Friday, June 5, 2009

ရှယ်လီကို တူးဖော်ခြင်း

ပို့စ်အဟောင်းလေး တခုကို တူးဖော်ချင်စိတ် ပေါ်လာလို့ ပြန်တင်လိုက်ပါတယ်။ ၂၀၀၇ အောက်တိုဘာက ရေးခဲ့တာပါ။


ကဗျာရေးတဲ့လက် -၂

ပီ. ဘီ. ရှယ်လီ (Percy Bysshe Shelley 1792-1822) လို့ဆိုလိုက်ရင် စိတ်ကူးယဉ်ဆန်တဲ့ အင်္ဂလိပ်လူမျိုး ကဗျာဆရာ တစ်ယောက်မှန်း သိကြပါလိမ့်မယ်။ Ozymandias, Ode to the West Wind, To a Skylark ကဗျာတွေဟာ သူရေးခဲ့တဲ့အထဲက နာမည်အကြီးဆုံးလို့ ဆိုနိုင်မယ် ထင်ပါတယ်။

ငယ်စဉ်ဘ၀မှာ မိန်းကလေးဆန်ဆန်တောင် နူးညံ့ ပျော့ပျောင်းသူလို့ အများက သိခဲ့ကြတဲ့ ရှယ်လီဟာ အဖေကိုယ်တိုင်က လွှတ်တော်အမတ်ဖြစ်ပေမယ့် သူဖြတ်သန်းခဲ့ရတဲ့ ခေတ်စနစ်ကို ပြည်သူနေရာက ထဲထဲဝင်ဝင် ခံစားပြီး သူ့ကဗျာတွေမှာ ပြင်းပြင်းထန်ထန် ထင်ဟပ်စေခဲ့သူပါ။ ၁၈၁၉ ခုနှစ်က အင်္ဂလန် လို့ အမည်ရတဲ့ ဆွန်းနက် (sonnet) အမျိုးအစား ကဗျာတစ်ပုဒ်ကို ခံစားကြည့်မိပါတယ်။ မူရင်းကတော့ဒီလိုပါ။


England in 1819

An old, mad, blind, despised, and dying king,--
Princes, the dregs of their dull race, who flow
Through public scorn,--mud from a muddy spring,--
Rulers who neither see, nor feel, nor know,
But leech-like to their fainting country cling,
Till they drop, blind in blood, without a blow,--
A people starved and stabbed in the untilled field,--
An army, which liberticide and prey
Makes as a two-edged sword to all who wield,--
Golden and sanguine laws which tempt and slay;
Religion Christless, Godless--a book sealed;
A Senate,--Time's worst statute unrepealed,--
Are graves, from which a glorious Phantom may
Burst, to illumine our tempestous day.

Percy Bysshe Shelley

ရှယ်လီဟာ ဂျော့ဘုရင်အပေါ်မှာ မကျေနပ်တဲ့ သူ့ရဲ့ခံစားချက်များစွာကို နာမ၀ိသေသနများနဲ့ ဖွဲ့ဆိုလိုက်ပါတယ်။ အိုတွ ရူးသွပ် မျက်ကန်း မုန်းစရာ့ သေခါနီး ဘုရင် ပေါ့။ အဲဒီ အိုကြီးအိုမ ဘုရင်ကြီးနဲ့ သူ့ရဲ့ အသုံးမကျတဲ့ မင်းဆွေမင်းမျိုး အနွယ်တော်တွေဟာ ပြည်သူအများရဲ့ ရွံရှာမှု မခန့်ညားမှု အောက်မှာ ရွှံ့နွံအလား စီးဆင်းနေရတာပါပဲ။ ရွှံ့နွံတွေလိုပဲ အသိအမြင်မဲ့ ခံစားချက်ဗလာ အုပ်ချုပ်သူများဟာ ဖျော့တော့ အားနည်း နိုင်ငံမွဲမှာ ကပ်ပါးကောင်လို ခိုကာ သွေးစုပ် နေကြသတဲ့။ ဘယ်လောက်များ မလျော့တမ်း ခဲနေဦးမလဲ ဆိုတာကတော့ သွေးအလိမ်းလိမ်း ဖုံးလို့ မမြင်မကန်း ပြုတ်ကျတဲ့အထိပဲလေ။ အဲဒီအချိန်မှာ ဓားထိုး ခံထားရသလို ပြည်သူ လူထုကတော့ ကွင်းပြင်ရိုင်းထဲ ဆာလောင်မွတ်ငတ်လို့။ လွတ်လပ်ခြင်းကို လက်စတုံး ပေးသူက စစ်တပ်ကိုယ်တိုင် ဖြစ်နေတယ်။ ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်ရင်း လှုပ်ရှားရုန်းကန်သူ အားလုံး အတွက် အသွားနှစ်ဖက်နဲ့ ဓားလို ရပ်တည်နေတယ်။ သွေးပေစွန်းနေတဲ့ ခန်းနားကြီးကျယ် ဥပဒေသ တွေကလည်း တရားမျှတတဲ့ ဥပဒေလို့ မဆိုနိုင်တော့ဘူး။ သတ်ဖြတ်ခြင်းတွေ နှိပ်ကွပ်ခြင်းတွေ အတွက် အသုံးချခံ နေရတယ်လေ။ ဒီလိုနဲ့ ချိတ်ပိတ်ခံရတဲ့ စာအုပ် တစ်အုပ်အလား ဘုရားမဲ့ တရားမဲ့ ဘာသာရေးကို ကင်းမဲ့သွားရတဲ့ အဖြစ်တွေရယ်၊ အချိန်တိုင်းမှာ အဆိုးဆုံးဖြစ်တဲ့ ပြင်ဆင်ဖျက်သိမ်းမှု ဘယ်တုန်းကမှ မရှိခဲ့တဲ့ အုပ်ချုပ်မှုစနစ်ဆိုး (လွှတ်တော်) ရယ်နဲ့ တိုင်းပြည်ဟာ ဘယ်လောက်တောင် ယိုယွင်းနေခဲ့ပြီလဲ။ ဒါပေမယ့်လည်း ဒါတွေ တနေ့တော့ နိဂုံး ချုပ်ရတော့မှာပါလေ။ ခန်းနားတဲ့ ယုံကြည်မျှော်လင့်ချက်တစ်ခုက သယ်ဆောင်သွားမယ့် လင်းလက်တဲ့ အောင်ပွဲနေ့သစ် ပေါက်ကွဲ ထွန်းပလာတဲ့အခါပေါ့။

