Thursday, June 4, 2009

ကျွန်တော်တို့လူမျိုး

စိတ်ပင်လယ် စာတန်း ထဲက အက်ဆေးတစ်ပုဒ် တင်လိုက်ပါတယ်။ ရှေ့မှာလည်း ပြောခဲ့တဲ့အတိုင်း ပိုင်ဆိုင်သူထံက ခွင့်ပြုချက် ရယူတာမျိုး မလုပ်နိုင်ခဲ့ပါ။ (ကိုယ်သိသလောက်) ဒီစာအုပ်က ရှားပါးပြီး နောက်တကြိမ် ပြန်ထုတ်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူးလို့ ယူဆတဲ့အတွက် ပျောက်ပျက်မသွားအောင်နဲ့ မြန်မာစာပေ မြတ်နိုးသူတွေ ဖတ်ရှုလို့ရအောင် အက်ဆေး တချို့ကို ဒီဘလော့ဂ်မှာ အခါအားလျော်စွာ တင်ပေးဖို့ ဆုံးဖြတ်ထားတာပါ။ မူပိုင်ခွင့် ပိုင်ဆိုင်သူက ကန့်ကွက်လာရင် အချိန်မရွေး ပြန်ဖြုတ်ပေးပါမယ်။ နောက်ထပ် အခြားနေရာမှာ ကူးယူဖော်ပြဖို့ ခွင့်ပြုနိုင်ခွင့်တော့ ပန်ဒိုရာမှာ မရှိပါ။

စာအုပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်း ဆရာမောင်ကိုယုရဲ့ အထ္ထုပတ္တိ အကျဉ်းလေးပါ ရေးပေးလိုက်တယ်။ စာလုံးပေါင်းတွေကတော့ မူရင်းအတိုင်းပါ။

မောင်ကိုယု

ပဲခူးဇာတိဖြစ်သည်။ ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဖြစ်သည်။ ၀ိဇ္ဇာ၊ ဥပဒေ၀ိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ စာပေသစ်၊ ငွေတာရီ၊ မြ၀တီ မဂ္ဂဇင်းများတွင် ၁၉၅၁ ခုနှစ်ခန့်က စ၍ ၀တ္ထုတိုများ၊ ဆောင်းပါးများ ရေးခဲ့သည်။ ယခုဝိဇ္ဇာ သိပ္ပံ တက္ကသိုလ် ဥပဒေဌာနတွင် အမှုထမ်းရင်း စာများ ပြန်လည်ရေးသားနေသည်။




ကျွန်တော်တို့လူမျိုး

နံနက်လင်း၍ အလုပ်စခန်းသို့ သွားရန် ကျွန်တော်အိမ်မှ ထွက်လာတိုင်း စိတ်ဒုက္ခရောက်ရ၏။ ကားမှတ်တိုင်တွင် ကိုယ့်လို ခရီးသွားဒုက္ခသည်များ အကြား၌ ကိုရွှေဘတ်စ်ကားကို စောင့်မျှော်ရသော ဒုက္ခမှာ နေ့စဉ်ရက်ဆက် ဆုံဆည်းရသော ဒုက္ခမျိုးဖြစ်သည်။ ကားမလာနိုင်သဖြင့် ခြေစုံရပ်၍ ခြေသလုံးတွေ တောင့်အောင် စောင့်ရ၏။ ပထမသော် မည်မျှပင် ညောင်းသော်လည်း သိက္ခာပျက်မည်ကို စိုးမိ၍ ဟန်နှင့်ပန်နှင့် ဘယ်ခြေမှသည် ညာခြေသို့ အလှည့်ကျ အမှီပြုရင်း ရပ်နေသေးသည်။ ကြာသော် ဇာတိမာန် ကျဆင်းလာကာ ဟန်မဆောင်နိုင်တော့ချေ။ အရပ်လေးမျက်နှာသို့ အရှက်ပြေကြည့်ရင်း ဆောင့်ကြောင့်ထိုင်လိုက်ရ၏။

