Tuesday, June 9, 2009

အာဏာရှင်တစ်ဦးကို ထပ်မံ နားလည်ကြည့်ခြင်း

၂၀၀၈ နှစ်ဆန်းပိုင်း က ရေးခဲ့တဲ့ ပို့စ်အဟောင်းတစ်ခုကို ပြန်တင်လိုက်ပါတယ်။
-----------------------------------

အာဏာရှင်တစ်ဦးကို နားလည်ကြည့်ခြင်း နှင့် နောက်ဆက်တွဲများ


ကိုမောင်ရင်က ညွှန်းလို့ စကော့တလန်ရဲ့ နောက်ဆုံးဘုရင် (The Last King of Scotland) ဆိုတဲ့ ဒီဗွီဒီတစ်ခွေကို ကြည့်ဖြစ်ပါတယ်။ ၂၀၀၆ ကမှ ထွက်တဲ့ ရုပ်ရှင်ပါ။



ဒီကားကတော့ နယ်လဆင် မန်ဒဲလား ပြီးရင် နာမည်အကြီးဆုံး အာဖရိကန် လို့ ပြောကြတဲ့ ၁၉၇၀နှစ်များက ယူဂန်ဒါ နိုင်ငံရဲ့ စစ်အာဏာရှင် အီဒီ အာမင် (Idi Amin) အကြောင်း ဖြစ်ပါတယ်။ နာမည်ကြီးပုံ ကြီးနည်းကတော့ စိတ်ဝင်စားစရာပါ။ အာမင် အဖြစ် Forest Whitaker က သရုပ်ဆောင်ထားပြီး နဲ့ သူ့ရဲ့ အနီးကပ်ဆရာဝန် စကော့လူမျိုး ဒေါက်တာ နီကိုးလပ်စ် ဂါရီဂန် အဖြစ် James McAvoy က သရုပ်ဆောင်ထားပါတယ်။ Forest Whitaker ဟာ ဒီကားမှာ အော်စကာဆု ရခဲ့ပါတယ်။


ဒီဇာတ်လမ်းကို မပြောခင် ယူဂန်ဒါ နိုင်ငံရဲ့ အကြောင်းလေး အကြမ်းဖျဉ်း ပြန်လှန်ရရင် ပိုကောင်းပါတယ်။ သိကြမယ့်အတိုင်း ယူဂန်ဒါဆိုတာ ကင်ညာ၊ ဆူဒန်၊ ကွန်ဂို၊ ရ၀မ်ဒါ နဲ့ တန်ဇနီးယားတို့ ၀န်းရံထားတဲ့ အရှေ့အာဖရိက က နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ လက်ရှိ လူဦးရေ သန်း ၃၀ နီးပါးရှိတယ် လို့ တွေ့ရတယ်။ ၁၉၆၂ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့တယ်။ အင်္ဂလိပ် လက်အောက်ခံစနစ်၊ ဘုရင်စနစ်၊ အာဏာသိမ်းမှုများ၊ စစ်တပ်အုပ်ချုပ်ရေးကာလ တို့ကို ဖြတ်သန်းခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး Yoweri Museveni က သမ္မတ အဖြစ် လက်ရှိ အုပ်ချုပ်နေပါတယ်။

ဒီဇာတ်လမ်းက ယူဂန်ဒါရဲ့ ၁၉၇၀ ခုနှစ်များ ကာလကို ဖော်ကျုးထားပါတယ်။ ဘွဲ့ရကာစ ဆရာဝန်ပေါက်စ စကော့လူမျိုး နီကိုးလပ်စ်ဟာ ယူဂန်ဒါ နိုင်ငံမှာ အလုပ်လုပ်ဖို့ ရောက်လာပါတယ်။ သူရောက်တဲ့အချိန် ၁၉၇၁ မှာ အီဒီအာမင်ရဲ့ စစ်တပ်က မီလ်တန် အိုဘိုတေ (Milton Obote) ဆီကနေ အာဏာ သိမ်းလိုက်ချိန်ပေါ့။ အားတက်သရော ထောက်ခံနေပုံရတဲ့ ယူဂန်ဒါ ပြည်သူတွေနဲ့ အာမင်ရဲ့ အပြောအဟော ကို ကြည့်ပြီး နီကိုးလပ်စ်ဟာ အာမင် အပေါ်မှာ စတွေ့တွေ့ချင်း သဘောကျမိပါတယ်။

