မြို့ပြသူလေးနဲ့ တညနေ
မြို့ပြသူလေးရဲ့
စကပ်တိုတို ခြေလှမ်းတွေကြား
ညနေခင်းဟာ ပူစပ်ပူလောင် ဖြစ်နေသေးချိန်ပေါ့။
တဖြတ်ဖြတ်လူးနေတဲ့ ငါးတကောင်ကို
မဆံ့မပြဲ မျိုချပြီး
ထွက်ကျနေတဲ့ ငါးအမြီးကို
ဟန်မပျက် တက်နင်းထားတဲ့
ခပ်နပ်နပ် ခြင်္သေ့တကောင်ရဲ့ ရုပ်တုကို
အပျင်းပြေ လှမ်းငေးဖြစ်ကြတယ်။
သူက
နေရာ မရလိုက်မှာကို စိုးတယ်
လျှော့ဈေး မရလိုက်မှာကို စိုးတယ်
သူ့ကိုတက်နင်းမိသွားမှာကို စိုးတယ်
မစိုးလိုက်ရမှာကိုလည်း စိုးတယ်
အရေခွံချွတ်လဲထားတဲ့
မြွေတကောင်ရဲ့ မလုံခြုံမှုမျိုးနဲ့။
ကိုယ်က
ကျားတကောင်လို ဆာလောင်ပြီး
ကျားတကောင်လို အထီးကျန်နေတယ်
ကိုယ့်ကိုယ်ပေါ်က အစင်းအစင်းတွေကို
ကိုယ်တိုင်ကိုက်ဖြတ်ဝါးမျိုချင်နေတယ်
အမြီးပုတ်သံတွေ သိမ်းဝှက်ထားရတယ်။
သူက
ဒေါင်လိုက်မျဉ်းကြောင်းတွေရဲ့
ဖိနှိပ်ဖြားယောင်းမှုမှာ အသားကျလို့
လွင်ပြင်ကျယ်ကို အာရုံမဖြန့်တတ်ခဲ့။
ကိုယ်က
ရေပြင်ညီမျဉ်းတွေရဲ့ တမျှော်တခေါ်ကို
သက်ပြင်းချ ရင်မောနေတုန်း
အထက်ကို မော်မကြည့်နိုင်ခဲ့။
မြစ်အတုထဲက လေအတုတွေဟာ
စိတ်ကူးအစစ် ကိုယ်စီကို ဖြတ်တိုက်သွားမယ်
သူက
မလှမ်းမကမ်းက လူတန်းရှည်ကိုမြင်တော့
လှုပ်လှုပ်ရွရွ စူးစမ်းချင်နေတယ်
ကိုယ်ကတော့
နေရောင်လက်ကျန်မှာ လက်လက်ခါနေတဲ့ လှိုင်းတွေကို
အမိအရ သွားဖမ်းချင်နေတယ်။
သူက ပညာတတ်တယ်
သဘာဝ သယံဇာတတို့ရဲ့
အနာဂတ်ဖြစ်နိုင်ခြေတွေအကြောင်း
ပြောင်းရွှေ့လာတဲ့ လူ့အရင်းအမြစ်တို့ရဲ့
အပြန်အလှန်အရေးပါပုံအကြောင်း
စကားစမြည်ဆိုတယ်။
ကိုယ်က ယဉ်ကျေးတယ်
ဘာသာစကားတို့ရဲ့
ရွေ့လျားတတ်တဲ့ ဒေသိယသုံးတွေအကြောင်း
ဗဟိုချုပ်ကိုင် စနစ်တခုရဲ့
အားသာနိုင်ချက်တွေအကြောင်း
အကြောင်းပေါင်းသင့်အောင်ဆွေးနွေးတယ်။
ဘာပဲဖြစ်ဖြစ်
အဲသည်ညနေခင်းကတော့
ငြိမ်းငြိမ်းချမ်းချမ်းပါပဲ
သူကလည်း ဘီယာတကျိုက်
ကိုယ်ကလည်း ပီဇာတကိုက်
အရှေ့တောင်အာရှက လူမိုက်တစု အကြောင်းကိုတော့
စကားထဲ ထည့်မပြောဖြစ်ခဲ့ကြဘူး။
ပန်ဒိုရာ
KuchingTrip
-
ဒီတခေါက်တော့ Kuchingသွားခဲ့တယ်။
သန့်ရှင်းသပ်ရပ်နေတဲ့မြို့ကလေးပဲ...၊ ဒေသစာတွေကလည်း အရသာရှိလိုက်တာ...။
ဓါတ်ပုံတွေ သိပ်မရိုက်ဖြစ်တော့ဘဲ မြင်သမျှ ...