မှတ်တိုင်သို့ ဘတ်စ်ကားများ ဆိုက်ရောက်လာပြန်တော့လည်း တဘက်စောင်းအောင် ပြွတ်သိပ်နေသော ကားထဲသလို့ တ၀ုန်းဝုန်း တရုန်းရုန်း အတင်းတိုးခွေ့၍ တက်နေကြပုံကို ကြည့်ရင်း ရင်မောရ၏။ အတွင်းမှ လူကပင် မမြင်ရသော်လည်း အသံအားဖြင့် သိနိုင်သော စပယ်ယာ၏ ငေါက်သံ၊ ငန်းသံ၊ ဆူသံ၊ ပူသံ၊ မောင်းချသံကို နားထောင်ရင်း စိတ်အနှောက်အယှက် ဖြစ်ရသည်။ ဤသို့ အဆဲအဆိုခံပြီး သိက္ခာမဲ့၊ အိနြေ္ဒမဲ့၊ လုမတက် တိုးမတက်ဘူး ဟု စိတ်ကိုအားတင်းက မြေပြင်တွင် ဆောင့်ကြောင့် ထိုင်ရက်သား နေလိုက်၏။

ဗမာတွေ စည်းကမ်း မရှိကြပါတကား ဟု ကြီးကြီးကျယ်ကျယ် မှတ်ချက်ချရင်း အခြားအခြားသော နိုင်ငံကြီးသားများနှင့် နှိုင်းယှဉ်ကြည့်မိသည်။

အင်္ဂလိပ်လူမျိုးများ အလွန်စည်းကမ်းစနစ် ကြီးကြောင်း သမိုင်းစဉ်တလျှောက် နံမည်ကြီးလှ၏။ လမ်းပေါ်မှာ အမှိုက်မပစ်၊ တံတွေးမထွေး၊ လမ်းဘေးတွင် ကျင်ငယ်မစွန့်၊ ဘတ်စ်ကားစီး၊ ဈေးဝယ်ရာ၌ပင် အလုအယက် တိုးခွေ့ခြင်းမရှိ။ အိနြေ္ဒရရ တန်းစီ၍စီး၏။ ၀ယ်၏။ ယုတ်စွအဆုံး လမ်းပေါ်တွင် လမ်းသွားရင်း၊ ကားမောင်းရင်း၊ တဦးနှင့်တဦး၊ တကားနှင့်တကား ကျော်မတက်ကြဟု ကြားဘူးသည်။ ကျွန်တော်တို့လူမျိုးနှင့် မကွာလားဟု ၀မ်းနည်းမိ၏။

မနေ့တနေ့က ပြည်သူ့အာဏာဖြင့် ကြီးထွားလာသော တရုပ်ပြည်ကြီးတွင်လည်း စည်းကမ်းကလနား၌ စံနမူနာယူထိုက်ကြောင်း၊ ရောက်ဘူးသူ မိတ်ဆွေများ၏ ပြန်လည်ဖောက်သည်ချသည်ကို နားထောင်ရင်း အားကျမိသည်။

ဤသို့စဉ်းစားရင်း နာရီကိုကြည့်လိုက်ရာ၊ ရုံးချိန်နီးနေပြီ ဖြစ်သဖြင့် သိက္ခာတွေ သမာဓိတွေ ထိန်းသိမ်း၍ မဖြစ်တော့။ ဘတ်စ်ကားလာလျှင် ကားပေါ်သို့ ဒိုင်ဗင်ထိုး၍ပင် တက်ရတက်ရ အရအမိ တက်တော့မည်ဟု ဆုံးဖြတ်ကာ သောက်လက်စ တ၀က်တပျက် ဆေးပေါ့လိပ်ကို မီးမသတ်ဘဲ လွှင့်ပစ်လိုက်၍ မတ်တတ်ရပ်လိုက်သည်။

အခန့်သင့်ပင် ဘတ်စ်ကား ရပ်လာသဖြင့် အတင်း တိုးဝှေ့၍ တက်လိုက်၏။ ဈေးခြင်းတောင်းနှင့် မိန်းမကြီး တယောက်သည် ကျွန်တော်၏ တတောင်နှင့် တွက်ချလိုက်မိသဖြင့် မျက်နှာရှုံ့မဲ့ကာ ကျန်ရစ်ခဲ့ရှာသည်။ ကားထဲသို့ ၀င်လိုက်လျှင်ပင် ကျွန်တော့ရှေ့၌၊ ယခုပင်၊ ဆင်းသွားသူ ခရီးသည်တဦး၏ နေရာလွတ်ကို တွေ့လိုက်ရာ၊ ထိုနေရာလွတ်ကို ကျွန်တော့်လိုပင် တွေ့၍ ၀င်ထိုင်ရန် ရွှေ့လာသော ကုလားမကြီးကို ခြေတဖက်ထိုးကာလိုက်ရင်း ၀င်ထိုင်လိုက်သဖြင့် ဟန်ကျပန်ကျ နေရာရသွားလေသည်။ စပယ်ယာက ကားခလှမ်းတောင်းသဖြင့် အိတ်ကိုနှိုက်လိုက်ရာ အကြွေဆယ်ပြားသာ တွေ့ရသည်။ ကျပ်တန် ပေးပြန်လျှင်လည်း စပယ်ယာ၏ အဆူအပူ အကြိမ်းအမောင်း ခံရဦးမည် ဖြစ်သဖြင့် ဆယ်ပြားဖိုးစီးပြီး တမှတ်တိုင်လောက်ကို လမ်းလျှောက်၍ သွားတော့မည် ဟု ဆုံးဖြတ်ကာ ဆယ်ပြားတန်လက်မှတ် ၀ယ်လိုက်၏။

