘ၀ကို လှပစွာ ဘောင်ခတ် တည်ဆောက်ဖို့ ပထမဦးဆုံးတော့ ထိုမျဉ်းနှစ်ကြောင်း ဒီဂရီအနည်းငယ် ဖြစ်ဖြစ် စုဆုံလာဖို့လိုမည်။ ပြီးတော့ တတိယအနားတခုဖြင့် အပြီးသတ်ရမည်။ သူလိုလူ တစ်ယောက်ကို ပေးထားတဲ့ အနားနှစ်ခုက ဘယ်လိုပါလိမ့်။ ခပ်တင်းတင်း မျဉ်းနှစ်ကြောင်းကြားမှာ ဘယ်နေရာကတိုင်းတိုင်း အကွာအဝေးတွေက တူညီနေသည်လေ။ သည်တော့ လျှောက်မိသော လမ်းကို ဆက်ကြည့်လိုက်လျှင် တမျှော်တခေါ်။ ဘယ်တော့မှဆုံးမှာလဲဟင်။ အနန္တအထိ မရပ်မနားလား ..။ အနားမသတ်နိုင်သော ပုံသဏ္ဍာန်တခုရဲ့ ဟိုးဝေးဝေးမှာ ဘာမှမမြင်ရဘူး။ ဟို.. ရထားလမ်းတွေလို..။ မောလိုက်တာ။
သူ ခုတင်ပေါ်ကို ပစ်လှဲလိုက်သည်။ သွားစမ်းပါ။ အားလုံး လဲသေလိုက်။ သူငယ်ချင်းကို ကျိန်ဆဲ။ သူ့အလုပ်က မန်နေဂျာကို ကျိန်ဆဲ။ သူ့ဘေးက တယ်လီဖုန်းကို ကျိန်ဆဲ။ ငါ့ကိုယ်ငါ ပိုင်တယ်။ ငါလုပ်နေတာတွေဟာ ငါလုပ်ချင်လို့လုပ်နေတာပဲ။ ဟော..။ သူ့ပါးစပ်က ထွက်ကျလာသော စကားလုံးတွေကို သူ့ဘာသာ မယုံကြည်နိုင်စွာ အလန့်တကြား ပြန်ထထိုင်မိသည်။
----
အခုတော့ သူအိပ်မက် မက် နေလေသည်။ အိပ်မက်မက်သည်ဟု ထင်သည်။ မီးလင်းနေသည့် စင်မြင့်တခုက အဆင်သင့်။ သွား.. စင်ပေါ်ကို တက်တော့။ တယောက်ယောက်က တွန်းပို့ပြန်ပြီ။ လူတွေအများကြီးက မျက်လုံးပေါင်းများစွာဖြင့် သူ့ကို ၀ိုင်းကြည့်နေပြန်ပြီ။ မေမေ.. မသွားချင်ဘူး..။ မင်း သတ္တိမရှိဘူးလား။ တသက်နှင့်တကိုယ် ကိုယ်တိုင်အတွက် ကိုယ်ပိုင် ဆုံးဖြတ်ချက် ဘယ်မလဲ…။ မင်းကိုယ်မင်း ပိုင်တယ်..။ မင်းကံကြမ္မာကို မင်းပိုင်တယ်။ မင်းရဲ့ အစကို မပိုင်ခဲ့တောင်မှ.. မင်းရဲ့အဆုံးကို မင်းပိုင်တယ်..။
သိပ်ကို လိုအပ်ခံချင်တဲ့ကောင်…။ ကမ္ဘာလောကကြီး တခုလုံးမှာ သူ့ကို အမှန်တကယ် လိုအပ်နေတာ တနေရာတော့ ရှိရမည်ပေါ့။ ဟောဟိုမှာ.. ပြိုင်နေသော မျဉ်းနှစ်ကြောင်း။ အနားနှစ်ခုက ယိမ်းယိုင် ပေါင်းဆုံစပြုပြီလား။ အဆုံးသတ် ဘောင်ခတ်ဖို့ တတိယအနား ကိုသာ စောင့်နေပြီ။
မီးရောင်ဝင်းဝင်း နှင့် အရှိန်ပြင်းပြင်း ပြေးလာနေသော သဏ္ဍာန်တခု။ သွားလိုက်တော့.. သွားလိုက်တော့..။ ကြိတ်ဖြတ်တော့မည့် အရာနှင့် လုံလောက်သော အကွာအဝေး။ ခန္ဓာကိုယ်ကြီး တခုလုံး ၀ုန်းခနဲ။ ပြင်းထန်သော တခဲနက်အရှိန်။ ပြိုင်နေသော သံချောင်းနှစ်ချောင်းကြားမှာ ဘီးလုံးများ။ အသားကို ကြိတ်ပွတ်သော အတွေ့။ တကိုယ်လုံး နေရာအနှံ့မှ ဖျိုးဖျဉ်း စူးရှ ဝေဒနာ…။ မျက်လုံးထဲမှာ အနီ.. အပြာ… အနက်..။ အော်ကြည့်သည်။ ရုန်းထွက်ကြည့်သည်။ လေးလံလှချည့်..။ တစက္ကန့် တစက္ကန့်တိုင်းဟာ အခုတော့လည်း ..။ ဒါဟာ တကယ်ပဲလား။
အိပ်မက်လား တကယ်လား သိချင်လျှင် အသားကို ဆွဲဆိတ်ကြည့်ရသတဲ့။ အဆုံးစွန် ဝေဒနာ ခံစားထုံကျင်နေသူရဲ့ အသားလေးတမျှင်ကို ဆွဲဆိတ်ကြည့်ရုံနှင့် ဘာများထပ်မံ ခံစားသိနိုင်မှာလဲ။ ထားတော့။ မနိုးမချင်းတော့ ဒါဟာ အိပ်မက်ပဲဖြစ်သည်။
ပန်ဒိုရာ
ဆုံရပ် 1st Dec 2024
-
လူတွေကြားထဲ မသွားဖြစ်တာ
အထူးသဖြင့် ဘာပွဲမှ မသွားဖြစ်တာ
အတော်ကြာသွားတယ်။
ဒါပေမယ့် နှစ်ယောက်ထဲတော့ ထွက်ဖြစ်ပါတယ်။အကိုကြီးလိုက်ပို့လို့ အနီးအနား
ခရီ...