ဇာတ်လမ်း အသေးစိတ်ကိုတော့ သေသေချာချာ ပြောမပြတော့ပါဘူး။ မကြည့်ရသေးရင် အရသာ ပျက်သွားမှာလည်း စိုးပါတယ်။ စကော့လူမျိုးတွေ အပေါ်မှာ ထူးထူးခြားခြား ရူးသွပ်မှုရှိသူ အာမင်ဟာ နီကိုးလပ်စ်ကို သူ့ကိုယ်ပိုင် ဆရာဝန်အဖြစ် ခန့်လိုက်ပါတယ်။ နောက်တော့ သူ့ရဲ့ အနီးကပ် အကြံပေးဆန်ဆန် အထိကို သဘောထားပြီး တော်တော် အရေးပေး ခဲ့ပါတယ်။

အာမင်ဟာ အောက်ခြေကနေ ကြိုးစားပြီး ဒီနေရာကို ရောက်လာခဲ့သူ၊ အင်မတန် စိတ်ဓာတ် မာကျောသူ ဖြစ်တယ်။ ဗြိတိသျှ စစ်တပ်မှာ တာဝန်ထမ်းခဲ့တယ်။ အနှိမ်ခံခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့တယ်။ တကယ်တော့ အာမင်ဟာ အာဏာဆုံးရှုံးရမှာ အလွန် ကြောက်လန့်ပြီး သူ့အာဏာ ခိုင်မြဲဖို့အတွက် ဘာမဆို လုပ်ဝံ့သူ လက်မရွံ့ တစ်ယောက်ပဲ။ ဘယ်သူ့ကိုမှလည်း မယုံတော့ဘူး။ ဒီ့အပြင် အာမင်က အစွဲအလန်းလည်း ကြီးသူ။ သူ့ကို လုပ်ကြံလို့ မရဘူး၊ သူသေမယ့်နေ့ကို အိပ်မက်အရ ကြိုသိတယ်လို့လည်း ပြောဖူးတယ်။ သူ့ကိုယ်သူ ဗြိတိသျှ အင်ပါယာကို အောင်နိုင်သူလို့ စကော့တလန်ရဲ့ နောက်ဆုံးဘုရင်လို့ တင်စားပြီး ဘုရင်ရူးလည်း ရူးနေသေးတယ်။ သူ့စစ်တပ်ကို စကော့ပုံစံ ဆင်ယင်ထားတယ်။ နီကိုးလပ်စ်က အစပိုင်းက ဒါတွေကို မရိပ်မိခဲ့ဘူး။

တဖြည်းဖြည်း ဆိုးဝါးလာတဲ့ အာမင် ဟာ ထင်ရာတွေစိုင်းလာတယ်။ အတိုက်အခံမှန်သမျှကို ရက်ရက်စက်စက် သတ်တယ်။ သူ့နိုင်ငံအတွင်းက အာရှတိုက်သားများ (အိန္ဒိယလူမျိုးများ) ကို နှင်ထုတ်တယ်။ အဲဒီလို နှင်ထုတ်တော့ နီကိုးလပ်စ်က မလုပ်သင့်ကြောင်း သတိပေးတာကို မင်းပြောစရာမလိုပါဘူး မင်းက ဆရာဝန်ပဲလေလို့ ပြောခဲ့တယ်။ နောက်တော့ နိုင်ငံတကာရဲ့ စောင့်ကြည့် ဝေဖန်မှုအောက်မှာ အာမင်တစ်ယောက် ပျာယာခတ်သွားရပါတယ်။ ဒီတော့မှ ဘာဆက်လုပ်ရင် ကောင်းမလဲလို့ နီကိုးလပ်စ်ကို ခေါ်မေးပါတယ်။ ဒီအခန်းက ပြောစကားတွေကိုတော့ ဖတ်ကြည့်စေချင်ပါတယ်။


Idi Amin: I want you to tell me what to do.
Nicholas Garrigan: You want ME to tell YOU what to do?
Idi Amin: Yes, you are my advisor. You are the only one I can trust in here. You should have told me not to throw the Asians out, in the first place.
Nicholas Garrigan: I DID!
Idi Amin: But you did not persuade me, Nicholas. You did not persuade me!