ဘေးကရပ်၍ လိုက်လာသော ပုဂ္ဂိုလ်သည် ကျွန်တော်နှင့်အတူ တက်လာသော ခရီးသည်မှန်း ကျွန်တော်မှတ်မိသည်။ သို့သော် ကားခထုတ်ပေးသည်ကို ကျွန်တော် မတွေ့ရ၊ နောက်ဆုံး ကျွန်တော့အရင် ဆင်းသွားသည့်တိုင်အောင် ကားခပေးမသွားကြောင်း သတိထားလိုက်မိသည်။

ဘတ်စ်ကားစီး၍ ကားခမပေးခြင်းသည်လည်း လူမျိုးတမျိုး၏ စိတ်ဓာတ်အဆင့်အတန်း ကျဆင်းမှု နိမိတ်လက္ခဏာပင် ဖြစ်သည်။ အခြားအခြားသော နိုင်ငံကြီးများ၌ သတင်းစာရောင်းသူသည် လူကိုယ်တိုင် စောင့်စရာမလို။ သတင်းစာပုံဘေးတွင် ပိုက်ဆံပုံးကို ချထားရုံမျှနှင့် ကိစ္စပြီး၏။ ၀ယ်သူသည် သစ္စာရှိစွာပင် ကျသင့်သော သတင်းစာဖိုးငွေကို ပုံးထဲသလို့ထည့်၍ သတင်းဝယ်သွားတော့သည်ဟု ဆိုသည်။ ဗမာလူမျိုးတို့၌ ဤလိုသစ္စာမျိုး ဘယ်တော့ ကိန်းအောင်းမည်နည်းဟု တွေးတောစိတ်လေးမိပြန်သည်။ နိုင်ငံ၏ ကြီးပွားမှု၊ ထွန်းကားမှုသည် လူမျိုး၏စိတ်ဓာတ်ကြံ့ခိုင်မှု၊ တည်ကြည်သစ္စာရှိမှု၊ လူမျိုးကြီး ပီသမှုပေါ်တွင် တည်သည်ဟု ယူဆမိသည်။ ကိုယ့်တာဝန် ကိုယ်မသိမှု၊ လစ်လျှင်လစ်သလို စည်းကမ်းဖောက်ကျုးလိုမှု၊ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလိုမှု၊ စသည်စသည်တို့သည် လူမျိုးတမျိုး ၏ ကြီးပွားမှုတွင် အဟန့်အတား ဖြစ်စေသည့် စိတ်ဓာတ်ရောဂါမျိုးပင် ဖြစ်ပေသည်။

ကျွန်တော်သည် အတွေးစိတ်ကူးတို့ဖြင့် စီးနင်းလာရာ အမှန်အတိုင်းဆင်းရမည့် မှတ်တိုင်ကိုလွန်ပြီး ရုံးရှေ့ဘတ်စ်ကား မှတ်တိုင်သို့ပင် ရောက်လာကြောင်း တွေ့ရသဖြင့် ကသုတ်ကရက် ဆင်းလိုက်ရ၏။ အတွေးလွန်မိသည်ကိုပင် ကျေးဇူးတင်မိ၏။ လမ်းလျှောက်ရ သက်သာသွားပေသည်။ ရုံးအောက်သို့ ရောက်သောအခါ လက်ကနာရီသည် ရုံးတက်ရန် အချိန်စေ့နေပြီကို ပြနေသော်လည်း ချက်ချင်း ရုံးခန်းစားပွဲတွင် မထိုင်လိုသေးသဖြင့် ရုံးဘေးရှိ လက်ဘက်ရည်ဆိုင်သို့ ၀င်လိုက်၏။ ထို့နောက် တအောင့်တနားထိုင်ရင်း လဘက်ရည် တခွက်လောက် သောက်ကာ ကျွန်တော်တို့ လူမျိုး၏ စိတ်ဓာတ်ပျက်ပြားမှုကို စဉ်းစားတွေးတောနေလိုက်မိပါသည်။


မောင်ကိုယု
(စိတ်ပင်လယ်စာတန်း ၁၉၆၇ မှ)



10 comments:

မေငြိမ်း said...