2 weeks ago
17 comments:
အဲဒီ စာလေး သိပ်ကြိုက်တယ် မ။
သံလွင်မှာ ပါကတည်းက ...
မနိုးမချင်းတော့ ဒါဟာ အိပ်မက်ပဲဖြစ်သည်။
အရမ်းကောင်းတဲ့ ဝတ္ထု တစ်ပုဒ်ပါ ။
အမပန်ရေ ဒီပို့စ်လေးက အတွေးတွေကိုပေးသလို လက်ရှိဘ၀လေးကိုထင်ဟပ်စေတယ်နော်။ တွေးလိုက်ဦးမယ်ဗျာ
Good...thax...But worry.. :)
ဘ၀ကြီးတခုလုံးထဲမှာ ထည့်သွင်း မျိုချထားရသည့် ဘ၀သေးသေးလေးတွေ များစွာရှိသည်။ ဒါတွေကို မျိုချဖို့အတွက် ၀ါသနာများ၊ အပန်းဖြေခရီးများ၊ ပျော်ပွဲရွှင်ပွဲများ၊ မိသားစုဘ၀၊ နွေးထွေးသော ညစာ၊ အိပ်ရေးဝခြင်း၊ ဟိုငေးသည်ငေးအချိန်များ စတာတွေကို သူထွေးထုတ်ခဲ့ရသည်။
.....................
..........................
အဲလိုတွေ အများကြီးနော်
အနည်းဆုံးတော့ ခန္တီ ဘလိတ်ဓါးတွေကို မျိုမျိုချ
နေကြရတာ သွေးတွေလည်းချင်းချင်းနီလို့
mnhy
ကြောက်စရာကြီး မပန်..
မနိုးမချင်းတော့ . . ဒါဟာ အိပ်မက်ပဲ ..
နိုးနိုးချင်း ဖတ်မိတယ်.. မြန်မြန်ထမှ
ကြိုက်တယ်
ပြီးတော့ ကြောက်တယ်
တော်ပါသေးရဲ့ နေ့ခင်း ဖတ်မိလို့
တော်တော်ကောင်းတဲ့ အရေးအသားလေးပါပဲ..
နေမကောင်းလို့လည်ရုံပဲ လည်တော့မယ် စာမဖတ်တော့ဘူးလို့ စဉ်းစားထားတာတောင် ပြီးတဲ့ အထိ ဖတ်ဖြစ်အောင် စွဲဆောင် သွားတယ်..။မျက်လုံးတွေပူနေလို့ သုံးခေါက်နားပြီး ဖတ်လိုက်ရတယ်..။
ဒီဝတ္ထုကြိုက်တယ်...။
...ခင်မင်သောအားဖြင့်..
ပန်ရေ......
အသက်ရူအောင့်ထားမိတာလား..
အသက်ရူလို့မရတော့တာလား...
မွန်းကြပ်မောပန်းကျန်ရစ်ခဲ့ပါတယ်...
"" EXIT ""
ထွက်ပေါက်လေး..တစ်ခု....
စိတ်တွေ မွန်းကြပ်လာလွန်းခဲ့ရင်လေ....
အိပ်မက်ဆိုးပဲ။ ဒါမျိုး မမက်ပါရစေနဲ့..တကယ်လုပ်မိမှာစိုးလို့..:)
Approach လုပ်သွားတာလေးကို သဘောကျတယ်... Singapore MRT suicide cases တွေကို Hidden Background ထားပြီး ဘဝရဲ့မွန်းကျပ်နာကျင်မှုတွေကို မျဉ်းပြိုင်နှစ်ကြောင်းနဲ့ တင်ပြထားတာကောင်းပါတယ်..
It is a nice article.
Approach လုပ်သွားတာလေးကို သဘောကျတယ်..
Let me construct the triangle.
Two strait lines draw from initial point at North pole to meet Equator so that become a completed triangle.
That two strait lines in parallel is called Meridian which intercept right angle to the base line (Equator). I say two right angles (90X2)with very large spherical triangle.
But it is a so small if you compare with celestial sphere like lines joining planets, stars.
How you think.
Thanks a lot.
Bino
မျိုချထားတာတွေများလွန်းရင် ထွက်ပေါက်ရှာသွားတတ်ကြလား။ ဒါဆို ထွေးထုတ်ဖို့နေရာတစ်နေရာရှာမှနော်.... ဘယ်သူမှသတိမထားမိတဲ့တစ်နေရာရာပေါ့......
အမပန်ရေ သံလွင်မှာကတည်းက ဒီပိုစ့်လေးကို ကြိုက်နေတာ။ တကယ်ကောင်းတယ်ကွာ။ ကိုယ်တောင်မောလာတယ်။ တကယ့်ကို ထိထိမိမိရှိတယ်။
A great novel. I hope he can speak out his inner mind when he wakes up :)
ဖတ်ဖူးပြီးသားပေမယ့် နောက်တခေါက် ထပ်ဖတ်သွားပါတယ်... အဲဒီ အိပ်မက်မျိုးတော့ မက်ရမှာ ကြောက်ပါတယ်...။
စကားမစပ်... အသစ်ရေးပါအုံး...။
Post a Comment