အာဏာရှင်ကို အနီးကပ်ပေါင်းပြီး နားချရင် ရမယ်လို့ မျှော်လင့်သူများ မှတ်သားဖွယ် ဖြစ်ပါတယ်။ (နားချလို့ တကယ်ရရင်တော့ ကောင်းပါတယ်။)

နီကိုးလပ်စ်ဟာ အာမင်ရဲ့ သရုပ်ကို ဘွားဘွားကြီး သိသွားလိုက်ပြီး တော်တော် တုန်လှုပ် သွားတယ်။ အဲဒီ အချိန်မှာ သူ့ရဲ့ အင်္ဂလန်နိုင်ငံသား ပတ်စပို့ကိုလည်း အာမင်က သိမ်းလိုက်ပြီး ယူဂန်ဒါပတ်စပို့နဲ့ လဲလိုက်ပြီ။ ပြန်လို့ မရတော့ဘူး။ ဒီလိုနဲ့ အာမင် အရင်က တော်တော်အားထားရတဲ့ ၀န်ကြီးတစ်ယောက်ရယ် နောက်ပြီး နီကိုးလပ်စ်နဲ့ တိတ်တိတ်ပုန်း ဖြစ်နေတဲ့ အာမင်ရဲ့ ဇနီးငယ် တစ်ယောက်ရယ်လည်း ရက်ရက်စက်စက် အသတ်ခံရတဲ့အခါ နီကိုးလပ်စ်ဟာ အာမင်ကို ပေးနေကျ ခေါင်းကိုက်ပျောက်ဆေးကို သေစေတဲ့ဆေးနဲ့ လဲလိုက်တယ်။

အဲဒီအချိန်မှာ ပါလက်စတိုင်း အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲထားတဲ့ အစ္စရေးလေယာဉ်ကို အာမင်က ယူဂန်ဒါမှာ ဆိုက်ရောက်စေဖို့ အကူအညီ ပေးခဲ့တယ်။ နီကိုးလပ်စ်ရဲ့ လုပ်ကြံတဲ့ အကြံအစည်က မအောင်မြင်ခဲ့ဘူး။ ဓားစာခံ ခရီးသည်တွေကို ဆေးစစ်ပေးဖို့ လုပ်နေတဲ့ အချိန်မှာပဲ နီကိုးလပ်စ်ကို အာမင်ရဲ့လူတွေက ဖမ်းပြီး အာမင်ကိုယ်တိုင် ရှေ့မှာပဲ ရက်ရက်စက်စက် နှိပ်စက်ကြတော့တယ်။ နောက်တော့ နီကိုးလပ်စ်ရဲ့ မိတ်ဆွေ ယူဂန်ဒါလူမျိုး ဆရာဝန်တစ်ဦးက သူ့ကို အသက်စွန့် ကယ်တင်ပြီး အစ္စရေးလူမျိုး မဟုတ်တဲ့ ပြန်ပေးဆွဲခံရသူ တစ်သုတ် ပြန်ကြတော့မယ့် လေယာဉ်ပေါ် ပို့ပေးနိုင်လိုက်ပါတယ်။ အာမင်ရဲ့ မတရားမှုတွေကို ကမ္ဘာကို ပြောပြလိုက်ပါ လို့လည်း မှာလိုက်တယ်။ ဇာတ်လမ်းကတော့ သည်မှာဆုံးပါတယ်။

နောက်ဆက်တွဲ ဖြစ်ရပ်တွေကတော့ အစ္စရေးတပ်တွေဟာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေကို လာကယ်ထုတ် သွားနိုင်ခဲ့ပါတယ်။ အဲဒီ လေယာဉ် ပြန်ပေးဆွဲမှုကြီး အပြီးမှာတော့ အာမင်ကို နိုင်ငံတကာက အကြီးအကျယ် နှာခေါင်းရှုံ့ အော့ကြောလန် သွားကြတော့ပါတယ်။ ၁၉၇၉ မှာတော့ အာမင်ဟာ ရာထူးက ဖယ်ရှား ခံခဲ့ရတယ်။ သူ့လက်ထက်မှာ ယူဂန်ဒါမှာ လူ သုံးသိန်း လောက် သူ့စနက်နဲ့ သတ်ဖြတ်ခံခဲ့ရတယ် လို့ ဆိုပါတယ်။၂၀၀၃ ခုနှစ်မှာ သူခိုလှုံနေတဲ့ ဆော်ဒီအာရေးဗီးယားမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကြိုသိနေတဲ့ အိပ်မက်ထဲက ရက်စွဲမှာ တကယ် သေခဲ့သလား ဆိုတာကတော့ သူပဲသိမှာပဲ တဲ့။