သမိုင်းဆိုတာ တစ်ပတ်ပြီး တစ်ပတ်လည်တတ်သတဲ့။ အတိတ်ကသမိုင်းတွေဟာ ပစ္စုပ္ပါန်မှာ ရောင်ပြန်ဟပ်တတ်သတဲ့။ အားကြီးဖိနှိပ်သူကို အဖိနှိပ်ခံတို့က တွန်းလှန်ခဲ့တဲ့ တိုက်ပွဲတွေ လူ့သမိုင်း ခေတ်အဆက်ဆက်မှာ ရှိခဲ့တယ်။ သက်ဦးဆံပိုင် ဘုရင်စနစ်၊ မြေရှင် ပဒေသရာဇ်စနစ်၊ ကျေးကျွန်စနစ်၊ ကိုလိုနီ နယ်ချဲ့စနစ်၊ အာဏာရှင် အုပ်ချုပ်သူ စနစ် ဘယ်လိုခေတ်တွေ စနစ်တွေပြောင်းပြောင်း ဘယ်လိုနာမည် တပ်တပ် လူသားတွေဟာ တိုက်ပွဲဝင်ခဲ့ကြတာ တရားမျှတမှုအတွက် လွတ်လပ်ရေးအတွက်ပါ။ ရှယ်လီရဲ့ ဒီကဗျာတစ်ပုဒ်က အဲဒီအထဲက တစ်ခုဖြစ်တဲ့ ၁၈၁၉ ကာလများက အင်္ဂလန်ရဲ့ အခြေအနေကို ဖွဲ့ဆိုထားခဲ့တယ်။ နှစ်ပေါင်း ရာချီ ကြာခဲ့ပြီပေါ့။ လူတွေရဲ့ တရားမျှတမှုအတွက် လွတ်လပ်ရေးအတွက် တိုက်ပွဲတွေကတော့ လိုအပ်လာတဲ့ ခေတ်တိုင်းမှာ ဖိမရနှိပ်မရ ဆက်ရှိနေဦးမှာပဲ။ အောင်ပွဲတွေလည်း ရကြဦးမှာပဲ။


ပန်ဒိုရာ

source: Wiki အပါအ၀င် အင်တာနက်မှ ရယူ၏။

3 comments:

Myo Win Zaw said...

ကျေးဇူးဘဲဗျာ ဒီအချိန်မှာ တထပ်တည်း အထိဆုံးဘဲ

Moe Cho Thinn said...

ဒီလို ကဗျာမျိုးတွေ ဖတ်လိုက်ရရင် စိတ်ပြည့်စုံသလို ဖြစ်သွားပြီး လောက မှာ အသက်ရှည်ရှည် ခင်ခင်မင်မင် နေချင်စိတ် ပေါက် သွားတယ် ပန်ပန်ရေ။

mgphonemyint said...

ကြောက်စရာ ရှယ်လီပါလား ...
အာကောင်းမောင်းသန် ပါပဲ..
ခေါင်းစဉ်လေးသာပြောင်းလိုက် ကွက်တိပဲ ..