1 week ago
18 comments:
မပန်မြင်ခဲ့ရတာတွေကိုလဲ မြင်လိုက်ရ၊ တွေးဖြစ်တာတွေကိုလဲ ဖျတ်ခနဲတွေ့လိုက်ရတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ လူတယောက်ရဲ့ ကဗျာဆိုတာလဲ ပေါ်တယ်။ ကျေးဇူးပါ။
လူမိုက်တွေအကြောင်းတော့
ဘာလို့ ပြောနေတော့မလဲကွယ်...
အတွေးတွေနဲ့ မြို့ပြသူလေးအကြောင်း တွေးနေမိတယ်။
သူအောင်မြင်မှာပါနော်....
great!
ကိုယ်က ပီဇာမကြိုက် ပေမယ့်
သူက ဘီယာသောက်ချင်ရင်တော့ လိုက်တိုက်မှာပါ...
ရှားရှားပါးပါး တွေ့ရတဲ့ ညနေခင်းလေး ငြိမ်းငြိမ်းချမ်းချမ်းရှိစေဖို့ အရှေ့တောင်အာရှက လူမိုက်တစု အကြောင်းကိုတော့ မပြောမိတာ အကောင်းဆုံးပါပဲ...
(ဖြေးဖြေးလေး ရွေ့လျားနေတဲ့ တိမ်တွေအကြောင်းပဲ ပြောကြတာပေါ့..)
ပန်ရေ...
စိတ်တွေမှာ..ပဲ့တင်ရိုက်ခတ်နေခဲ့တာ...
အဲဒီ စကားဝိုင်းလေး
လာငေး သွားတယ်
ဘီယာနဲ့ပီဇာ လားလားမှ မဆိုင်
အဲဒါကြောင့် အတူတူမသောက်
ဘီယာဆို အပြင်မှာသွားသောက်တယ်...
ပီဇာဆိုရင်တော့ အိမ်ကိုမှာစားတယ်...
လူမိုက်တွေအကြောင်းကိုတော့ နေရာတခါမှ ပြောဖြစ်တယ်။
တခါတလေ တွေးမိတယ် ကိုယ်လည်းလေ လူမိုက်ပေလားလို့...
ကဗျာမှော်အောင်နည်း ပြီးတော့မှ ဆည်းပူးမယ်... :P
မပန်ရေ..
အဖွဲ့လေးက ကောင်းလိုက်တာ..
စကပ်တိုတို ခြေလှမ်းတွေကနေ နောက်ဆုံး ပီဇာကိုက်တဲ့ အထိ မြင်နေတာတွေ ပြောနေတာတွေကို ပေါ်လွင်အောင်ရေးသွားတာလေး အရမ်းလှတယ်..