သည်ဇာတ်လမ်းကို ဆက်စပ်ပြီးတော့ အာဏာဟာ လူကို ဘာကြောင့်ရူးသွပ်စေသလဲ ဆိုတာကို ဆက် စဉ်းစားကြည့်မိပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာကို လက်ထဲရယူကာစ ကာလတွေကတော့ အာဏာယူသူများဟာ သိပ်ပြီး ထက်မြက် ရည်မှန်းချက် ကြီးသူများ ဖြစ်ကောင်းဖြစ်မယ်။ တက်ကြွစဉ်ကာလမှာ ငါ့မှာ လုပ်ပိုင်ခွင့် ရှိလာရင် ကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ နိုင်ငံတိုးတက်အောင် ဘယ်လိုလုပ်လိုက်မယ် ဆိုတဲ့ စေတနာမှန် စိတ်ကူးတွေ ရှိကောင်းရှိခဲ့နိုင်ပါတယ်။ ယုံကြည် ထောက်ခံသူများလည်း ရှိနိုင်ခဲ့ပါတယ်။

သို့သော် အာဏာဆိုတာ လက်ထဲမှာ အထိန်းအချုပ်မရှိပဲ ကြာကြာထည့်ပေးလို့ ကောင်းတဲ့အရာ မဟုတ်ဘူး။ လူ့သဘာဝက ဆန်းကြယ်တယ်။ စည်းစိမ် ခံစားချင်လို့ မဟုတ်တောင်မှ (အနည်းဆုံးတော့) ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတဲ့ လုပ်ပိုင်ခွင့်ဟာ ယစ်မူးဖွယ် စွဲမက်ဖွယ် ဖြစ်တယ်။ အဲဒီကနေ နောက်ဆက်တွဲအနေနဲ့ ဒီအာဏာကို ဆုံးရှုံးရရင် ဆိုတဲ့ အကြောက်တရားက ကြီးစိုးသွားပြီး လက်မလွှတ်နိုင် ဖြစ်သွားတတ်တာပဲ။ ဒီကြားထဲ အမှားအယွင်းတွေ လုပ်ထားမိရင် ပိုဆိုးတာပေါ့။

ဥပဒေပြုရေး တရားစီရင်ရေး အုပ်ချုပ်ရေး ဆိုတဲ့ အာဏာသုံးရပ်လုံးက တစ်နေရာထဲမှာ စုစည်းပြီး သိပ်ပြင်းထန်နေရင် စီမံခန့်ခွဲမှုတွေကို ထိခိုက်လာမယ်။ အုပ်ချုပ်မှု ယန္တရားအောက်ခြေက လူတွေကိုရော ပြည်သူတွေကိုပါ ပြောခွင့်ဆိုခွင့် ထောက်ပြခွင့် ပေးမထားရင် မပြောရဲမဆိုရဲတာကြောင့် အမှန်ကိုမမြင် ယိုယွင်းမှုတွေကို အဆင့်ဆင့် ဖုံးကွယ်ပြီး အတွင်းလှိုက်စားလာမယ်။ အာဏာအလွဲသုံး မတရားမှုတွေ မင်းမူလာမယ်။ ဒါကြောင့် အာဏာကို အစွမ်းကုန် အသုံးချပြီး ထင်ရာမစိုင်းနိုင်ဖို့အတွက် လူတွေပါဝင်နိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ရှိမယ့် အုပ်ချုပ်ရေးစနစ်မျိုးကို တိုးတက်ချင်တဲ့ နိုင်ငံတစ်နိုင်ငံမှာ ချမှတ်သင့်တာ ဖြစ်တယ်။ အုပ်ချုပ်မှုအာဏာ နဲ့ လက်နက်ကို တွဲဖက်မပေးသင့်တာ ဖြစ်တယ်။