:D
အမြဲတမ်း အံ့သြမိတဲ့ စိတ်ဓာတ်တွေလေ..။ အများစုကြီးမှာ အဲလိုဖြစ်နေတာကို ခဏခဏ စိတ်ထိခိုက်ရဖူးတယ်။ ဆရာယုကတော့ သူကိုယ်တိုင် ကိုပါ အပြစ်ရှိသလို ရေးထားတာမို့ လူတိုင်းပဲလို့ ပြောချင်ပုံရတယ်..။ :(

Anonymous said...

ဒီလိုလူစားထဲ ကိုယ်မပါဘူး ဘယ်လောက်ပြောပြော ပုထုဇဉ်လူသားတိုင်းမှာ စွဲကပ်ငြိတွယ်နေတဲ့ အတ္တသဘောကို ဖော်ပြလိုက်တဲ့ စာကောင်းတပုဒ်ပါပဲ။

အတ္တဆိုတာ ပုထုဇဉ်တိုင်းမှာ ရှိတဲ့အတွက် ပါရမီရှင် ပုဂ္ဂိုလ်ကြီးများကလွဲပြီး ဘယ်သူမှ အတ္တနဲ့ မလွတ်ကင်းနိုင်ကြပါဘူး။ အနည်းနဲ့ အများသာ ကွာတာပေါ့လေ။

တကူးတက ပြန်ရိုက်တင်ပေးတဲ့ ပန်ပန့်ကို ကျေးဇူးတင်တယ်။
MDW

Anonymous said...

ကောင်းလိုက်တဲ့စာတန်းလေးပါ။ ကျွန်တော်တို့လူမျိုး တွေရဲ့စိတ်ဓါတ်ကိုလေးစားပါတယ်...
ရှေ့မှာရှိတဲ့ ၂ ယောက်ကိုကျော်တက်ချင်လိုက်တာ..:D

သက်ဝေ said...

ရုံးရောက်ရောက်ချင်း ဖတ်ပြီး မျက်စေ့ထဲ ကွက်ကွက်ကွင်းကွင်း မြင်ယောင်ရင်း မထိန်းနိုင်ပဲ တခွိခွိရယ်နေမိတယ်...
နာရီကြည့်လိုက်တော့ အလုပ်စလုပ်ဖို့ အချိန်တန်ပြီဆိုတာ သိပေမယ့် အဖေါ်အပေါင်းတွေနဲ့ ဟိုပြော ဒီပြော ပြောရင်း ကော်ဖီသွားဖျော်ဖို့ ထွက်လာခဲ့တယ်...
စိတ်ထဲကတော့... အင်း... ကျွန်တော်တို့လူမျိုး... ကျွန်တော်တို့လူမျိုး... လို့ ရေရွတ်နေရင်းပေါ့...

P.Ti said...

ဒီလိုပဲလေ.. ကျွန်တော့်လူမျိုးတွေ အလုပ်ရောက်ရောင်တောင် အလုပ်မလုပ်ချင်သေးဘူး... အခုပဲကြည့် မနက်၉း၄၅ ရှိနေပြီ ဘလော့ဖတ်နေတုန်း...

အဲဒါတွေကြောင့် မကြီးပွားတာနေမှာ။ ခက်ပါတယ်နော်။

ဝေလေး said...

မမ
စာလေးဖတ်ပြီး ရယ်နေမိတယ်။ ဟုတ်လည်းဟုတ်တာပါပဲ.. ပြန်မျှပေးတာကျေးဇူးပါ..

ရွာသားလေးဝိုင်တီယူ said...

အတွေးတွေ သိပ်ကောင်းတာပါပဲ

Thet Oo said...

ကြိုက်တယ်။ 67 ခုနှစ်လောက်ကတည်းက ဆုတ်လာလိုက်တာ... ခုထိ မဆုံးသေးဘူး။

Anonymous said...

ကောင်းလိုက်တဲ့ အရေးအသား။ အမ တင်ပေးလို့ ခုလိုတန်ဖိုးရှိတဲ့ အရေးအသားတွေ ပြန်ဖတ်ရတာ။ ကျေးဇူးး)

ညီမ

မဆုမွန် said...

အင်း ဟုတ်ပါ့လို့ တွေးပြီး ကော်ဖီခွက်လေးကိုင်ပြီး စဉ်းစားနေလိုက်တာ သတင်းဖောင်ပိတ်ချိန်ကျော်သွားတယ် ဟီးဟီး