အရှေ့တောင်အာရှက လူမိုက်တစု.. အင်း အဲ့ဒါတော့ မပြောတော့ပါဘူး..း)
”မြောင်းယောင်ဆောင်သော မြစ်“
မြစ်ခမျာ
မြစ်ပီပီမကွေ့ကောက်ရဘဲ
လူသားတွေလက်ထဲရောက်နေရှာ…
သူ့မှာ ဝစ်လစ်စလစ်လည်း နေချင်ရှာမှာပဲ။
ကမ်းပါးနဲ့လည်း ထိမ်းမြားချင်မှာပဲ။
ခုတော့ …
သူ့မှာ ဘဝပြောင်းပြီး
မြောင်းယောင်ဆောင်နေရှာရတယ်။.........။
(မြို့ပြသူလေးနဲ့ တညနေမှာ မြစ်အတုထဲက လေအတုတွေဖြတ်တိုက်သွားတဲ့အခါ
အထက်ပါစာအတုဟာ လွင့်ပါလာခဲ့တယ်။)
မပြောနဲ့ တော့ မပြောနဲ့ တော့ မပြောလည်း သိလိုက်ပြီ ။ အဲဒါတော့ သိလိုက်တယ် သေသေ ချာချာ ။
တဖြတ်ဖြတ်လူးနေတဲ့ ငါးတကောင်ကို
မဆံ့မပြဲ မျိုချပြီး
ထွက်ကျနေတဲ့ ငါးအမြီးကို
ဟန်မပျက် တက်နင်းထားတဲ့
ခပ်နပ်နပ် ခြင်္သေ့တကောင်ရဲ့ ရုပ်တု
:)
အဲဒီလို စာသားမျိုးတွေတော့ ဘယ်တော့မှ ရေးနိုင်မယ် မထင်ဘူး။ ရေးတတ်တဲ့ လူတွေကို လာလာငေးရတယ်။
ဖတ်ပြီး ဖျတ်ဖျတ်လူးနေတာ ကိုယ်လား ထင်မိတယ်။
ဒါနဲ့ မြို့ပြသူဆိုတာ civil engineer ကိုပြောတာလား (ချိုတူးဇော်ကို သတိရလိုက်မိလို့ပါ)
အင်မတန် သဘောတကျနဲ့ ဖတ်သွားပါတယ်။
အရေခွံလဲထားတဲ့ မြွေတစ်ကောင်နဲ့ အမြီးပုတ်သံကို ၀ှက်ထားတဲ့ ကျားတစ်ကောင်ရဲ့ ငြိမ်းချမ်းပြီး အကျိုးရှိတဲ့ စကားဝိုင်းလေးကို အားကျသွားတယ်။
“တဖြတ်ဖြတ်လူးနေတဲ့ ငါးတကောင်ကို
မဆံ့မပြဲ မျိုချပြီး
ထွက်ကျနေတဲ့ ငါးအမြီးကို
ဟန်မပျက် တက်နင်းထားတဲ့
ခပ်နပ်နပ် ခြင်္သေ့တကောင်ရဲ့ ရုပ်တုကို
အပျင်းပြေ လှမ်းငေးဖြစ်ကြတယ်။ ……”
Merlion ကိုပြောတာ ထင်တယ်။ ဒါဆို Esplanade ဖြစ်မလား Fullerton မှာလား ...
သူက
နေရာ မရလိုက်မှာကို စိုးတယ်
လျှော့ဈေး မရလိုက်မှာကို စိုးတယ်
သူ့ကိုတက်နင်းမိသွားမှာကို စိုးတယ်
မစိုးလိုက်ရမှာကိုလည်း စိုးတယ်
အရေခွံချွတ်လဲထားတဲ့
မြွေတကောင်ရဲ့ မလုံခြုံမှုမျိုးနဲ့။
အဲဒီနေရာလေးရောက်တော့ ပြုံးမိတယ်… မစိုးလိုက်ရမှာကို စိုးတယ်… သူတို့ အခေါ်တော့ ကရာစူးပေါ့… သူနဲ့ ကိုယ့်အကြား ကွာခြားတာလေးကို ဖွဲ့ တတ်လိုက်တာ… အရမ်းကောင်းတဲ့ကဗျာလေးပါပန်….
လာေ၇ာက်ခံစားသွားပါတယ်..မမပန်ေ၇
5 star .
သူ့အပြင်...“ ကိုယ်” ဘယ်သူလဲ ဆိုတာကိုပါ..စိတ်ဝင်စားနေမိတယ်။ ဒါကတော့.. ကဗျာ့အလွန် အစွန်းထွက် အတွေးတခုပေါ့
"ငြိမ်းငြိမ်းချမ်းချမ်းပါပဲ
သူကလည်း ဘီယာတကျိုက်
ကိုယ်ကလည်း ပီဇာတကိုက်
အရှေ့တောင်အာရှက လူမိုက်တစု အကြောင်းကိုတော့
စကားထဲ ထည့်မပြောဖြစ်ခဲ့ကြဘူး။"
ဒီလိုပါပဲလေ...
Post a Comment