အငြင်းပွားဖွယ်တစ်ခုကတော့ အာမင်ကို ပြည်သူများထဲမှာ သူရဲကောင်း မျိုးချစ် လို့ အခုထိ မှတ်ယူတာတွေလည်း ရှိနေကြသေးသတဲ့။ ဒီခေတ်ကာလမှာ Patriot, Nationalist, Hero ဆိုတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်မှာ အနုတ်လက္ခဏာဆန်တဲ့ အနက်အဓိပ္ပာယ်တွေ ဘာကြောင့် ရှိသွားရတာလဲ ဆိုတာ စဉ်းစားစရာပါ။ ရှိတ်စပီးယား ၀တ္တုထဲမှာ ဂျူးလိယက်ဆီဇာဟာ နိုင်ငံကိုချစ်ပေမယ့် အရမ်း ရည်ရွယ်ချက် ကြီးမားနေပြီး သက်ဦးဆံပိုင် အာဏာရှင် ဆန်လာလို့ အန္တရာယ်ရှိလာပြီ ဆိုပြီး သူငယ်ချင်း ဘရူးတပ်စ် ကိုယ်တိုင်က အမုန်းတရားကြောင့် မဟုတ်သော်လည်း လုပ်ကြံခဲ့တယ်လို့ နားလည်ခဲ့ရတယ်။ အဲဒီခေတ်ကတော့ အဲဒီလို အာဏာရှင်ဆန်ပုံကို tyranny လို့ခေါ်တာပေါ့။ ဒီခေတ်မှာတော့ dictatorship လို့ခေါ်ဝေါ်ကြတယ်။ ကျူးဘားပြည်က ကြယ်နီ ဖီဒယ်လ် ကက်စထရိုလ် ဟာ အာဏာယူပြီး ဆက်မအုပ်ချုပ်ပဲ ကျုးဘား လွတ်မြောက်ကာစကသာ သေသွားခဲ့သည်ဖြစ်စေ အနားယူခဲ့သည်ဖြစ်စေ ဆိုရင် သူ့ရဲ့ပုံရိပ် (image) ဟာ အခုအချိန်မှာ ဘယ်လိုနေမလဲ လို့လည်း တွေးကြည့်မိဖူးတယ်။

ငါလုပ်ပေးမှ ဖြစ်မယ်။ ငါလုပ်နိုင်တယ်။ ငါကသာလျှင် ကာကွယ်စောင့်ရှောက်နေတာ ဆိုတဲ့ မိမိကိုယ်ကို ယုံကြည်မှုနဲ့ တာဝန်ယူမှုရှိတာ ခေါင်းဆောင်ကောင်းတို့ရဲ့ အရည်အချင်း တစ်ရပ် ဖြစ်မှာပါ။ သို့သော် လူတွေရဲ့ လိုအပ်ချက် တောင်းဆိုချက်များကို မျက်ကွယ်မပြုပဲ တုံ့ပြန်မှုဟာလည်း ကိုယ့်အလုံးစုံ အာဏာကို ပြန်ထိန်းချုပ်ပြီး အမှားအယွင်းနည်းအောင် စီမံနိုင်စေဖို့နဲ့ ပြည်သူတွေ လက်ခံကျေနပ်စေဖို့ လိုအပ်ပြန်တယ်။ Responsibility နဲ့ Responsiveness ကို မျှတအောင် ထိန်းထားနိုင်မယ့် စနစ်တစ်ခုကို တကယ်ဖော်ဆောင်နိုင်ဖို့ ဆိုတာကတော့ …။


ပန်ဒိုရာ




13 comments:

သက်ပိုင်သူ said...

မမပန်ရေ.. မကြည့်ရသေးဘူး.. ကြည့်ဖြစ်အောင် ကြည့်လိုက်မယ်.. တိုက်တိုက်ဆိုင်ဆိုင်.. ကျွန်တော်လည်း ရုပ်ရှင်အကြောင်းတွေ တင်မိတယ်

ဖုန်းမြင့် said...

ကောင်းလိုက်တာဗျာ....
မပန်ရေးထားတာနဲ့တင် တော်တော် တန်နေပါပြီ .. ။

Anonymous said...

ကြည့်ပြီးသွားပြီ ပန်ပန်။
ဒီမှာ ကျောင်းစတက်ခါစက ကျောင်းမှာ ပြလို့ ကြည့်ရတာ။
ကြည့်ပြီး ကြိုက်ခဲ့တဲ့ ကားပါပဲ။ အဲဒီဇာတ်ကားလဲ ကြည့်ပြီးရော အာဖရိကသွားရမှာ လန့်သွားတာနဲ့ ကျောင်းပြောင်းလိုက်တယ်။ :)
mdw

Ko Paw said...

ဒီဇာတ်ကားကို မကြာခင်ကတင် ၀ယ်ကြည့်ဖြစ်တယ်။ စင်္ကာပူမှာ အခု ဗီစီဒီအခွေဝယ်ကြည့်မယ်ဆိုရင် ၆.၉၅ ဒေါ်လာ။

သုံးသပ်ထားပုံ ကောင်းပါတယ်။ အာရှက သူရဲကောင်းတချို့လည်း အာမင် ကဲ့သို့ ဖြစ်နေတာတွေ ရှိပါတယ်။

မမသီရိ said...

ကျူးဘားပြည်က ကြယ်နီ ဖီဒယ်လ် ကက်စထရိုလ် ဟာ အာဏာယူပြီး ဆက်မအုပ်ချုပ်ပဲ ကျုးဘား လွတ်မြောက်ကာစကသာ သေသွားခဲ့သည်ဖြစ်စေ အနားယူခဲ့သည်ဖြစ်စေ ဆိုရင် သူ့ရဲ့ပုံရိပ် (image) ဟာ အခုအချိန်မှာ... ကမ္ဘာ့ပြည်သူတွေအတွက်
ထာဝရသူရဲကောင်းဖြစ်နေမှာ အသေအချာပဲပေါ့
ခုတော့.. လူတွေ အော့ကျောလန်ရပြီ..

Anonymous said...

မိမိဟာ ဒီမိုကရက်တစ်ယောက်လို့ ယူဆထားရင် အာဏာရှင်ကိုဖျောင်းဖျဖို့
နားချဖို့ မကြိုးစားပါနဲ့ ဆိုးသွမ်းတဲ့ အာဏာရှင်တွေကို အင်းအားနည်းသွားအောင်
ပြုလုပ်ဖို့ပဲရှိပါတယ်... ဟစ်တလာကို ဥရောပ တစ်တိုက်လုံးက အောက်ကျို့ပြီး
တောင်းပန်တိုးလျှိုးတာတောင် မရခဲ့တဲ့ဖြစ်စဉ် ကမ္ဘာသမိုင်းမှာရှိပါတယ်...။
ဒီမိုကရေစီ အင်အားရှိဖို့ဆိုတာ လူတိုင်းဒီမိုကရေစီကို ယုံကြည်အကောင်အထည်ဖော်နေမှရပါမယ်
ဒီမိုကရေစီဟာ အာဏာရူးတွေကို ဘယ်တော့မှအလျှော့မပေးပါဘူ...။
တရားမျှတမှုဟာ တောင်းခံလို့ရတဲ့ အရာမဟုတ်ပါဘူး... တရားမျှတမှုကို ကိုယ်တိုင်ကျင့်သုံး
တည်ဆောက်ရပါတယ်... တရားမျှတတဲ့လူဟာ မတရားမှုကိုလည်း ခေါင်းငုံ့မခံဘူးလို့
ကျွန်တော်ယူဆမိတယ်...။

မမပန် ပိုစ့်အတွက်ကျေးဇူးတင်ပါတယ်

ခင်မင်လေးစားစွာဖြင့်
မိုးလှိုင်ည

Rita said...

လောလောဆယ် ကျွန်မ တွေးနေမိတာ တချို့ကို ပိုပြီးတွေးမိသွားစေပါတယ်။

TZA said...

ပြီးခဲ့တဲ့၂ပတ်လောက်ကမှ vcd ငှားကြည့်လိုက်သေးတယ်၊ ကွာလတီအရမ်းညံ့လို့ ပြီးအောင် မကြည့်လိုက်ရဘူး၊ အတူကြည့်တဲ့ သူတွေကလည်း အဲလိုကားမျိုးကို စိတ်မဝင်စားဘူးလေ.. ကျနော်ကတော့ အဲဒီကားမျိုးကြိုက်တယ်။

Anonymous said...

"ကျူးဘားပြည်က ကြယ်နီ ဖီဒယ်လ် ကက်စထရိုလ် ဟာ အာဏာယူပြီး ဆက်မအုပ်ချုပ်ပဲ ကျုးဘား လွတ်မြောက်ကာစကသာ သေသွားခဲ့သည်ဖြစ်စေ အနားယူခဲ့သည်ဖြစ်စေ ဆိုရင် သူ့ရဲ့ပုံရိပ် (image) ဟာ အခုအချိန်မှာ... ကမ္ဘာ့ပြည်သူတွေအတွက်
ထာဝရသူရဲကောင်းဖြစ်နေမှာ အသေအချာပဲပေါ့
ခုတော့.. လူတွေ အော့ကျောလန်ရပြီ.."



What if General Aung San was alive, could he be like Fidel????

Moe Cho Thinn said...

ဒီကား တင်ကတည်းက ကြည့်ပြီးပြီ။ အဲဒီလို ဖြစ်ရပ်မှန်တွေကို အခြေခံတဲ့ကားတွေကို သဘောကျလို့။ အာဏာယစ်မူးတဲ့ အာမင်ကို ကြည့်ရတာ စိတ်မနှံ့တဲ့ အရူးတယောက်ကို ကြည့်နေရသလိုပဲ..။ သူသရုပ်ဆောင်တာ တော်လို့လဲ အော်စကာ ရသွားတာပေါ့လေ။
သူတို့စိတ်တွေက အခုတမျိုး၊ တော်ကြာ တမျိုး။ ဆရာဝန်အဖို့ ချီးကျူးလိုက်၊ ကန်ကျောက်လိုက် ဆိုတော့ အရူးမ လင်လုပ်နေရတာနဲ့ မတူဘူးလား။ ဒါ အာဏာရှင်တွေနဲ့ ဆက်ဆံရေးပဲ။ အဲဒီသရုပ်က ဒီကားမှာ အပေါ်လွင် အထင်ရှားဆုံး ထင်မိတယ်။ အစွန်းရောက်အာဏာတည်မြဲရေးဟာ ဘယ်သူ့အတွက်မှ မကောင်းဘူးဆိုတာလဲ တွေးမိတယ်။

သက်ဝေ said...

ကြည့်ရသေးဘူး...
ကြည့်ချင်တယ်... ဝယ်ပေးပါ။ :-P

PhoeWunna said...

The very basic reason why we need democracy, separation of powers and checks & balances is because of the innate human nature, either in the west or the east. Man crazes for power for either good or bad purposes and power corrupts. And, absolute power corrupts absolutely.

Could Gen Aung San become a dictator like Castro? No one knows. Daw Suu wrote in an article that her father died as a liberal democrat. DaGon Tayar, a close friend of Gen Aung San, said his friend became a full-fledged democrat after he had a lot of dealings (exposure) with the people during independence campaign in 1945, 46 & 47. Gen Aung San himself wrote that he didn't want to involve in power politics in post-independence era. He seemed very much aware of the trappings of power. The 1947 constitution, drafted under his watch, is for British-styled parliamentary democracy and to guarantee the state powers were derived from the people. No doubt he fully appreciated the need for free press. He was an established editor as well as a keen writer. He showed no hints of hostility to the press although he was sometimes disappointed by some journalists and newspapers. So, my hypothesis is that he had a good chance of being able to resist the temptations of becoming a dictator.

Nu Thwe said...

ဒီကားက ဇာတ်ဆောင် အော်စကာဆုရတော့ ကြားဖူးသွားပြီး သွားကြည့်မယ်၊ ကြည့်မယ်နဲ့ နောက်ဆုံး မေ့သွားလိုက်တာ။ ခုလို သေသေချာချာ ရေးပြသွားတော့ ငှားကြည့်ဖို့ သတိရသွားပြီ၊ ကျေးဇူးပါပဲ။